This is the best gay website for Myanmar gay peoples.

Monday, November 17, 2014

( သိပ္ပံနည်းကျ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု လေ့လာနည်းပညာ)
နိဒါန်း
၁၉၇၅ ခုနှစ်လောက်ကတည်းက အမေရိကန်စိတ်ပညာ အဖွဲ့အစည်းက စိတ်ပညာရှင်တွေဟာ လူတွေရဲ့ လိင်စိတ်အပေါ်မှာ သုတေသနပြုမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဘာကြောင့် Gay, straight, lesbian နဲ့ bisex­ual တွေလို့ ကွဲပြားရသလဲဆိုတာကို ပိုမိုနားလည် သဘောပေါက်လာနိုင်ဖို့အတွက် အများကြီး ကြိုးစားအားထုတ် ခဲ့ကြပါတယ်။
 
အရင်အချိန်ကဆိုရင် လိင်တူချစ်သူတွေကို ပုံမှန်မဟုတ်တဲ့သူတွေအဖြစ် လူတွေက သတ်မှတ်ခဲ့ကြပါ တယ်။ အဲလိုလူတွေတွေ့ရင် ရွံရှာသလိုလို၊ အထင်သေးသလိုလို အကြည့်တွေနဲ့ ကြည့်တတ်ပြီး၊ လူသားအချင်းချင်း ခွဲခြားဆက်ဆံမှု တွေရှိခဲ့ပါတယ်။
အခြားနိုင်ငံတွေမှာ မကြည့်နဲ့ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ကြည့်ပါ။ မြန်မာနိုင်ငံမှာတော့ မိန်းမ လျာ၊ အခြောက်၊ ယောကျာ်းလျာ၊ နှစ်ဖက်ချွန်စသည်ဖြင့် အထင်သေးစွာ ခေါ်ကြပါတယ်။ အဲလိုလူတွေကို မကောင်းသော သူတွေအဖြစ် ရှေးကတည်းက သတ်မှတ်ခဲ့ကြပြီး ခုခေတ်မှာတောင်မှ မြန်မာလူ့ဘောင် အသိုင်း အဝိုင်းမှာ အဲလိုလူ တွေဟာ လူတကာရဲ့ အထင်သေးရှုံ့ချမှုကို ခံကြရပါတယ်။
ထိုကဲ့သို့ လိင်တူလိင်ကွဲ ချစ်သူများဟူ၍ ကွဲပြားရတာဟာ ရောဂါတစ်ခုမဟုတ်ကြောင်း၊ အထင်သေး ရှုံ့ချစ ရာ မဟုတ်ကြောင်း၊ ဘာကြောင့် ဒီလိုတွေ ကွဲပြားရသလဲဆိုတာတွေကို ဆေးပညာရှူ့ထောင့်ကနေ တင်ပြလိုသော ရည်ရွယ်ချက်နဲ့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးရခြင်းဖြစ်ပါတယ်။
 
လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုဆိုသည်မှာ အဘယ်နည်း။
လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုဆိုသည်မှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့ရဲ့ စိတ်ကူးခံစားချက်၊ လိင်စိတ်ဆွဲဆောင်မှု ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုဆိုတာကို ဘယ်အချက် တွေကို မူတည်ပြီးကြည့်နိုင်သလဲဆိုရင် လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု၊ သက်ဆိုင်ရာအပြုအမူတွေနဲ့ သူ့ပတ်ဝန်းကျင်က လူတွေနဲ့ အပေါင်းအသင်းတွေကို မူတည်ပြီး ခွဲခြားသတ်မှတ်နိုင်ပါတယ်။
 
လူတွေရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကို သုံးမျိုးသုံးစားခွဲခြားနိုင်ပါတယ်။
1. Straight (Heterosexual) - လူတစ်ယောက်ဟာ သူနဲ့မတူတဲ့ ဆန့်ကျင်ဖက်လိင်အပေါ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်တပ်မက်မှု ရှိမယ်ဆိုရင် အဲလိုလူကို straight လို့သတ်မှတ်ပါတယ်။
2. Gay/Lesbian (Homosexual) - အမျိုးသားဖြစ်လျှင် (gay) အမျိုးသမီးဖြစ်ပါက (lesbian) လို့ ခေါ်ပါတယ်။ လူတစ်ဦးဟာ မိမိနဲ့လိင်တူတဲ့ သူတစ်ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု ရှိမယ်ဆိုရင် အဲလူကို homo­sexual လို့သတ်မှတ်ပါတယ်။ gay လို့ပြောလိုက်လျှင် အမျိုးသားကို ဆိုလိုသည်ဟု သတ်မှတ်ရပေမည်။ သို့ရာတွင် gay ဟူသော အသုံးအနှုန်းမှာ အမျိုးသားအတွက်ရော၊ အမျိုးသမီးအတွက်ပါ အကျုံးဝင်သည်။ gay men, gay women စသည်ဖြင့် ခွဲခြားပြောနိုင်သည်။
3. Bisexual - လူတစ်ဦးသည် မိမိနှင့်လိင်တူသော သူသာမက ဆန့်ကျင်ဖက်လိင် နှစ်မျိုးစလုံးအပေါ် လိင် ပိုင်းဆိုင်ရာ တိမ်းညွတ်မှုရှိမယ်ဆိုရင် အဲလိုလူကို bisexual လို့သတ်မှတ်ပါတယ်။
အထက်ဖော်ပြပါ လူသားတိုင်းရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု အားလုံးဟာ ပုံမှန်သဘာဝအတိုင်းသာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု ကွဲပြားခြင်းသာဖြစ်ပါတယ်။ abnormal လုံးဝမဟုတ်ပါဘူး။ လူတစ်ဦး နှင့်တစ်ဦး စိတ်အခြေအနေ မတူကွဲပြားသကဲ့သို့ လိင်စိတ်အခြေအနေမတူ ကွဲပြားရုံသာဖြစ်ပါတယ်။ ဒီလိုကွဲပြား ရခြင်းဟာ ရောဂါတစ်ခုမဟုတ်ပါဘူး၊ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်ဖြစ်စဉ် လွဲမှားဖောက်ပြန်မှု၊ အစီအစဉ်မကျမှု လည်း မဟုတ်ပါဘူး။ ချို့ယွင်းချက်တစ်ခုလည်း မဟုတ်ပါဘူး။ မတူကွဲပြားမှုလေးတစ်ခုသာ ဖြစ်ပါတယ်။ ထို့အတွက် လိင်တူချစ်သူများ အနေဖြင့် မိမိသည် သူတပါးနှင့် မတူသောကြောင့် အားငယ်စရာမလိုပေ။ အခြားသောသူများ အနေနှင့်လည်း ထိုသူတို့အား နှိမ့်ချဆက်ဆံခြင်း မပြုလုပ်သင့်ပေ။ ဒီလိုမတူကွဲပြားမှုတွေဟာ ဘာအကြောင်းကြောင့် ဖြစ်လာရသလဲဆိုတာကို ကျွန်တော် အနည်းငယ်တင်ပြချင်ပါတယ်ဗျာ။
 
လူတွေဟာ ဘယ်အချိန်မှာ မိမိဟာ gay, straight , lesbian, bisexual ,straight ဆိုပြီး စတင်ကွဲပြားလာတာ ကို သတိထားမိသလဲဆိုရင်….
အရွယ်ရောက်လာပြီး လိင်စိတ်တိမ်းညွှတ်မှုတွေကို အခြေခံပြီးသိလာပါတယ်။ အထူးသဖြင့် ကလေးဘဝ အလယ်ပိုင်းနဲ့ လူပျိုပေါက်အစောပိုင်းကာလမှာ စတင်သိသာလာပါတယ်။ ဒီလိုကွဲပြားလာတာဟာ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ လုံးဝမထိတွေ့ရသေးတဲ့ အချိန်မှာဖြစ်လာတယ်လို့ဆိုပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ရာ အရမ်းကိုရှုပ်ထွေးလွန်းလှပါတယ်။ ဒီအကြောင်းရင်းတွေကြောင့် ဒါဖြစ်ရတယ်လို့ တိတိကျကျ ပြော၍မရနိုင်လောက်အောင်ပင်ဖြစ်နေပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အကြောင်းအရာတွေကို တင်ပြပေးပါ့မယ်။ စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ပြောင်းလဲမှု၊ မတူကွဲပြားမှုတွေကို ပထမဦးစွာ တင်ပြပေးချင်ပါတယ်။
 
၁.မိမိမွေးဖွား ကြီးပြင်းလာရာ ပတ်ဝန်းကျင်ပေါ် မူတည်နိုင်ပါတယ်။ ငယ်စဉ်ဘဝတွေ့ကြုံရသော အဖြစ် အပျက်များ၊ မိဘများရဲ့အုပ်ထိန်းမှု အခြေအနေတွေအပေါ်လည်း မှီတည်နိုင်ပါသေးတယ်။ ဥပမာပြောရမယ် ဆိုရင် တော့- ငယ်စဉ်မှာ မိန်းကလေးများနှင့်သာ အနေနီးတဲ့ ကောင်လေးတစ်ယောက်ဟာ gay ဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာက မောင်နှမတွေထဲမှာ မိန်းကလေးချည်းရှိပြီး ကောင်လေးတစ်ယောက်တည်းရှိတာမျိုးပါ။
 
၂.မိမိရဲ့ပထမဆုံး လိင်ဆက်ဆံမှု အတွေ့အကြုံပေါ်မှာလည်း မှီတည်ပြီး ဖြစ်နိုင်ပါတယ်။ ဥပမာ၊ ကောင်လေး တစ်ယောက်ဟာ မိမိရဲ့ပထမဆုံး လိင်ဆက်ဆံဖော်ဟာ ယောကျာ်းလေး တစ်ယောက်ဖြစ်သည် ဆိုပါစို့၊ အဲ့ဒီ ကောင်လေးဟာ လိင်တူဆက်ဆံရတာကို နှစ်သက်သဘောကျသွားပြီး gay ဖြစ်နိုင်ပါတယ်။ မိန်းကလေးများ အနေ နဲ့လည်း ဒီအတိုင်းပါပဲ။ မိန်းကလေးတွေအနေနဲ့ တစ်ခုပြောစရာရှိပါတယ်။ မိန်းကလေးတစ်ချို့ဟာ ငယ်ရွယ်စဉ်မှာ ယောကျာ်းတစ်ဦး (သို့) ယောကျာ်းအများရဲ့ အတင်းအဓမ္မကျင့်ကြံမှုကို ခံခဲ့ရတယ်ဆိုပါစို့။ အဲဒီမိန်းကလေးဟာ ယောကျာ်းတွေကို ကြောက်လန့်သွားပြီး ယောကျာ်းလေးတွေနဲ့ လိင်ဆက်ဆံရမှာကို ကြောက်လန့်သွားတတ် ပါတယ်။ အဲလိုမိန်းကလေးမျိုးဟာ မိန်းကလေးအချင်းချင်း လိင်စိတ်ဖြေဖျောက်ရတာကိုသာ နှစ်သက်သဘောကျပြီး လိင်တူနှစ်သက်တဲ့ မိန်းကလေး lesbian ဖြစ်လာနိုင်ပါတယ်။
 
လိင်တူချစ်သူ အမျိုးသားများကို သူတို့ရဲ့သွားလာလှုပ်ရှားပုံ။ ခန္ဓာကိုယ်အနေအထားနဲ့ ပြောဆိုပုံတို့ကို ကြည့်ချင်းအားဖြင့် အကြမ်းဖျင်း ခန့်မှန်းသိရှိနိုင်ပါတယ်။ လိင်တူချစ်တဲ့ အမျိုးသားများဟာ များသောအားဖြင့် ဖြူဖြူနွဲ့နွဲ့ ပိန်ပိန်ပါးပါးလေးတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ - ကြွက်သားပမာဏနည်းတာ၊ ခြေလက်သေးသွယ်တာ (အာဟာရလုံလောက်စွာ မရရှိသောကြောင့် ပိန်လှီနေသူများကို ဆိုလိုခြင်းမဟုတ်ပါ)၊ ခန္ဓာကိုယ်အမွေးတွေ နည်းတာ၊ ပုခုံးရင်အုပ်ဟာ အမျိုးသားများကဲ့သို့ ကျယ်ပြန့်ခြင်းမရှိတာ၊ အသံဟာလည်း ခပ်သြသြဖြစ်မနေတာတို့ပေါ့။ ဒါကို ယောကျာ်းမဆန်ဘူးလို့ ပြောကြတယ်ပေါ့။ သူ့ရဲ့စကားပြောဆိုပုံ သွားပုံလာပုံတွေကို ကြည့်၍လည်း သိနိုင်ပါတယ်။ သို့သော်လည်း ခက်တာက ဖြူဖြူနွဲ့နွဲ့ ယောကျာ်းလေးတွေအားလုံးဟာ လိင်တူချစ်သူတွေ မဟုတ်ကြသလို၊ ကျားကျားလျားလျားနဲ့ ကာယဗလမောင်တွေဟာလည်း လိင်တူချစ်သူတွေ ဖြစ်နေနိုင်ပါတယ်။ ဒါတွေဟာ ရုပ်ပိုင်း ဆိုင်ရာ အခြေအနေတွေကို ပြောပြတာပါ။ အထက်ပါ အချက်အားလုံးဟာ ဖြစ်နိုင်ချေရှိတဲ့ သဘောကို ပြတာပါ။ ဖြစ်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြွင်းချက်တွေ အများကြီးရှိနေလို့ပါ။
စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ကြည့်မယ်ဆိုရင်...
လိင်တူနှစ်သက်သူတွေဟာ စိတ်ပိုင်းဆိုင်ရာလွဲမှားမှုတစ်ခုလားလို့ မေးရင် လုံးဝမဟုတ်ဘူးလို့ဘဲ ဖြေရပါ လိမ့်မယ်။ အသိုင်းအဝိုင်း တစ်ခုရဲ့လက်ခံမှုကလည်း လူတွေရဲ့လိင်မှုရေးရာ တွေအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါ တယ်။
ဥပမာ - မိမိအသိုင်းအဝိုင်းက လိင်တူကို လုံးဝမနှစ်သက်ဘူးဆိုပါစို့။ လုံးဝလက်မခံနိုင်ဘူးပေါ့။ အဲဒီအခါမှာ လူတစ်ဦးဟာ မိမိဟာ လိင်တူဖြစ်ရက်နဲ့ မိမိဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်မပြောဘဲနဲ့၊ အချိန်တန် အိမ်ထောင်ပြု ပြီး တစ်သက်လုံးနေထိုင်သွားတာ မျိုးလည်းရှိပါတယ်တဲ့။ သူဟာ အခြေအနေတခုခုကြောင့် ဆန့်ကျင်ဖက်လိင်နဲ့ အိမ်ထောင်ပြု သားမွေးအစရှိတဲ့ အပြုအမူတွေ ပြုမူသော်လည်း သူ့ရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကတော့ လိင်တူပဲ ဖြစ်ပါတယ်တဲ့။ ဒီလိုအဖြစ်အပျက်တွေဟာ လူသားတွေမှာသာမက ခွေး၊ သိုး၊ ငှက်အစရှိတဲ့ တိရိစ္ဆာန်တွေမှာတောင်မှ တွေ့ရတတ်ပါတယ်။
ဥပမာ - လိင်တူချစ်တဲ့ငှက်တွေဟာ အလျဉ်းသင့်သလို ငှက်ဖိုတွေနဲ့ လိင်ဆက်ဆံမှုပြုကြသော်လည်း ထို လိင်တူချစ်တဲ့ ငှက်တွေကို ငှက်အုပ်က ဝိုင်းဖယ်ကျဉ်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ အဲ့ငှက်ဟာ သဘာဝ တရား တာဝန်ဖြစ်တဲ့ သင့်တော်တဲ့ငှက်မနဲ့ မိတ်လိုက်ပြီး ငှက်ငယ်များကို မွေးဖွားကာ သူ့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းလေ့ ရှိကြပါတယ်။
 
လူတစ်ဦးဟာ လိင်တူချစ်သူလား၊ ဆန့်ကျင်ဖက်လိင်ကိုမှ သဘောကျတာလားဆိုတာ မိမိရဲ့ စိတ်အခြေအနေ၊ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေက သက်ရောက်စေတယ်ဆိုတာ အထိုက်အလျောက် မှန်ပါတယ်။ သို့သော်လည်း အဲလိုဖြစ်လာဖို့ရန် သူတို့ဟာ သူတို့ gay ဖြစ်ပါစေဆိုပြီး ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ မွေးရာပါကတည်းက သတ် မှတ်ပြီးသား အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။ ဆေးပညာရှူ့ထောင့် အမြင်လေးကို တင်ပြပါ့မယ်။
 
ယောကျာ်းလေး၊ မိန်းကလေးဟူ၍ ခွဲခြားရာမှာ မျိုးရိုးဗီဇနည်းပညာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ရပ် အနေနဲ့ ပါဝင်လာပါတယ်။ ပုံမှန်သတ်မှတ်ထားတာက ယောကျာ်းလေးမှာ Y chromosome ပါပြီး၊ Y chromosome က လူတစ်ဦးကို အမျိုးသားအဖြစ် သတ်မှတ်ပေးပါတယ်။ Y chromosome မရှိဘူးဆိုရင်တော့ လူတစ်ဦးဟာ မိန်းကလေး ဖြစ်သွားပါတယ်။ Y chromosome ဟာ အမျိုးသား လိင်ဟော်မုန်းတွေဖြစ်တဲ့ androgen, testoster one စသည်တို့ထွက်လာဖို့ရန် အထောက်အပံ့ဖြစ်စေပါတယ်။ မွေးရာပါရွေးချယ်သတ်မှတ် ပြီးသားဆိုတာကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ် နိုင်သလဲဆိုရင် လိင်တူချစ်သူဖြစ်သူတွေရဲ့ ဦးနှောက်ရဲ့ hypothalamus မှာရှိတဲ့ INAH3 လို့ခေါ်တဲ့ နျူကလိယပ်စ် (nucleus) နေရာလေးတစ်ခုဟာ မိန်းကလေးတွေနဲ့ လွန်စွာမှတူပါတယ်တဲ့။
အဲဒီနေရာလေးဟာ အမျိုးသားတွေထက် သိသိသာသာကိုကြီးနေပြီး မိန်းကလေးတွေ နီးပါးလောက်ရှိပါ တယ်။ ဒီလိုဖြစ်လာရတာဟာ သဘာဝတရားက သူတို့ကို ဒီလိုဖြစ်ပါစေလို့ သတ်မှတ်ထားသလိုများ ဖြစ်နေသလား။ အခြားအကြောင်းရင်း တစ်ချက်ကတော့ အမျိုးသားတွေရဲ့ အဓိကလိင်အဂါင်္ဟာ ဝှေးစေ့နဲ့ လိင်တံပေါ့ဗျာ။ ဝှေး စေ့က ပိုအဓိကကျပါတယ်။ ၄င်းဟာ ဘာလုပ်ပေးသလဲဆိုရင် အရွယ်ရောက်စဉ်မှာ မျိုးအောင်နိုင်ဖို့အတွက် သုတ်ကောင် ထုတ်လုပ်မှု လုပ်ပေးပါတယ်။ အရေးကြီးတဲ့ အမျိုးသား လိင်ဟော်မုန်း တွေကိုလည်း ထုတ်ပေးပါတယ်။ Testoster­one လို့ခေါ်တဲ့ ဟော်မုန်းဟာ အမျိုးသားတစ်ဦး ဖြစ်ဖို့ရာ လွန်စွာ အရေးကြီးပြီး အမျိုးသားလိင်ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ androgen ကို လုပ်ပေးပါတယ်။ နောက်တစ်ခုက MIS လို့ခေါ်တဲ့ ပစ္စည်းလေးပါ။ သူက အမျိုးသားတွေရဲ့ဝှေးစေ့ကနေ ထွက်လာပြီး ငယ်ရွယ်စဉ်မှာ အမျိုးသမီး ဖြစ်စေသော အကြောင်းရင်းတွေအားလုံးကို တားမြစ်ပေးပါတယ်။
 
