This is the best gay website for Myanmar gay peoples.

Tuesday, June 3, 2014

On 9:29 AM by Unknown in    4 comments


ရသမျက်နှာက ကျောက်ရုပ်တစ်ရုပ်လို ခံစားချက်မဲ့နေပြီး အေးစက်နေသည်။ ရသကသူ့ထက်အနည်းငယ် အရပ်ရှည်သဖြင့် အနီးကပ်နေလိုက်သောအခါ ရသမျက်နှာကို သူမော့ကြည့်နေရသည်။ ရသကလဲ သူ့ကို ခေါင်းငုံ့ပြီးစိုက်ကြည့်နေလျက်သား……… နှစ်ဦးစလုံးရဲ့အကြည့်တွေ စုံသွားခိုက်……. အဲ့ဒီအခိုက်အတန့်လေး……. အဲ့ဒီတဒင်္ဂလေး…….. သူမူးမေ့ချင်သလိုလို……… အာရုံတွေရှုပ်ရှပ်ခတ်လာသည်။ အသက်ရှူသံတွေကိုသူကြားနေရသည်။ နှလုံးခုန်သံတွေ………. ရသဆီကနှလုံးခုံသံတွေ သူအတိုင်းသားကြားနေရသည်။ သူ့လက်တွေ ရသရဲ့မျက်နှာပြင်ရှိရာသို့ လှမ်းလိုက်သည်။

တဖြေးဖြေးဖြင့်ရသမျက်နှာပြင်ရှိရာသို့ရောက်ရှိလာသည်။ ရသကသူ့လက်တွေကို ငေးကြည့်နေပြန်သည်။ သူ့လက်တွေရသပါးပြင်နှင့်ထိတွေ့ခါနီးချိန်မှာတော့ ရသမျက်လုံးလေးစင်းသွားသည်။ သူရသပါးပြင်ကိုထိရမှာ မရဲတရဲဖြစ်နေတုန်းမှာပဲ ရသရဲ့လက်တစ်ဖက်က သူ့လက်တွေကိုဖမ်းဆုပ်လိုက်ပြီး သူ့ပါးပြင်တွေဆီကို အပ်ပေးလိုက်သည်။ အိုး…….. ဘယ်လိုပြောရမလဲ……. ဒါမျိုးကိုရင်ခုန်တယ်လို့ပြောရမလား…….

ခဏကြာသော် ရသမျက်လုံးများပြန်ဖွင့်လာပြီး ကျန်လက်တစ်ဖက်က သူ့ပုခုံးထက်ကို လာကိုင်ပါသည်။ ထို့နောက် ရသဦးခေါင်းလေးက တစ်ဖြေးဖြေးနိမ့်ဆင်းလာပြီး သူ့မျက်နှာဖြင့်နီးကပ်လာသည်။ သူ့နှုတ်ခမ်းတွေကို တစ်ချက်သပ်လိုက်ရင် တံတွေးတစ်ချက်မျိုချမိလိုက်ပြန်သည်။ သူအငွှေ့ပြန်သလို လေထဲတွင်လွင့်မြောသွားသလို.. စိတ်ထဲတွင် ခံစားမိသည်။


ရသနှုတ်ခမ်းတွေနဲ့သူ့နှုတ်ခမ်းလေးတို့ တဖြေးဖြေးနီးကပ်လာပါသည်။ သူ……. ငါ့ကိုနမ်းတော့မယ်…… သူမကြည့်ရဲတော့ပါ…… ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမှာလဲ…….. ဟင့်အင်း မသိရဲဘူး……. သူကြောက်နေမိပါသည်။ သူခြေမတွေကိုကုတ်ထားမိသည်။ ဒါပေမယ့် ရုန်းဆန်ဖို့တော့မကြိုးစားမိ။ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။ ရသ…… ရသ…… ရသ……. ရသဆိုတဲ့နာမည်တွေကိုပဲ သူ့စိတ်ထဲတွင်ခေါ်နေမိသည်။ အို…… ဘာကြောင့်များ သူဆောက်တည်ရာမရဖြစ်နေတာပါလိမ့်.

အိုး……..

နှုတ်ခမ်းသားနွေးနွေးလေး…….

စိုစွတ်နေတဲ့ အထိအတွေ့……

အသစ်အသစ်သော ရင်ခုန်သံတွေနဲ့……..

သူ့ရင်တွေဗြောင်းဆန်ကုန်ပြီ……. သူ့နှလုံးသားတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ…….

