This is the best gay website for Myanmar gay peoples.

Friday, April 11, 2014

၁။ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဘာလဲ


သည်ကိစ္စမျိုးကို သားလေး နားလည်အောင် အရပ်သုံးစကားနဲ့ တန်းခနဲ ချရေးလိုက်ချင်ပေမယ့် နားခံသာတဲ့ စကားလုံးကို ရွေးရတာကိုက အလုပ်ကြီး တစ်ခု ဖြစ်နေသေးတယ်။ အမှန်မှာတော့ သားရယ်၊ တစ်ကိုယ်ရေ အာသာ ဖြေတယ်ဆိုတာ ငယ်ပါကို ကိုယ့်ဘာသာ လှုံ့ဆော်ပြီး သုက်ထွက်အောင် ဆောင်ရွက်တာကို ခေါ်တာပဲပေါ့။

အဲဒီ့ တစ်ကိုယ်ရေ အာသာဖြေတဲ့ကိစ္စဟာ ရှက်စရာလိုလို၊ ရွံ့စရာလိုလို၊ အကုသိုလ်အမှုလိုလို အကြောင်းတစ်ခု ဖြစ်နေတတ်တယ် သားရဲ့။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ကွာ၊ ဒါ လူတိုင်းလိုလို၊ အထူးသဖြင့် ယောကျာ်း တိုင်း လုပ်လေ့လုပ်ထရှိတဲ့ သဘာဝတစ်ရပ်ပါပဲ သား။

ပါးစပ်ပါ၊ ဝမ်းပိုက်ပါတဲ့အတွက် အစာစားတယ်၊ ရေသောက်တယ်၊ နှာခေါင်းပါတဲ့အတွက် နံစော်တဲ့အနံ့ကို မလိုလားဘဲ သင်းပျံ့တဲ့ ရနံ့ကို နှစ်ခြိုက်တယ်၊ နားရွက်ပါတော့ ဆူညံသံကို မခံနိုင်တတ်ကြဘဲ ငြိမ့်ငြောင်းတဲ့ အသံလေးတွေကို မက်မောတယ်၊ မျက်စိပါတော့ အနိဋ္ဌာရုံကို မကြည့်ချင်ဘဲ ဣဋ္ဌာရုံကိုမှ ရှုမြင် ခံစားချင်တယ်။ ဒါတွေဟာ လူ့ခန္ဓာမှာ ရှိနေတဲ့ ဒွါရ အသီးသီးရဲ့မောင်းနှင်မှုကြောင့် ဖြစ်ပေါ်နေတာတွေပါပဲ။ အလားတူပဲ၊ ကျင်ကြီး၊ ကျင်ငယ် စွန့်တယ်ဆိုတာဟာလည်း ညစ်ပတ်သောအရာတွေလို့ အများက နားလည်လက်ခံထားကြပေမယ့် အသက်ရှင်နေတဲ့ လူမှန်သမျှ ရှောင်လွှဲ လို့ မရဘဲ ပြုရမြဲ လူ့ကိစ္စတွေပါပဲသား။ အေး အဲသလိုပဲ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာဟာလည်း လူမှန်သမျှ ရှောင်လွှဲလို့မရဘဲ ပြုကြမြဲ လူ့ကိစ္စတစ်ခုပါပဲကွာ။


တစ်ခုတော့ ရှိသဟေ့။ ဘာလို့မှန်းတော့ မသိဘူးကွ။ အဲသလို တစ်ကိုယ်ရေ အာသာ ဖြေပါတယ်လို့ ဝန်ခံရမှာကိုကျတော့ ယောက်ျားတွေရော၊ မိန်းမတွေရော တွန့်နေ၊ ရွံ့နေ၊ ရှက်နေ၊ ကြောက်နေတတ်ကြတယ် သားရေ။


၂။ ဘယ်လိုလုပ်ကြလဲ

ယောက်ျားလေးတွေက တစ်ကိုယ်ရေအာသာဖြေတာကို လက်နဲ့ လုပ်လေ့ရှိကြတယ်သား။ တင်းနေတဲ့ ငယ်ပါကို လက်နဲ့ ညင်ညင်သာသာ ဆုပ်ပြီး လက်ကို အလျားလိုက် ရှေ့တိုး နောက်ငင် ပြုတဲ့နည်းပေါ့။ စခါစမှာတော့ ခပ်ဖြည်းဖြည်းပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း သွက်လာပြီး ဇာတ်သိမ်းနားကို ရောက်လု ရောက်ခင်မှာတော့ အသွက်ဆုံး ဖြစ်သွားတတ်သကွ။


