This is the best gay website for Myanmar gay peoples.

Tuesday, March 31, 2015

On 2:15 AM by Myanmar Cute Gay Boy in    3 comments




လေရူးကဝှေ့ကနဲအတိုက် ရင်ဘတ်ထဲရှိအသည်းတွေ ဗြောင်းဆန်သွားသလို ကျွန်တော်တုန်ရီသွားမိသည်။ မတည်မငြိမ်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ရင်ခုန်သံတွေကိုမနည်းတည်ငြိမ်အောင် ကြိုးစားထိန်းချုပ်လိုက်ပြီးသက်ပြင်းတစ်ခုကိုအဆုံးသတ်အနေဖြင့်ချလိုက်သည်။ ကျွန်တော့်လက်ထဲတွင် လမ်းမှဝယ်လာသော ရေခဲစိမ် ရေသန့်ဘူးလေးကတော့ အစက်တွေတစက်စက်ကျလျက်ရှိသည်။

ဇောက်ထိုးမိုးမျှော်ဖြစ်နေသောတစ်ပိုင်းတစ်စအတွေးတွေကခေါင်းထဲမှရှုပ်ရှပ်ခတ်လျှက် ကျွန်တော့်ကိုဒူးမခိုင်အောင်ပြုစားနေသည်။  ကျွန်တော့်စိတ်ထဲဆုံးဖြတ်ရခက်သော တွေဝေမှုတွေ တသီကြီးနဲ့အတူမရေမသေချာသောခံစားမှုတို့က ပြိုင်တူအားပြိုင်လျက် ကျွန်တော်ခြေလှမ်းတွေကိုရှေ့ဆက်တိုးရမလိုနောက် ဆုတ်ရမလို တုံဏှဘာဝေဖြစ်နေစေ၏။

ဧပရယ်လေတွေကရူးမယ်ဆိုလျှင်ရူးလောက်သည်။ လူ့အသည်းထဲကိုအေးကနဲဖြစ်သွားစေရုံမကလူတစ်ယောက်လုံးကိုလေထဲကိုလွင့်သွားသလိုကိုတိုက်ခတ်နိုင်သည့်လေမျိုး။ သင်္ကြန်ရေတွေ ရွှဲရွဲစိုနေပြီးခိုက်ခိုက်တုံအောင်ချမ်းနေသည့် လူတစ်ယောက်က ခြံဝန်းလေးတစ်ခုရှေ့တွင် တုန်ရီစွာရပ်တန့်နေပြီး ခြံထဲမှာလူရှိလို့ရှိငြား မ၀ံ့မရဲနဲ့ ချောင်းကြည့်နေရသည့်အဖြစ်ကသိပ်ကိုကြေကွဲဖွယ်ရာကောင်းနေ၏။ ဒီလိုလာစောင့်နေဖို့အတွက် သူ့သတ္တိတွေကိုရှေ့တန်းတင်ပြီးအားသွန်ခွန်စိုက် ရဲဆေးတင်းလာခဲ့ရသေးသည်။ ဒါတောင် ဧပရယ်လေတွေကြောင့် လူကရူးချင်သလိုလို……..

နောက်ဆုံးတော့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်ပြီးလူခေါ်ဘဲလ်လေးကို နှိပ်မိသွားသည်။ သိပ်မကြာလိုက်ပါ ခြံထဲမှ မျက်ခုံးကောင်းကောင်းနှင့်အန်တီတစ်ယောက်ထွက်လာသည်။

“ကျွန်တော် သူသူနဲ့တွေ့ချင်လို့ပါအန်တီ”