ကမ္ဘာကြီးက ချာချာလည်နေပါလား……. လောကကြီးမှာ မိုးစက်တွေကလွဲပြီး ဘာမှမရှိတော့သလို..

အဲ့ဒီတစ်ခဏလေးမှာ…… အားလုံးတိတ်ဆိတ်သွားသည်။

တဒိတ်ဒိတ်ခုန်နေသာ နှလုံးခုန်သံတွေက ရသရဲ့အနမ်းတွေနဲ့စီးမြောရင်း..

လေထုထဲကမိုးစက်လေးတွေနဲ့အတူ.. ပုံပြင်လေးအဖြစ်ပြောင်းလဲသွားသည်………

သူရင်ထဲအိမ်မက်ရထားကြီးက တစ်ဂျိမ်းဂျိမ်းခုတ်မောင်းနေဆဲ….. လျှို့ဝှက်စွာထွက်ပေါ်လာသော ရင်ခုန်သံတွေနဲ့အတူ ကောင်းကင်ပေါ်သို့ ဝဲတက်သွားမိသည်။ နူးညံ့နေတဲ့နှုတ်ခမ်းသားရဲ့ အထိအတွေ့က သူ့ကိုလက်ပြန်ကြိုးတုပ်ထားသလို မလှုပ်နိုင်မယှက်နိုင်ဖြစ်အောင် ပြုစားထားသည်။ အနမ်းရဲ့ရေယာဉ်ကျောမှာ စီးမြောနေရင်း လောကကြီးဆိုတာလဲမသိတော့….. ပတ်ဝန်းကျင်ဆိုတာလဲ လုံးလုံးမေ့…… မိုးစက်တွေကိုတောင် ဂရုမစိုက်နိုင်တော့တဲ့အဖြစ်……

ရသကသူနှုတ်ခမ်းနဲ့အနမ်းခြင်းခွာလိုက်ပါသည်။ ရသနှုတ်ခမ်းလေးသူ့ဆီကခွာသွားတော့ သူ့ရင်ထဲလစ်ဟာ သွားမိသည်။ ရသရဲ့မျက်လုံးတွေကလဲ ရီဝေနေဆဲ…… သူရသရဲ့လက်တွေကို ဖမ်းဆုပ်ထားလိုက်မိသည်….. အလို…. သူ့လက်တွေအေးစက်လို့ပါလား…….


“ဟို…..”

သူခေါင်းငုံ့ထားလိုက်ပါသည်။ ရသသူ့ကိုတစ်ခုခုပြောတော့မည်လေ။ သူလဲရသကို ဘာပြန်ပြောရမလဲ မသိပါ။ ဒါကြောင့် ခေါင်းငုံ့ထားလိုက်တာအကောင်းဆုံးပဲလို့ သူယူဆပါသည်။ သူတို့နှစ်ယောက်အတွက် ဒီအချိန်ဟာ သိပ်ကို အနေရအကြပ်အဆုံးအချိန်ပေါ့။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရမှာ ပူနေမိသည်။ သူတို့တွေ ဘယ်လို မျက်နှာမျိုးနဲ့တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ပြီးစကားတွေပြောကြမှာလဲ…… သူတို့တွေ အနမ်းမိုးတွေရွာခဲ့ပြီးပြီလေ…… ရသကဘာလဲ….. သူကရောဘာလဲ….. ရင်ခုန်သံရဲ့အနောက်က မေးခွန်းတွေ တန်းစီလို့နေပါသည်။ ဟင့်အင်း…. ဒီမေးခွန်းတွေကိုမသိချင်ဘူး……သူတို့ရဲ့တဒင်္ဂဆိတ်ပျော်ချိန်လေး ပျောက်ကွယ်သွားမှာစိုးမိပါသည်……


“ရသ….. ”

“ဟင်…..”

“ငါ့ရဲ့အနမ်းဦးလေး မင်းဆီကိုပါသွားပြီ”

ရသကသူ့ကိုဆက်ကနဲ့ကြည့်လိုက်သည်။ ပြီးတော့မဆိုင်းမငင်ပဲပြောသည်။

“ငါရောပဲ….”

“ဘယ်လို….”

“ဟုတ်တယ် ငါ့ရဲ့အနမ်းဦးလေးလဲ မင်းကိုပေးလိုက်မိပြီ”

ကြည့်စမ်း…. ဒါသူ့ရဲ့အနမ်းဦးတဲ့…… အိုဘုရားဘုရား…. ဘာဖြစ်လို့ငါနဲ့တိုက်ဆိုင်နေတာပါလိမ့် ။ သူဘယ်သူ့ကိုမှ မနမ်းခဲဖူးဘူးတဲ့လား….. ဟုတ်ကောဟုတ်ပါ့မလား…….