၃။ ဇာတ်သိမ်း

ယောက်ျားလေးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာအရရော၊ လိင်မှုရေးရာအရပါ ရင့်ကျက် ဖွံ့ဖြိုးလာပြီဆိုတာနဲ့ ဇာတ်သိမ်းကို ရောက်သွားတဲ့အခါမှာ သုက်ရည်လို့ ခေါ်တဲ့ ဖြူပျစ်ပျစ်အရည်ကို ထုတ်လွှတ်တယ် သားရဲ့။ သုက်ရည်ထဲမှာ သာမန်မျက်စိနဲ့ မမြင်ရဘဲ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်မှသာ မြင်ရနိုင်တဲ့ သုက်ပိုးလေးတွေ ကုဋေချီပြီး ပါဝင်တယ်။ သည်နေရာမှာ သား တစ်ခု သတိထားဖို့က သုက်ရည်ဟာ တစ်ခါတရံများမှာ ပျစ်နေတတ်ပေမယ့် တစ်ခါတလေကျတော့လည်း ကျဲချင် ကျဲနေတတ်တယ်ဆိုတဲ့ အချက်ကိုပဲ။ အဲဒါဟာလည်း တကယ်တော့ သဘာဝပဲ သားရဲ့။ ကျန်းမာသန်စွမ်းမှု၊ ကြံ့ခိုင်မှုနဲ့ ဘာမှမစပ်ဆိုင်၊ မပတ်သက်တာမို့ အဲဒီ့အတွက် ဘာမှ စိုးရိမ်စရာ မရှိဘူးနော။

တစ်ဆက်တည်းမှာပဲ သုက်တွေ အများအပြား လွှတ်တဲ့အခါ ရှိမှာ ဖြစ်သလို၊ နည်းတဲ့အခါလည်း နည်းဦးမှာပဲ။ ဒါကိုလည်း သားအနေနဲ့ စိုးရိမ်စရာ မရှိပါဘူးကွာ။ ဒါကိုလည်း လူ့သဘာဝလို့ပဲ သားလေး နားလည်ထားစေချင်တယ်။ သုက်ထွက်များခြင်း၊ နည်းခြင်းဟာ သုက်ရည်ရဲ့အရည်အသွေး၊ တစ်နည်းအားဖြင့် မျိုးပွားနိုင်မှု စွမ်းရည်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ သုက်ပိုးတွေကို သာမန်မျက်စိနဲ့ မမြင်ရတဲ့အတွက် သုက်ရည်တစ်စက်ထဲမှာတင်ကို သုက်ပိုးတွေ သန်းနဲ့ချီပြီး ရှိနေနိုင်တာမို့ သုက်ထွက်နည်းခြင်း၊ များခြင်းနဲ့ သားကောင်းဖခင် ဖြစ်နိုင်စွမ်းနဲ့သော်လည်းကောင်း၊ ကျန်းမာ ကြံ့ခိုင်မှုနဲ့သော်လည်းကောင်း ဘယ်လိုမှ မပတ်သက်ဘူးလို့ ဖေဖေက သားကို တိတိကျကျ မှာနေရတာပါပဲ။

မျိုးဆက်ပွား ကျန်းမာရေးသဘောအရ ပြောရရင်တော့ သားရယ်၊ အမျိုးသမီးတွေရဲ့သားအိမ်က ထွက်တဲ့ မမျိုးဥတစ်ဥနဲ့ သုက်ပိုး တစ်ကောင် တွေ့ရုံနဲ့တင် သားသမီး ရနိုင်တယ်ဆိုတာကိုလည်း သားလေး သိထားသင့်ပါတယ်။ ပြန်စဉ်းစားကြည့်နော်၊ ဖေဖေ စောစောက ပြောခဲ့ပြီးသား သုက်တစ်စက်မှာတင် သုက်ပိုးတွေ သန်းနဲ့ချီပြီး ပါတယ်။ အဲဒီ့သန်းနဲ့ ချီနေတဲ့အထဲကမှ တစ်ကောင်လေးဟာ မမျိုးဥထဲက သိန်းနဲ့ချီ ထွက်လာတဲ့ မမျိုးဥတွေထဲ က ဥလေးတစ်ဥနဲ့ တွေ့ဆုံမိရုံနဲ့တင် အောင်မြင်တဲ့ သန္ဓေသားကို ဖြစ်ပွားစေနိုင်တယ်။

အဲတော့ ဖေဖေပြောခဲ့တဲ့အတိုင်း အပျစ်၊ အကြဲ၊ အနည်း၊ အများဟာ သားရဲ့ သားကောင်းဖခင်ပီသမှုအပေါ်မှာ ဘာဆိုဘာမှ ဆက်စပ်ပတ်သက်မှု မရှိဘူးဆိုတာ သားလက်ခံနိုင်ပါလိမ့်မယ်။ ဘာကြောင့် ဒါကို သေချာပြောနေရသလဲဆိုတော့ သားတို့အရွယ်တွေက ကြားဖူးနားဝနဲ့၊ သူငယ်ချင်းတွေ ပြောသမျှနဲ့ ထင်မှတ်မှားပြီး အလကားနေရင်း စိတ်ဆင်းရဲနေတတ်ကြလို့ ပြောနေတာပါ။