အန်တီကဖော်ရွေစွာပြုံးပြသည်။ အန်တီ့အပြုံးကြောင့် ကျွန်တော့်ရင်ထဲကကြောက်စိတ်တွေ တစ်ဝက်လောက် လျော့သွားသလိုခံစားရသည်။ အန်တီကအထဲမှာသူသူရှိကြောင်း ကျွန်တော့်ကိုပြောပြီးတံခါးဖွင့်ပေးသည်။ ထို့နောက် အိမ်ထဲသို့ရောက်သောအခါ ဧည့်ခန်းထဲတွင် ထိုင်နေစေပြီးအပေါ်ထပ်သို့တက်သွားလေသည်။ ထိုစဉ် မီးဖိုချောင်ခန်းဖြစ်ဟန်တူသောအခန်းထဲမှ ကောင်မလေးတစ်ယောက် ထွက်လာသည်။
ကျွန်တော်မှန်းတာမလွဲဘူးဆိုရင်တော့ ဒါဟာသူသူ့အမပဲဖြစ်ရမည်။ သူသူ့အမကရုတ်တရက်ကြည့်လျှင် ရုပ်ရှင်မင်းသမီးဖွေးဖွေးနှင့်တူသည်။ အသားလေးကဖြူညက်နေပြီးမျက်လုံးလေးတွေကို Eye-liner လေးတွေဆွဲထားပြီးချစ်ဖို့ကောင်းသည်။ ကျွန်တော်ကိုထူးဆန်းသလိုတစ်ချက်ကြည့်ပြီးဘာမှမပြောပဲအခန်းထဲသို့ပြန်ဝင်သွားသည်။ ကျွန်တော်ကတော့ လက်ထဲကရေသန့်ဘူးလေးကိုပဲဆုပ်ကိုင်ထားမိရင်းလှေကားပေါ်သို့ မျှော်နေမိသည်။ 

သိပ်မကြာလိုက်ပါ အန်တီနှင့်အတူသူသူဆင်းလာသည်။ သူသူကစွတ်ကျယ်အနက်ကလေးကိုဝတ်ထားပြီး ဂျင်းပင်ကိုဒူးခေါင်းအောက်နားထိဆွဲတင်ထားသည်။ သူသူ့ခြေသလုံးမွှေးလေးတွေကိုအတိုင်းသားမြင်နေရသည်။ ကျွန်တော့်ကိုတွေ့တော့ အံ့သြသွားဟန်ဖြင့် တစ်ချက်ပြုံးပြသည်။ သူသူ့အပြုံးကရင်ထဲကနှစ်နှစ်ကာကာပြုံးတဲ့အပြုံးမျိုးလေ။ ကျွန်တော်ထိုင်နေရာမှခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီးမတ်တပ်ထရပ်လိုက်မိသည်။ 

“သားသူငယ်ချင်းကအပျင်းကြီးပြီးအိပ်နေတာ။ အခန်းထဲကကိုမထွက်ဘူး။ စကားပြောကြဦးနော်သားတို့”

အန်တီက ကျွန်တော့်ဆီသို့သူသူ့ကိုအပ်ပြီး အနောက်ခန်းထဲကိုဝင်သွားပါသည်။ သူသူ့ကိုမတွေ့ရတာလနဲ့ချီနေပါပြီ။ သူသူ့နှုတ်ခမ်းမွှေးရေးရေးလေးကိုလည်းမတွေ့ရတာလနဲ့ချီနေပြီ ပြီးတော့ ဆံပင်တွေကိုထောင်ထားပြီးစိန်နားကပ်သေးသေးလေးပန်ထားတဲ့ ချစ်စရာသူသူ့မျက်နှာလေးကိုလည်းမတွေ့ရလို့ သေလုမျောပါးလွမ်းနေရပြီ။ ဒါတွေကိုကျွန်တော့်ရင်ထဲကနေသူသူ့ကိုနှစ်နှစ်ကာကာလေးပြောပြချင်ပါသည်။ သို့ပေမယ့် ကျွန်တော်ထိန်းချုပ်ထားလိုက်ပြီးသူသူ့ကိုနှုတ်ဆက်အပြုံးပြုံးပြလိုက်သည်။


“ဘယ်ကနေဘယ်လိုမျက်စိလည်ပြီးရောက်လာတာလဲဆရာလေး”