ရသကလဲအနမ်းဦးဟုဆိုလိုက်သည်နှင့် မင်းသန့်ဇင်ရင်ထဲ ကျေနပ်လို့သွားရသည်။ ဒါဆိုရင် သူတို့တွေ အနမ်းဦးချင်းချွေလိုက်ကြတာပေါ့….. ရင်တွေခုန်ဖို့ကောင်းလိုက်တာ….. ဘယ်လိုပြောရမလဲ……

“ဟေ့ကောင်လေးတွေ ကျောင်းဆင်းနေပြီ မပြန်ကြသေးဘူးလား။ မိုးရွာကြီးထဲမှာ …….”

သူတို့နောက်မှ အသက်ကြီးကြီးယောကျာ်းတစ်ယောက်၏အသံထွက်ပေါ်လာသဖြင့် နှစ်ယောက်စလုံး ခေါင်းကိုလှည့်ကြည့်လိုက်တော့ ကျောင်းစောင့်ဦးလေးကြီးဖြစ်နေသည်။

“နှာတွေစေးပြီးဖျားကုန်တော့မှာပဲ ဒီကလေးတွေကတော့ကွာ တယ်ခက်ပါလား မြန်မြန်ပြန်လာခဲ့ကြ…… ဟေ့ကြားကြလား”

ပြောစကားအတိုင်းလိုက်မလုပ်ရင် မိုးရေထဲထိလိုက်လာတောမည့်ပုံပေါ်နေသဖြင့် သူတို့ပြန်သွားကြဖို့ အချက်ပြ လိုက်ကြသည်။ ရသကခေါင်းညှိတ်ပါသည်။


                                                  X       X        X        X

အနမ်းတစ်ပွင့်ကနေ အချစ်ရဲ့လျှို့ဝှက်ချက်ကို ရှာတွေခဲ့မိလိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့မိပါ။ အဲ့ဒီအနမ်းလေးကလဲ မထင်မှတ်တဲ့အနမ်းလေး အက်ဆီးဒင့်ဖြစ်သွားတဲ့အနမ်းလေး….. အဲ့ဒီမတော်တဆ အနမ်းလေးကနေ အချစ်ဆိုတဲ့အရာကို သူရှာဖွေတွေ့သွားပါသည်။ မိုးစက်တွေကြားထဲက မင်းသန့်ဇင်ရဲ့ နှုတ်ခမ်းလေးကိုမြင်တော့ သူ့စိတ်တွေထိန်းချုပ်ဖို့ မေ့သွားမိပါသည်။ သူဘာတွေလုပ်နေမိတာလဲဆိုတာကို သူ့ကိုသူတောင်မသိတော့လောက်အောင် အနမ်းကိုငတ်မွတ်စွာ သူနမ်းရှိုက်မိသွားသည်။ မင်းသန့်ဇင်ရှေ့ မှာကျောက်ရုပ်တစ်ရုပ်လိုသူနှုတ်ဆိတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘယ်လောက်လှိုင်းထန်နေတယ်ဆိုတာ မင်းသန့်ဇင်တစ်ယောက်တော့သိမယ်မထင်။  သိပ်ကိုထူးဆန်းတာပဲ အနမ်းတစ်ပွင့်ကဒီလောက်ချိုမြိန်နေတတ်လိမ့်မယ်လို့ သူမှမထင်မိပဲ။ မင်းသန့်ဇင်ရဲ့ အာခံတွင်းငွှေ့လေးတွေ သူ့လျှာဖျားတစ်ဝိုက်စွတ်စိုသွားချိန်မှာ သူ့တစ်ကိုယ်လုံး လျှပ်စီးလိုက်သလို ဖြစ်သွားမိတာအမှန်ပါ။ ဘာကြောင့်များ မဆင်မခြင်တွေလုပ်ဖို့ သူ့စိတ်ထဲကိုတွန်းအားတွေ ရောက်လာတာ ပါလိမ့်။ သူမစဉ်းစားတတ်ပါ မင်းသန့်ဇင်အပြစ်တင်ရင်လဲ ခံရတော့မှာပဲဆိုပြီး စိတ်ထဲတွေးထားခဲ့တာ….. ဒါပေမယ့် မင်းသန့်ဇင်ကလဲ သူ့ကိုအပြစ်တင်စကားမဆိုခဲ့ပါ……..

