Saturday, November 10, 2012
ညဆိုးကလဲ့စား
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူမကတော့ အေးအေးဆေးဆေးပဲ သောက်လက်စ စီးကရက်ကို ဖွာနေသည်။ သူ သူမရှေ့တွင် ဇောချွေးတွေပြန်နေသည်။ သူမ၏ မျက်လုံးတွေက စိမ်းမြနေသည်။ စိမ်းသည်မှ ရက်စက်စိမ်းကားလွန်းသည့် အရောင်တွေလျှက်ပြေးလျှက်။ စင်စစ် သူမသည် သူပေါင်ပေါ်တွင် စိမ်ပြေနပြေထိုင်နေခြင်းသာ။ သူမ၏ လက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အငွှေ့တလူလူထွက်နေသည့် စီးကရက်ကိုကိုင်ထားသည်။ သူ သူမကကို မဝံ့မရဲကြည့်မိသည်။ သူ သူမကို သူ့အနားမှ လွင့်စင်သွားအောင် လုပ်ပစ်လိုက်ချင်သည်။ သူမကို သည်ကမ္ဘာလောက၏ အပြင်ဖက်သို့ ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ချင်သည်။ သူမ၏ မျက်နှာကိုမြင်ရသည်မှာ သူ့အတွက် ကျက်သရေကင်းမဲ့လှသလို သူ့စိတ်ကို အစဉ်အမြဲ တုန်လှုပ်ခြောက်ခြားနေစေသည်။ သူမ...........သူမဟာ တကယ်တော့ သေသွားပြီးသား သူတစ်ယောက်ပါ။
သေသွားပြီးသော လူတစ်ယောက်။ ရှင်းရှင်းပြောရလျှင် သေသွားပြီးသော မိန်းမတစ်ယောက်။ သည်ထက်ပိုရှင်းရှင်းပြောရလျှင် သေသွားပြီးသော transgender တစ်ယောက် သူ့ပေါင်ပေါ်တွင် ဇိမ်ကျကျထိုင်လျှက် သူ့ကိုပွတ်သပ်ကာ ယခုကဲ့သို့ပြုမူနေခြင်းမျိုးကို သူမသတီပါ။ သူမ၏ ဆံနွယ်တွေသည် မိန်းမတစ်ယောက်၏ ဆံနွယ်စစ်စစ်တွေကဲ့သို့ပါပင် ပျော့ခွေလျှက် တွန့်လိမ်ကောက်ကွေးနေသည်။ သူမ၏ ပခုံးရိုးများသည်လည်း အနည်းငယ်စွန့်ကားနေသည်မှ လွဲ၍ မိန်းမသားတစ်ဦးကဲ့သို့ပင် ဖြူမွတ်ချောမွေ့နေသည်။ သူမ၏ လက်မောင်းသားများကတော့ အနည်းငယ်တုတ်ခိုင်ကာ ရင်အုံမှ ဖြိုးမောက်လျှက်ရှိသည်။ သူမသည် လှပနေဆဲ။ သူမ၏ အသားအရည်သည်လည်း နုပျိုဝင်းလက်နေဆဲပင်။