This is the best gay website for Myanmar gay peoples.

Monday, January 12, 2015

On 7:34 PM by Unknown in    11 comments




တကယ်ဆိုကိုယ်တွေကလည်း ယောကျာ်းတွေပါပဲ။ ယောကျာ်းတစ်ယောက်လိုပဲ ဖခင်စိတ်လဲရှိတယ်။ ကလေးသူငယ်တွေကိုလဲ ချစ်တတ်တယ်။ လောကကြီးရဲ့ ထုံးတန်းစဉ်လာ အယူဝါဒတွေအားလုံးကိုလဲလက်ခံတယ်။ ခက်နေတာက ကိုယ့်စိတ် အဲ့ဒီစိတ်ဆိုတဲ့အရာကို ဘယ်သူမှထိန်းချုပ်လို့မရတာကိုတော့ ၀န်ခံစေချင်တယ်။ လူတိုင်းဟာ သာမာရိုးကျတဲ့ နည်းလမ်းနဲ့ပဲဘ၀ကိုရင်ဆိုင်ချင်တာပေါ့။ ဘယ်သူကမှ ဖြစ်ပါစေတော့ ဖြစ်စေတော့ဆိုပြီး တမင်ရည်ရွယ်လုပ်ဆောင်တာမျိုး ရှိပါ့မလဲ။ ဒါပေမယ့် အဲ့ဒီစိတ်ဆိုတဲ့အရာကို ပြောင်းလဲလို့မရတော့တဲ့အချိန်မှာတော့ လူတွေဟာ သဘာဝမကျတဲ့ နည်းလမ်းတွေနဲ့ အသက်ရှင်ဖို့ အကြောင်းတွေဖန်လာကြတယ်။

အပေါင်းအသင်းတွေကြား အထူးသဖြင့် Straight သူငယ်ချင်းတွေကြားမှာဆိုရင် ချစ်သူရည်းစားအကြောင်းပြောပြီဆိုရင် ကိုယ်တွေကအလိုလိုနေရင်း အပုန်းထဲကဇာတ်လမ်းတွေကို Straight ဇာတ်လမ်းဆင်ပြီးခပ်တည်တည်နဲ့ ရွှီးရတာများတယ်။ ဟုတ်တယ်လေ ကျွန်တော်ကတော့ အပုန်းပါ မိန်းကလေးတွေကို မကြိုက်ပါဘူးဆိုပြီးပြောချလိုက်ရင် မင်းဘ၀ဘာဖြစ်သွားမယ်ထင်သလဲ စဉ်းစားကြည့်။ ကြက်သီးထဖို့တောင်ကောင်းတယ်။ အသက်ငယ်သေးရင်တော့ တစ်မျိုးပေါ့ ဒါပေမယ့် အသက်၂၀ကျော်လာပြီဆိုရင်တော့ လိမ်ရတာ ခက်သွားပြီ။ အချိန်တန်အရွယ်ရောက်နေပြီမို့ ချစ်သူရည်းစားမထားပါဘူးလို့ပြောရင် ယုံချင်မှယုံကြလိမ့်မယ် အခန့်မသင့်ရင် ကိုယ့်ကို မူမမှန်တဲ့လူလို့မြင်သွားကြလိမ့်မယ်။

တခါတလေကျတော့လည်းကိုယ့်ကိုကိုယ်ပြန်မေးမိသားရယ်။ ဘာကြောင့်များ ဒီလိုစိတ်တွေဝင်နေရတာလဲဆိုပြီးတော့ပေါ့။ စဉ်းစားလို့ရှိရင် ဦးနှောက်တွေခြောက်ပြီး ခေါင်းတွေကိုက်လာတယ်။ မျက်စိရှေ့မှာ မြင်နေတွေ့နေရတာတွေကလည်း စိတ်ချမ်းသာစရာတစ်ခုမှကိုမရှိတာ။ ဟိုမိုတွေရည်စားဖြစ်ပြီဆိုရင် ဘယ်နေ့ကွဲမလဲဆိုတာကိုပဲ စောင့်နေရသလိုလို။ ချစ်လျှက်နဲ့ကွဲမလား သစ္စာဖောက်လို့ပဲကွဲကြမလား တစ်ခုခုပဲ။