မင်းသန့်ဇင်ရဲ့မျက်ဝန်းတွေဆီက သူတစ်ခုတော့ရှာတွေ့ခဲ့ပါတယ်။

“ငါ့ရဲ့အနမ်းဦးလေး မင်းဆီကိုပါသွားပြီ” ဆိုပြီးသူ့အနမ်းလေးကို နှမြောနေတဲ့ မျက်ဝန်းလေး…..

သိပ်ချစ်ဖို့ကောင်းတာပဲ မင်းသန့်ဇင်ရယ်…….

ခေါင်းမှရေမခြောက်သေးတဲ့ဆံပင်တွေကို Hair Dryer နဲ့မှုတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ် ကိုပုဝါဖြင့် သုတ်လိုက်သည်။ သူရေချိုးနေရင်းညနေက ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို စဉ်းစားနေမိတာပါ။

“လောကကြီးက သိပ်ကိုထူးဆန်းတာပဲ……  အချစ်ဆိုတာကို ခံစားမိလိုက်တဲ့အချိန်က ဆယ်တန်းကျောင်းသားဘဝ….. ချစ်မိတဲ့သူက ယောကျာ်းလေး…… အိုးဟိုးဟိုး ငါတော့ရူးနေပြီ”

ရသသူ့ခေါင်းတွေကို တတွင်တွင်ခါရမ်းနေမိသည်။ မဖြစ်နိုင်ဘူးလို့ သူငြင်းချင်ပေမယ့်…. အခုလက်ရှိအခြေအနေက ငြင်းလို့မရတော့တဲ့ အခြေအနေ…… သူဘယ်လိုလုပ်ရမလဲ…….သေချာနေပါတယ် မင်းသန့်ဇင်ကိုသူချစ်မိသွားတာ သေချာနေပါတယ်။

“အမေရေ…… ကယ်ပါ…အီးဟီးဟီး….ငါတော့ယောကျာ်းအချင်းချင်းချစ်မိနေပြီ ရူးချင်တယ်ဟင့်”

“ငါဘယ်လိုလုပ်ရမလဲ…. ငါ့ကိုကယ်မယ့်သူမရှိတော့ဘူးလား….. သွားပါပြီ……”

အချစ်ဆိုတာယောကျာ်းအချင်းအချင်းလဲ ရှိတာပဲလား? ဒါဆိုရင် မိန်းမအချင်းချင်းရော အချစ်ဆိုတာရှိမှာပဲ… ယောကျာ်းတွေလဲ အချင်းချင်းချစ် မိန်းမတွေလဲအချင်းချင်းချစ် လိင်တူတွေအချင်းချင်းယူ….. အိုးဟိုးဟိုး…… ငါ့စိတ်ကူးတွေလွန်နေပြီ ဘယ်မှာများဒီလောက် အဖြစ်သည်းတဲ့ကိစ္စတွေရှိနေမှာလဲ။ ပြီးတော့ ငါနဲ့မင်းသန့်ဇင် နဲ့ဖြစ်တဲ့ကိစ္စမတော်တဆ အက်ဆီးဒင့်……  ဟုတ်တယ်ဒါအက်ဆီးဒင့်ဖြစ်တာ ငါသူ့ကိုချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး…..

အလို…

အလို…

အလို…
အိုးဟိုးဟိုး…. အဲ့လိုမနောက်ရဘူးလေ….

မချစ်ဘူးလို့ပြောမှ ရင်တွေခုန်လာတယ်ကြည့်စမ်း……

ဒိန်းတပ်တပ် ဒိန်းတပ်တပ်………

အား……………………………….

ကယ်ကြပါ………………..