သား သိသင့်တဲ့ လူ့သဘာဝအားလုံးကို အမှန်အတိုင်း၊ အရင်းအတိုင်း သိပြီး ဘာကိုမှ စိတ်သောက ရောက်မနေရအောင် ဖေဖေက သားကို အခုလို သည်ကိစ္စတွေပါ မခြွင်းမချန် ပွင့်ပွင့်ရှင်းရှင်း ပြောပြနေရတာပဲ သားရေ။


၎။ တစ်ကိုယ်ရေ အာသာဖြေခြင်းကို စတင်တွေ့ရှိကြပုံ

ယောက်ျားလေးအတော်များများဟာ တစ်ကိုယ်ရေ အာသာဖြေနည်းကို သူငယ်ချင်းတွေဆီကဖြစ်စေ၊ အစ်ကိုတွေဆီကဖြစ်စေ နည်း ရလာကြတာလို့ စာအုပ် တစ်အုပ်ထဲမှာ ဖေဖေ ဖတ်ဖူးတယ် သား။ အဲလိုမှ မဟုတ်ရင်လည်း ကိုယ့်ဘာသာ အလိုလို တတ်ကုန်ကြတာမျိုးလည်း ရှိသတဲ့။ တော်တော့်ကို စောသေး၊ ငယ်သေးတဲ့ အရွယ်မှာတင် ငယ်ပါကို လက်နဲ့ ဆော့ကစားတဲ့အခါ တင်းမာလာတာကို တွေ့ရတော့ ၃-၄-၅ နှစ်အရွယ် ကလေးငယ်လေးတွေတောင် တစ်ခါတလေ ဆော့ကြည့်တတ်ကြတာမျိုးပဲကွ။ အဲဒီ့ကလေး ပေါက်စနအရွယ်မှာတော့ တစ်ကိုယ်ရေ အာသာဖြေတယ်တော့ ဘယ်ဟုတ်ပါ့မလဲကွာ။ သို့သော် အရွယ်လေး တစ်စတစ်စ ရလာတဲ့အခါ ကိုယ့်ဘာသာ ကိုယ် စမ်းသပ်ရင်းနဲ့ တွေ့သွားတာလို့ အဆိုရှိတယ် သားရဲ့။

ဖေဖေကတော့ ငါးတန်းလောက်မှာ ကျောင်းအိပ်ကျောင်းစား နေဖြစ်ရင်းကနေ ကျောင်းသားကြီးတွေဆီက အတုမြင် အတတ်သင်လာတာပါပဲ သား။ ဒါပေမယ့် အဲဒီ့အရွယ်က လူပျိုဖော်လေးမှ ဝင်ခါစလေး၊ ကလေးသာသာ ဆိုတော့ အတွေ့အကြုံသစ်မို့ စမ်းသပ်ကြည့်မိတာက လွဲရင် သိပ်ကြီး စွဲစွဲလန်းလန်း၊ သည်းသည်းမည်းမည်း မရှိခဲ့ဘူး။

တကယ် စွဲလန်း သည်းမည်းသွားတာက လူပျိုဖော် လုံးလုံးဝင်သွားပြီ ဖြစ်တဲ့ ၁၃-၄နှစ်လောက်ရောက်တဲ့အခါကျတော့မှ သားရဲ့။


၅။ ဖက်စပ် အာသာဖြေခြင်း

ဆယ်ကျော်သက်အရွယ် စောစောပိုင်းကာလမှာ ယောက်ျားလေးချင်း အပြန်အလှန် အာသာဖြေပေးကြတတ်ကြပြန်သေးတယ် သား။ တကယ်တော့ ဒါဟာလည်း သိပ်အဆန်းတော့ မဟုတ်ပြန်ဘူး။ ဆိုလိုတာက သားရယ် ကိုယ့်လက်နဲ့ တစ်ဖက်သားကို ဇာတ်သိမ်းသွားစေတာမျိုးပေါ့။

ဒါကိုလည်း သဘာဝပဲလို့ နားလည်စေချင်ပါတယ်။ အဲသလို လုပ်မိတဲ့အတွက် မူမမှန်ဘူးလို့ မအောက်မေ့ထိုက်သလို အဲသလို မလုပ်ဖူးလိုက်မိလို့လည်း မိမိကိုယ်ကို လူထူးလူဆန်းလို့ မတွေးသင့်ဘူးသားရဲ့။ သည်ကိစ္စဟာ လိင်တူချင်း စုံမက်တတ်သူ မိန်းမလျာတွေ အချင်းချင်း လုပ်လေ့ရှိတာမျိုးပေမယ့် ဆယ်ကျော်သက်အရွယ် ရောက်ခါစမှာ သည်လိုမျိုး လုပ်ခဲ့ဖူးတဲ့ ယောက်ျားလေးတွေ မိန်းမလျာဖြစ်ကုန်တယ်ဆိုတဲ့ အထောက်အထားကတော့ ဆေးပညာနယ်ပယ်မှာရော၊ လူမှုစိတ်ပညာနယ်ပယ်မှာပါ လုံးလုံးလျားလျား မရှိပါဘူးကွယ်။