သူများအတွဲတွေမြင်ရင်လဲ စိတ်ထဲမှာ အားကျသလိုလိုတော့ရှိသား။ ကိုယ့်ကောင်မလေးနဲ့ကိုယ် လူရှေ့သူရှေ့မှာ ပေါ်ပေါ်တင်တင်တွဲလို့ရတာပေါ့။ ခိုးကြောင်ခိုးဝှက်လုပ်နေစရာလဲမလိုဘူး လက်တွဲချင်ရင်လဲ ပေါ်တင်တွဲ။ ပြီးရင်မိသားဖသားပီပီတောင်ရမ်းလက်ထပ် ဘ၀တစ်ခုကိုအတူတူရင်ဆိုင်ဖြတ်သန်း သာယာတဲ့ မိသားစုဘ၀လေးတစ်ကိုတည်ဆောက်.......... အင်း မဖြစ်သေးပါဘူးလေ အဲ့ဒီမိန်းမဆိုတဲ့ သတ္တ၀ါတွေကိုတွေ့လိုက်ရင် ရင်ထဲမှာ ဘယ်လိုမှ ခံစားလို့ကိုမရတာခက်တယ်။ ဖင်မနိုင်ပဲ ပဲကြီးဟင်စားမိသလိုမျိုးဖြစ်မှာလဲစိုးတယ်။

ခက်တော့ခက်နေပြီ ဆိုသလိုပေါ့ ဟုတ်ပါတယ် တော်တော်လေးကို ခက်နေတာပါ။ ကိုယ်ရင်ဆိုင်ရမယ့် အရာတွေထဲမှာ မိဘ၊ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၊အပေါင်းအသင်း၊ အဲ့ဒါတွေက အဓိကပဲ။ လိမ်ထားမယ်ဆိုရင်လဲ အချိန်ကာလ အတိုင်းအတာတစ်ခုထိပဲရမယ်။ ဘယ်လောက်များ လိမ်ထားနိုင်မှာ မိုလို့လဲ။ ကိုယ်ဖက်ကရော ဘယ်လောက်များ ပိပိရိရိဟန်ဆောင်ထားနိုင်မှာလဲ။ တွေးကြည့်ရင် ရင်ဘတ်ကို ခဲဆွဲထားသလိုပဲ လေးလေးပင်ပင်ကြီးပါ။

သူများတွေလို ပွင့်လိုက်ဖို့ကလဲ မ၀င့်​ရဲဘူးလေ။ ကိုယ်တွေက တစ်သက်လုံးက ယောကျာ်းလေးလိုနေလာတာ ယောကျာ်းအချင်းချင်း ကြိုက်တဲ့စိတ်ကလွဲရင် မိန်းမဖြစ်ချင်နေတာလဲမဟုတ်ဆိုတော့ ခက်တော့ခက်သားပေါ့။ ဒီကြားထဲ အရှက်အကြောက်ကလဲ ကြီးသေးတာဆိုတော့ အပုန်းမှန်းလူသိမှာလဲကြောက်။ မိန်းမတွေကို စိတ်ဝင်စားချင်ယောင်ဆောင်ရတာကလဲ အလုပ်တစ်လုပ်။ တခါတလေ မိန်းမတွေကလည်း အပုန်းမှန်းမသိ ဘာမသိနဲ့ လာလာပြီးဇယားတွေကပ်လာရင် ကိုယ်တွေက စိတ်တွေကျဉ်းကြပ်ရတာ အမော။ အဲ့လိုအချိန်တွေဆိုရင် ကျွမ်းတွေချည်း လှိမ့်ထိုးချင်တာအမှန်ပဲ။

ဘယ်တက်နိုင်ပါ့မလဲ။ ဘ၀ကိုကဒီလိုဖြစ်ဖို့ အကြောင်းကံပါလာနေတာကိုး။ ကိုယ်ဖြစ်နေတဲ့ဘ၀ကိုပဲ သင့်တင့်လျှော်ကန်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အကောင်းဆုံးပါ။ ကိုယ်တွေလို ဘ၀တူတွေကိုတွေ့ရင် ကိုယ်ချင်းစာမိပေမယ့် တခါတလေကျတော့ သူတို့တွေ ရှုပ်နေတာတွေ ကိုယ့်ကျင့်တရားစောင့်ထိန်းမှု လျော့ပေါ့နေတာတွေကို တွေ့ပြန်ရင်လဲ အမြင်ကတ်မိတာတော့အမှန်ပဲ။ ဂေးဆိုတာ ကောင်းတဲ့သတ္တ၀ါတွေမဟုတ်ဘူးလို့ စိတ်ထဲမှာ အမြဲတွေးမိတယ်။ ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပဲကိုး။ စိတ်ဆင်းရဲတယ်။