အချစ်ဆိုတာတကယ်တော့ လူတိုင်းလူတိုင်းဆီမှာသူ့အလိုလိုတည်ရှိနေပြီးသားပါ။ ဒါပေမယ့် အဲ့ဒီအချစ်ကို အမြစ်ကနေဆွဲလှုပ်နိုင်တဲ့သူမတွေ့မချင်း အချစ်ဆိုတဲ့အရာဟာ လူ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေဦးမှာပါ။ ဥပမာ ငှက်ကလေးတွေတေးသီနေတာကိုတွေ့တယ် နားထောင်လို့ကောင်းမှန်းလဲသိတယ် ဒါပေမယ့်သူတို့တွေ ဘာတွေဆိုနေမှန်းမသိဘူး။ ပန်းချီကားတစ်ချပ်ကိုတွေ့တယ် ပန်းချီကားကလှမှန်းလဲသိတယ် ဒါပေမယ့်ဘာတွေဆွဲထားမှန်းမသိဘူး။ အဲ့သည်လိုပဲ လူတစ်ယောက်ကိုတွေ့တယ် သူ့ကိုရင်လဲခုန်တယ် ဒါပေမယ့်ချစ်နေမှန်းမသိဘူး။ အချစ်ဆိုတာ ကမ္ဘာမြေကြီးရဲ့ လှပမှုဖြစ်ရပ်တွေရဲ့နောက်ကွယ်တိုင်းမှာ သူ့အလိုလိုတည်ရှိနေတတ်တယ်။ အချစ်ဟာ တစ်နည်းအားဖြင့် တိတ်တိတ်ပုန်းကလေးနေနေတတ်တယ် ဒါပေမယ့်သူကထွက်ပေါ်လာချင်ပြီ ဆိုရင်လဲ ဗြုန်းကနဲ ထွက်ပေါ်လာတတ်တာမျိုးလေ…. အဲ့ဒီတော့ ဒီလူက ရုတ်တစ်ရက်ရောက်လာတဲ့သူစိမ်းကို ဘယ်လိုလုပ် “အချစ်” လို့နာမည်တပ်ရဲပါ့မလဲ…….



                                                      X       X        X        X

အိမ်ရှေ့သို့ရောက်သောအခါမေမေက ကားစက်ကိုအရှိန်သတ်လိုက်သည်။ ထို့နောက်ခါးမှ Safety Beltချွတ်လိုက်လေသည်။ သူလဲမေမေနဲ့အတူကားပေါ်မှလိုက်ဆင်းကာအိမ်ထဲသို့ဝင်လိုက်သည်။ အိမ်ထဲသို့ရောက်သောအခါ မြင်ကွင်းတစ်ခုကမင်းသန့်ဇင် မျက်လုံးတွေကို ပြူးသွားစေသည်။


“သားငယ်လေး……..”

“ဦးကျော်……. ဟားဟား ဦးကျော်ဟုတ်တယ်မဟုတ်လား”

“ဟုတ်တယ်သားငယ် မတွေ့တာတောင်ကြာပေါ့။ သားငယ်လေးကလူပျိုဖားဖားကြီးဖြစ်နေမှကိုး”

မေမေတို့ကလဲ တကယ်ပါပဲသူ့မောင်တစ်ယောက်လုံးအိမ်ကိုရောက်နေတာတောင် သားဖြစ်တဲ့သူဆီကို စာတစ်စောင်ပို့ဖော်မရဘူး။ ဦးကျော်နဲ့သူနဲ့ကတူးဝရီးတွေဆိုပေမယ့် တကယ့်သူငယ်ချင်းတွေလိုပါ။ ငယ်ငယ်က အဖော်မဲ့ခဲ့တဲ့သူက ဦးကျော်ကို ကိုယ့်ဦးလေးဆိုတဲ့သံယောဇဉ်ခင်မှုထက် အနားမှာအဖော်ပြုပေးတဲ့ အားကိုးရာသူငယ်ချင်းကြီးလို ပိုပြီးခင်မင်ခဲ့ပါသည်။ ဦးကျော်ကနယ်မှာနေတာမိုလို့ ရန်ကုန်ကို ရန်ဖန်ရန်ခါသာလာတတ်ပါသည်။ သူအရွယ်ရောက်လာတော့ မေမေကသူနဲ့ဦးကျော်ကိုခွဲပြစ်လိုက်ပါသည်။ အကြောင်းကတော့ ဦးကျော်ကသာမန်ယောကျာ်းတစ်ယောက်လို ကျားကျားယားယားမနေပဲ နွဲ့နေသောကြောင့် ဖြစ်ဟန်ရှိသည်။ ဦးကျော်နဲ့နေလျင်သူပါရောပြီးနွဲ့သွားမှာစိုးလို့ဟု မေမက ဖေဖေကိုပြောတာကို သူကြားမိသည်။


ပြီးတော့မေမေနဲ့ဦးကျော်က သိပ်ပြီးတည့်လှတာမဟုတ်ပါ။ ဦးကျော်ကလဲ သူ့ကိုချစ်နေလို့သာ အိမ်ကိုလာနေတာ မေမေ့အလိုသာဆို ခြေဦးတောင်လှည့်မယ့်ပုံမပေါ်ပါ။ ဘာပဲပြောပြော သူကငယ်ငယ်တည်းက မေမေ့နဲ့အတူရှိခဲ့တဲ့အချိန်တွေထက် ဦးကျော်နဲ့အတူရှိခဲ့တဲ့အချိန်တွေက ပိုများနေတာကြောင့် ဦးကျော်ကိုသံယောဇဉ်အရမ်းရှိပါသည်။