ဒါလည်းဖေဖေ့ကိုယ်တွေ့ပါပဲ။ ဖေဖေရှေ့မှာ ပြောခဲ့တဲ့အတိုင်း ကျောင်းအိပ်ကျောင်းစား ဘဝတုန်းက အဲလို ဖက်စပ်အာသာဖြေတဲ့အလုပ်ကို ဖေဖေ ကိုယ်တိုင် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖေဖေ မိန်းမလျာဖြစ်မလာတာ သား အသိဆုံးပဲလေ။ အဲတော့ ဖေဖေ့ကိုယ်တွေနဲ့ နှိုင်းပြီး ပြောတာမို့ သည်ကိစ္စကို သားလေး စိတ်ချလက်ချ ယုံကြည်စေချင်တယ်။

ပြောချင်တာကကွာ၊ သားများ တကယ်လို့ အဲလို လုပ်မိတယ်ဆိုခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ငါတော့ မိန်းမလျာစိတ်များ ပေါက်နေလို့လား၊ ဘာလား၊ ညာလားဆိုပြီး စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဟေ့။

တစ်ခုခုဆိုရင်ကွာ၊ ဟို… စိုင်းထီးဆိုင်သီချင်းကိုသာ ဆိုလိုက် သားရဲ့။ ဘာတဲ့…

“သဘာဝဟာ သဘာဝပါ”လို့ပေါ့။


၆။ မိန်းကလေးများနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်း

ယောက်ျားလေးတွေချည်း မဟုတ်ဘူးသားရဲ့။ တချို့မိန်းကလေးတွေလည်း တစ်ကိုယ်ရေ အာသာဖြေတတ်ကြပါတယ်။ သူတို့ကျတော့ လက်ချောင်း ထိပ်ကို စိုစိုလေး ဖြစ်နေအောင်လုပ်ပြီး ယောနိအဝရဲ့ ထိပ်ဘက်မှာရှိတဲ့ စတော်ပဲစေ့အသေးစားအရွယ် အကြောဆိုင် အစုအထုံးလေးကို ပွတ်သပ်တဲ့ နည်းနဲ့ အာသာဖြေကြတာပါ။ သူတို့လည်း ပထမတော့ ဖြည်းဖြည်းမှန်မှန်၊ နောက်တော့ မြန်မြန်သွက်သွက်၊ ဇာတ်သိမ်းခါနီးကျတော့ အသွက်ဆုံး ဖြစ်သွားတာပါပဲ။ တစ်ခါတလေတော့လည်း ယောနိထဲကို လက်ချောင်းလေးတွေ ထိုးသွင်းကြတာမျိုးလည်း ရှိသတဲ့ သားရဲ့။

ဒါပေမယ့် ဖေဖေတို့ခေတ် မိန်းကလေးတွေမှာတော့ အင်မတန် လုပ်ခဲတယ်လို့ ဆိုရမယ်။ အဲလိုဆိုတော့ သားက မေးချင်ပေလိမ့်မယ်။ ဖေဖေက ဘယ့်နှယ့်လုပ် သိလဲ”လို့။

ဖေဖေ့မှာ အဖြေရှိပါတယ် သားရယ်။ ဖေဖေဟာ သားသိတဲ့အတိုင်း လူစုံ၊ လူရှုပ်ဆိုတော့ မိန်းကလေးအတော်များများနဲ့ အတွင်းကျကျ ယဉ်ပါးခဲ့ဖူးတာကိုး။ သည်အခါမှာ ချော့ချက် မေးမြန်းကြည့်ရာက သိရတာပဲ သားရဲ့။ ဒါပေမယ့် ခြွင်းချက်တော့ ရှိတာပေါ့ကွယ်။ အရှက်တရားဆိုတဲ့ အရာက ဖုံးလွှမ်းထားတဲ့အပြင် သည်ကိစ္စကို အကုသိုလ်လိုလို ထင်နေကြတဲ့အခါမှာ တော်ရုံတန်ရုံလူကတော့ ဘယ် အမှန်ပြောမလဲလေ။ လုပ်နေဦးတောင် တစ်ခါမှ မလုပ်ဖူးပါဘူးလို့ ဘူးကွယ်ချင်လည်း ကွယ်နေနိုင်တာပဲ သားရဲ့။