အမျိုးသားတွေမှာ testosterone ဟော်မုန်းနည်းနေလို့ မျိုးအောင်စေရန် မစွမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ အဲဒီဟော်မုန်းထိုးပေးလို့မရပါဘူး။ testosterone ဟာ ဝှေးစေ့မှာ androgen ပမာဏကို များစေသည် ဆိုသော်လည်း ပြင်ပမှ testosterone သောက်ခြင်း၊ ထိုးခြင်းဟာ ဝှေးစေ့မှာ androgen ပမာဏကို မတက်လာစေတဲ့ အပြင် နဂိုနည်းနေတဲ့ androgen ပမာဏကိုတောင် ပိုနည်းသွားစေပါတယ်။ သို့သော် testosterone ကို အမျိုးသား သန္ဓေတားဆေး အနေနဲ့တော့ သုံးလို့ရပါတယ်။ သို့သော် အမျိုးသား သန္ဓေတားနိုင်လောက်အောင် ပါဝင်သော testosterone ပမာဏဟာ သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ Castration လို့ခေါ်တဲ့ ဝှေးစေ့ထုတ်ထားသော သူတွေမှာ (ဥပမာ- လိင်ပြောင်းထားတဲ့သူတွေပေါ့ဗျာ) အဲလိုလူတွေမှာ အမျိုးသား လိင်ဟော်မုန်း ပမာဏဟာ လွန်စွာများနေတတ်ပါတယ်။ လိင်တူချစ်သော အမျိုးသားများမှာ testosterone နဲ့ MIS ပမာဏနည်းနေပါတယ်။ ဒါတွေနည်းနေလို့ လိင်တူချစ်သူ ဖြစ်ရတယ်တော့လည်း မဟုတ်ပါဘူး။ ဒီလိုအတိအကျသိရင် ကျွန်တော်တို့ ပြုပြင် ကုသမှုတွေ လုပ်ဖို့ရာလွယ်ကူတာပေါ့ဗျာ။
နောက်ဖြစ်နိုင်ချေတစ်ခုကတော့ elder brother hypothesis လို့ ခေါ်ပါတယ်။ မိမိရဲ့ဖွားချင်း မောင်နှမ တွေထဲမှာ ယောကျာ်းလေးတွေ များနေတယ်ဆိုပါစို့ဗျာ။ အငယ်ဆုံးမှာ သက်ရောက်မှုရှိသွားတာဗျ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင်တော့ Y-chromosome ဟာ အမျိုးသားဖြစ်ဖို့ရန် သတ်မှတ်ပေးတယ်လို့ ကျွန်တော် အထက်မှာ ပြောပြထားပါတယ်။ အမျိုးသမီးတွေမှာတော့ Y-chromosome လုံးဝမရှိပါဘူး။ ဒီတော့ သားအတွက်ဆိုရင် Y-chromosome ဟာ အဖေဆီကပဲ ရလာတာဖြစ်ပါတယ်။ အဲလိုနဲ့ သားတွေများလာတဲ့အခါ၊ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ပြင်ပက ကိုယ့်မှာမရှိတဲ့အရာတစ်ခု ဝင်လာရင် antibody လို့ခေါ်တဲ့ ပဋိပစ္စည်းတစ်မျိုးထုတ်ပြီး တိုက်ခိုက်လေ့ရှိတယ်ဗျ။ အဲဒီတော့ သားတွေ မွေးတာများလာတဲ့အခါ မိခင်ဖြစ်သူမှာ Y-chromosome antibody တွေများလာပြီး အငယ်ဆုံးသားမှာ သက်ရောက်မှု ရှိသွားခြင်းဖြစ်ပါတယ်။ အစောပိုင်းသားတွေမှာ သက်ရောက်မှုသိပ်မရှိလှပါဘူး။ အငယ်ဆုံးသားမှာ ရောက်လာတဲ့ Y-chromosome an­tibody တွေဟာ သူ့မှာရှိတဲ့ အမျိုးသားဖြစ်မှုကို အားပေးမယ့် Y-chromosome နဲ့ တိုက်ခိုက်မှုဖြစ်ပြီး၊ Y-chro­mosome ရဲ့ စွမ်းအားကျသွားပြီး ယောကျာ်လေးနဲ့ ထပ်တူမကျနိုင်တော့ပါဘူး။ ဒီလိုမျိုး မျိုးရိုးဗီဇပညာရပ်တွေမှာ လွှမ်းမိုးမှုရှိတဲ့အတွက် Gay များဟာ မျိုးရိုးလိုက်တတ်သော သဘောလေးလဲရှိပါတယ်။ ဖြစ်နိုင်ချေရှိပါတယ်။ မွေးရာပါ Gay ၊ Straight ရယ်လို့ သတ်မှတ်ပြီးသားဆိုတာကို ကျွန်တော် ဥပမာဖြစ်ရပ်လေးတစ်ခုနဲ့ ရှင်းလင်းချင်ပါတယ်ဗျာ။
 
တစ်ခါက အမေရိကန်ပြည်မှာ မွေးကင်းစယောကျာ်းကလေးလေးဟာ မတော်တဆဖြစ်မှု တစ်ခုကြောင့် သူ့ရဲ့ယောင်္ကျားအဂါင်္ဖြစ်တဲ့ လိင်တံမှာ ထိခိုက်မှုရှိသွားတယ်ပေါ့ဗျာ။ အဲဒီအခါမှာ ဆရာဝန်က ဒီကလေးဟာ ကြီးပြင်းလာတဲ့အခါ ယောကျာ်းလေးတို့ စွမ်းဆောင်နိုင်တဲ့ အလုပ်တွေကို မလုပ်နိုင်တော့တဲ့အခါ ပတ်ဝန်းကျင်မှာ အရှက်ရလိမ့်မယ်လို့ စိုးရိမ်ပြီး မိဘတွေနဲ့ တိုင်ပင်ကာ ကလေးလေးကို လိင်ပြောင်းခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ အဲတော့ ကလေးလေးဟာ မိန်းကလေး ဖြစ်သွားတယ်ပေါ့ဗျာ။ ငယ်ငယ်တည်းက အဲ့ကလေးဟာ သူဟာ မိန်းကလေး တစ်ယောက်ဆိုတာပဲ သူသိတယ်။ သူ့ကို အမျိုးသမီး လိင်ဟော်မုန်းတွေ ထိုးပေးတယ်။ နာမည်ရော မိန်းကလေးနာမည်ပဲ ပေးထားတယ်။ သူ့မိဘတွေကလည်း သမီး၊ သမီးလို့ပဲ ခေါ်ကြတာပေါ့။ ကြီးလာတဲ့အခါ အဲ့ဒီကလေးလေးဟာ မိန်းကလေးတစ်ယောက်လိုပဲပေါ့။
 
ဒါပေမယ့် အပျိုဖော်ဝင်တဲ့ အချိန်ပေါ့နော်။ လိင်ကို စတင်စိတ်ဝင်စားလာတဲ့အချိန်မှာ သူဟာ မိန်းကလေး တွေကိုပဲ စိတ်ဝင်စားတယ်တဲ့။ သူ့မှာ အမျိုးသားအဂါင်္တွေ၊ အမျိုးသားဖြစ်စေနိုင်သော အကြောင်းအရာတွေ မရှိ သော်လည်းဘဲ သူဟာ အမျိုးသား သဘာဝကိုသာ ဖော်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ယောကျာ်းလေးလေ ဗျာ။ သူ့ကို ဘယ်လိုပဲ မိန်းကလေးလိင်ဖြစ်အောင် ခွဲစိတ်ထားထား၊ အမျိုးသမီးလိင်ဟော်မုန်းတွေ ထိုးပေးပေး သူ့ရဲ့ အမျိုးသားစိတ်က မပျောက်ဘဲ၊ သူဟာ အမျိုးသမီးတွေကိုသာ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ် သက်ပြီး မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဖြစ်ရင်း ဖြစ်ရပ်မှန်ကို သိတဲ့အခါမှာ သူဟာ ယောကျာ်းလေး အဖြစ်ကို ပြန်ပြောင်းလိုက်ပါတယ်တဲ့။
 
နိဂုံးချုပ်
ကျွန်တော် အချုပ်အနေနဲ့ပြောရမယ်ဆိုရင် Gay, lesbian တွေလို့ homosexual တွေဖြစ်ရခြင်းဟာ အဓိက အချက်နှစ်ခုရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကြောင့်လည်း ဖြစ်လာနိုင်သလို၊ မွေးရာပါ ရွေးချယ်သတ်မှတ်ပြီးသားလည်း ဖြစ်နေပါတယ်။
ပတ်ဝန်းကျင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေဟာ gay ဖြစ်နိုင်ချေ နည်းလှပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကို ပြောပါဆိုရင် သန္ဓေသားဘဝကတည်းက ယောကျာ်း၊ မိန်းမ ခွဲခြားနိုင်ဖို့ အတွက် အရေးကြီးသောဟော်မုန်းများ၊ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းများ၊ ဦးနှောက်ဖွံ့ဖြိုးမှု အစရှိတဲ့ အရာတွေ မတူကွဲပြားမှုကြောင့် လိင်တူချစ်သူ၊ လိင်ကွဲချစ်သူဟူ၍ ကွဲပြားနေရခြင်းဖြစ်ပါတယ်။ ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိရန်မှာ စိတ်ဝင်စားဖို့ကောင်းသကဲ့သို့ လွန်စွာရှုပ်ထွေးလှသည်။ ယခုတိုင်အောင် ပညာရှင်များကြားမှာ ရှုပ်ထွေးဆဲ ကိစ္စတစ်ခုပါ။ အဖြေရှာဆဲပါ။ ဘာကြောင့်ဖြစ်ရတယ်လို့ တိတိကျကျ မသတ်မှတ်နိုင်သေးပါဘူး။
 
လူတစ်ဦးဟာ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက လိင်တူချစ်သူဖြစ်နေသော်လည်း၊ မိမိပတ်ဝန်းကျင် က လက်မခံနိုင်သောကြောင့် လည်းကောင်း၊ ဘာသာရေး ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်များကြောင့် ပတ်ဝန်းကျင်တွင် မိမိသည် လိင်တူချစ်သူဆိုသည်ကို အသိပေးရန် ရှက်ရွံ့သောကြောင့်လည်းကောင်း၊ မိမိ၏ မျိုးဆက်ပြန့်ပွားရေးအတွက် သော်လည်းကောင်း၊ လိင်တူချစ်သူ အမျိုးသားပင်ဖြစ်စေကာမူ ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ပြုလိုသော romantic emotion တစ်ခုခုရှိ၍သော်လည်းကောင်း သာမန်လိင်ကွဲချစ်သူများကဲ့သို့ပင် အိမ်ထောင်ပြုကာ ဘဝကို ဖြတ်သန်းလေ့ရှိကြပါတယ်။
ကျွန်တော်ပြောချင်တာကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာကွဲပြားမှုရှိသူတွေဟာ ရောဂါကြောင့်လည်း မဟုတ် သလို၊ သူတို့ရဲ့ချို့ယွင်းချက်ကြောင့်လည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းအနေနဲ့ လူသားချင်းတန်းတူအခွင့်အရေးကို အလေးထားသောအနေဖြင့် ထိုသူများကို အထင်သေးရှုံ့ချသော အပြုအမူများ ကို မပြုသင့်ပေ။ လူသားချင်းတန်းတူအခွင့်အရေးကို တန်ဖိုးထားသောအနေဖြင့် ယနေ့ခေတ်မှာ အနောက်နိုင်ငံတော်တော်များများမှာ လိင်တူလက်ထပ်မှုတွေကို တရားဝင်အသိအမှတ်ပြုထားနေပါပြီ။
 
ကမ္ဘာတဝန်းမှာ ဘာသာရေးယုံကြည်မှုဟာ လူသားတွေအပေါ် လွှမ်းမိုးထားပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင် လိင်တူချစ်သူတွေကို နပုန်းပဏ္ဍုက်များဟူ၍လည်းကောင်း၊ အဆင့်အတန်းနိမ့်သော သူများအဖြစ်လည်းကောင်း ခွဲခြားမှုရှိပါ တယ်။ ခရစ်ယာန်ဘာသာ မှာဆိုရင်လည်းပဲ အဓမ္မရာဂဟူ၍ သတ်မှတ်ထားကာ မကောင်းသော လိင်စိတ်ရှိသူများဟု ဖော်ပြထားပါတယ်။ သို့သော်လည်း လိင်တူချစ်သူများမှာ ရောဂါရှိနေသူ၊ ပုံမှန်မဟုတ်သောသူများ မဟုတ်ကြတဲ့ အတွက် ယနေ့ခေတ်တွင် လူသားချင်းတန်းတူအခွင့်အရေး ကို ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်း တန်ဖိုးထား ရပါမယ်။ ဘာသာရေးကို ပစ်ပယ်ခြင်းမရှိစေဘဲ၊ လူအခွင့်အရေးကိုလည်း တန်ဖိုးထားကာ နားလည်မှုဖြင့် လက်ခံနိုင် ပါက လိင်တူချစ်သူများကို အထင်သေးရှုံ့ချ၊နှိမ့်ချဆက်ဆံခြင်းများ ပပျောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမှုအရ တရားဝင်အသိအမှတ် မပြုနိုင်စေကာမူ ပြစ်တင် ရှုံ့ချသော အပြုအမူများဖြင့် မတုန့်ပြန်မိကြစေရန်နှင့် လိင်တူချစ်သူများ အနေနှင့်လည်း မိမိထိုသို့ ဖြစ်နေရသည် ကို အားငယ်ခြင်းမရှိဘဲ မိမိတို့ဘဝ ပျော်ရွှင်မှု အစစ်အမှန်ကို ရရှိခံစားကြစေလိုသော မေတ္တာစေတနာမွန်ဖြင့် ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပေသည်။



အရူးလေး 


(MLGBT မှာ Ko Alex တင်ထားတာတွေ့လို့ ပြန်လည်မျှဝေပါသည်) 
 

Wednesday, November 5, 2014

On 8:47 AM by Myanmar Cute Gay Boy in    10 comments







ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လွင်တောက်ပနေပါသည်။ သူ့အတွက် ကျောင်းအားလပ်ရက်မှာ ဒီလိုနေရာမျိုးကို တစ်ယောက်ထဲထွက်လာခဲ့ခြင်းကတော့ စွန့်စားမှုကြီးတစ်ရပ်ပါပဲ။ အမြဲတမ်းအိမ်ထဲမှာပဲနေရတဲ့သူ အခုတော့ လူကြီးမိဘတွေမသိအောင် တစ်ယောက်ထဲ ခရီးထွက်လာခဲ့ပါပြီ။ နောက်ပြဿနာနောက်မှရှင်း အခုလောလောဆယ်တော့ ဒီမြို့လေးထဲမှာ တစ်ပတ်လောက် အောင်းနေလိုက်ဖို့ သူဆုံးဖြတ်လိုက်ပါသည်။


ရထားကြီးကတဖြေးဖြေးဘူတာသို့ဆိုက်ဝင်လာပါသည်။ ဘူတာတွင် ဈေးသည်များ ခရီးသည်များ ဆိုက်ကားသမားများဖြင့် စည်ကားလျက်ရှိသည်။ သူကတော့ အဝတ်အစားများများစားစားမပါတာမို့ ကျောပိုးအိတ်ဂျင်းပျော့တစ်လုံးကိုသာလွယ်ကာ ရထားပေါ်မှဆင်းလာခဲ့သည်။ သူစဉ်းစားထားသည်က တည်းခိုစရာနေရာတစ်ခုအရင်ရှာရမည်။ ထို့နောက် သူသွားချင်တဲ့နေရာတွေကို ပတ်သွားဖို့ စိတ်ကူးသည်။


ရထားပေါ်ကဆင်းလိုက်သည်နှင့် ဈေးသည်တို့၏ဆူညံသံတွေက အာရုံနောက်စရာကောင်းလှပါသည်။ တကယ်တမ်းတစ်ယောက်ထဲ ခရီးထွက်လာတော့ စိတ်ထဲတွင် နည်းနည်းကြောက်မိသလိုတော့ရှိသည်။ ဒါပေမယ့် သူကိုယ်တိုင်လွတ်လပ်မှုရဲ့အရသာကို ခံစားကြည့်ချင်နေတာဆိုတော့ လွတ်လပ်မှုကို သတ္တိရှိရှိနဲ့ ရှာဖွေရမှာပေါ့။ သူ့မျက်စိထဲမှာ အရာရာအားလုံးဟာ သူစိမ်းတွေကြီးပါပဲ။ လမ်းဘေးမှာ ရောင်းနေတဲ့အစားအသောက်တွေကိုကြည့်ရင်း သူဗိုက်ဆာလာမိသည်။ ဟုတ်သားပဲ…… မနက်မိုးမလင်းခင်ကတည်းက သူအိမ်ကထွက်လာတာ တစ်လမ်းလုံးဘာမှလဲမစားရသေးပါ။ သူ့ဗိုက်ကို အရင်ဖြည့်ဖို့ စိတ်ကူးပြောင်းလိုက်သည်။ လမ်းဘေးဝဲယာကို စူးစမ်းကြည့်မိတော့ စားသောက်ဆိုင်ဟူ၍ မယ်မယ်ရရမရှိပါ။


ဘူတာဝန်းထဲက ထွက်လာခဲ့ပြီးနောက် ပလက်ဖောင်းလမ်းအတိုင်း သူလျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်အချို့ကိုကြည့်ပြီး နည်းနည်းသန့်မည်ထင်သည့် ဆိုင်တစ်ဆိုင် ကိုရွေးချယ်လိုက်ကာ အထဲသို့ဝင်လိုက်သည်။ ထို့နောက် အထဲသို့ရောက်သောအခါ ထမင်းအဝစား နဲ့ ဟင်းနှစ်မျိုးလောက်မှာပြီး ထိုင်စောင့်နေလိုက်သည်။