“ဦးကျော် ဒီတစ်ခေါက်လဲ အလည်ပဲလာတာလား”

“အလည်လာတာမဟုတ်ဘူးသားရေ ဦးကျော်အလုပ်တွေရန်ကုန်ကိုပြောင်းဖြစ်သွားတယ်။ နောက်ဆိုရင် သားကိုအမြဲတမ်းလာတွေ့လို့ရပြီ”

“ဟား….. တကယ်လားဦးကျော် အတော်ပဲသားလဲအဖော်မဲ့နေတာဦးကျော်ရဲ့။ မေမေကလဲသူ့အလုပ်နဲ့သူ ဖေဖေဆိုရင်ပြောမနေနဲ့တော့။ ဦးကျော်အိမ်မှာပဲနေမှာမိုလား”

“အဲ့ဒါလား…..ဟို…အဲ….”

ဦးကျော်ကသူ့မေးခွန်းကို ဖြေရကြပ်နေဟန်ရှိပါသည်။ ဦးကျော်မျက်လုံးတွေက တစ်စုံတစ်ယောက် ငြိုငြင်နေမှာကြောက်နေသလိုလိုပါ။ သူမေမေ့ကိုတစ်ချက်ကြည့်လိုက်တော့ မေမေ့မျက်နှာက သိပ်ပြီးလိုလိုလားလား မရှိပါ။ သူအလိုက်သိလိုက်ပါသည်။

“အခုလောလောဆယ်တော့အိမ်မှာနေဖြစ်မယ်သား ဦးကျော်မြို့ထဲမှာတိုက်ခန်းပွဲစားနဲ့ရှာထားတယ်။ ရသွားပြီဆိုရင်တော့ ပြောင်းနေရမယ်ဦးကျော်အလုပ်ကလဲ ရွာရိုးကိုးပေါက်လျောက်သွားရတဲ့အလုပ်လေ”

ဟုတ်ပါသည်။ ဦးကျော်အလုပ်က ရွာရိုးကိုးပေါက်လျောက်သွားရတဲ့ ကျောက်ပွဲစားအလုပ်ပါ။ ဦးကျော်က နဂိုကတည်းက သွက်သွက်လက်လက်ရှိတာမို့ ကျောက်ပွဲစားဖြစ်တာတော့မဆန်းပါ။ ပါးစပ်ကလဲ ပြောတတ်လိုက်တဲ့စကားတွေ တခါတလေများဆိုရင်သူတောင် နားမလည်တဲ့စကားတွေပြောတတ်သေးတာ။ ဦးကျော်ကအပေါင်းအသင်းလဲဆန့်သည်။ အပျော်အပါးဆိုလဲထိပ်ဆုံးက လူငယ်တွေနဲ့လဲ ကာလာတူအောင် ပေါင်းတတ်သေးသည်။ ဒါကြောင့်လဲ ဦးကျော်ကသူ့ရဲ့ Hero ကြီးဖြစ်နေတာပေါ့။

“သား ရေချိုးပြီးရင်ထမင်းစားဖို့မေမေလုပ်ထားပေးမယ်။ ”

“မောင်ကျော် သားအခုမှကျောင်းကပြန်လာတာမိုးတွေမိလာတယ်။ သူ့ကိုလမ်းထိပ်မှာတွေ့လို့ ကားပေါ်တင်လာတာ ပါရာစီတမော့လေးတိုက်ထားလိုက်ဦးနော်”

“ဟုတ်ကဲ့ပါ ဒေါ်မီမီမိုးစက်”

ဦးကျော်က မေမေ့ကိုပြက်ချော်ချော်ပြန်ဖြေလိုက်သဖြင့် မေမေကမျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သည်။ ထို့နောက် သူမစလင်းဘတ်ကြီးကို ကိုင်ကာအိမ်ထဲသို့ကော့ကော့ ကော့ကော့ဖြင့်ဝင်သွားပါသည်။

“ဦးကျော်လာ သားအခန်းကိုသွားရအောင် ဦးကျော်ကိုပြောစရာတွေရှိတယ်”


“အင်းသွားနှင့်သား ရေချိုးပြီးအဝတ်စားတွေလဲထားနှင့်  ဦးကျော်ဆေးယူပြီးလာခဲ့မယ်”