အဲ… ဒါပေမယ့် အခုကာလ မြို့နေမိန်းကလေးတွေထဲမှာတော့ ဗဟုသုတ တော်တော်များတဲ့ မိန်းကလေးတွေဟာ ဒါကို စိတ်ရဲရဲနဲ့ လုပ်လာကြတာ တွေ့ရတယ်ကွ။ သားက မေးဦးမယ်။ ဖေဖေ ဘယ်လိုလုပ် သိလဲလို့။ ဖေဖေ့အဖြေကတော့ တစ်သမတ်တည်းပါပဲကွာ။ တချို့ကိုဆိုလည်း သည်အတိုင်းပဲ၊ မေးစမ်းကြည့်တဲ့အခါမှာ လုပ်လေ့ရှိပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဖြေတဲ့ မိန်းကလေးတွေအထိ ဖေဖေ အများကြီးတွေ့ဖူးပါတယ် သား။

ဒါပေမယ့် အနောက်နိုင်ငံတွေမှာ ပြုလုပ်တဲ့ စစ်တမ်းတွေ၊ သုတေသနတွေအရ ပြောမယ်ဆိုရင်တော့ လိင်မှုရေးရာအရ မိန်းကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းမှာ ယောက်ျားလေးတွေထက် ဖွံ့ဖြိုးမှု စောသည့်တိုင် တစ်ကိုယ်ရေ အာသာဖြေမှုကို လုပ်ဖြစ်တဲ့ ဆယ်ကျော်သက်မိန်းကလေးက ယောက်ျားလေးထက်စာရင် နည်းတယ်ဆိုတာကို တွေ့ရတယ် သားရဲ့။ ဖေဖေတို့ အရှေ့တိုင်းမှာဆိုရင်တော့ ပိုတောင် နည်းသပေါ့။ ဒါပေမယ့် လုပ်ဖြစ်တယ်ဆိုရင်လည်း သူတို့တွေဟာ ယောက်ျားလေးတွေလိုပဲ သည်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကူး မျိုးစုံ ယဉ်တတ်ကြသလို စိတ်ကို နိုးကြားစေတဲ့ ဓာတ်ပုံတွေ၊ စာအုပ်တွေကိုလည်း သုံးတတ်ကြတယ်ကွ။
ဒါလည်း ဖေဖေကိုယ်တိုင် တွေ့ဖူးမြင်ဖူးတာများအပြင်၊ ဖွင့်ဟဝန်ခံ ပြောပြတဲ့ မိန်းကလေးတွေဆီက သိထားရတဲ့အချက်တွေပါပဲ။

ပြောချင်တာက သားရယ်၊ မိန်းကလေးတွေမှာလည်း သည်စိတ်တွေ ရှိတာဟာ ဖေဖေ ရှေ့မှာပြောခဲ့တဲ့အတိုင်း လူမှန်ရင် အစာစားသလို၊ ရေသောက်သလို၊ အခင်းကြီး၊ ငယ် စွန့်သလို လူ့သဘာဝတစ်ရပ်ပဲ ဆိုတာပါ။ ဒါကြောင့် သားတို့အနေနဲ့လည်း ကိုယ့်မှာ သည်စိတ်မျိုး ရှိနေတာကို အပြစ် မကင်းသလို၊ ရှက်စရာ ရွံ့စရာလို၊ အကုသိုလ်ကြီးတစ်ခုလို ခံစားမနေစေချင်ဘူး။ သဘာဝက ဖန်တီးထားတဲ့ကိစ္စပဲလို့ သားငယ်လေး နားလည်ပေးပါကွာ။


၇။ ယုံတမ်းစကားတွေ

သည်ကိစ္စနဲ့ပတ်သက်လို့ ပြောရင်ပဲ အောက်တန်းကျသလိုလို၊ အပြစ်မကင်းချင်သလိုလို ရှိနေရတဲ့အထဲမှာ တစ်ကိုယ်ရေ အာသာဖြေတာနဲ့ ပတ်သက်လို့ ယုံတမ်းစကားတွေကလည်း အမြောက်အများပဲ သားရ။ ဖေဖေ ပြောခဲ့သလိုပဲ၊ တကယ်တော့ ဒါဟာ ညစ်ပတ်၊ ဆိုးရွားတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လိင်မှုကိစ္စမှာ ဇာတ်သိမ်းကို ရရှိအောင် လုပ်ယူတဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာသူ လူတစ်ယောက်ရဲ့ အပြုအမူသက်သက်ပါပဲ သားရာ။