“ခဏစောင့်နော်ကောင်လေး ”


“ဟုတ်ကဲ့”


ဆိုင်ရှင်မိန်းမကြီးက နောက်ဖေးထဲသို့ပြန်ဝင်သွားသောအခါ စားပွဲပေါ်ရှိ ရေနွေးကြမ်းအိုးကို ကိုင်ပြီး တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် သူ့မျက်လုံးတွေက ဆိုင်ပေါက်ဝရှိကားလမ်းဆီသို့ရောက်ရှိ သွားမိသည်။ ကားလမ်းမပေါ်တွင် လူများရှုပ်ထွေးစွာသွားလာနေကြသည်။ ဘူတာရုံရှိသောလမ်းဖြစ်သဖြင့် လူအလွန်စည်ကားပါသည်။ သိပ်မကြာလိုက်ပါ ဆိုင်ပိုင်ရှင်မိန်းမကြီးမှ ထမင်းနှင့်ဟင်းများသူ့ကို လာချပေးသည်။ ဗိုက်ဆာဆာဖြင့် အနံ့သင်းနေသော ဝက်သားဆီပြန်ဟင်းကို ထမင်းပေါ်သို့ပုံလိုက်ပြီး အားရပါးရစားပစ်လိုက်သည်။ ငါးပိရည်ကကောင်းကောင်း အတို့အမြုပ်ကကောင်းကောင်းဖြင့် ရေနွေးတဖူးဖူးမှုတ်ပြီး ထမင်းကိုစားရတာ မြိန်ရည်ရှက်ရည်ရှိလှပါဘိ။


သူစားလို့သောက်လို့ပြီးသွားသောအခါ ထောင့်ငါးရာကျသည်ဆိုသဖြင့် ဆိုင်ရှင်ကို တစ်ထောင်တန်နှစ် ရွက်ပေးလိုက်သည်။ ခဏကြာတော့ သူ့ကိုငွေငါးရာပြန်အမ်းပါသည်။ ဆိုင်ရှင်ပေးသော ငွေငါးရာကို ယူကာ ဂျင်းဘောင်းဘီနောက်အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ထမင်းဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထမင်းဆိုင်ရှေ့သို့ရောက်သောအခါ ဘယ်လမ်းကိုဘယ်လိုသွားရမှန်းမသိပဲ သူကြောင်နေမိသည်။ ဒီမြို့က သူတစ်ခါမှလည်းရောက်ဖူးတာမဟုတ်။ ပြီးတော့ ဒါဟာသူ့ရဲ့ပထမဦးဆုံးသော တစ်ယောက်တည်း ခရီးထွက်ခြင်းပါ။ သူလမ်းမကြီးကို ငေးမောပြီးကြည့်နေမိစဉ်မှာပဲ အရှေ့စူးစူးအရပ်မှ လူတစ်ယောက် သူ့ဆီကိုပြေးလာနေသည်ကိုတွေ့ရသည်။ ထိုလူနောက်တွင် လူတွေအုပ်စုလိုက် နောက်မှလိုက်နေသည်။


သူကြောင်ပြီးကြည့်နေမိစဉ်မှာပဲ ထိုလူကသူ့အနားသို့ရောက်လာသည်။ သေချကြည့်လိုက်မှ လူငယ်တစ်ဦးဖြစ်မှန်း သိရသည်။ ထိုလူငယ်ကသူ့လက်ထဲမှ တစ်စုံတစ်ခုကို သူ့ဆီသို့အရေးကြီးသုတ်ပြာ ပေးလိုက်ပြီး နှုတ်မှစကားတွေ ပလုံးပထွေးပြောသွားသည်။


“မင်းခဏယူထား ပြီးရင်ဘူတာရုံပေါက်ကိုပြန်လာခဲ့ ”


“ဘယ်လို…….”


သူနားမလည်နိုင်စွာနဲ့ ပြန်မေးမည်အပြု ထိုလူငယ်က သူ့နဲ့တော်တော်ဝေးဝေးသို့ ရောက်ရှိသွားပါပြီ။ ဘာကြောင့်များ သူ့ကိုဒီပစ္စည်းကိုပေးသွားတာပါလိမ့်။ သူလှမ်းအော်မည်အပြု သူ့အနားသို့ လူအုပ်ကြီးတစ်စုက ဖြတ်ပြေးလာပါသည်။


“အဲ့ဒီကောင် ခါးပိုက်နှိုက် မလွတ်စေနဲ့ဟေ့”


“မြန်မြန်လိုက်ပါဟ ဘယ်ဖက်ကိုပြေးသွားပြီလဲမသိဘူး”


ဘုရားဘုရားခါးပိုက်နှိုက်တဲ့လား။ ဟုတ်ပါရဲ့…… သူ့ကိုပေးသွားတာ ပိုက်ဆံအိတ်လေးပဲ။ အထဲမှာလည်း ပိုက်ဆံတွေသောင်းဂဏာန်းလောက်ရှိမည်။ ရုတ်တရက် ခေါင်းနပန်းတွေပူထူသွားမိသည်။ မတော်လို့များသူ့ကို ခါးပိုက်နှိုက်နဲ့ ကြံရာပါဆိုပြီး ဝိုင်းရိုက်ကြရင် ဘယ်နှယ့်လုပ်မတုန်း။ ခက်ပါရဲ့……….


ပိုက်ဆံအိတ်ကိုအလျှင်အမြန်ပဲ သူ့လွယ်အိတ်ထဲသို ဖွက်ထားလိုက်သည်။ ဘေးဘီကို အကဲခတ်ကြည့်တော့ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကိုဂရုစိုက်မိပုံမပေါ်ပါ။ တကယ်လို့ ခါးပိုက်နှိုက်ကိုသာ သူပိုက်ဆံအိတ်ပြန်မပေးတော့ဘူးဆိုရင် ဒီပိုက်ဆံတွေဟာ သူ့ပိုက်ဆံတွေဖြစ်သွားပြီပေါ့။


မဖြစ်သေးပါဘူး တော်ကြာခါးပိုက်နှိုက်က သူ့အဖော်တွေခေါ်လာပြီး ဝိုင်းရိုက်မှ ဒုက္ခနဲ့လှလှ တွေ့နေဦးမယ်။ ဒီလိုဆိုဘယ်လိုလုပ်ရမလဲ….. ငါဘယ်လိုလုပ်ရမလဲ။ ပိုက်ဆံအိတ်ကို လွှင့်ပစ်လိုက်ရမလား။ ဒါမှမဟုတ်သွားပြန်ပေးလိုက်ရမလား။ ဟူး…….. ဒုက္ခပါပဲ။


သူ့အနားမှဖြတ်ပေးသွားသော လူအုပ်ကြီးကိုငေးကြည့်နေရင်း ဇဝေဇဝါဖြစ်နေမိပါသည်။ သူဘယ်လို ဆုံးဖြတ်ရမလဲမစဉ်းစားတတ်တော့ပါ။ တစ်ယောက်ထဲ ခရီးထွက်လာမိတာမှားပြီထင်ပါရဲ့။ နောက်ဆုံး မစဉ်းစားတတ်တဲ့အဆုံးမှာတော့ ယခုလက်ရှိနေရာမှ သူအမြန်ဆုံးထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘေးဘီကို တစ်ချက်မျှအကဲခတ်လိုက်ပြီး ထိုနေရာမှ သုတ်ချေတင်ပြီးထွက်လာခဲ့သည်။ 





       X      X      X       X




“တစ်…..နှစ်…..သုံး……..လေး……..ငါး………ခြောက်…….. စုစုပေါင်း ငွေခြောက်သောင်းရှိတာပဲ”


ပိုက်ဆံအိတ်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး မွေ့ယာပေါ်သို့ အိပ်ချလိုက်ပါသည်။ အခုချိန်လောက်ဆို ဟိုခါးပိုက်နှိုက်ကောင်တစ်ယောက်တော့ ပိုက်ဆံအိတ်လဲဆုံး လူလဲမိပြီး ထောင်ထဲရောက်နေလောက်ပြီ လားမသိပါ။



စားရကံကြုံ၍မုတ်ဆိတ်ကိုပျားလာစွဲတာလားတော့မပြောတတ်ပါ။ သူ့လက်ထဲပိုက်ဆံတွေအလိုလို ရောက်လာပါသည်။ ပြန်ပေးချင်ပေမယ့်လဲ မပေးရဲသဖြင့် သူထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ ခါးပိုက်နှိုက်ကတော့ သူ့ကိုကြိမ်းဝါးနေလောက်ရော့မည်။

ထိုနေရာမှသူထွက်လာခဲ့ပြီးနောက် မြို့ထဲတစ်နေရာရောက်သော် တည်းခိုခန်းတစ်ခုရှာပြီး အခန်းတစ်ခန်း ငှားလိုက်သည်။ အခုလောလောဆယ်တော့ အခန်းထဲအောင်းပြီး ထမင်းလုံးစီနေလိုက် ဦးမည်ဟု ဆုံးဖြတ်ထားပြီး ညနည်းနည်းမိုးချုပ်မှ အပြင်ထွက်ပြီး စနည်းနာဖို့ စဉ်းစားထားသည်။ 


အခန်းပြတင်းပေါက်ကို သူလှပ်ကြည့်လိုက်တော့ နီရဲနေသော နေလုံးကြီးရဲ့ စူးရှရှနေရောင်ခြည်တွေက အခန်းထဲသို့ ဖြာကျလာသည်။ ပြင်ပမှ လေတစ်ချို့ဝင်ရောက်လာသဖြင့် သူ့စိတ်ထဲ အနည်းငယ်ရွှင် လန်းသွားမိသည်။


လမ်းမပေါ်ရှိနေရောင်ခြည်အောက်တွင် သွားလာနေသော ဆိုင်ကယ်များလူများကိုငေးကြည့် နေရင်း စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိသည်။ တစ်ယောက်ထဲခရီးထွက်လာတာဆိုတော့ အားငယ် ချင်တာများလား တော့မသိပါ။ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ပြီး ပြတင်းပေါက်စီမှ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်မိသည်။ ထို့နောက် သူ့မျက်ခွံများအနည်းငယ်လေးလံလာသည်။ ခရီးပန်းလာသောကြောင့် လားမသိပါ အိပ်ချင်စိတ်တွေ တဖွားဖွားပေါ်နေသည်။ ဘာကိုမှစဉ်းစား မနေတော့ပဲ တစ်ရေးလောက်အိပ်လိုက်ဖို့ သူဆုံးဖြတ်လိုက်သည်။ သိပ်မကြာခင်အတွင်းမှာပဲ သူအိပ်ပျော်သွားခဲ့သည်။




    X      X      X       X




“ဒုံး…….ဒုံး……..ဒုံး……… တံခါးဖွင့်စမ်း ဟဲ့အကောင် နင်အထဲမှာရှိတယ်ဆိုတာ ငါသိတယ်”


“ဒုံး…..ဒုံး……ဒုံး………..”


သူ့နားထဲမှာ ဆူဆူညံညံအသံတွေကြားနေရပါသည်။ သို့သော် အိပ်ချင်စိတ်နှင့်မျက်လုံးဖွင့်မရပဲ အသံတွေကိုဆက်ပြီးနားစွင့်နေမိသည်။


“နင်တံခါးဖွင့်မှာလား မဖွင့်ဘူးလားပြော ဒီနေ့နင်နဲ့ငါနဲ့ စာရင်းရှင်းရမယ်။ ကြားလား……. ဟဲ့ တံခါးဖွင့်လေ……”


အသံတွေက တကယ့်ကိုစူးစူးဝါးဝါးကျယ်လောင်နေတာပါ။ သူသည်းမခံနိုင်သည့်အဆုံးမှာတော့ မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်လိုက်ပါသည်။ လတ်စသတ်တော့ ဘေးအခန်းက ဆူနေတာကိုး။   လက်ထဲမှနာရီကို ကြည့်လိုက်မိတော့ ညရှစ်နာရီ ထိုးနေပါပြီ။ အိပ်ယာနိုးကာစဆိုတော့ ခေါင်းထဲမှာနောက်တောက်တောက်နဲ့ သိပ်ပြီးနေလို့မကောင်းပါ။ နိုးလက်စနဲ့ မထူးဘူးဟုဆိုကာ ကုန်းရုန်းပြီး ထလိုက်ပါသည်။ 


ဗိုက်တွေလဲပြန်ဆာနေပြီမို့ အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ် ပလုပ်ကျင်းလိုက်သည်။ မှန်ထဲရှိ မိမိကိုယ်ကိုကြည့်ရင်း ဆံပင်တွေကိုရေဖြင့်သပ်ကာ အနည်းငယ် ပြင်လိုက်သည်။ ထို့နောက် ကုတင်အောက်တွင်ချွတ်ထားသော သူ့ဖိနပ်ကိုပြန်စီးကာ ကြိုးသိုင်းချည်လိုက်ပြီး အခန်းထဲမှထွက်ကာ တံခါးကိုလော့ချလိုက်ပါသည်။


တည်းခိုခန်းပြင်ပသို့ရောက်သောအခါ အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေသည်။ ဒီမြို့ရဲ့ရာသီဥတုက တခြားမျို့တွေနဲ့မတူပဲ အနည်းငယ်ပိုအေးကဲတတ်သည်။ ဒီမြို့လေးကို သူလာချင်နေခဲ့တာကြာပါပြီ။ ဖေဖေနဲ့ခရီးထွက်တိုင်း သူဒီမြို့လေးကို ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် တစ်နေ့နေ့တွင် ဒီမြို့လေးကို သူတစ်ယောက်ထဲ လာဖြစ်အောင်လာမည်ဟု တွေးထားခဲ့ဖူးသည်။


ညစာကိုတော့ ဖြစ်သလိုပဲစားဖို့ သူစဉ်းစားထားသည်။ ထို့ကြောင့် လမ်းဘေးတွင် ရောင်းနေသော ထမင်းပုံစား ဆိုင်တွင်ဝင်ကာ စားလိုက်သည်။ ထမင်းစားပြီးတော့ ရေနွေးကြမ်းတစ်ခွက်လောက်ကို မှုတ်သောက်လိုက်ပြီး သူပြန်ထွက်လာခဲ့သည်။ ဒီမြို့တွင် လူအနည်းငယ်စုံသည် လူတိုင်းလူတိုင်းကို ကြည့်လိုက်တိုင်း ပုံစံအမျိုးမျိုးနဲ့သွားလာလှုပ်ရှားနေကြသည်။

သူ့လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲသို့ လျိုထားလိုက်သည်။


“ဟေ့ ငါ့ညီနေဦး”


ခေါ်သံကြောင့် သူနောက်လှည့်ကြည့်လိုက်တော့ သန်သန်မာမာနှင့်ယောကျာ်းနှစ်ယောက်ဖြစ်နေသည်။ သူမမြင်ဖူးသည့် မျက်နှာစိမ်းတွေပါ။


သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်။ ထိုလူနှစ်ဦးက သူ့ဆီသို့လျှောက်လာသည်။ အနံ့အသက်ကတော့ သိပ်မကောင်းပါ။


“ညီလေး အသားမနာချင်ဘူးဆိုရင် လိမ်လိမ်မာမာနဲ့မင်းမှာပါတဲ့ အသပြာလေးတွေကို အကိုကြီးတို့ကို ပေးခဲ့”


သူသိလိုက်ပါပြီ။ သူ့ကိုဓားပြလာတိုက်နေတာပါ။


“ကျွန်တော်ဗိုက်ဆာလို့ ထမင်းလာစားတာပါ။ ကျွန်တော့်မှာပိုက်ဆံအပိုမပါပါဘူး”


သူပြောလိုက်တော့ ဓားပြနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကြသည်။


“မင်းကိုထမင်းဆိုင်ထဲမှာကတည်းကတွေ့တယ် ပိုက်ဆံတွေရေနေတာ မြင်ရတယ်”


ဓားပြနှစ်ယောက်က သူ့ကိုဘယ်အချိန်ကတည်းကချောင်းနေကြမှန်းမသိပါ။ ဒီမြို့ကလဲ တော်တော်လေးကို ရှုပ်လွန်းပါသည်။ ခါးပိုက်နှိုက်နဲ့ဓားပြနဲ့ ဘာများကျန်သေးတုန်း။ သူစိတ်ပျက်လက်ပျက် ဖြစ်သွားမိပါသည်။ အဆိုးထဲကအကောင်းလို့ပြောရမယ်ဆိုရင် သူ့ကိုယ်ပိုင်ပိုက်ဆံတွေကို သူမယူလာမိပါ။ နေ့လည်က ခါးပိုက်နှိုက်ဆီကရထားသည် ပိုက်ဆံအိတ်ကိုသာ ယူလာခဲ့ခြင်းဖြစ်သည်။ ဓားပြနှစ်ယောက်က ပိုက်ဆံမပေးလျှင် တကယ်လုပ်မည့်ပုံပေါ်သည်။


သူ့အနားသို့ တဖြေးဖြေးတိုးလာကြသဖြင့် အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကိုအလျှင်အမြန်ပဲ ဆွဲထုတ်လိုက်သည်။ ထိုစဉ်…..


“ကိုမိုး မလုပ်နဲ့ ”


သူလှည့်ကြည့်လိုက်သည်။……… ဟိုက်……ခါးပိုက်နှိုက်ကောင်ပါလား……


“အဲ့ဒါကျွန်တော့်သူငယ်ချင်းကိုမိုး ”


ခါးပိုက်နှိုက်က သူ့ကို သူ့သူငယ်ချင်းပါလို့ပြောနေပါသည်။ ဓားပြနှစ်ယောက်က ထိုခါးပိုက်နှိုက်ကို မြင်တော့ သက်ပြင်းချလိုက်သည်ကိုတွေ့ရသည်။ ကြည့်ရသည်မှာ တစ်ဖွဲတည်းသားတွေ ဖြစ်ပုံရသည်။


“ဟုတ်လို့လား ဖိုးသားရာ ငါတို့ကတော့ ဂွင်တွေ့ပြီဆိုပြီးအောက်မေ့နေတာ”


“ဟုတ်ပါတယ်ဗျာ ဒါကျွန်တော့်သူငယ်ချင်းပါ………… နော်….ဟေ့ရောင် ဟုတ်တယ်မိုလား”


ခါးပိုက်နှိုက်က ပိပိရိရိလိမ်နေပါသည်။ သူ့အနားသို့ရောက်လာပြီး မပြောမဆိုနဲ့ သူ့ပခုံးကိုသိုင်းဖက်လိုက်သည်။ ထို့အပြင် ပခုံးတစ်ဖက်တွင် ဖက်ထားသောလက်ဖြင့် သူ့ကိုမသိမသာလေ ညှစ်ထဲ့လိုက်၏။


“အင်း…..အဲ….. ဟုတ်တယ် ဟုတ်ပါတယ်ဗျ”


“တွေ့တယ်မဟုတ်လား သူလည်း ဝါးတားဖောလိုဖစ်ဖောလိုးပဲ (water follow fish follow)”


“ဟေ့ကောင်ဖိုးသား မင်းကလဲဘိုလိုတော့မမှုတ်နဲ့လေကွာ ငါတို့နားမလည်ဘူး”


အမှန်တော့ခါးပိုက်နှိုက်ကောင်က သူ့ကိုရေလိုက်ငါးလိုက်နေပါဟု အထာနှင့်ပြောတာဖြစ်သည်။ ဒါကို ဓားပြနှစ်ကောင်က နားလည်ဟန်မတူပါ။ ရယ်တော့ရယ်ရသားရယ်…….