ဆရာလေးတဲ့။ ဟုတ်တယ်ကျွန်တော်တစ်ခုမေ့နေတာအဲ့ဒီဆရာလေးလို့ခေါ်တဲ့အသံလေးကိုလည်းမကြားရတာကြာပြီ။ ကျွန်တော်ဘယ်လောက်လွမ်းနေတယ်ဆိုတာကိုပုံကြီးချဲ့ပြီးပြောလိုက်ရင် စာဖတ်သူအမြင်ကပ်သွားမှာလည်းစိုးမိပါရဲ့။ ဒီနေ့ဟာသင်္ကြန်အတက်နေ့ ညနေပါ။ မနက်ဖြန်ဆိုရင် နှစ်ဆန်းတစ်ရက်နေ့ ဘယ်သူမှရေလောင်းကြတော့မှာမဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်သူ့ကိုရေလေးတော့ လောင်းလိုက်ချင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လောင်းလိုက်သည့်ရေလေးသူစိုဖူးသွားပြီ ကျွန်တော်သူ့ကိုရေလောင်းဖူးသွားတယ်ဆိုတဲ့ အမှတ်တရလေးရှိခဲ့ရင်ပဲကျေနပ်လှပါပြီ။ လမ်းက၀ယ်လာတဲ့ ရေသန့်ဘူးလေးကလည်းသူ့ကိုလောင်းဖို့ပေါ့။ ကျွန်တော့်ရင်ထဲကစေတနာမေတ္တာဖြူဖြူစင်စင်လေးနဲ့ ရေသန့်သန့်လေးကိုသူ့ကိုလောင်းချင်လို့ပါ။ 

သူနဲ့ကျွန်တော် မတွေ့တာခြောက်လခန့်ရှိပါပြီ။ သူသူကဆယ်တန်းကျောင်းသား ကျွန်တော်ကဆယ်တန်းတွေကိုစာပြတဲ့ဂိုက်။ စာသင်နှစ်တစ်ဝက်လောက်တွင် ကိစ္စတစ်ခုကြောင့် ကျွန်တော်အလုပ်ထွက် လိုက်သည်။ ထို့ကြောင့် သူနှင့်ကျွန်တော်မတွေ့ဖြစ်တော့ပဲကွဲသွားသည်။ ကျွန်တော့်အသက်က ၁၇။ တကယ့်ကို နှလုံးသားနုနယ်သေးတဲ့အရွယ်။ အချစ်ဆိုတာကိုဘာမှန်းမသိသေးတဲ့အပြင် ချစ်တတ်တဲ့စိတ်ဆိုတာကိုလည်းဘာမှန်နားမလည်ခဲ့သေးပါ။ ဒါပေမယ့် အသိစိတ်တစ်ခုက ကျွန်တော်သူသူ့ကိုတအားလွမ်းနေသည်ဆိုတာကိုတော့ အတည်ပြုပေးနိုင်ခဲ့သည်။ သို့ပေမယ့် ဒါကိုအချစ်လို့တော့ ကျွန်တော်မခံယူရဲသေးပါ။ 

အခုသူသူကျွန်တော့်ရှေ့မှာရပ်နေပြီ။ သူသူ့လက်ကိုကျွန်တော်လှမ်းဆွဲလိုက်သည်။ သူသူကတော့ ကြောင်အမ်းအမ်းဖြစ်နေသည်။ သူသူ့ကိုအိမ်အပြင်ထိရောက်အောင် ကျွန်တော်ဆွဲလာခဲ့သည်။ သူသူ့အမကမီးဖိုချောင်ထဲမှ သူ့မောင်ကိုကျွန်တော်ဆွဲသွားတာ မြင်ဖြစ်အောင်မြင်သွားသေးသည်။ သို့ပေမယ့် ကျွန်တော်ဂရုမစိုက်အားတော့ပဲအိမ်အပြင်ဖက်ရောက်အောင် ဆွဲလာခဲ့သည်။ အိမ်အပြင်ဖက်ရောက်တော့ သူ့လက်ကို ကျွန်တော်လွှတ်ပေးလိုက်သည်။ ပြီးတော့ ကျွန်တော့်လက်ထဲကရေသန့်ဘူးအဖုံးကိုဖွင့်လိုက်သည်ပေါ့……………