တစ်ကိုယ်ရေ အာသာဖြေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာမှာ ဘာဆိုဘာမှ မထိခိုက် မပျက်စီးပါဘူး။ မျက်စိလည်း မကွယ်ဘူး၊ နားလည်း မကန်းဘူး၊ ရူးလည်း မသွားဘူး၊ မျိုးမပွားနိုင်တဲ့သူလည်း ဖြစ်မသွားဘူး၊ ဝက်ခြံလည်း မပေါက်၊ မှည့်ခြောက်လည်း မထွက်ဘူး၊ မျက်စိလည်း မမှုန်ဘူး၊ အို… တစ်ကိုယ်ရေ အာသာဖြေရင် ဖြစ်လိမ့်မယ်လို့ ကြားဖူးနားဝ ရှိသမျှ တစ်ခုဆို တစ်ခုမှ မဖြစ်ဘူးဆိုတာ ရဲရဲကြီး ယုံလိုက်ပါ။

အဲလိုသာ ဖြစ်ကြစတမ်းဆိုရင် မင့်ဖေဖေ အခုလောက်ရှိ တစ်ခုခုဖြစ်နေတာ ကြာလှပကော သားရယ်။

တစ်ကိုယ်ရေအာသာဖြေတာဟာ ချစ်တင်းနှောတာလိုပါပဲ၊ အာရုံခံစားမှု သက်သက်ပါပဲကွာ။ စိတ်ပိုင်းဆိုင်ရာ မူမှန်ပြီး ကျန်းမာသန်စွမ်းတဲ့လူ တစ်ယောက်အနေနဲ့ အာရုံခံစားတယ်ဆိုတာဟာ ကောင်းတဲ့အလုပ်ပါ။ မူမှန်တဲ့သူမို့ လျှာအရသာကို ခံစားပြီး စားတတ်တယ်၊ သီချင်းနားထောင်တယ်၊ အမွှေးနံ့သာကို ကြိုက်တယ်၊ ရုပ်ရှင်၊ ဗှီဒီယိုကြည့်တယ်။ အဲသလိုပါပဲ။ တစ်ကိုယ်ရေ အာသာဖြေတာ၊ ချစ်တင်းနှောတာဟာလည်း အာရုံခံစားတာပဲလေ။

အေး… တစ်ခုပါပဲ၊ လိုသည်ထက် ပိုပြီး ခံစားနေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်မှုများလွန်းတဲ့သဘော၊ ကိုယ့်စိတ်ကိုယ် အလိုလိုက်လွန်းတဲ့ သဘောကို ဆောင်သွားတယ်။ အကြမ်း ပြောရရင်တော့ကွာ တစ်ကိုယ်ရေအာသာဖြေတာကို မှန်မှန်လုပ်နေတယ် ဆိုရင်တော့ အဲဒါဟာ စိတ်ကို ထွက်ပေါက်ပေးနေတာလို့ သတ်မှတ်နိုင်ပြီး သိပ်လွန်ကဲရင်တော့ ကိုယ့်စိတ်ကိုယ် အလိုလိုက်လွန်းရာကျတယ်၊ စိတ်မထိန်းနိုင်ရာကျတယ်လို့ သတ်မှတ်နိုင်တာပေါ့ကွယ်။

ဒါပေမယ့် ထပ်ပြောလိုက်မယ်၊ မှန်မှန်ပဲဖြစ်ဖြစ်၊ တစ်ခါတလေ သိပ်လွန်ကဲနေမိလို့ဖြစ်ဖြစ်၊ အဲဒါကိုတောင်တွေး၊ မြောက်တွေးနဲ့ စိတ်မလေးစေချင်ဘူး။ သဘာဝဟာ သဘာဝပဲဖြစ်သလို ကိုယ့်အတွက် နည်းနည်းမှ ဥပါဒ် မဖြစ်နိုင်တာကို သားလေး စွဲစွဲမြဲမြဲ နားလည်ထားဖို့ လိုတယ်။

ဖေဖေငယ်ငယ်က အဲလို တစ်ကိုယ်ရေအာသာဖြေတာကို ဖေဖေ့ အဖေက သိသွားတော့ ဉာဏ်ထိုင်းသွားမယ်၊ လူစင်မမီ ဖြစ်သွားမယ်၊ ပန်းသေသွားမယ်၊ ဘာညာတွေ စွတ်ပြောခဲ့သကွ။ အဖေ့စကားဆိုတော့လည်း ဖေဖေ့မှာ ပုံပဲ ယုံရတော့မလိုလိုကြီးရယ်။ အာရုံကိုကျတော့လည်း ကိုယ်က ခံစားချင်၊ ခံစားလိုက်ပြီးပြန်ရင်လည်း အဖေ့စကားတွေကြောင့် အခုပဲ လဲသေလိုက်ရတော့မလိုလိုနဲ့ နောင်တတွေ ရတဲ့အခါလည်း ရလို့ပဲဟေ့။ သေချာ ပြန်စဉ်းစားလိုက်တော့ အဖေတောင် အမေ့ကိုယူထားသေးတာ၊ သူလည်း ဉာဏ် မထိုင်း၊ လူစဉ်ကလည်း မီလိုက်တာမှ လေးလုံးခြောက်ဖက်၊ ပန်းလည်း မသေတာကို တွေးမိသွားတယ်။