“ဒါဆိုကျွန်တော်တို့ဒိုးတော့မယ် ကိုမိုး”


ဓားပြနှစ်ယောက်က အနောက်မှလက်ပြပြီးကျန်ခဲ့ပါသည်။ ခါးပိုက်နှိုက်က သူ့ပခုံးကိုမလွှတ်သေးပဲ တော်တော်ဝေးဝေးရောက်တဲ့အထိဆွဲခေါ်လာပါသည်။


“ဟေ့ကောင် လွှတ်တော့”


သူခါးပိုက်နှိုက်၏လက်ကို ခါချလိုက်ပါသည်။ စိတ်ထဲမှာမသိုးမသန့်နဲ့ ခါးပိုက်နှိုက်စော် နံသလိုလိုဘာလိုလို……


“ဘာလဲ ငါ့ကိုရွံနေတာလား ငါကရေတော့ချိုးပါတယ်ဟ”


“ခါးပိုက်နှိုက်ဆိုတော့ ငါလဲခါးပိုက်နှိုက်ဖြစ်သွားမှာစိုးတယ်။ သူကကူးချင်ကူးသွားမှာလေ ပြောလို့မရဘူး”


သူ့စကားကြောင့် ခါးပိုက်နှိုက်က ဟက်ဟက်ပက်ပက်ရယ်ပါသည်။


“ဟားဟားဟား ထားပါတော့။ ငါကခါးပိုက်နှိုက် မင်းက ခါးပိုက်နှိုက်ကိုပြန်လိမ်တဲ့ ဖိုးတွမ်တီး။ ခါးပိုက်နှိုက်ကိုပြန်ပြီး ဂျော်ကီစီးတဲ့ကောင် မင်းကငါ့ထက်ပိုဆိုးသေးတယ်”


“ဒါကတော့ ငါ့နေရာမှာ ဘယ်သူမဆိုဒီလိုပဲလုပ်မှာပဲလေ။ မင်းကိုဘယ်သူက ပိုက်ဆံအိတ်လာပေးခိုင်းလို့လဲ။ ငါ့လာပေးလို့ငါယူတာပဲ”


“သြော် ….. အဲ့ဒါနဲ့ပဲမင်းကငါ့ကိုပြန်မပေးပဲ အဲ့ပိုက်ဆံတွေကိုမောင်ပိုင်စီးလိုက်တယ်ပေါ့လေ”


“ဒါပေါ့။ အဲ့ဒါမင်းပိုက်ဆံအစစ်မှမဟုတ်ပဲ မင်းလဲသူများပိုက်ဆံနှိုက်လာတာပဲလေ”


“ကဲတော်ပါတော့ အခုငါ့ကိုအဲ့ပိုက်ဆံအိတ်ပြန်ပေး။ ငါကယ်လို့ ငါမကယ်ရင် မင်းမှာရှိသမျှတွေ ဟိုနှစ်ယောက်ဆီကို ပါသွားမှာ”


သူပြောတာလဲ ဟုတ်တော့ဟုတ်ပါသည်။ တကယ်တမ်းစဉ်းစားကြည့်လိုက်လျှင် သူကနည်းနည်း လွန်နေသည်ဟု ခံစားမိသည်။ ဘာပဲပြောပြော ဓားပြကိုပေးရတာနဲ့ ခါးပိုက်နှိုက်ကိုပြန်ပေးရတာ ထူးမခြားနားပါပဲ။ သူလက်ထဲမှပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ကို ပြန်ပေးလိုက်သည်။


“ကဲ ငါသွားတော့မယ်”


ခါးပိုက်နှိုက်ကို နှုတ်ဆက်လိုက်ပြီး သူတည်းခိုခန်းကိုပြန်ဖို့ ပြင်လိုက်ပါသည်။


“နေပါဦး မင်းကဒီမြို့ကမဟုတ်ဘူးထင်တယ် ဒီကိုဘာလာလုပ်တာလဲ”


“ဘာမှမလုပ်ဘူး ပျင်းလို့အိမ်ကနေထွက်လာတာ ”


“သြော် ပိုက်ဆံတော်တော်ပေါနေတယ်ပေါ့လေ။ ထားပါတော့ အဲ့ဒါအရေးမကြီးဘူး ”


“အဲ့ဒါဆို ဘာကအရေးကြီးလဲ”


“အရေးကြီးတာက မင်းဒီမှာနေရင် သတိထားပြီးနေ။ ဒီမှာလူကောင်းတွေထက် လူဆိုးတွေပိုများတယ်။ တော်ကြာနေ အိမ်မပြန်ရပဲလူပါအစအနပျောက်သွားဦးမယ်”


ခါးပိုက်နှိုက်ပြောလိုက်မှပဲ သူတောင်ကြက်သီးတွေထသွားပါသည်။


“ငါနဲ့လိုက်မလား”


“အင်….. ဘယ်ကိုလဲ”


“ခြေဦးတည့်ရာကိုပေါ့”


ခါးပိုက်နှိုက်ကသူ့အင်္ကျီအိတ်ထဲမှာ စီးကရက်ဘူးကိုထုတ်ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိပြီးဖွာလိုက်သည်။ ထို့နောက် နောက်ထပ်တစ်လိပ်ကိုထုတ်ပြီး သူ့ကိုပေးသည်။


“ငါဆေးလိပ်မသောက်တတ်ဘူး”


သူ့အဖြေကြောင့် ခါးပိုက်နှိုက်ကရယ်ပါသည်။


“ဟားဟား….. မဆိုးပါဘူး”


“ဘာမဆိုးတာလဲ”


“သြော် ကျောင်းသားကောင်းပီသပါတယ်လို့ ”


ခါးပိုက်နှိုက်ကဆေးလိပ်ကို ဟန်ပါပါဖွာရင်း သူ့ကိုခနဲ့သလိုကြည့်သည်။ ခါးပိုက်နှိုက်ပုံစံကြည့်ရတာ သိပ်ပြီးပျက်စီးနေသည့်ပုံတော့မပေါ်သေးပါ။ စူးရှရှသူ့ရဲ့မျက်လုံးတွေကလည်း ရဲရင့်ကြောင်း ပြသနေသည်။  ဒါပေမယ့် ခါးပိုက်နှိုက်ဖြစ်နေတာကတော့ တော်တော်ဆိုးသည်။ သူလဲဘယ်သွားရမှန်းသိဖြစ်နေသဖြင့် ခါးပိုက်နှိုက်ခေါ်သည့်နောက်သို့ လိုက်ကြည့်ရင်ကောင်းမလားဟု တွေးမိသည်။


“ကဲ ဘာတွေတွေဝေနေတာလဲကွာ ငါနဲ့လိုက်မှာလား မလိုက်ဘူးလား။ မလိုက်ဘူးဆိုလဲငါသွားတော့မယ် သေချာတာကတော့ မင်းကိုငါဒုက္ခမပေးဘူးလို့ အာမခံတယ်”


သူဘာမှပြန်မပြောမိပါ။ မရင်းနီးသည့်သူစိမ်းတစ်ယောက်နှင့် အတူတူလျှောက်သွားဖို့ဆိုတာက တော်တော်လေး စဉ်းစားရသည်။ မတော်လို့ သူ့ကိုမဟုတ်တရုတ်တွေလုပ်လိုက်ရင် ဘယ်နှယ့်လုပ်မတုန်း။ ခါးပိုက်နှိုက်က သိပ်ပြီးစိတ်ရှည်ဟန်မတူပါ။ “ကျွတ်စ်” ကနဲစုတ်တစ်ချက်သပ်လိုက်ပြီး သူ့ကိုစိတ်မရှည်ဟန်ဖြင့် ကြည့်ကာ အနားမှထွက်သွားပါသည်။ သူ့အနားမှခပ်လှမ်းလှမ်းသို့ရောက်သွားသောအခါ ခါးပိုက်နှိုက်နောက်သို့ သူပြေးလိုက်သွားလိုက်သည်။


“ဟေး……. နေဦး”


ခါးပိုက်နှိုက်ကသူ့ကို လှည့်ကြည့်လာသည်။ ထို့နောက် ပြုံးသည်။ သူဘာကိုပြုံးမှန်းတော့မသိပါ။ သူခါးပိုက်နှိုက်ကောင်လေးတစ်ယောက်နှင့် ညမိုးချုပ်ကြီးတွင် လမ်းအတူတူလျှောက်ခဲ့ဖူးပြီပေါ့။ သူတို့နှစ်ယောက် စကားတပြောပြောဖြင့် ဘယ်ဆီကိုမှန်းမသိသောဆီသို့ လျှောက်လာခဲ့ကြပါသည်။


“ခါးပိုက်နှိုက် မင်းနာမည်ဘယ်လိုခေါ်လဲ”


“ဖိုးသား”


“နာမည်အရင်းကရော”


“ငါ့မှာနာမည်နှစ်လုံးမရှိဘူး”


သူဟက်ဟက်ပက်ပက်ရယ်လိုက်မိပါသည်။ ခါးပိုက်နှိုက်သာဆိုတယ် စကားပြောတာတော့ ပြတ်နေတာပဲ။


“မင်းဘာရယ်တာလဲ”


“ဖိုးသား မင်းခါးပိုက်နှိုက်လုပ်စားနေတာ ဘယ်လောက်ကြာပြီလဲ။ မင်းမိဘတွေရော။ မင်းကျောင်းမတက်ဘူးလား”


ဖိုးသားအသံတွေတိတ်ဆိတ်သွားပါသည်။ သူရုတ်တရက် ဖိုးသားမျက်နှာကိုကြည့်မိတော့ မျက်နှာညိုး ငယ်သွားသည်ကိုတွေ့ရသည်။ သူမေးတာမှားများမှားသွားပြီလား။ ဖိုးသားမှာနာကျည်းစရာအတိတ်တွေများ ရှိနေလား။ အဲ့ဒီအတိတ်တွေကို သူအစသွားဖော်မိလေပြီလား။


“ငါအဖေကတော့ သေသွားတာလား ငါ့အမေနဲ့ကွဲသွားတာလား သေချာမသိဘူး။ ငါသေချာသိတာကတော့ ငါ့အမေက သူနဲ့ဖဲအတူတူရိုက်တဲ့ကောင်နဲ့ လိုက်သွားတယ်။ ”


သူစိတ်မကောင်းဖြစ်သွားမိပါသည်။ လူတိုင်းလူတိုင်းမှာ ဒဏ်ရာကိုယ်စီရှိနေကြတာပါပဲ ဖိုးသားရယ်။ ဖိုးသားကို သူအခုမှသိတယ်ဆိုပေမယ့်စိတ်ထဲမှာ ညီအကိုတစ်ယောက်ရလိုက်သလို ခံစားရသည်။


“မှတ်မှတ်ရရ ငါ(၇)တန်းလောက်တုန်းကပေါ့။ ငါ့အမေယောကျာ်းနောက်လိုက်သွားတော့ အိမ်မှာငါတစ်ယောက်ထဲ ကျန်ခဲ့တယ်။ စားစရာဆိုလို့ ဆန်ပဲရှိတယ်။ ပြီးတော့ အမေ့ခေါင်းအုံးအောက်က ငွေထောင့်ငါးရာ တွေ့တယ်။ အဲ့ဒါငါ့ဘ၀ရဲ့အစပဲ”


ပြောရင်းဆိုရင်းဖိုးသားက သူ့စကားတွေကိုရပ်တန့်လိုက်သည်။ သူဖိုးသား၏ပခုံးကိုကိုင်လိုက်မိသည်။


“နောက်တော့ ငါကျောင်းမသွားတော့ဘူး။ ထမင်းလဲငတ်တဲ့အခါငတ်တယ် စားရတယ်အခါစားရတယ်။ ရေလဲသောက်ရတယ်အခါ သောက်ရတယ် မသောက်ရတဲ့အခါမသောက်ရဘူး။ ဒီလိုပဲဖြစ်သလိုနေခဲ့တာ နောက်ဆုံး အိမ်ရှင်ကအိမ်ပေါ်ကမောင်းချလိုက်တော့ ချေသလုံးအိမ်တိုင်ဘ၀ကိုရောက်သွားတယ်။ လမ်းဘေးမှာ တေလေနေရင်းနဲ့ မိန်းမ၀၀ကြီးတစ်ယောက်ရဲ့လည်ပင်းက ရွှေဆွဲကြိုးကို ဖြတ်ပြေးခဲ့တယ်။ အဲ့ဒီကနေစပြီး ငါ့ဘ၀ကိုငါမွေးမြူလာခဲ့တာ။ အခုတော့ ငါအစုံတတ်နေပြီ ”


“ဘာတွေတတ်တာလဲ”


“ဖဲလိမ်တတ်တယ်၊ ဓားပြတိုက်တတ်တယ်၊ ခါးပိုက်နှိုက်တယ်၊ ခိုးတတ်တယ်၊ လိမ်တတ်တယ်၊ ”


ဖိုးသားတတ်ထားတဲ့ပညာတွေကမနည်းပါလား။ လောကကြီးက အလိုလိုသင်ပေးလိုက်တဲ့ပညာတွေပေါ့။ ပညာဆိုတာကောင်းသည်ပဲဖြစ်ဖြစ် ဆိုးသည်ပဲဖြစ်ဖြစ်လူတွေအတွက်တော့ အထောက်အကူဖြစ်စမြဲပဲလေ။ ဒါပေမယ့် ဖိုးသား တတ်ထားတဲ့ပညာတွေကတော့ သေမင်းနှုတ်ခမ်းမွှေးပေါ် စင်္ကြန်လျှောက်ရမယ့် ကိန်းပါ။


“ဟာ…… မင်းတော်တော်ဆိုးတာပဲ။ ရဲဖမ်းမှာမကြောက်ဘူးလား”


“ဟားဟား ရဲတွေဆိုတာ ငါ့အသိတွေတောင်ဖြစ်နေပြီ။ ရဲစခန်းခဏခဏသွားရလွန်းလို့ ရဲတွေနဲ့ခင်နေပြီ”


ဖိုးသားကလောကကြီးကိုမကြောက်ရွံ့တာလား ဒါမှမဟုတ် တမင်တကာအရွဲ့တိုက်နေတာလား ဒါမှမဟုတ် ဘ၀ပေးကုသိုလ်ကိုပဲ အကြောင်းပြပြီး ဆိုးသွမ်းချင်တဲ့ဗီဇလေးပါနေတာလး သူမပြောတတ်ပါ။ အခုလောလောဆယ်တော့ ဖိုးသားစကားကြောင့် သူရယ်မိ၏။ ဖိုးသားကသူ့လက်ထဲမှမီးညှိပြီးသားဆေးလိပ်ကို သူ့ကိုပေးပါသည်။


“ဘာလုပ်ဖို့လဲ…”


“သောက်ကြည့်”


သူဖိုးသားပေးသော မီးခိုးတထောင်းထောင်းထနေသည့် ဆေးလိပ်ကို ကိုင်လိုက်ပြီး နှုတ်ခမ်းသို့တေ့ကာ တစ်ချက်မျှဖွာလိုက်သည်။ ထို့နောက်မီးခိုးတွေကို မှုတ်ထုတ်လိုက်သည်။


“နိုး…..နိုး မဟုတ်သေးဘူး မီးခိုးကိုမျိုချရမှာ…….ပေးငါ့ကို”


ဆေးလိပ်ကိုဖိုးသားလက်ထဲပြန်ပေးလိုက်သည်။ ဖိုးသားက ဆေးလိပ်ကိုကိုင်ပြီး ဟန်ပါပါဖွာလိုက်သည်။ ထို့နောက် မီးခိုးငွှေ့တွေက နှာခေါင်းကရော ပါးစပ်ကပါ ထွက်လာပါသည်။


“တွေ့လား အဲ့လိုဖွာ……”


ဖိုးသားဆီက ဆေးလိပ်ကိုသူပြန်ယူလိုက်ပြီး ဖိုးသားပြောသည့်အတိုင်း ဖွာလိုက်သည်။ ထို့နောက် မီးခိုးတွေကို မျိုချပစ်လိုက်သည်။


“အဟွက်……… အဟမ်း…….. အဟွက် အဟွက်……”




ဖိုးသားက သူ့အနားသို့လာပြီး လက်ထဲကဆေးလိပ်ကိုပြန်ယူလိုက်ပြီး အဝေးသို့ ၀ဲပစ်လိုက်ပါသည်။ ထို့နောက် သူ့ကျောခုံးကို သပ်ပေးသည်။


“ငါထင်တော့ထင်သားပဲ သီးလိမ့်မယ်လို့။ ကဲငါတို့တစ်နေရာကိုသွားရအောင်”


“သွားနေတာပဲကြာလှနေပြီ ဘယ်ကိုဆက်သွားဦးမှာလဲ။ ငါတည်းတဲ့တည်းခိုခန်းတောင် ဘယ်ဆီနေမှန်းမသိတော့ဘူး။ ငါမပြန်တတ်ရင်ခက်မယ်”


“မင်းငါနဲ့လိုက်ခဲ့ပြီဆိုတော့ ပြန်ဖို့မစဉ်းစားနဲ့တော့”


“ဘာ……. ”


ဖိုးသားက သူ့အနားကနေအရှေ့သို့ ဆက်လျှောက်သွားသည်။ သူဖိုးသားနောက်သို့ အလျှင်လိုက်သည်။


“ဟေ့ကောင် အဲ့လိုတော့မယုတ်မာနဲ့လေ။ မင်းပဲငါ့ကိုဒုက္ခမပေးဘူးလို့ပြောပြီးခေါ်တာလေ။ ”


“ဟုတ်တယ်လေ မင်းကိုငါဒုက္ခမပေးဘူးလို့ပဲပြောတာလေ။ မင်းပြန်ချင်တယ်ဆိုရင်တော့ မင်းဘာသာမင်းပြန် ငါကတော့ လိုက်မပို့နိုင်ဘူး”


“ငါမှမပြန်တတ်ပဲ”


“မင်းမပြန်တတ်ရင် ကားငှါးသွားလိုက် လမ်းလေးမှာကားတွေတစ်ပုံကြီး”