“ရေလောင်းပါရစေ ”

“၀ိုးဟိုး……. ဆရာလေးအေးတယ်လေ”

ကျွန်တော်ဘာမှမပြောပဲသူ့ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ သူကျွန်တော့်အနားမှ ရှောင်ထွက်မသွားပါ။ ရေသန့်ဘူးလေးကိုလက်တစ်ဖက်ကကိုင်မြှောက်လိုက်ရင်းသူ့ကိုကျွန်တော့်အနားသို့ ဆွဲလိုက်တော့လည်း ငြိမ်သက်စွာဖြင့်ပါလာသည်။ ကျွန်တော်ရေလောင်းတော့မည်ကြံတော့ အံကလေးကြိတ်ပြီးမျက်စိလေးမှိတ်ထားသည်။ ချစ်စရာကောင်းသောသူ့ပုံစံလေးကိုကြည့်ရင် ကျွန်တော့်အသည်းတွေအူတွေ ဗြောင်းပြန်ဖြစ်သွားသလိုအစိမ်းလိုက်ယားသွားမိသည်။ 

ရေသန့်ဘူးထဲကရေခဲရေတွေကြောင့် သူ့မျက်နှာလေးရှူံ့တွသွားသည်။ ရေတစ်ဝက်လောက်လောင်းပြီးသွား သောအခါ တော်ပြီလေဟုသူကပြောသည်။ ကျွန်တော်လက်စသတ်လိုက်ပြီးရေသန့်ဘူးအဖုံးကိုပြန်ပိတ်လိုက် ပြီးသူ့မျက်နှာကိုကြည့်လိုက်မိတော့ နှစ်ယောက်သားတိုင်ပင်မထားမိပဲ ပြိုင်တူရယ်လိုက်မိသည်။ အခုတော့လည်း ကျွန်တော်တို့နှစ်ယောက်ကြားမှ ဘာမှကာဆီးမထားသလိုပဲလွတ်လပ်စွာ နွေးထွေးမှုတွေ ယှက်သိုင်းနေသည်။ တရိပ်ရိပ်တက်နေတဲ့ ကြည်နူးရိပ်ကလေးတွေကြားမှာ ကျွန်တော့်အသည်းတွေ အရည်ပျော်ကုန်လေတော့သည်။

“စာမေးပွဲဖြေနိုင်လား”

သူကရယ်ကြဲကြဲလုပ်နေသေးသည်။ ကျွန်တော်သူ့လက်မောင်းကိုခပ်ဖွဖွလေးထိုးလိုက်တော့မှ…..

“ဖြေတော့ဖြေနိုင်တယ် Physic တော့သိပ်မရဘူးကျန်တာတွေတော့အိုကေတယ်”

“Moderation တော့ရနိုင်လောက်တယ်မဟုတ်လား ”

သူရယ်ပါသည်။ ကျွန်တော်လည်းရောယောင်ပြီးလိုက်ရယ်မိသည်။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်ကြားတိတ်ဆိတ်ငြိမ်သက်သွားမိပြန်သည်။

“သင်္ကြန်သွားမလည်ဘူးလား”

တိတ်ဆိတ်မှုကို ကျွန်တော်ကပဲစပြီးဖြိုခွင်းလိုက်သည်။ သူကခေါင်းခါသည်။ သူ့ကလည်မယ်ဆိုလျင် ကျွန်တော့်ဆိုင်ကယ်ပေါ်ခေါ်ပြီးသူနဲ့ အတူသွားလည်ဖို့ တွေးထားမိသည့်စိတ်ကူးလေးတွေ လေထဲသို့ ပျံသွားသည်။ 