ပြောလို့ပြောတာမဟုတ်ဘူး ကိုယ်ကိုတိုင်ကဂေးဆိုပေမယ့် ဂေးတွေဆိုရင် နည်းနည်းတော့လန့်တယ်။ တစ်ချို့တွေဆို စနှိုက်ကြော်ရတာနဲ့ ဂျိုးကြော်ရတာနဲ့ ပုလင်းကွဲမှန်းမသိ ဘာမှန်းမသိ ရမ်းသမ်းကြိုက်ရတာနဲ့ ပလင်းကွဲရှတော့မှ အခြောက်မကြီးတွေပါဆိုပြီး သောက်ရှက်တွေခွဲရတာနဲ့ တစ်ချို့တွေကြတော့လဲ ယောကျာ်းမှန်းလူသိအောင် စကားပြောရင် စိတ်ထဲကမပါပဲ တဗျဗျနဲ့ အမြင်တွေကို ကတ်လို့။ တွေ့ဖူးပါသေးတယ် Chatting ထဲမှာဆိုရင် ကျားလိုကတာ ကျားလိုက်တာဆိုတာ ကိုယ်တွေကတောင် အားကိုးချင်စိတ်ပေါက်သွားတယ်။ အပြင်မှာလဲ သွားတွေ့လိုက်ရော နွဲ့လိုက်တာပက်စက်တယ်။ အံ့ရော....... ။

အမှန်ကနွဲ့ရင်နွဲ့တယ်ပေါ့ လက်ခံပါတယ်။ တစ်ချို့ကြတော့မဟုတ်ဘူး ဟိန်တွေဟန်တွေနဲ့ ကျားဇာတ်တွေခင်းကြတာလေ။ တကယ်တမ်းကတော့ ပုလင်းကွဲရှဖို့ အကြောင်းတွေဖြစ်လာတာ ဒင်းတို့တွေလေ ဘာပြောကောင်းမလဲ ဟင်းဟင်း........

နောက်တစ်မျိုးရှိသေးတာက လိင်ရမ္မက်သမားတွေ။ ဘယ်နှယ့် ကိုယ်ကလူတစ်ယောက်ပဲ ဥစ္စာ လူ့သိက္ခာလေးကိုငဲ့ပြီး စိတ်ဆန္ဒကိုထိန်းချုပ်မယ် ကိုယ့်ဘ၀ကိုတန်ဖိုးထားမယ် မစဉ်းစားဘူး တွေ့တာနဲ့ ဒိတ်မယ် ဟိုတယ်သွားမယ် ဟိုဒင်းဟိုလာလုပ်မယ် လိတ်မယ် ဖွာမယ်ကီးမယ်​ ဂျိမ်းမယ်ဆိုတာတွေချည်းပဲ မယုံမရှိနဲ့ အဲ့ဒါတကယ်နော်.......

အဲ့ဒီလိုတွေပြော​နေတော့ ဒီစာရေးနေတဲ့ကောင် Lovealone မင်းကရော သူတောင်ကောင်းကြီးလားလို့ မေးကောင်းမေးလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော်လည်း သူတောင်ကောင်းကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီး ပျက်စီးလေလွင့်နေတာမျိုးကိုတော့ သိပ်လက်မခံချင်ဘူး။ လူဆိုတာ ဘယ်ဘ၀မှာပဲ ရောက်နေရောက်နေ ကိုယ့်ဘ၀ကို အကောင်းဆုံးပြုပြင်နေထိုင်ရမှာပဲမဟုတ်လား။ ဖြစ်ချင်ဖြစ် လုပ်ချင်တာလုပ်မယ်ဆိုရင် အလကားသုံးစားမရတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့။

ထားပါတော့ ဒါကတော့ ကျွန်တော့်အမြင်သတ်သတ်ပါ။ ဂေးတွေမှာလဲ ကောင်းတဲ့သူတွေအများကြီးပါ ကျွန်တော်နဲ့ခင်မင်ရင်းနီးတဲ့လူတွေ ကြားထဲမှာ လူကောင်းသူကောင်းတွေရှိပါသေးတယ်။ ဘယ်လိုပဲပြောပြော အပုန်းဘ၀ဆိုတာကြီးက စိတ်ပျက်စရာကြီးပါ။ Bisexual ဆိုလဲတော်သေးတယ် နှစ်ဖက်ချွန်လို့ရတာပေါ့ အဟေးဟေး။

ကဲအပုန်းလောကကြီးကို ရင်ဖွင့်လို့ဝသွားပြီ.........

Lovealone

11 comments:

  1. မပွင့်လင်းရဲတဲ့ bi တွေလည်းသူ့ဒုက္ခနဲ့သူရှိပါတယ်

    ReplyDelete
  2. မြန်မာပြည်ထဲမှာဘဲလား... သယ်ရင်းက

    ReplyDelete
  3. မပွင့်တပွင့်ဘဝကလည်းပိုဆိုးပါတယ်ချစ်တဲ့သူကိုဖွင့်ပြောလို့လည်းမရချစ်လည်းချစ်ချင်တယ်အရှက်ရမှာလည်းကြောက်ရသေးတယ်

    ReplyDelete
  4. မှန်လိုက်တာ

    ReplyDelete
  5. U made me crazie :) admin

    ReplyDelete
  6. မှန်လိုက်တာ

    ReplyDelete