အဲ့ဒါမှဒုက္ခပဲ။ သူပိုက်ဆံအပိုယူမလာမိပါ။ ထမင်းစားရုံပဲဆိုပြီးထွက်လာခဲ့တာ အခုတော့ ဒုက္ခနဲ့လှလှတွေ့ပါရောလား။ မဖြစ်ဘူး ခါးပိုက်နှိုက်ကိုချော့မှဖြစ်မည်။


“အဲ့လိုကြီးလဲမဟုတ်ပါဘူး ဟို…… မင်းဘယ်ကိုသွားမလို့လဲပြောလေ ငါလိုက်မယ်။ ဒါပေမယ့် ငါအပြင်မှာတော့ ညမအိပ်ချင်ဘူး ”


ဖိုးသားက သူ့ကိုလှည့်ကြည့်ပါသည်။


“ဘာဖြစ်လို့လဲ”


“ခြင်ကိုက်မှာစိုးလို့”


“ဟား…… ဟား….. ဟား…….. ”


ဖိုးသားက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါသည်။ ဖိုးသားရဲ့ ရယ်မောပုံက လူငယ်တွေရဲ့ လွတ်လပ်မှု တွေအပြည့်ပါဝင်ပါသည်။ သူလဲဖိုးသားလိုဘ၀မျိုးဆိုရင်ဘယ်လောက် ကောင်းလိုက်မလဲဟုတွေးမိသည်။ စားချင်တဲ့အချိန်စား သွားချင်တဲ့အချိန်သွား ပြီးတော့ အိပ်ချင်တဲ့အချိန်အိပ်။ ကဲ ဘယ်လောက်လွတ်လပ် လိုက်ပါသလဲ။ ဒါပေမယ့် သူကတော့ ဖိုးသားလိုမိုက်ရူးရဲဆန်ဖို့ လုံလောက်တဲ့သတ္တိမရှိသေးပါ။ သူက လောကကြီးအကြောင်းဘာမှသိသေးသူမှ မဟုတ်ပဲလေ။ တကယ်လို့များ ကြမ်းတမ်းတဲ့ အခက်အခဲတွေ ရှိလာရင် အဲ့ဒီဒဏ်တွေကို သူခံနိုင်ပါ့မလား။


ဖိုးသားကိုကြည့်ရတာတော့ ဘာကိုမှအလေးနက်မထားသလိုပါ။ သူ့ကြည့်ရတာ လောကကြီးကို မထီမဲ့မြင် ပြုနေတဲ့ပုံမျိုးလေ။ ရှင်းရှင်ပြောရလျှင် ထမင်းငတ်မှတောင်မကြောက်သည့် သူမျိုး။ ဒီလိုလူမျိုးမှာ အကြောက်တရားဆိုတာ ရှိပါဦးမလား။ ဖိုးသားက သူ့ကိုတစ်နေရာသို့ခေါ်သွားသည်။ ဖိုးသားခေါ် သွားသည့်နေရာက မတ်စောက်သည့် တောင်ကုန်းတစ်ခုပေါ်ကိုပါ။ တောင်ကုန်းပေါ်ကိုရောက်ဖို့ အားယူပြီး လျှောက်ခဲ့ရပါသည်။ တောင်ကုန်းပေါ်ရောက်တော့ လေတွေက တဖြူးဖြူးတိုက်နေသည်။


တောင်ပေါ်မှနေ၍မြို့ငယ်လေး၏ ညရှုခင်းကိုလှမ်းမြင်နေရသည်။ မီးရောင်လေးတွေ စီနေသည်။ ညလေလေးကလဲ အေးနေတာမို့ သူ့စိတ်ထဲ ကြည်လင်ရှင်းသန့်သွားမိသည်။ ဖိုးသားက ဒီနေရာကို သူ့ကိုဘာကြောင့်များခေါ်လာခဲ့သလဲတော့ သူတွေးကြည့်မနေတော့ပါ။ ထို့အတူ ဖိုးသားလို ခါးပိုက်နှိုက်တစ်ယောက်နဲ့ ဘာကြောင့်များ လျှောက်လည်နေဖြစ်ခဲ့သလဲဆိုတာကိုလဲ မစဉ်းစား ချင်ပါ။ သူအခုလောလောဆယ်ရရှိထားတဲ့ ကြည်လင်တဲ့ခံစားမှုလေးပျောက်ရှသွားမှာကိုပဲ စိုးမိသည်။ သူတို့လူငယ်တွေဆိုတာ လွတ်လပ်မှုကိုနှစ်သက်တယ်လေ။ အမှားအမှန်ဆိုတာ နောက်မှပဲခွဲခြားချင် ခွဲခြားလိမ့်မယ် ပျော်ရွှင်မှုဆိုတာကိုတော့ ဦးစားပေးမက်မောကြတယ်မဟုတ်လား။


သူနဲ့ဖိုးသားရဲ့ကြားမှ တိတ်ဆိတ်ငြိမ်သက်နေပါသည်။ အမှောင်ထဲမှ ကင်းအော်သံများကတော့ ပုံမှန်အတိုင်းပါပင်။ ဖိုးသားကသူ့ကိုကျောခိုင်းလျှက် မြို့ငယ်လေးဆီသို့ ငေးနေသည်။ သူကတော့ မြေကမူပြောင်ပြောင်လေးပေါ်တွင် ဒူးနှစ်ချောင်းကိုလက်ပိုက်ပြီး ထိုင်နေလိုက်သည်။


“မင်းဘ၀မှာ အမုန်းဆုံးအချိန်တွေရှိမှာပေါ့”


သူဖိုးသားကိုစကားစပြောလိုက်သည်။ ဖိုးသားက သူ့ကိုလှည့်မကြည့်သေးပါ။ ဖိုးသားပြောမည့် စကားတွေကို သူစောင့်နေမိသည်။


“ရှိတာပေါ့။ အဲ့ဒီအမုန်းဆုံးအချိန်တွေကို ငါမျက်ရည်တွေနဲ့ဖြတ်သန်းခဲ့တယ်”


“နာကျင်လား”


“ဟင့်အင်း မနာကျင်ဘူး။ ဒါပေမယ့် ကြောက်တယ် ငါအဲ့ဒီအချိန်တွေကိုကြောက်တယ်”


သူထိုင်ရာမှထပြီး ဖိုးသား၏နဘေးသို့သွားရပ်လိုက်သည်။ ဖိုးသားမျက်နှာကိုအကဲခတ်ကြည့်မိ၏။


“ဖိုးသားငါ့ကိုဆေးလိပ်တစ်လိပ်လောက်ပေးပါလား”


ဖိုးသားက ဟက်ကနဲရယ်သည်။ ဘာလဲသူ့ကိုဆေးလိပ်မသောက်တတ်ပဲ တောင်းတယ်ဆိုပြီး လှောင်ရယ်တဲ့ သဘောလား။


ဖိုးသားက အိတ်ကပ်ထဲကဆေးလိပ်ဘူးကိုယူပြီး သူ့ကိုပေးသည်။ သူအထဲမှဆေးလိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး ဘူးကိုဖိုးသားကိုပြန်ပေးလိုက်သည်။ ဖိုးသားက ကျန်လက်တစ်ဖက်ဖြင့် မီးခြစ်ကို နှိုက်ကာ သူ့ကိုမီး ခြစ်ပေးသည်။ သူနှုတ်ခမ်းတွင်တေ့ထားသော ဆေးလိပ်ကိုဖိုးသားခြစ်ပေးသော မီးစထံသို့ ညှိလိုက်သည်။ ဆေးလိပ်ကလေးက ရဲကနဲဖြစ်သွား၏။


သူဆေးလိပ်ကိုတစ်ချက်ဖွာလိုက်ပြီး မသီးအောင် မီးခိုးတွေကိုမျိုချလိုက်သည်။ ဖိုးသားက သူ့လုပ်ရပ်တွေကို မျက်လုံးအ၀ိုင်းသားဖြင့် စိတ်ဝင်တစားကြည့်နေပါသည်။ ဖိုးသားမျက်နှာက သူ့မျက်နှာနှင့်နီးကပ်လာသဖြင့် သူ့ပါးစပ်ထဲရှိမီးခိုးတွေနဲ့ ဖိုးသားမျက်နှာကို ထွေးမှုတ်လိုက်ပါသည်။


ဖိုးသားမျက်နှာရှုံ့တွသွားသည်…….


“ယုတ်မာတယ် ကြည့်စမ်း”


ဖိုးသားက သူ့ကိုတစ်ခုခုတုန့်ပြန်မည်ပြုလာသဖြင့် သူခြေလှမ်းတွေကို နောက်ဆုတ်လိုက်သည်။


“ဟေ့….. မင်းငါ့ကိုဘာလုပ်မလို့လဲ”


“ဘာမှမလုပ်ဘူး”


ဖိုးသားကရှေ့ဆက်တိုးလာသဖြင့် သူအနောက်သို့ဆုတ်ကာဆုတ်ကာသွားမိသည်။ ဖိုးသားခြေလှမ်းတွေက မြန်လာသည်။ သူအနောက်သို့ နောက်ပြန်လှည့်လိုက်ပြီး အရှေ့သို့အနည်းငယ်ပြေးလိုက်သည်။ ဖိုးသားက လဲသူ့နောက်က ပြေးလိုက်လာသည်။


“ဘယ်ပြေးမလို့လဲ….”


“ဟား…….ဟား……ဟား…….”


တောင်ကုန်းပေါ်သို့ သူပတ်ပြေးပါသည်။ အမှောင်ထဲတွင်ဖြစ်သောကြောင့် တစ်ခါတစ်ခါ ခလုတ်တိုက်ပြီး လဲတော့မလိုဖြစ်ဖြစ်သွားသည်။ သို့သော် ဖိုးသားကအနောက်မှထပ်ကြပ်မကွာ လိုက်နေသဖြင့် အမှောင်ထဲသို့ အားသွန်ခွန်စိုက်ပြေးနေမိသည်။


“ဟေ့ကောင် ချော်လဲမယ် ငါဆေးကုမပေးနိုင်ဘူးနော်”


“ဟား….ဟား….”


သူအတန်ကြာအောင်ပြေးရင်းမောဟိုက်လာမိသည်။ မောဟိုက်လွန်း၍ ချွေးများစို့လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ရှိန်းတိန်းတိန်းဖြစ်လာသည်။ ဖိုးသားကသူ့ကိုမှီသွားသည်။ သူ့အနားရောက်လာသောအခါ သူ့ကိုတစ်ခုခုလုပ် တော့မည်ထင်ပြီးထင့်ကနဲဖြစ်သွားမိသည်။ သို့သော် ဖိုးသားကသူ့ကိုဘာမှမလုပ်ပဲ အနောက်ကနေ သိုင်းဖက်လိုက်ပါသည်။ သူ့ရင်ထဲနွေးကနဲဖြစ်သွားမိသည်။ ပါးစပ်မှလဲ အခိုးအငွှေ့တွေကို အသက်ရှူသံ ပြင်းပြင်းတွေနဲ့အတူ မှုတ်ထုတ်နေမိသည်။ ဖိုးသားက ဘာစကားမှမပြောပဲ နှုတ်ဆိတ်နေသည်။ ထို့နောက် သူ့လက်ထဲတွင် မီးမသေသေးသော ဆေးလိပ်ကိုလှမ်းယူလိုက်ပြီး သူ့နှုတ်ခမ်းတွင်တေ့လိုက်သည်။


ထို့နောက် သူ့ကိုဖက်ထားရင်း မီးခိုးတွေကို မိုးကောင်ကင်ကိုမော့ကြည့်ရင်းမှုတ်ထုတ်လိုက်သည်။ ကောင်းကင်မှာ ကြယ်တွေစုံနေပါလား။


“မပြေးနဲ့တော့ကွာမောတယ်……”


ဖိုးသားအသံတွေက မောဟိုက်သံတွေရောယှက်လျှက်ပါ။ ဖိုးသားရဲ့ရင်သားနွေးနွေးကြီးက သူ့ကိုအနောက်ကနေ နွေးထွေးမှုတွေပေးနေသည်။ သူတစ်ပါးရင်ခွင်ထဲ ပထမဆုံးနေဖူးခြင်း ဖြစ်သဖြင့် စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေမိသည်။ သို့သော် သူ့စိတ်ထဲမှာတော့ မနှစ်သက်သည့် အရိပ်အယောင်မရှိပါ ထို့အတူ နှစ်သက်သည့်အရိပ်အယောင်လဲမရှိပါ။ လောလောဆယ်မှာတော့ သူ့ခံစားချက်ကို ဝေဖန်ပိုင်းခြား နိုင်တဲ့စွမ်းအင်မရှိသေးပါ။ သို့သော် လောလောဆယ်မှာတော့ သူပျော်ရွှင်နေမိသည်။


ဖိုးသားနှုတ်ခမ်းမှ ဆေးလိပ်ကိုပြန်ယူလိုက်ပြီး တစ်ဖွာမျှသူပြန်ဖွာလိုက်သည်။ ထို့နောက် မီးရောင်လေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မြို့ငယ်လေးကိုကြည့်ရင်း မီးခိုးငွှေ့တွေကို မှုတ်ထုတ်လိုက်သည်။ ဒီညလေးက သူ့ဘ၀မှာ ပထမဦးဆုံးကြုံခဲ့ဖူးတဲ့ သူစိမ်းညလေးပါ။ သစ်ရွက်စိမ်းနံ့လေးတွေ လေထဲလွင့်ပါလာရင်း စိမ်းရွှင်ရွှင်အနံ့လေးက သူ့နှာခေါင်းထဲသို့ဝင်လာသည်။ လရောင်ဖြင့် မြင်ကွင်းတွေက မသဲမကွဲ နို့နှစ်ရောင်သန်းနေ၏။ ဒီလိုညတွေက ကဗျာဆန်တဲ့သူတွေအတွက်တော့ စိတ်ကူးယဉ်လွတ်မြောက် ရာနယ်မြေတစ်ခုဖြစ်မည်ထင်သည်။ သူ့အတွက်တော့ အစိမ်းသက်သက်ညလေးတစ်ညအဖြစ် အမြဲတမ်း အမှတ်တရဖြစ်နေမိမှာသေချာသည်။


သူ့ကိုအနောက်မှသိုင်းဖက်ထားသော ဖိုးသားက ယခုထိမလွှတ်သေးပါ။ သူကလဲ ချမ်းချမ်းဖြင့် ဖိုးသားဖက်ထားတာကိုငြိမ်နေမိသည်။ လခြမ်းလေးပေါ်မှာကွေးပြီး အိပ်နေတဲ့ကလေးငယ်တစ်ယောက်လို သိပ်ပြီးအေးချမ်းတာပဲ။ သူစိမ်းညလေးက သူ့အတွက်တော့ လှပတဲ့ကဗျာတစ်ပုဒ် ရွတ်ဆိုပြခဲ့လေပြီ။


ထိုညကသူ့ကိုညဥ့်အတော်နက်မှဖိုးသားကပြန်လိုက်ပို့သည်။ တည်းခိုခန်းရှေ့ရောက်တော့ သူ့ကိုနှုတ်ဆက်ပြီး ဖိုးသားပြန်သွားသည်။ ဖိုးသားကျောပြင်ကိုကြည့်ပြီး သူ့ရင်ဘတ်ထဲ ဟာကျန်ခဲ့သည်။




                                                          X         X         X        X




နောက်နေ့မနက်မိုးလင်းတော့ နေအတော်မြင့်မှသူနိုးသည်။ အိပ်ယာမှအလူးအလဲထပြီး မျက်နှာသစ်သွားတိုက်ပြီး အခန်းတစ်ရက်စာ ကောင်တာမှာသွားရှင်းလိုက်သည်။ ထို့နောက် တစ်ခုခုစားဖို့ စိတ်ကူးဖြင့် အပြင်ထွက်ရန် ပြင်လိုက်သည်။


သို့သော် တည်းခိုခန်းအပေါက်ဝသို့ရောက်သော် မြင်လိုက်ရသော လူတစ်ယောက်ကြောင့် သူ့မျက်လုံးတွေ ၀ိုင်းစက်သွားမိသည်။ သူ့ကိုမြင်တော့ ဖိုးသားရဲ့မျက်လုံးတွေကလဲ လက်ကနဲကြည်လင်မှုလေးတွေ ရှပ်ပြေးသွားပါသည်။


“ဟိုင်း”


“အခုမှနိုးတာလား မင်းကိုစောင့်နေတာတော်တော်ကြာနေပြီ”


ဖိုးသားပုံစံက စောင့်ရတာကြာ၍အနည်းငယ်ငြီးငွေ့နေသည့်ပုံစံပါ။ ဖိုးသားစကားပြောသည့်လေသံထဲတွင် ပျင်းတိပျင်းရွဲသံလေးနှောနေသည်။ သူအရှက်ပြေရယ်ပြလိုက်သည်။


“မင်းစောင့်နေမှန်းသိရင်စောစောထပါတယ်။ ဒီနေ့ရောမင်းမလှုပ်ရှားတော့ဘူးလား”


“ဘာလှုပ်ရှားရမှာလဲ”


“သြော်…… ဂွင်ကိစ္စလေ”


“ဟင့်အင်း…. အခုလောလောဆယ် သုံးစရာပိုက်ဆံရှိသေးတယ်။ မင်းကိုဒီနေ့ တစ်နေရာခေါ်သွားမလို့ လိုက်မှာလား”


“ဘယ်နေရာလဲ”


“ဘယ်နေရာလဲဆိုတာတော့ ရောက်ရင်သိမှာပေါ့။ သေချာတာတစ်ခုကတော့ မင်းကိုငါဒုက္ခမပေးဘူးလို့ အာမခံတယ်”


သူအံ့သြသွားဟန်ဖြင့် ဖိုးသားကိုမျက်ခုံးပင့်ပြလိုက်သည်။ မနေ့ညကလဲသူ့ကို ဒီစကားပြောခဲ့ဖူးသည်မဟုတ်ပါလား။ တမင်ပဲထပ်ပြောတာလားဒါမှမဟုတ် ပြောနေကြမိလို့အကျင့်ပါပြီး အထပ်ထပ်အခါခါ ထပ်ပြောမိတာလား သူမခွဲခြားတတ်ပါ။ သို့ပေမယ့်ဒါဟာ လူတစ်ဖက်သား စိတ်ဝင်စားအောင် ပြောနိုင်တဲ့ သူ့ရဲ့စကားပြောစွမ်းရည်လို့ပဲ ဆိုရမလားတောင်မသိပါ။ ဖိုးသားတစ်ချက်ပြော လိုက်သည်နှင့် သူစိတ်ဝင်စားသွားမိတာကိုတော့ ၀န်ခံရပေလိမ့်မည်။