သူဦးကျော်ကိုခေါင်းညှိတ်ပြလိုက်ပြီး အခန်းထဲသို့ဝင်လာခဲ့သည်။ ရေချိုးရမှပျင်းသဖြင့် ချိုးမနေတော့ပဲ ကိုယ်လက်မျက်နှာလေးဆေးပြီး အဝတ်စားလဲလိုက်၏။ ထို့နောက် ခေါင်းတွေကိုရေခြောက်အောင် ပုဝါဖြင့် သုတ်လိုက်သည်။ မိနစ်အနည်းငယ်ခန့်ကြာသောအခါ ဦးကျော်အခန်းထဲကိုရောက်လာပါသည်။ လက်ထဲမှာ ဆေးလေးတစ်လုံးနဲ့ ရေခွက်ကလေးတစ်ခွက်ကိုပါ ကိုင်လာသည်ကိုတွေ့ရသည်။

“ရော့သား ဆေးလေးသောက်ထားလိုက်ဦး”

“ဟုတ်ကဲ့”

ဦးကျော်လက်ထဲမှ ဆေးလုံးကိုယူပြီး မော့ချလိုက်ကာ ရေခွက်ထဲမှရေတွေကို ဂလုဂလုဖြင့်သောက်ချလိုက်ပါသည်။

“မတွေ့တာတောင်နှစ်နှစ်ရှိတော့မယ်သားရေ သားတော်တော်ထွားလာတယ်။ ရည်းစားတွေဘာတွေ ရနေပြီလားပြောစမ်းကောင်လေး”

ဟိုက်! ရည်စားဆိုမှခေါင်းထဲမှာ ဟိုငပေါကိုသတိရလာသည်။ ညနေကကျောင်းထဲမှနမ်းလိုက်တဲ့ကိစ္စတွေရော ဦးနှောက်ထဲကိုတစ်သီကြီးဝင်လာပြန်သည်။ ဒီအကြောင်းတွေကိုသာ ဦးကျော်ကိုပြောပြလိုက်ရင် ဦးကျော်တော့ ဘယ်လိုနေမယ်မသိပါ။ သူတွေးရင်း ကြက်သီးထသွားမိသည်။

“ဆယ်တန်းကျောင်းသားက ရည်စားထားစရာလားဦးကျော်ရ မေမေသိရင်သတ်မှာပေါ့”

“ဒါနဲ့သား ခဏကပြောတဲ့ ပြောစရာရှိတယ်ဆိုတာဘာလဲ”

အဲ့ဒါမှဒုက္ခပဲ ခဏကသူဦးကျော်ကိုမြင်မြင်ချင်း ရသနဲ့သူ့ရဲ့ကိစ္စကိုပြောပြချင်လို့ ပြောလိုက်မိခြင်းဖြစ်သည်။ အခုသေချာစဉ်းစားကြည့်မှ ဦးကျော်ပါးစပ်ကခပ်ဖွာဖွာရယ် မတော်လို့မေမေ့ရှေ့မှာပေါက်ကြားသွားရင်ဖြင့် သူတော့ အသက်နဲ့ကိုယ်အိုးစားကွဲရချည်ရဲ့။ ဒါပေမယ့်ပြောပြလိုက်ရင်လဲ ဦးကျော်ဆီက အကြံကောင်းဥာဏ်ကောင်းလေးတွေ ရနိုင်သေးတာပဲ။ ပြောပြလိုက်ရင်ကောင်းမလား မပြောပဲနေလိုက်ရင် ကောင်းမလား……

“သြော်….. အဲ့ဒါလား ဟဲဟဲ ဒီလိုပါ သားကျောင်းမှာသူငယ်ချင်းတစ်ယောက်ရနေတယ် အဲ့ဒီသူငယ်ချင်းက သားအပေါ်အရမ်းကောင်းတယ် အရမ်းလဲခင်ဖို့ကောင်းတယ် သူကလေပေါကြောင်ကြောင်စကားတွေ ပြောတတ်ပေမယ့် တစ်ခါတစ်လေဆိုရုပ်တည်ကြီးလုပ်နေတတ်တယ်”

“သားသူငယ်ချင်းကချောလား”

“အွမ်….. ဦးကျော်ကဘာလုပ်မလို့တုန်း”

“ဟီးဟီး ဘာမှမလုပ်ပါဘူးသားရယ် စင်သလားလို့ပါ”

“ဘာစင်တာလဲ ဗွက်စင်တာလား”

“သားနော် လူကြီးကိုမနောက်ရဘူး။ ဘာပဲပြောပြော သားကိုကြည့်ရတာအရင်ထက်စာရင် ပိုပြီးသွက်ချာလာတယ်။ ပိုပြီးလဲထက်လာသလိုပဲ ဦးကျော်ကျေနပ်တယ်။ ကျေနပ်တယ်ဟေ့….ခိခိ”