“သူငယ်ချင်းတွေ ခဏနေရင်လာကျလိမ့်မယ် အိမ်ရှေ့မှာပဲရေဆော့မလို့”


သြော်…… ဟုသာပြောလိုက်မိသည်။ တကယ်တော့ ကျွန်တော်သူ့ကိုစကားတွေအများကြီးပြောချင်သည်။ ကျွန်တော့်ရင်ထဲမှာသူ့ကိုပြောချင်နေသည့်စကားတွေ မေးချင်နေသည့်မေးခွန်းတွေအများကြီးပါ။ ဒါပေမယ့် ကျွန်တော့်နှုတ်ကထွက်လာမိတာကတော့ ရိုးတန်းတဲ့စကားလုံးတွေသာဖြစ်နေပြီးဘာကြောင့် ထိုသို့ ရိုးစင်းတဲ့ စကားတွေအဖြစ်ပြောင်းလဲသွားမှန်း ကျွန်တော်မသိပါ။ ကျွန်တော်ဘာကြောင့် ထိန်းချုပ်မှုတွေကိုဦးစားပေးနေမိရပြန်တာလည်းတကယ်ဆိုရင် ကျွန်တော်သူ့ကိုပြောချင်နေတာကသူမရှိတဲ့အချိန်တွေမှာ ကျွန်တော်သူ့ကိုဘယ်လိုသတိရနေတဲ့အကြောင်းတွေ ဘယ်လိုလွမ်းနေတဲ့အကြောင်းတွေ တခါတလေအဆွေးသီချင်းတွေနားထောင်နေမိရင် ကျွန်တော့်ရင်ထဲကျောက်ခဲကြီးဆွဲထားသလိုလေးလေးပင်ပင် ကြီးဖြစ်နေတဲ့အကြောင်းတွေ သူ့ကိုလမ်းမှာမတော်တဆတွေ့မိတဲ့အခါမျိုးတွေမှာ ကျွန်တော်ရူးမတတ်ဖြစ်သွားတာမျိုးတွေ ဒီအကြောင်းတွေ ဒါတွေဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့မေးခွန်းတွေ ပြီးတော့ သူ့ဆီမှာရော ကျွန်တော်တစ်စုံတစ်ရာထပ်တူထပ်မျှ ကျတဲ့ခံစားချက်တွေ ရှိမရှိဆိုတာတွေရယ်………. ဟူး…….. ကျွန်တော်မေးချင်မိတာတွေ ပြောချင်မိတာတွေ ခံစားချက်တွေကတကယ်ကိုအများကြီးရယ်ပါ…………

ဒါကိုအချစ်လို့ခေါင်းစဉ်တပ်မယ်ဆိုရင်လည်း ကျွန်တော်သူ့ကိုချစ်မိနေတာသေချာပါတယ်။ အချစ်ဆိုတာ ကျွန်တော်တကယ်ကိုဘာမှန်းမသိသေးတာပါ။ သူ့ကိုမတွေ့ရရင် ကျွန်တော်သူ့ကိုမျှော်နေမိတယ်။ သူနဲ့အတူရှိနေရတဲ့အချိန်တွေဆို ကျွန်တော်ပျော်တယ်။ သူကျွန်တော့်အနားကိုရောက်လာရင် ကျွန်တော် ရင်ခုန်တယ်။ သူကျွန်တော့်ဝေးဝေးကိုရောက်သွားရင် ကျွန်တော်ခိုးကြည့်မိတယ်။ သူ့ကိုအချိန်တိုင်းသတိထားနေမိတယ်။ ကျွန်တော့်စိတ်ထဲအချိန်တိုင်းတွေးနေမိတာသူ့အပြုံးတွေ ………  အဲ့ဒါတွေကိုအချစ်လို့ပြောနိုင်လား……. 