ဖိုးသားက ထိုင်ရာမှထပြီး အနားတွင်ရပ်ထားသော စက်ဘီးတစ်စီးကို ထောက်ဖြုတ်လိုက်ပြီး တက်ခွလိုက်သည်။ ထို့နောက် သူရှိရာသို့ ခြေထောက်ဖြင့် တွန်းလာခဲ့သည်။ သူစိတ်ထဲမှာ ထင့်ကနဲဖြစ်သွားမိသည်။ ဒီစက်ဘီးကရော ခိုးလာတာများလား။


“မင်းဒီစက်ဘီးကို ခိုးရာပါဘီးလို့ထင်နေတာမဟုတ်လား”


ဖိုးသားက ရုတ်တရက်ပိတ်မေးလိုက်သဖြင့် အတွေးလွန်သွားမိသည့်သူ ဖိုးသားကိုအားနာမိသွားပြန်သည်။


“အာ…. ဟိုမဟုတ်ပါဘူး”


ဖိုးသားက သူ့ကိုမကြည့်ပဲခေါင်းမော့ပြီးရယ်သည်။ ဖိုးသားခေါင်းမော့လိုက်တော့ ဖိုးသားလည်ဇလုပ် ချွန်ချွန်လေးက ထွက်လာသည်။


“မင်းထင်နေတာမမှားပါဘူး ဒီစက်ဘီးကငါခိုးလာတာ”


ဘုရားရေ……. ဖိုးသားဆိုတဲ့သတ္တ၀ါက တော်တော်မလွယ်တဲ့သတ္တ၀ါပါလား။ ဖိုးသားကို သူဘယ်လိုနားလည်ရမှာလဲ။ အခုလိုပြုပြင်လို့မရတော့တဲ့ အကျင့်ဆိုးတွေဖိုးသားဆီမှာ ကူးစက်နေပြီ ဖိုးသားဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့ထက် လူဆိုးလူပေတစ်ယောက်ဖြစ်ဖို့ ပိုပြီးရာခိုင်နှုန်းများနေပြီ။ ခိုးရာပါစက်ဘီးကို လိုက်စီးဖို့ကတော့ သူလိပ်ပြာမသန့်ဖြစ်မိတာအမှန်ပါ။ မတော်လို့ ပိုင်ရှင်နဲ့တိုးရင် အရိုက်ခံရနိုင်သေးသည်။


“ဒါပေမယ့်စိတ်ချပါ ဒီစက်ဘီးကိုဒီမြို့ကခိုးလာတာမဟုတ်ပါဘူး။ သူ့ပိုင်ရှင်ဒီမြို့မှာမရှိဘူး ဒီတော့မင်းဘာမှ စိတ်မပူနဲ့”


“မင်းကငါဘာတွေတွေးနေတာလဲဆိုတာ ချက်ခြင်းသိတာပဲလား မဟုတ်မှလွဲရောမင်းဟာ Mind Reader တစ်ယောက်များလား”


“Mind Reader တစ်ယောက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မင်းစိတ်ထဲမှာဘာတွေတွေးနေတာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်လေ။ လူတွေရဲ့အရိပ်အကဲကိုခတ်တာ ငါ့အတွက်တော့ မခက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါဟာလူတွေကို လိမ်ညာလှည့်ဖျားပြီး ထမင်းစားနေတဲ့သူမလို့ပဲ။ လူလိမ်တစ်ယောက်ဟာ သူလိမ်မယ့်သူရဲ့စိတ်အခြေအနေလေးကိုတော့ ခန့်မှန်းတတ်ရမှာပေါ့ နို့မိုဆို သူဘယ်လိုလုပ် သူများယုံအောင်လိမ်နိုင်မှာလဲ”


သူမအံ့သြပဲမနေနိုင်လောက်အောင် ဖိုးသားရဲ့စကားတွေက အကွက်စေ့နေခဲ့သည်။ ဖိုးသားဟာ တကယ်တော့ လူတော်တစ်ယောက်ပါ။ ဒီလိုလူမျိုးကို ပညာအခြေခံနဲ့မြေတောင်မြှောက်ပေးလိုရင် ထူးချွန်ထက်မြက်တဲ့ လူတော်တစ်ယောက်ဖြစ်သွားမှာသေချာပါသည်။


“ကဲ ငါတို့သွားရအောင်”


ဖိုးသားစက်ဘီးက နောက်ထိုင်ခုံမပါပါ။ စက်ဘီးမှာပြိုင်ဘီးအမျိုးအစားဖြစ်သဖြင့် အရှေ့တန်းပေါ်တွင် သူတစ်ခြမ်းစောင်းထိုင်လိုက်သည်။ ဖိုးသားကတော့ သူ့ကိုရင်အုပ်ကြီးကားကားဖြင့်မိုးလျှက် စက်ဘီးကိုအားရပါးရနင်းပါသည်။ သူ့ကိုဘယ်ကိုများခေါ်သွားမှာပါလိမ့်။


တစ်နေရာရောက်တော့ သူတို့နှစ်ယောက်လမ်းဘေးက မုန့်ဟင်းခါးသည်ဆီတွင် အကြော်ပါသည့် မုန့်ဟင်းခါး နှစ်ပွဲမှာပြီးဝင်စားလိုက်သည်။ ဆောင်းဝင်ကာစ မနက်ခင်းလေးရဲ့ အအေးငွှေ့လေးတွေ လွှမ်းခြုံနေသည့် ရာသီဥတုလေးနဲ့အတူလိုက်ဖက်လွန်းစွာ မုန့်ဟင်းခါးပူပူလေးမှာ စားလို့ကောင်းလွန်နေသည်။ စားပြီးနောက် သူတို့နှစ်ယောက် စက်ဘီးဖြင့်ဆက်လက်ထွက်ခွာလာခဲ့သည်။


မြက်ပင်ရှည်ရှည်တွေအများကြီးပေါက်သော နေရာတစ်ခုရောက်အောင် ဖိုးသားကစက်ဘီးကိုနင်းလာခဲ့သည်။ မြက်ပင်ရှည်တွေက တစ်ချက်တစ်ချက်တိုးဝှေ့လိုက်သော လေပြင်းလေးတွေကြောင့် ဟိုသည်ယိမ်းနေသည်။ ထိုမြက်ပင်အနီးအနားတစ်ဝိုက်တွင် မိုးရွာထား၍အိုင်နေသော ရေအိုင်ငယ်လေးတွေကို တွေ့ရသည်။ သူတို့သွားနေသည့် လမ်းမှာညီညာသော လမ်းမဟုတ်သဖြင့် ခလုတ်များဂျိုင့်များရှိနေသည်။ တစ်ခါတစ်ခါတွင် စက်ဘီးခေါင်းယိုင်သွားသည်အထိဖြစ်သွားသဖြင့် ဖိုးသားက စက်ဘီးခေါင်းကိုထိန်းကာ နင်းနေရရှာသည်။ သူကတော့ အဝေးမှ ရှုခင်းတွေကို ငေးနေမိသည်။


တဖြေးဖြေးမြက်ပင်ရှည်တွေကိုဖြတ်သန်းလာပြီးနောက် သူ့နားထဲတွင် တဝေါဝေါစီးနေသော ရေစီးသံများကိုစတင်ကြားလာရသည်။ ဒီအနီးအနားတစ်ဝိုက်တွင် ရေချောင်းသို့မဟုတ် မြစ်ချောင်း တစ်ခုခုတော့ ရှိရမည်။ ဖိုးသားခေါ်လာတယ်ဆိုတာ ဒီနေရာများလား။ သူသိချင်စိတ်ကိုထိန်းလို့မရတော့ သဖြင့် ဖိုးသားကို မော့ကြည့်ပြီးတစ်ခုခုမေးရန်ပြင်လိုက်သည်။


“ဒီအနားမှာရေချောင်းရှိသလား”


“အင်း ဒီရေချောင်းကရေက မနက်ဆိုရင်နွေးနေတတ်တယ် ပြီးတော့ငါးတွေလဲပေါတယ် ငါတို့ငါးတိုက်ရအောင်”


“ငါးတိုက်မယ်ဆိုဘယ်မှာလဲ ကရိယာတန်ဆာပလာတွေ”


“ရှိပါတယ်ကွာ ငါဒီကိုအမြဲလာပြီးငါးတိုက်ဖြစ်တယ်။ ဒါကြောင့် ငါ့ပစ္စည်းတွေကိုဒီနားမှာပဲဖွက်ထားခဲ့တာ”


သူ “သြော်” ဟုတစ်ချက်အသိအမှတ်ပြုလိုက်သည်။ ဖိုးသားက စက်ဘီးကိုရပ်တန့်လိုက်၏။


“စက်ဘီးဆက်နင်းလို့မရတော့ဘူး တွန်းသွားရမယ်။ ငါတို့အတူတူလမ်းလျှောက်ကြတာပေါ့”


ပြောပြောဆိုဆိုဖြင့်ဖိုးသားကအရှေ့မှဦးဆောင်ကာ စက်ဘီးကိုလက်တစ်ဖက်မှတွန်းရင်း လျှောက်သွားသည်။ သူလည်းဖိုးသားသွားရာလမ်းသို့ အနောက်မှတကောက်ကောက်လိုက်ရသည်။ သိပ်ကြာကြာမသွားလိုက်ရပါ တဝေါဝေါစီးနေသော ရေချောင်းစပ်နားသို့ သူတို့ရောက်လာကြသည်။ ဖိုးသားက စက်ဘီးကိုမြက်ပင်တွေပေါ် လှဲချလိုက်ပြီး ….


“မင်းဒီမှာခဏနေဦး ငါ့ပစ္စည်းတွေသွားယူလိုက်ဦးမယ်”


ဖိုးသားကိုသူခေါင်းညှိတ်ပြလိုက်သည်။ သူ့ခါးမှဂျင်းဘောင်းဘီးကို ဒူးခေါင်းဆစ်နားထိ ဆွဲတင်လိုက်ကာ ရေစပ်သို့ သူ့ခြေချလိုက်မိသည်။ ရေကဖိုးသားပြောသလိုပဲ နွေးတေးတေးလေးပါ။ ရေလယ်ခေါင်တွင် အနည်းငယ်ရေစီးသန်ရုံမှအပ ချောင်းလေးက သိပ်ပြီးကျယ်ဝန်းလှတယ်လို့ မဆိုသာပါ။ ရေကတော့ အနည်းငယ်ဝါကျင့်ကျင့်အရောင်လေးရောနေသည်။ အချို့နေရာတွင်တော့ ရေကြည်လင်နေသည်။ ရေစီးသန်ခြင်းကြောင့်အနည်ထခြင်းလဲဖြစ်နိုင်သည်။


သိပ်မကြာလိုက်ပါ ဖိုးသားပြန်ရောက်လာသည်။ ဖိုးသားလက်ထဲတွင် ငါးဖမ်းပိုက်ကွန်တစ်ခုနှင့် အခြားပစ္စည်းကရိယာတစ်ချို့ပါလာသည်။


“အ၀တ်စားတွေချွတ်လေ”


“ဟင်….”


ဖိုးသားက သူ့ကိုစိတ်မရှည်ဟန်ဖြင့် ဘာမှဆက်မပြောတော့ပဲသူ့လက်ထဲရှိပစ္စည်းတွေကို မြေကြီးပေါ်ချလိုက်ပြီး ခါးမှအင်္ကျီကိုချွတ်ပစ်လိုက်သည်။ ထို့နောက် အင်္ကျီကိုပါ စက်ဘီးပေါ်သို့ လှမ်းပစ်တင်လိုက်၏။ အင်္ကျီချွတ်လိုက်တော့ ထွားကြိုင်းကာစ ဖိုးသား၏ဗလလေးက ထွက်လာပါသည်။ သိပ်ပြီးကြည့်လို့ကောင်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံမဟုတ်ပေမယ့် ကျစ်ကျစ်လစ်လစ်လေးတော့ရှိသည်။ လက်ဖျံသားတွေနှင့် လက်မောင်းသားတွေက တောင့်တောင့်တင်းတင်းရှိသည်။ သူသဘောအကျဆုံးကတော့ ချပ်နေတဲ့ဗိုက်သားပြင်တစ်လျှောက်ပါ။ ဖိုးသားလည်ပင်တွင် ချည်အနက်ရောင်ဖြင့် လည်ဆွဲတစ်ခုကိုဆွဲထားသည်။


သူကြည့်နေတုန်းမှာပင် ဖိုးသားက ဘောင်းဘီဇစ်ကိုဆွဲချလိုက်ပြီး ဘောင်းဘီကိုပါချွတ်မည်ပြုလိုက်သည်။ သူ့ရင်ထဲတွင်ဘာကြောင့်မှန်းသိ လှပ်ကနဲဖြစ်သွားရသည်။


“မင်းဘာဖြစ်နေတာလဲ”


သခိုးလူမိသွားသလို သူ့အမူအရာကို ဖိုးသားကချက်ခြင်းရိပ်မိသွားပြီး မသင်္ကာသလိုလှမ်းမေးသည်။ သူ့မျက်နှာကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ပြန်ပြင်လိုက်သည်။


“ဘာမှမဖြစ်ပါဘူး ငါဘာဖြစ်နေလို့လဲ”


“ဘာမှမဖြစ်ဘူးဆိုရင်လဲ အ၀တ်အစားတွေချွတ်လေ ငါးဖမ်းရအောင်။ ဘာလဲ မင်းကငါ့ကိုရှက်နေတာလား”


“မရှက်ပါဘူး…..”


သူပြာပြာသလဲဖြေလိုက်ပါသည်။ ယောကျာ်းအချင်းချင်းတွေ ရှက်စရာလား။ ပြီးတော့ သူကလဲ ယောကျာ်းအချင်းချင်းစိတ်ဝင်စားတဲ့ ဂေးမှမဟုတ်ပဲ။ သူကယောကျာ်းစစ်စစ်လေ။ ဟုတ်တယ်သူက ယောကျာ်းစစ်စစ်ပဲ ယောကျာ်းအချင်းချင်းဘာကိုရှက်ရမှာလဲ။ မရှက်ဘူး….


သူ့ခါးမှအင်္ကျီတွေကိုချွတ်ပြီး ဖိုးသား၏အင်္ကျီအပေါ်သို့ ထပ်ပြီးပုံလိုက်သည်။ ထို့နောက် ခြေသလုံးတစ်ဖက်ကို မြှောက်ကာ ဘောင်းဘီကိုဆွဲချွတ်ပစ်လိုက်၏။ သူ့အတွင်းခံက ဟောင်းနေပြီးအနည်းငယ်ပါးနေသဖြင့် အထဲကို ခပ်ရေးရေးမြင်နေရသည်။ ဖိုးသားက သူ့ကိုမမှိတ်မသုံကြည့်နေသည်။


“မင်း………”


“ဘာလဲ….”


သူဖိုးသားကိုပြန်မေးလိုက်သည်။


“ဘာမှမဟုတ်ပါဘူး မင်းယောကျာ်းပီသတယ်လို့ပြောမလို့”


သူဖိုးသားကိုရယ်ပြလိုက်သည်။ ဖိုးသားက ငါးဖမ်းသည့်ကရိယာတစ်ချို့ကိုသူ့လက်ထဲသို့ ကမ်းပေးလိုက်သည်။ ထို့နောက် ကျန်သည့်ပစ္စည်းတစ်ချို့ကိုယူကာ ချောင်းထဲသို့ ဆင်းသွားလေသည်။ သူဖိုးသားပေးသော ပစ္စည်းတွေကိုယူပြီး ဖိုးသားနောက်မှလိုက်ရသည်။ ဖိုးသားက ရှေ့မှကော့ကော့ ကော့ကော့ဖြင့်သွားလေရာ လုံးနေသော ဖိုးသားဖင်ကလေးမှာ ချစ်စဖွယ်ယိမ်းနွဲ့သွားသဖြင့် သူသဘောကျစွာရယ်မိသွားသည်။


“ငါးတွေက ရေစီးသန်တဲ့နေရာတွေမှာ သိပ်မရှိတတ်ဘူး။ အထူးသဖြင့် ရေငြိမ်တဲ့နေရာတွေ ရေညှိတွေများပြီး နောက်နေတဲ့နေရာတွေမှာ ရှိတတ်တယ်။ အဲ့ဒီနေရာတွေမှာ ငါးတင်မကဘူး ဂဏန်းတို့ ခရုတို့လဲရှိတယ်။”


ဖိုးသားက သွားရာလမ်းတစ်လျှောက် ခြေထောက်ဖြင့်မြေကြီးတွေကို ဖွသွားရာ လမ်းကြောင်းတစ်ခုလုံး ရေတွေနောက်ကျိကုန်သည်။ သူဖိုးသားနောက်မှ လိုက်ရင်း ဘယ်လိုငါးဖမ်းမလဲဆိုတာကို သိချင်ဇောဖြင့် မေးကြည့်လိုက်မိသည်။


“ငါးရှိတာတော့ဟုတ်ပါပြီး အဲ့ဒီငါးတွေကိုဘယ်လိုဖမ်းမှာလဲ”


“ငါ့ဆီမှာပိုက်ရှိတယ်။ ငါတို့ချောင်းကျဉ်းတဲ့နေရာလောက်မှာ ပိုက်ကိုထောင်ထားမယ်။ ပြီးရင်အဲ့ဒီပိုက်ထဲကို ငါးတွေလာတိုးအောင် ရေရိုးတစ်လျှောက် ငါးခြောက်ရမယ်”


“ငါးကဘယ်လိုခြောက်မှာလဲ”


“အာ…. အင်းမင်းကလဲ ပိန်းလိုက်တာလွန်ရော။ ငါးခြောက်တယ်ဆိုတာ ငါတွေလန့်အောင်လို့ ခြောက်တာကိုပြောတာ။ ရေရိုးတစ်လျှောက် ဟိုမွှေဒီမွှေလုပ်ရင် ငါးတွေလန့်ပြီး ပြေးကြလိမ့်မယ် လွယ်လွယ်လေး”


“အဲ့ဒါနဲ့ပဲ ငါးကမိကောလား”


“ငါးမိတာမမိတာတော့ တစ်ပိုင်းပေါ့။ ငါးဖမ်းပါတယ်ဆိုမှ မိချင်လဲမိမယ်မမိချင်လဲမမိဘူးပေါ့”


“တကယ်လို့ ငါးမမိဘူးဆိုရင်ရော”


“အဲ့ဒါဆိုလဲ ရေချိုးပြီးပြန်ကြတာပေါ့ကွာ”


“ဟားဟားဟား……..”