အဲသလို သေချာ စဉ်းစားလေ၊ တောင်ပြော၊ မြောက်ပြော လျှောက်ပြောနေတဲ့ အဖေ့ကို အယုံအကြည်က နည်းလေ ဖြစ်လာတယ်သားရဲ့။

သားလေးလည်း ကြားဖူးနားဝ တောင်တောင်အီအီတွေကြောင့် ဖေဖေ့လို အူလည်လည်နဲ့ သောက များနေမှာစိုးလို့ ဖေဖေက ကျကျနန ပိုင်ပိုင်နိုင်နိုင် ပြောထားတယ်နော်။ တစ်ကိုယ်ရေ အာသာဖြေမိလို့ ဘာဆိုးကျိုးမှ မဖြစ်နိုင်ပါဘူးလို့။ အေး… တွေ့ကရာ မိန်းမနဲ့ လိင်ဆက်ဆံမိတာကမှ ရောဂါဆိုးတွေ ကူးစက်လာနိုင်ပါသေးတယ်၊ ကိုယ့်ဘာသာ တစ်ယောက်တည်း အာသာဖြေတာက ဘာဆို ဘာပြဿနာမှ မရှိတဲ့အတွက် အဲဒါကိုများ သား လုပ်မိနေခဲ့ရင် စိတ်ရှင်းရှင်းနဲ့ ဆက်သာလုပ်လို့ ခေတ်မီ ဖအေ တစ်ယောက်အနေနဲ့ အားပေး တိုက်တွန်းပါရစေ သား။

ခိုင်လုံအောင် ပြောရရင် သားရယ်။ စိတ်ရောကိုယ်ပါ ကျန်းမာနေသူမှသာလျှင် အဲသလို အာရုံ ခံစားချင်စိတ်တွေ နိုးကြွနေတတ်တယ်။ ဆိုကြပါစို့ကွာ၊ စာမေးပွဲနား သိပ်နီးနေလို့ စာကို တအား သည်းကြီးမည်းကြီး ကျက်နေရချိန်မှာ သားမှာ သည်စိတ်တွေ ဘယ်ရှိပါ့မလဲ။ ဒါမှမဟုတ် အိပ်ချင်စိတ်တွေ သိပ်များနေတယ်ဆိုရင်လည်း ဘယ်ရှိမလဲလေ။

အေး… အလားတူပဲ၊ မမာမကျန်း ဖြစ်နေတဲ့သူမှာလည်း ကိုယ့်ဝေဒနာနဲ့ ကိုယ် သည်အာရုံတွေ ခမ်းခြောက်နေတာပဲ သားရဲ့။ ဒါကြောင့် သည်စိတ်တွေ၊ သည်အာရုံတွေ ရှိနေခြင်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာတဲ့သဘော၊ ကိုယ်ရောစိတ်ပါ နားနားနေနေ ရှိနေတဲ့သဘောဆိုတာ သိပ်ကို ထင်ရှားတဲ့ အချက်ပဲ သားရ။

တစ်ဖက်ကလည်း တစ်ကိုယ်ရေ အာသာဖြေတတ်တဲ့ အမျိုးသမီးတွေဟာ ဇာတ်သိမ်းပုံကို မိမိဘာသာ စတင်တွေ့ရှိ သဘောပေါက်လာနိုင်တာမို့ နောင် အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အခါ အိမ်ထောင်ရေး သုခကို တင်းပြည့်ကျပ်ပြည့်ခံစားရနိုင်တဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်တယ် လို့ ပညာရှင် အသီးသီးက တစ်သမတ်တည်း အတည်ြုပထားတယ် သားရဲ့။ ဒါတင်မကသေးဘူး၊ သားတို့၊ ဖေဖေတို့လို ယောက်ျားသားတွေအတွက်ကျတော့လည်း တစ်ကိုယ်ရေ အာသာဖြေရင်းက ဇာတ်သိမ်းခါနီးမှာ ဘယ်လို ဆိုင်းငံ့ထားနိုင်တယ်ဆိုတာကိုလည်း မိမိဘာသာ နားလည် တတ်ပွန်လာစေနိုင်တာမို့ အိမ်ထောင်ရေးဘဝကို သာယာစေနိုင်တယ်လို့လည်း ဆိုကြပြန်တယ်။

ဒါတင်မကသေးဘဲ ယောက်ျားလေးများအတွက် ချစ်တင်းမနှောခင် သုက်ထွက်စောတဲ့ ပြဿနာကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုတယ်ကွဲ့။