ဒီခြံလေးဟာသူ့အိမ်ဆိုတာသိပြီးတဲ့နောက်ပိုင်းညပိုင်းတွေဆိုဆိုင်ကယ်တစ်စီးနဲ့ အဝေးကနေ သူ့ကိုများတွေ့လို့တွေငြားလာစောင့်နေမိတာတွေ။ ဒီခြံလေးရှေ့က ဆိုင်ကယ်ဖြတ်စီးတဲ့ အခါတိုင်းအိမ်လေးထဲကိုငေးကြည့်မိတာလေးတွေ။ သူနဲ့လမ်းမှာတွေ့ရင် ကျွန်တော့်စိတ်တွေပူထူပြီးသူမမြင်အောင် ပုန်းနေမိတာတွေ။ ကျွန်တော်ဘာကြောင့် ဒီလိုဖြစ်နေမှန်းကျွန်တော့်ကို ကျွန်တော်မသိပေမယ့် သူ့ကိုမြင်ရင် ကျွန်တော်ရင်ခုန်နေတယ်ဆိုတာကိုတော့ ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော်သူ့ဆီကဘာကိုမှမမျှော်လင့်မိသလိုသူ့ကိုချစ်တယ်ဆိုရင်လည်းဘာအရောင်မှမပါတဲ့ ဖြူဖြူစင်စင်အချစ်လေးသာ ဖြစ်လိမ့်မည်ဟု ကျွန်တော်ကြိမ်ပြောရဲသည်။ 

နောက်ဆုံးတော့ သက်ပြင်းလေးသူမမြင်အောင်ခိုးချလိုက်ပြီး ကျွန်တော်ဂျင်းဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကလေးကိုထုတ်လိုက်ပါသည်။ 

“မင်းဖုန်းနံပါတ်လေးငါ့ကိုပေးပါလား နောက်အားရင် မုန့်သွားစားရအောင်”

သူကနံပါတ်တစ်ခုကို ရွတ်ပြပါသည်။ ကျွန်တော်က ထိုနံပါတ်တွေကို လိုက်နှိပ်လိုက်ပြီး သူ့ဖုန်းကို Missed call ပေးလိုက်သည်။ ထိုအခါ သူသူက သူ့ဘောင်းဘီအိတ်ထဲကိုနှိက်ပြီး ဖုန်းကလေးကို ကျွန်တော့်ကိုထောင်ပြသည်။ 

ထို့နောက် ကျွန်တော်တို့နှစ်ဦးသားတိတ်ဆိတ်သွားမိကြပြန်သည်။ ကျွန်တော်တို့ကြားမှာ ဆိတ်သုန်းမှုလေး တွေနဲ့နေရတဲ့ကာလလေးဟာ ဘယ်လိုလေးမှန်းမသိအောင်ပဲ စိတ်လှုပ်ရှားဖို့ကောင်းလွန်းပါသည်။ ကျွန်တော့် ဘဝမှ ဘယ်တုန်းကမှမခံစားခဲ့ဖူးတဲ့ ခံစားမှုမျိုးတွေနဲ့ ရင်ခုန်လှိုက်မောခြင်းတွေကို ပေါင်းစပ်ပြီး ဖျော်ထားတဲ့ အဆိပ်တစ်ခွက်လိုပဲ နှလုံးသားတစ်ခုလုံးကို မိုက်မဲရူးသွပ်သွားအောင် ပြုစားနိုင်စွမ်းရှိပါသည်။

“အဲ့ဒါဆို……..”

“ဟို………….”