ဖိုးသားက စိတ်ပေါက်ပေါက်ဖြင့် လျှောက်ပြောမှန်းသူသိသည်။ သူကလဲ တမင်သက်သက် မေးခွန်းတွေ မေးနေခြင်းဖြစ်သည်။ အားရပါးရရယ်လိုက်မိတော့ စိတ်ထဲပျော်ရွှင်မှုလေးတွေအနည်းငယ် စီးဝင်လာသလိုရှိသည်။ ချောင်းရိုးကျဉ်းသော တစ်နေရာသို့ရောက်သောအခါ ဖိုးသားက ငုတ်တွေရိုက်ပြီး ပိုက်ထောင်ပါသည်။ သူကတော့ ဖိုးသားကိုကူလုပ်ပေးရုံမှအပ ဘာမှမလုပ်တတ်ပါ။ ဖိုးသားက တုတ်ချွန်ချွန်တွေဖြင့် ရေထဲသို့စိုက်ကာ အပေါ်မှာ ကျောက်ခဲတွေဖြင့်ထုချသည်။ ထို့နောက် ပိုက်ကွန်ကို တုတ်တွေမှာနှောင်ကာ ပလတ်စတစ်ကြိုးဖြင့်ခိုင်ခိုင်ချည်လိုက်သည်။ ပိုက်ကွန်ကို ဂငယ်သဏ္ဍာန်ဖြစ်အောင် ပြုလုပ်ပြီးနောက် အ၀င်ပေါက်သာသာ အပေါက်လေးဟထားသည်။


ဖိုးသားအားကြိုးမာန်တတ်လုပ်နေတာကို သူစိမ့်စိမ့်ကြည့်နေမိသည်။ ဖိုးသား၏လက်ဖျံတစ်လျှောက် ရွှံ့စက်တွေပေလို့နေသည်။ ထို့အပြင် ရေထဲစိမ်လိုက်ထလိုက်ပြုလုပ်နေသောကြောင့် ဖိုးသားအတွင်းခံလေမှာ အနည်းငယ်အောက်သို့လျောသွားပြီး ဖိုးသား၏တင်ပါးအစပ်ကလေးကို မြင်နေရပါသည်။ ဘာကြောင့်မှန်းမသိ သူ့ရင်ထဲဟာတာတာကြီးဖြစ်လာတာလိုလို ရေငတ်လာတာလိုလိုဖြစ်သွားမိသည်။ ဖိုးသားသတိမထားမိအောင် သူတိတ်တိတ်လေး တံတွေးမျိုချမိသည်။ ရေစိုစိုတွေကြားထဲမှာနေရင်းကပင် သူ့စိတ်တွေထကြွလာကာ ထိန်းမရသိမ်းမရဖြစ်လာမိသည်။ မဖြစ်ချေဘူးဟုဆိုကာ ထကြွသောင်းကျန်းလာသော သူ့ပစ္စည်းလေးကို လက်ဖြင့်အသာညှစ်ထားမိပြန်သည်။


ဖိုးသားကတော့ သူ့အဖြစ်ကိုသတိထားမိဟန်မတူပါ။ သူ့အလုပ်ကိုသူ စိတ်ဝင်တစားအားကြိုးမာန်တက် ဆက်လုပ်လျှက်ရှိသည်။ ကြိုးများခိုင်မာစွာချည်နှောင်ပြီးသွားသောအခါ ဖိုးသားက သူ့ဖက်ကိုပြန်လှည့်လာသည်။


“ကဲငါတို့ငါးခြောက်ရအောင်”


သူတို့နှစ်ယောက် ရေရိုးအတိုင်းတက်သွားကြပြီး အထက်စီးမှနေ၍ ရေကြိုးရေကြား ရေစပ်တွေကို တုတ်တွေဖြင့် ဟိုထိုးသည်ထိုး ထိုးကြသည်။ ရေတွေကိုနောက်ကျိနေအောင်ဖွပစ်လိုက်ကြပြီး ပိုက်ကွန်ရှိရာသို့ မှန်းပြီး ငါးမောင်းကြသည်။ မြက်ပင်တွေအနည်းငယ်ရှည်လျားနေသည် ရေစပ်တစ်ခုနားသို့ရောက်သော် သူအသာတုတ်ဖြင့် ထိုးကြည့်လိုက်ရာ အထဲမှငါးတစ်ကောင် ဖြတ်ကနဲပြေးထွက်သွားသည်ကိုတွေ့ရသည်။ အရှည်တစ်ထွာခွဲလောက်ရှိမည်ဟု ခန့်မှန်းရသော ထိုငါးကျောရိုးကို သူကောင်းကောင်းမြင်လိုက်ရပါသည်။


“ဖိုးသား…. ဒီမှာ…..”


ဖိုးသားက သူမျက်နှာကိုလှမ်းကြည့်သည်။


“ငါငါးတစ်ကောင်တွေ့လိုက်တယ် ပြေးသွားပြီ”


“ဟုတ်လား အဲ့ငါးကရေဆန်ကိုတက်ပြီးပြေးမှာမဟုတ်ဘူး ရေစုန်ကိုပဲမျောပြီးပြေးမှာ လာမြန်မြန်ခြောက်ရအောင်”


သူရောဖိုးသားရော ရေတွေကိုနောက်ကျိနေအောင်ဖွပစ်လိုက်သည်။ ခြေထောက်တွေဖြင့် ဟိုနင်းသည်နင်းလုပ်ကာ ပိုက်ကွန်ရှိရာသို့ တဖြေးဖြေးတိုးလာခဲ့ကြသည်။ ပိုက်ကွန်အ၀သို့ ရောက်သောအခါ အထဲတွင် ဟိုသည်လူးလားပြေးနေသော ထိုငါးကိုတွေ့လိုက်ရသည်။


“ဖိုးသားဟိုမှာငါး….. ငါးရံ့မလားမသိဘူး”


“ငါးရံ့မဟုတ်ဘူးလင်းတရဲ့ နှုတ်ခမ်းမွှေးကြီးနဲ့ ငါးခူကြီးမတွေ့ဘူးလား”


“မသိလို့ပါကွာမင်းကလဲ”


ငါးခူက ထွတ်ပေါက်မရှိတော့သဖြင့် ပြာယာခတ်ပြီး ဟိုပြေးသည်ပြေးလုပ်နေပါသည်။ ဖိုးသားက ပိုက်ထဲကိုဝင်သွားပြီး ငါးကိုဖမ်းဖို့ကြိုးစားနေသည်။ သူကတော့ ငါးခူလွတ်သွားမည်ဆိုသဖြင့် ပိုက်အပေါက်ဝတွင် ထိုင်ကာရေကြောကိုပိတ်ထားသည်။


ဖိုးသားက အထဲတွင်ငါးကိုဖမ်းဖို့ကြိုးစားနေသော်လည်း တော်တော်ကြာအောင် မမိနိုင်ပဲရှိနေလေသည်။


“ငါးကိုလက်နဲ့ဖမ်းနေတာလားဖိုးသား”


“အေးလေ……”


သူတစ်ချက်ရယ်လိုက်သည်။ ဆရာကြီးလိုလိုနဲ့ ဦးနှောက်ကိုမရှိဘူး ငါးကိုလက်နဲ့ဖမ်းလို့မိမလားတဲ့။


သူတွေးလို့မဆုံးသေးပါ ဖိုးသားကငါးကိုဆတ်ကနဲ ဖမ်းလိုက်ကာရေပေါ်သို့မြှောက်လိုက်သည်။


“မိပြီကွ ဟားဟား……”


ဖိုးသားက ငါးကိုတင်းတင်းဆုပ်ပြီး ရေထဲမှထလာသည်။ ရေကဒူးခေါင်းလောက်သာရှိသဖြင့် ထရလွယ်ပါသည်။ သူ့အနားသို့ရောက်သောအခါ ငါးကိုသူ့ကိုပြသည်။


“ဖိုးသားမင်းတော်တော် တော်တာပဲ ငါးကိုလက်နဲ့မိအောင်ဖမ်းနိုင်တယ်။ ”


ဖိုးသားက သူ့ကိုမကြည့်ပဲ ငါးကိုကြည့်ကာ ရယ်နေသည်။ ထိုအခိုက်ငါးမှာ ဖိုးသားလက်ထဲမှ ပလွတ်ကနဲ ခုန်ထွက်သွားသည်။


ရုတ်တရက်မို့ ဖိုးသားလက်ထဲမှလွတ်သွားပြီး ရေထဲသို့ကျသွားသည်။ ငါးကျသွားသည်နှင့် ဖိုးသားက ထိုနေရာသို့ အုပ်ပြီးလှဲချလိုက်ရာ အနားမှာရပ်နေသော သူနှင့်တိုက်မိသွားပြီး နှစ်ယောက်လုံး ရေထဲသို့လုံးထွေး ပြီးလဲကျသွားသည်။


ရေထဲသို့ရောက်သောအခါ အပေါ်ကဖိုးသားခန္ဓာကိုယ်ကပိနေသဖြင့် သူရေထဲသို့နစ်သွားသည်။ နှစ်ယောက်သား ပူးပြီးထပ်သွားသဖြင့် ဖိုးသားက ရေထဲသို့လက်ထောက်ကာ သူ့အပေါ်မှ ပြန်ကြွပေးလေသည်။


“တောက်! မိပြီးကာမှကွာ”


ဖိုးသားကသူ့ကိုဂရုမစိုက်အားပဲ လွတ်သွားသည့်ငါးကို နှမြောကာ တောက်ခေါက်နေ၏။ သူကတော့ ဖိုးသားရင်ခွင်ထဲမှာနေရင်း ဘာပြောရမှန်းမသိပဲ နှုတ်ဆိတ်နေမိသည်။ ဖိုးသား၏ဗိုက်သားပြင်နှင့် သူ၏ဗိုက်သားပြင်တို့မှာ ထိစပ်နေပြီး သူ့ချက်လောက်တွင် တစ်စုံတစ်ခုသော ခုလုလုအထိအတွေ့လေးကို ခံစားနေရသည်။ ထိုတခဏတာအတွင်းပိုင်း အချိန်လေးကို သူမှင်သက်နေမိကာ တကိုယ်လုံးအေးစက်တောင့်တင်း နေမိသည်။


ဖိုးသားအကြည့်တွေကာ သူ့ဆီသို့ရောက်လာသောအခါ သူတို့နှစ်ဦးတစ်ဦးနှင့်တစ်ဦး စိုက်ကြည့်လျှက်မိသား ဖြစ်သွားသည်။ ဖိုးသားရဲ့အကြည့်တွေက စိုစွတ်လွန်းလှသည်။ ထိုစိုစွတ်သောအကြည့်တွေထဲက အချို့အချို့သော အရောင်တွေက အဓိပ္ပါယ်တစ်ခုခုကို ရည်ညွန်းနေသလို သူ့စိတ်ထဲမှာထင်နေမိသည်။ ဖိုးသား၏လည်ဆွဲလေးက ရေတစက်စက်ဖြင့် သူ့မျက်နှာပေါ်တွင် ၀ဲကျနေသည်။ ဖိုးသား၏နှုတ်ခမ်းလေးက ဟနေပြီး အနည်းငယ်အနီရောင်သန်းနေသည်။


သူအသက်ရှူသံတွေမြန်သထက်မြန်လာမိသည်။ ဖိုးသားရဲ့အကြည့်တွေက စူးရှသထက်ပိုမိုစူးရှလာသည်ဟု သူခံစားမိသည်။ သူကိုယ်တိုင်ကလဲ မျက်လုံးတွေမမှိတ်မသုံဖြင့် ဖိုးသားကိုကြည့်နေမိသည်။ သူကြည့်နေရင်း တန်းလန်းမှာပင် ဖိုးသား၏မျက်ခွံလေးတွေ တဖြေးဖြေးစင်းသွားသည်ကိုတွေ့ရသည်။ ထို့အတူ သူ့ရဲ့မျက်ခွံလေးတွေကိုလဲ အသာလေးမှိတ်လိုက်မိသည်။


ယခုအခါ အမှောင်ကမ္ဘာထဲကိုရောက်သွားသလို မြင်ကွင်းတွေစမ်းတ၀ါးဝါးဖြစ်သွားသည်။ နားထဲတွင်ရေစီးသံမှ အပအခြားဘာအသံမျှမကြားရတော့ပါ။ သူရေထဲမှနေ၍ခေါင်းကို အနည်းငယ်လေးကြွလိုက်မိသည်။ အပေါ်မှ တဖြေးဖြေး နိမ့်ဆင်းလာသော ဖိုးသား၏နှုတ်ခမ်းလေးကို စိတ်ထဲတွင်မှန်းဆရင်း သူအနည်းငယ်မေးကိုမော့လိုက်သည်။ လေဟာနယ်ထဲတွင် လစ်ဟာနေသော သူ့နှုတ်ခမ်းလေးပေါ်သို့ နူးညံ့စိုစွတ်နေသာ အထိအတွေ့တစ်ခု ရုတ်တရက်ကျရောက်လာသည်။ သူမျက်စိတွေကို မှိတ်ထားဆဲကပင် ထိုအနမ်းလေးကို အားရပါးရ လက်ခံလိုက်သည်။ ထို့နောက်အောက်မှနေ၍ နှစ်ချက်သုံးချက်လောက် ဖိုးသား၏ နှုတ်ခမ်းတွေကို ဟပ်လိုက်သည်။


ထို့နောက်….. သူတို့နှစ်ယောက်လုံး ငြိမ်သက်မိပြီး ရပ်တန့်လိုက်ကြသည်။


သူမျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ ဖိုးသား၏မျက်နှာကြီးက ခပ်တည်တည်ကြီးဖြစ်နေသည်ကို တွေ့ရသည်။


“မင်း…..မင်းဘာလုပ်လိုက်တာလဲ”


ရုတ်တရက်အနမ်းခံလိုက်ရ၍ဖိုးသားက သူ့ကိုကြည့်ပြီးမေးသည်။ သူဘာပြောလို့ပြောရမှန်းမသိတော့ပါ။ တကယ်ဆိုနမ်းဖို့ လမ်းကြောင်းစတင်ခဲ့တာ ဖိုးသားကိုယ်တိုင်ပဲမဟုတ်ပါလား။ ပြီးမှအသိစိတ်ဝင်သွားပြီး ရှက်စိတ်ဖြင့်သူ့ကို ရမ်းနေခြင်းဖြစ်ကြောင်း သူရိပ်မိသည်။


“…………”


ဖိုးသား၏မျက်နှာက ရှက်စိတ်ဖြင့်အနဲငယ်နီမြန်းလာသည်။ ထို့နောက် ရေထဲမှ ဗြုန်းကနဲ ထသွားပြီး မတ်တတ်ရပ်လိုက်သည်။ သူလဲအထိတ်တလန့်ဖြင့်လိုက်ပြီး မတ်တတ်ရပ်လိုက်မိသည်။ ဖိုးသားကသူ့ကိုကြည့်မနေပါ။ သူလဲဘာပြောလို့ပြောရမှန်းမသိပဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားမိသည်။ ဘာကြောင့်များ ဖိုးသားကိုယောကျာ်းလေးတစ်ယောက်မှန်း သိလျက်သားနဲ့ ထိန်းချုပ်မရနိုင်ပဲ နမ်းလိုက်မိတာ ပါလိမ့်။ အခုတော့ ဖိုးသားသူ့ကိုတစ်မျိုးထင်သွားလောက်ပြီပေါ့။


ဖိုးသားက ငြိမ်သက်စွာဖြင့် ငူငူကြီးရပ်တန့်နေသည်။ တစ်ခုခုတုန့်ပြန်မှဖြစ်မည်ဟု သူသဘောပေါက်လိုက်ပြီး ဖိုးသားလက်မောင်းတစ်ဖက်ကို လှမ်းကိုင်ဖို့ သူကြိုးစားလိုက်သည်။ ဖိုးသားက သူကိုင်တာကိုမခံပါ။ ဆတ်ကနဲ့ သူ့ကိုပုတ်ချလိုက်သည်။ ထို့နောက်သူ့ကို တင်းမာစွာကြည့်သည်။


ဖိုးသား၏စိတ်ထဲတွင်သူ့ကိုတစ်စုံတစ်ခုပြောချင်နေဟန်ရှိသော်လည်း နှုတ်ကတော့ ထိန်းချုပ်နိုင်စွမ်းကြီးစွာဖြင့် ဆိတ်ငြိမ်နေမြဲပါပင်။ သူတို့နှစ်ယောက်ကြားထဲတွင် စောစောကပျော်ရွှင်မှုလေးတွေပျောက်ကွယ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမသိအောင်ဖြစ်သွားမိသည်။ သူဘာကြောင့်များ ဒီလိုဆင်ခြင်တုံတရားကင်းမဲ့စွာ စိတ်အလိုလိုက်မိတာပါလိမ့်။


သူတစ်ခုခုပြောရန်ပြင်လိုက်စဉ်မှာပင် ဖိုးသားက သူ့ကိုကျောခိုင်းကာ ရေထဲမှတက်သွားသည်။ သူဖိုးသားနောက်မှ တကောက်ကောက်လိုက်သွားမိသည်။ ဖိုးသားက ကမ်းစပ်ကိုပြန်တက်သွားပြီး သူ့အ၀တ်စားတွေကို သွားယူလာပြီး ၀တ်ဆင်လိုက်သည်။ သူ့ကိုဘာမှမပြောပဲ ပြန်ဖို့ပြင်နေကြောင်း ရိပ်စားမိသဖြင့် သူလဲသူ့အ၀တ်အစားတွေကို ကဗျာကရာလိုက်ဝတ်လိုက်ရသည်။ အ၀တ်စားများ ၀တ်ဆင်ပြီးသွားသောအခါ ဖိုးသားက သူ့စက်ဘီးကိုတွန်းကို အရှေ့မှထွက်ခွာသွားသည်။


သူလဲမည်သည့်စကားတစ်ခွန်းမျှမပြောရဲတော့ပဲ ဖိုးသားနောက်မှဆိတ်ငြိမ်စွာလိုက်ပါလာခဲ့သည်။ ပဟေဠိဆန်စွာဖြစ်ပျက်သွားခဲ့သည့်အဖြစ်ပျက်တွေကို တွေးကြည့်ရင်းဘာကြောင့်များလဲဟု စဉ်းစားကာ အဖြေရှာရခက်နေခဲ့သည်။ သူထိုတစ်ခဏတာလေးအတွင်းမှာ ရုတ်တရက် စိတ်တွေပြောင်းလဲသွားပြီး လိင်တူချင်းကို စုံမက်သည့်စိတ်တွေ ၀င်လာခဲ့သည်။ ဘာကြောင့်လဲဟု ကိုယ့်ကိုကိုယ်ပြန်မေးမိသည့်အခါ လုံးဝအဖြေရှာမရပဲ မေးခွန်းတွေထဲမှာပဲ တ၀ဲလည်လည်ရစ်သီနေမိပြန်သည်။ အခုလိုမတော်တဆ ဖြစ်သွားသည့်အတွက် သူတကယ်ပဲစိတ်မကောင်းပါ။ သူရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပေမယ့် ထိုတခဏတာ အတွင်းမှာ သူ့စိတ်ကိုသူမထိန်းနိုင်ပဲ လွတ်သွားမိတာကိုတော့ ၀န်ခံပါသည်။


စက်ဘီးစီးလို့ရသည့် မြေလမ်းပေါ်သို့ရောက်သောအခါ ဖိုးသားက သူ့စက်ဘီးကိုခွပြီး တက်ထိုင်လိုက်သည်။ ထို့နောက်သူ့ဖက်ကို တစ်ချက်မျှကြည့်ပြီး စက်ဘီးကို နင်းကာအဝေးသို့ထွက်ခွာသွားသည်။


သူဆွံ့အစွာဖြင့် မြေလမ်းလေးပေါ်တွင် တစ်ယောက်ထဲကျန်ရစ်ခဲ့သည်။ ဘာကြောင့်များလဲ ဖိုးသားရယ်ဟု ရင်ထဲတွင် တိတ်တိတ်လေး ရေရွတ်နေမိရင်း ဖိုးသား၏ကျောပြင်ကိုငေးကာ နေမိသည်။ အဝေးသို့ထွက်ခွာသွားသော ဖိုးသား၏ပုံရိပ်က သူ့မြင်ကွင်းထဲမှ တဖြေးဖြေးပျောက်ကွယ်သွားသည်။ တကယ်တော့ဖိုးသားက တစ်ခုခုကိုစိုးရိမ်စိတ်ဖြင့် တမင်ရှောင်ပြေးသွားခဲ့တာပါ။ တကယ်ဆိုရင်……..