၈။ တစ်ကိုယ်ရေအာသာဖြေခြင်းရဲ့ အသုံးဝင်ပုံ

တစ်ကိုယ်ရေအာသာဖြေတယ်ဆိုတာ အတ္တဆန်သင့်သလောက် ဆန်ပေမယ့် တစ်ဖက်ကလည်း အသုံးဝင်တယ်ကွ။ မှန်မှန်ကြီး တစ်ကိုယ်ရေ အာသာဖြေတဲ့အတွက် လူတစ်ယောက် (ကျား၊ မ မဟူ)ဟာ သူ့လိင်စိတ်ကို ဘယ်လို အခြေအနေမျိုးမှာ အကောင်းဆုံး နှိုးဆွနိုင်တယ်ဆိုတာကို မိမိဘာသာ သဘောပေါက်နေနိုင်တယ်လေ။ တစ်ဆက်တည်းမှာပဲ ဇာတ်သိမ်းကို ဘယ်နည်းနဲ့ ကျေကျေနပ်နပ်ကြီး ရောက်နိုင်သလဲဆိုတာကိုလည်း ကိုယ့်ဘာသာ သိနေနိုင်တယ် သားရဲ့။

တချို့မိန်းမတွေဆိုရင် (အရှေ့တိုင်းမှာဆိုရင် မိန်းမအများစုဟာ) အိမ်ထောင်ရက်သားကျပြီး ကလေး တစ်ဒါဇင်လောက်သာ မွေးသွား ခဲ့တယ်၊ သူတို့ဘဝမှာ ဇာတ်သိမ်း အရသာကို လုံးဝ မခံစားခဲ့ရရှာဘူး။ ဘာမှန်းလည်း သိမသွားကြရှာဘူး။ အဲဒါဟာ ဘာလဲဆိုတတော့ တစ်ကိုယ်ရေ အာသာမဖြေဖူးတဲ့ ရလာဒ်ပဲကွ။ တကယ်တော့ အဖိုနဲ့ အမ ချစ်တင်းနှောခိုက်မှာ ယောနိထိပ်မှာရှိတဲ့ အကြောဆိုင်အထုံးလေးကို ထိခဲလှပါတယ်။ အဲဒီ့ အထုံးကို မထိမိရင် အမျိုးသမီးတွေအတွက် ဇာတ်သိမ်းနိုင်တဲ့လမ်းက လုံးလုံး မရှိဘူးကွ။ တစ်ကိုယ်ရေ အာသာဖြေဖူးသူ အမျိုးသမီးသာဆိုရင်တော့ ကိုယ့်အတွက် ဘာလိုအပ်တယ်ဆိုတာ လင်သားလုပ်သူကို ပြောပြနိုင်၊ လမ်းပြပေးနိုင်တဲ့အတွက် အဲဒီ့ဘက်က ကြည့်မယ်ဆိုရင် တစ်ကိုယ်ရေအာသာဖြေခြင်းဟာ အသုံးဝင်တယ်လို့ ပြောရပေမပေါ့ကွာ။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တစ်ကိုယ်ရေ အာသာဖြေတာဟာ စိတ်ချမ်းသာမှုကို ရစေတယ်၊ ပြီးတော့လည်း သည်ကိစ္စနဲ့ ပတ်သက်ပြီး စိတ် ထဲမှာ တင်းကြပ်နေတာတွေကို အလိုက်သင့် ဖြေလျော့ပေးရာလည်း ရောက်တယ် သားရဲ့။ လူဆိုတာလည်း သတ္တဝါထဲမှာ ပါနေလေတော့ကာ တခြား သတ္တဝါများမှာလိုပဲ သည်စိတ်တွေနဲ့ အာသာဆန္ဒတွေက သဘာဝအရကို အလိုလို ရှိနေတာပါ။ ဒါကြောင့် လိင်ဆက်ဆံမှု မဖြစ်နိုင်သေးခင်၊ ဒါမှမဟုတ် လိင်ဆက်ဆံဖို့ မသင့်တော်သေးခင် သားတို့လို လူပျိုပေါက်အရွယ်မှာ တစ်ကိုယ်ရေ အာသာဖြေဖျောက်လိုစိတ်တွေက အနည်းနဲ့အများတော့ ပေါ်နေမှာပါပဲ။ အဲဒါကို တင်းခံမယ့်အစား ဖြေဖျောက်လိုက်တာဟာ စိတ်လက် ကြည်သာလာစေနိုင်တာမို့ ဘာကိုမှ စိုးရိမ်မနေဘဲ သဘာဝလို့သာ နားလည် လက်ခံပြီး ရဲရဲကြီး ဆောင်ရွက်ပါလို့ သားကို ဖေဖေ အထပ်ထပ် မှာပါရစေနော်။


                                                                                         By -
                                                                                 အတ္တကျော် (သားငယ်တို့  နားလည်ဖို့စာအုပ်မှ)

0 comments:

Post a Comment