ကျွန်တော့်သူ့ကိုခွဲရတော့မည်။ ကျွန်တော်အိမ်ပြန်သင့်ပြီလေ။ ဘာအကြောင်းမှမရှိတော့ပဲ သူသူ့ဆီမှာ ဆက်မနေရဲသေးပါ။

“ဟို….. ပြန်တော့မယ် နောက်မှပဲ တွေ့ကြတာပေါ့”

ကျွန်တော်ပြန်တော့မယ်ပြောတော့လည်းသူသူကမငြင်းပါ။ပြုံးပြုံးလေးနဲ့သာ ကျွန်တော့်ကို ခြံပေါက်ဝရောက်အောင် လိုက်ပို့ပေးပါသည်။ ကျွန်တော့်ရင်ထဲမှာတော့ ဒွိဟတွေ မေးခွန်းတွေနဲ့ အိမ်အပြန်လမ်းကို တစ်လှမ်းခြင်းလျှောက်လှမ်းလာခဲ့ပါသည်။ မိုးကောင်းကင်ကြီးကိုမော့ကြည့်လိုက် တော့လည်း ပြာလွင့်လွင့်မိုးသားတွေကလွဲပြီး ဘာမှမတွေ့ရသလို သူသူ့အိမ်လေးကို သမင်လည်ပြန် ငေးကြည့်မိလိုက်ပြန်တော့လည်း ဘာမှထူးထူးခြားခြား တစ်စုံတစ်ရာကို မတွေ့ရပါ။ စိတ်ထဲမှာအလိုလို ဝမ်းနည်းလာသလို ကျွန်တော်ခံစားရသည်။ စူးရှသောနေရောင်ခြည်က ကျွန်တော်ဦးခေါင်းပေါ်သို့ကျရောက်နေပြီး နေထိုးသောကြောင့် အနည်းငယ် ဝါကျင်ကျင်ဖြစ်နေသော ဆံပင်တွေက လေထဲမှာတလွင့်လွင့်လူးလို့ရယ်လေ………

တကယ်လို့ သူသူကျွန်တော့်ကိုမချစ်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် သူ့ကိုကျွန်တော် ချစ်တယ်ဆိုတာကိုတော့ ကျွန်တော့်မှာဖွင့်ပြောနိုင်ဖို့စွမ်းအားမရှိတော့သလို သူ့ကိုလည်းဘယ်တော့မှ ဖွင့်ပြောဖြစ်လိမ့်မယ်မထင်ပါဘူး။ ကျွန်တော့်အတွက်အချစ်ဆိုတဲ့ ကဗျာတစ်ပုဒ်ဟာ ပြီးဆုံးသွားပြီဆိုရင်လည်း ကျွန်တော်ကျေနပ်ပါတယ်။ သူသူ့အတွက်ဆိုရင် ကျွန်တော်ဟာအမြဲတမ်း စောင့်နေတဲ့သူတစ်ယောက်ပါ သူသာလိုအပ်မယ်ဆိုရင် ကျွန်တော့်ရဲ့ရင်ခွင်ထဲမှာ သူ့ကိုထွေးပိုက်ထားဖို့ နေရာလပ်တစ်ခု အမြဲတမ်းအဆင်သင့်ဖြစ်နေပြီးသားပါ။





                                                    *             *             *               *


ပြာရီမှိုင်းနေသော ရှမ်းတောင်တန်းကြီးသည် မြူခိုးတွေဖြင့်ဆိုင်းနေလေသည်။ တဟူးဟူးတိုက်နေသော တောင်လေတွေက မသည်းမကွဲကျဆင်းနေသော မြူတွေကို ဟိုသည်ရွေ့လျားနေစေသည်။ ထိုပြာရီမှိုင်းနေ သောတောင်တန်းများတွင် နှင်းရည်စိုစွတ်နေသော သစ်ပင်တစ်ချို့ရှိပြီး မြူခိုးတွေကြားထဲတွင် လှချင်တိုင်း သာလှနေသည်။ ဒီရေ…..ဒီမြေ……နဲ့ ဒီတောင်တန်းတွေဟာ ရိုးစင်းလှတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ် ဆိုတာကို သက်သေခံနေသလို။ လူ့အသည်းကို လှုပ်ကိုင်နိုင်စွမ်းရှိတဲ့ သတ္တိမျိုးတွေနဲ့ သူတို့တွေဟာ ဆက်လက်တည်မြဲနေကြလေ၏…….


                                                                                                                          Written by - Lovealone