                                             X          X          X          X



နောက်တစ်ရက်မှာတော့ သူ့ဆီကိုဖိုးသားမလာတော့ပါ။ မတော်တဆဖြစ်ခဲ့သည့် အနမ်းကိစ္စနှင့်ပက်သက်ပြီး ဖိုးသားကသူ့ဆီက ထွက်ပြေးသွားခဲ့သည်။ တခဏတာအချိန်လေးအတွင်းမှာပဲ ရင်းနီးခဲ့ပြီး ရုတ်တရက်သူ့ ဆီကပျောက်ကွယ်သွားတဲ့ လူတစ်ယောက်အဖြစ် သူဖိုးသားကိုအမှတ်တရရှိနေဦးမှာပါ။ သူ့ဘ၀မှာ ပျော်ရွှင်မှုတွေကို တိမ်တိုက်တွေဆီကနေ ယူဆောင်ပေးခဲ့သည့် သူစိမ်းတစ်ယောက်ဟု သူသမုတ်ချင်ပါသည်။ လူတစ်ယောက်က လူတစ်ယောက်ကိုမြတ်နိုးစွဲလန်းသွားမိပြီ ဆိုရင်အဲ့ဒီလူကို အချိန်အနည်းနဲ့အများတော့ သတိတရဖြစ်နေဦးမှာပါ။ ဒါပေမယ့်သူဖိုးသားအပေါ်ထားရှိတဲ့ခင်တွယ်မှုကို စွဲလန်းသွားမိတယ်လို့တော့ ခေါင်းစဉ်မတပ်ချင်ပါ။ တကယ်တန်းဖြစ်မယ့်ဖြစ် ဒါဟာ မတော်တဆ သာယာမှုပဲဖြစ်ရမည်။ အဲ့ဒီသာယာမှုကို ပြန်ပြီးတန်းတမိတော့ ကိုယ့်ကိုကိုယ် ထင်ယောင်ထင်မှားတွေဖြစ်ပြီး ချော်လွဲနေတဲ့ အတွေးတွေကို တွေးနေမိတော့တာပေါ့။


လူ့စိတ်ဆိုတာတော်တော်ပဲထူးဆန်းပါသည်။ လူတွေထိန်းချုပ်ရအခက်ဆုံးမှာလဲ စိတ်ဖြစ်သည်။ စိတ်က အရာရာကိုဖန်တီးနိုင်စွမ်းရှိသည်။ လူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာလဲ စိတ်ရဲ့ခိုင်းစေရာ စိတ်ရဲ့စေညွှန်းရာကိုပဲ လိုက်နာဆောင်ရွက်ကြရသည်။ ထို့ကြောင့် ထိုစိတ်က တခဏတာအတွင်းဖောက်ပြန်သွားပါက ထိုလူမှာလဲ စိတ်၏အလိုတိုင်း ပျက်စီးပြောင်းလဲသွားရပါသည်။ စိတ်သည်လွတ်လပ်နေသော ငှက်တစ်ကောင်နှင့်တူသည်။ သူနားချင်သည့်အကိုင်းကိုတွေ့လျှင် နားလိုက်မည်။ ပျံသန်းချင်လာလျှင်လဲ  ရုတ်တရက်ထပြီး ပျံသန်းချင်ပျံသန်းမည်။ ထိုစိတ်ကိုမည်သူတစ်ဦးတစ်ယောက်ကမှ မပိုင်ဆိုင်ပါ။ စိတ်သည်မိမိဘာသာ ထိန်းချုပ်ကွတ်ကဲနေသော အကြီးအကဲတစ်ဦးသာဖြစ်သည်။ စိတ်ကြောင့်လူတွေဒုက္ခရောက်သွားသလို စိတ်ကြောင့်လူတွေပျက်စီးဆုံးရှုံးသွားရသည်များလဲရှိသည်။ ထို့ကြောင့် စိတ်သည်သာ အရာရာကိုထိန်းချုပ်နိုင်သော Controller ဖြစ်သည်။


ထိုကဲ့သို့ ထိန်းချုပ်မှုလွတ်ကင်းသွားသော သူ၏စိတ်နှင့် ပျံသန်းချင်ရာပျံသန်းနေသော ဖိုးသား၏ စိတ်တို့ ဆုံးဆည်းသွားခိုက်တွင် စည်းချက်တွေမှားယွင်းကုန်ပြီး သံစဉ်တွေထိန်းမရဖြစ်ကုန်သည်။ အဲ့ဒီစိတ်တွေ အသိစိတ်ပြန်ဝင်ပြီး ထိန်းချုပ်ကွတ်ကဲမှုအောက်ကို ပြန်ရောက်သွားချိန်တွင် သူတို့နှစ်ယောက်လွန် ခရီးလွန်သွားပြီဖြစ်သည်။ သို့သော် ထိုကဲ့သို့မတော်တဆမှုမျိုးကို သူသာယာမိသွားသည်။ ထို့အတွက် သူဘယ်တော့မှ နောင်တရလိမ့်မည်မဟုတ်ပါ။ အကြောင်းအရာတွေက မည်သို့ပင်ဖန်တီးလာသည်ဖြစ်စေ ထိုအကြောင်းအရာများကို ကျေကျေနပ်နပ်ကြီးခံယူဖို့ သူမကြောက်ပါ။


တကယ်တော့ လူတွေဟာ မိမိရဲ့ခံစားချက်ကို စည်းတွေဘောင်တွေနဲ့ တားဆီးထားကြခြင်းသာဖြစ်သည်။ ထိုစည်းများဘောင်များသည် အမှန်စင်စစ်အားဖြင့် တကယ့်လိုအပ်သည့်အရာများမဟုတ်ပါ။ အကယ်၍လိုအပ်သည် ဆိုလျှင်တောင် သူ့နေရာနှင့်သူ လိုအပ်သည့်နေရာမှလိုအပ်မည်ဟု သူထင်သည်။ ကိုယ့်စိတ်ထဲ့ မသင့်တော်ဘူးလို့ ထင်ထားတဲ့အရာတစ်ခုကို ကိုယ်ကကျူးလွန်မိသွားသည် ဆိုပါစို့။ အဲ့ဒီအတွက် ကိုယ်ကိုတိုင်ကပဲ နောင်တတွေရမဆုံးဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ဒါပေမယ့် ကျူးလွန်မိသည့် အချိန်ကာလလေးမှာတော့ မိမိလိုချင်သည့် စူးစမ်းမှုတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာကိုတော့ ၀န်ခံရပါလိမ့်မည်။


ဒီမြို့လေးကိုသူရောက်ပြီး သုံးရက်မြောက်သောနေ့တွင် သူအိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောက် နောက်တစ်နေ့ထွက်မည့် ရထားလက်မှတ်ကို ထိုနေ့ညနေတွင်သွားရောက်ဝယ်ယူခဲ့သည်။ ဖိုးသားမရှိတော့ သည့်အချိန်တွေမှာတော့ သူတစ်ယောက်ထဲ နေရာအချို့ကိုပတ်ဖြစ်ခဲ့သည်။ သို့ပေမယ့် သူ့အတွက် အစာမပါသည့် ဟမ်ဘာဂါတစ်လုံးကို စားနေရသလို ပျင်းခြောက်ခြောက်နိုင်လွန်းခဲ့သည်။


နောက်တစ်နေ့နံနက်မိုးလင်းသောအခါ သူ့အ၀တ်စားတွေကို အိတ်ထဲသို့ပြန်ထဲ့ပြီး အခန်းကိုပြန်အပ်လိုက်သည်။ ထို့နောက် ရထားလက်မှတ်ကလေးကို အိတ်ကပ်ထဲသို့ ထဲ့ကာ ဘူတာရုံရှိရာသို့ထွက်ခွာလာခဲ့ပါသည်။ ဘူတာရုံသို့ သူကားတစ်စီးငှါး၍ လာခဲ့သည်။ ထိုကားပေါ်မှနေ၍ ဖိုးသားများပေါ်လာမလားဟု ဟိုငေးဒီငေး ငေးကြည့်မိပါသေးသည်။ သို့သော် မည်သည့်အရိပ်အယောင်မှ မတွေ့ရသောအခါ မိမိဘာသာ မျှော်လင့်လွန်းအားကြီးနေပြီဟူသော အတွေးပြန်ဝင်သွားပြီး ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ထားလိုက်သည်။


ဘူတာရုံထဲသို့ဝင်လိုက်သောအခါ ထုံစံအတိုင်းလူတွေက ပြည့်နှက်နေသည်။ ရထားစောင့်နေသော ခရီးသည်များအပြင် ရထားပေါ်သို့ ဈေးရောင်းရန်ပြင်နေသော ဗန်းရွက်ဈေးသည်များကိုပါတွေ့ရသည်။ ထို့အပြင် ကွမ်းယာဆေးလိပ်ကို ပါးစပ်က တတွတ်တွတ်အောင်ရောင်းနေသောသူများ ကဗျာစာအုပ်များ ပုံပြင်စာအုပ်များကို ဗန်းကြီးထဲထဲ့ပြီး လည်ပင်တွင်းကြိုးချည်ချိတ်ဆွဲကာ ရောင်းနေသော စာအုပ်သည်များ ငုံးဥပြုတ် စာကလေးကြော် ဂျိုးကြော်ရောင်းနေသောသူများကိုလည်း တွေ့ရပါသည်။ ထိုပြားပန်းခတ်နေသော ဈေးသည်များကိုငေးကြည့်ရင်း သူ့ခေါင်းတွေမူးနောက်နောက်ဖြစ်သွားမိသည်။


မကြာမီရထားထွက်တော့မည်ဖြစ်သောကြောင့် ခရီးသည်အချို့ရထားပေါ်တက်ကုန်ကြသည်။ ရထားခေါင်းမှ အချက်ပေး အုတ်သြဆွဲသံရှည်ကြီးကလဲ မြည်ဟီးလာသည်။ သူလည်းရထားပေါ်တက်ရန် ပြင်လိုက်ပြီး လူများအကြားသို့ တိုးဝှေ့ဝင်ရောက်သွားလိုက်သည်။


ထိုစဉ်လူအုပ်ကြားထဲမှ တစ်စုံတစ်ဦးက သူ့လက်ကိုလှမ်းဆွဲထားလိုက်သည်။


သူနောက်သို့ပြန်လှည့်ကြည့်မိလိုက်တော့ သူ့မျက်လုံးတွေ တောက်ပသွားခဲ့သည်။


“ဟေး….. ဖိုးသား”


ဖိုးသားက သူ့ကိုပြုံးလျှက်သား ပြန်ကြည့်သည်။ ဖိုးသား၏အပြုံးတွင် မည်သည့် အရောင်မျှမပါရှိပဲ ပကတိအတိုင်း ဖြူစင်နေသည်။ ထိုဖြူစင်နေသော ဖိုးသား၏အပြုံးက သူ့ကို လုံခြုံစိတ်ချစေသော အနွေးဓာတ်တစ်ခုပေးသလိုခံစားရ၏။


“ပြန်တော့မှာလား”


“အင်း ဟုတ်တယ်……”


ဖိုးသားက ရယ်ကျဲကျဲလုပ်နေသည်။ ပြီးတော့ ဖိုးသားမျက်နှာက တစ်ခုခုကိုရှက်နေသလိုရှိသည်။


“မင်းအဆင်ပြေသွားပြီလား……”


သူဘာကိုဆိုလိုမှန်းဖိုးသားသိမှာပါ။ ဖိုးသားက အသိမှတ်ပြုသည့်အနေဖြင့် သူ့ကိုပြုံးလျှက် ခေါင်းညိတ်ပြသည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ကားကားကြီးလုပ်လိုက်သည်။ သူကြောင်တောင်တောင်ဖြစ်သွားမိသည်။


“ဘာလဲ မင်းလက်ကြီးက…..”


“မင်းပြန်တော့မှာဆိုတော့ ဖက်ရအောင်လေ။ နှုတ်ဆက်တဲ့အနေနဲ့ မင်းကိုဖက်ချင်တယ်”


သူသဘောပေါက်လိုက်ပါသည်။ ဖိုးသားကမ်းပေးနေသော လက်ထဲသို့ သူဝင်လိုက်သည်ဆိုလျှင်ပဲ ဖိုးသားက သူ့ကိုရင်ခွင်ထဲသို့ဆွဲပြီးတင်းကျပ်စွာဖက်ထားလိုက်သည်။ သူကိုယ်တိုင်ကလည်း ဖိုးသား၏ ကျောပြင်တွေကို အသာဖက်ထားမိလိုက်ပါသည်။


သူ့နှလုံးသားထဲတွင် ထိုတခဏတာလေးသည် သိပ်ကိုနွေးထွေးသွားသလိုခံစားလိုက်ရသည်။


“အပြန်လမ်းကျရင် ဂရုစိုက်နော်”


“အင်း…..”


“ငါမင်းနဲ့ထပ်တွေ့ချင်သေးတယ်…….”


ဖိုးသားကထိုသို့ဆိုလာတော့ သူ့စိတ်တွေမခိုင်ချင်တော့သလိုတောင်ဖြစ်သွားမိပြီး ဖိုးသားကို နောက်တစ်ကြိမ် ပြန်ဖက်ထားမိလိုက်သည်။ ဖိုးသားရဲ့သူစိမ်းရင်ခွင်လေးက သူ့အတွက်တော့ တိမ်တွေနေတဲ့အရပ်မှာနေရသလို ကြည်နူးခြင်းဝေဒနာလေးတွေကို မွေးဖွားပေးနိုင်စွမ်းရှိပါသည်။


သူဖိုးသားကို ခေါင်းညိတ်ပြလိုက်ပါသည်။


“နောက်တစ်ကြိမ် အိမ်ကလစ်လာဖို့အခွင့်ရေးရခဲ့ရင်…… ငါမင်းကိုလာရှာမယ်”


“အင်း……”


“ကဲ…… ရထားထွက်တော့မယ် ဖိုးသား”


“အိုကေ……”


ဖိုးသားမျက်နှာတွင် ၀မ်းနည်းရိပ်တို့ ထင်ဟပ်လာသည်ကို သူသတိပြုမိသွားသည်။ သူလဲစိတ်မကောင်းပါ။ ရုတ်တရက် မမျှော်လင့်ပဲဆုံတွေ့ခဲ့ကြပြီး တစ်ခဏတာအတွင်းမှာပဲ ပြန်လည်ခွဲခွာသွားကြရမည်ဆိုတော့ ဘယ်လိုလုပ်ပြီး ဖြေသိမ့်ရမှာလဲလေ။ သူ့ရင်ထဲမှာ ဖိုးသားကိုစကားတွေအများကြီး ပြောချင်ပေမယ့် ထိုစကားတွေကို ပြောဖို့အခြေအနေမပေးတော့ပါ။ သူရထားပေါ်သို့ တက်လိုက်ပြီး ဖိုးသားကို တစ်ချက်မျှစောင်းငဲ့ကြည့်လိုက်ပါသည်။


အို……. ဖိုးသားမျက်ရည်တွေဝဲနေပါလား။ သူချက်ချင်းရထားပေါ်က ပြေးဆင်းပြီး ဖိုးသားကိုဖက်ထားလိုက်ချင်ပါသည်။ မငိုပါနဲ့လား ဖိုးသားရယ်။


ရထားကြီးက စတင်လှုပ်ရှားကာ ခုတ်မောင်းစပြုလာပါပြီ။ သူခုံလတ်မှတ်ကို တစ်ချက်မျှကြည့်ပြီး ထိုင်ခုံရှိရာသို့ လျှောက်လာခဲ့သည်။ ထိုင်ခုံသို့ရောက်သောအခါ သူ့ဂျင်းပျော့အိတ်ကို ခါးမှချွတ်လိုက်ပြီး ရထားပြတင်းပေါက်ဆီမှ ဖိုးသားရှိရာသို့ လှမ်းကြည့်လိုက်သည်။ ရထားမှာ တဖြေးဖြေးထွက်ခွာစ ပြုလာပြီး အရှိန်ရလာပါသည်။


ဖိုးသားက သူ့ကိုမမှိတ်မသုံကြည့်နေသည်။ သူဖိုးသားကို အသာလမ်းရမ်းပြလိုက်သည်။ ဖိုးသားက ရပ်နေရာမှ သူ့ရှိရာသို့ လျှောက်လာသည်။ ရထားကအရှိန်မြန်လာသောအခါ ဖိုးသားခြေလှမ်းတွေ ပိုမိုသွက်လာပြီး သူရှိရာသို့ ပြေးလိုက်လာသည်။ သူ့ရထားပြတင်းပေါက်နားသို့ မှီလုနီးပါးရောက်သောအခါ ဖိုးသားက သူ့ကို တစ်စုံတစ်ခု လှမ်းပြောလိုက်သည်။


သို့သော် ရထား၏ဆူညံသံတွေကြောင့်ဖိုးသားဘာပြောမှန်း သဲသဲကွဲကွဲသူမကြားရပါ။ သူရထားပြတင်းပေါက်မှ ခေါင်းပြူပြီး ဖိုးသားကိုကြည့်လိုက်သောအခါ ရထားမှာဘူတာမှ ထွက်လာခဲ့ပြီဖြစ်သဖြင့် ဖိုးသားက ဘူတာအဆုံးတွင် မတ်တတ်ရပ်လျှက်ကျန်ရစ်ခဲ့သည်ကိုတွေ့ရသည်။


ထို့နောက် ဖိုးသားသည် တဖြေးဖြေးဘူတာရုံလေးနှင့်အတူ သူ့မြင်ကွင်းထဲမှ ဝေး၍ဝေး၍ နေရစ်ခဲ့ပါတော့သည်။




                                                                                                        ပြီးပါပြီ။

                                                                     ဖတ်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါသည်။

                                                                                                      Lovealone