“ဟားဟား ဦးကျော်ကတော့လုပ်ပြီဗျာ။ နောက်ကျမှ သားသူငယ်ချင်းနဲ့ ဦးကျော်ကိုမိတ်ဆက်ပေးမယ် ”

“အင်းပါသား ဦးကျော်ကိုလိုအပ်တာရှိရင်လည်းပြောနော်။ မုန့်ဖိုးတွေဘာတွေလဲလိုရင်ပြော။ ပြောသာပြောတာပါ သားမေမေမာနခဲ ထိပ်တင်မီမီမိုးစက်က သားကိုမျက်နှာအငယ်ခံမယ့်ပုံမပေါ်ပါဘူး”

“ဟိဟိ ဦးကျော်နဲ့မေမက တည့်လဲမတည့်ဘူးနော်”

“မတည့်ဆို ငယ်ငယ်ကတည်းကမတည့်သားရေ ကဲကဲမပြောတော့ပါဘူး သားဆံပင်တွေရေခြောက်အောင် သုတ်လိုက်ဦး ခဏနေထမင်းစားတော့မယ် အောက်ကိုဆင်းလာခဲ့ ဦးကျော်ဆင်းနှင့်ပြီ”

“ဟုတ်ကဲ့ဦးကျော်”


                                                       X       X        X        X

                                                     CHA CHA Café and Bakery

ယနေ့စနေနေမိုလို့ ကျောင်းပိတ်ပါသည်။  ထို့ကြောင့်မနက်အစောကြီးကတည်းက မေမေ့ဆိုင်မှာ သူလာကူပေးနေပါသည်။ သူ့ခါးမှာ မီးဖိုချောင်သုံးခါးစည်းကြီးကိုစည်းထားပါသည်။ ဒီနေ့အတွက်တော့ မေမေ့ဆိုင်မှာသူစားပွဲထိုးနေရင်း မေမေ့ကိုကူညီနေပါသည်။ နှစ်ယောက်ထဲရှိတဲ့သူတို့သားအမိ ကမ္ဘာလေးထဲ မှာပူပန်စရာဆိုလို့ဘာမှမရှိပေမဲ့ တစ်ခါတစ်လေတော့ သူအားငယ်မိသလိုရှိပါသည်။ မိန်းမသားတန်မဲ့ ဘဝကို ရှေ့တန်းကနေရပ်တည်ပြီး သူ့အတွက်အားကိုးဖော်ဖြစ်တဲ့ မေမေရှိနေလို့သာ တော်တော့သည်။ တကယ်လို့ မေမေသာ သူ့ဘဝထဲကနေထွက်ခွာသွားမယ်ဆိုရင် သူအခုလို ပြုံးပြုံးရွှင်ရွှင်လေး ဘဝကိုဖြတ်သန်းနိုင်ပါ ဦးမလား။

ကိတ်နှစ်ပွဲနှင့်သစ်သီးဖျော်ရည်နှစ်ခွက်ကို စားပွဲဝိုင်းတစ်ခုသို့ သူသွားချပေးလိုက်သည်။ လာသောက်သော ဧည့်သည်နှစ်ယောက်မှာ သမီးရည်းစားအတွဲနှစ်ယောက်ဖြစ်သည်။

“လိုအပ်တာရှိရင်ပြောပါခင်ဗျား”

“ကျေးဇူးပါ”

“ဟုတ်ကဲ့”

ထို့နောက် ထိုစားပွဲဝိုင်းမှ ကောင်တာတွင်ထိုင်နေသော မေမေရှိရာသို့ ပြန်လျှောက်လာလိုက်သည်။ ကောင်တာတွင် မေမေက စာရင်းတွေလုပ်နေသည်။ သူလာရပ်နေတာတွေ့တော့ သူ့ကိုမော့ကြည့်လာသည်။

“ပင်ပန်းနေပြီလားသား”

“မပင်ပန်းပါဘူးမေမေ ”

“ဒီနေ့ကျောင်းပိတ်တာသားရယ် သူငယ်ချင်းတွေနဲ့ သွားလည်ပါ့လား။ ရုပ်ရှင်ကြည့်တာတို့ Shopping ထွက်တာတို့ မုန့်စားတာတို့ပေါ့ ”


“အာ….. အမေကလဲ အဲ့ဒါတွေက မိန်းကလေးတွေလုပ်တဲ့အလုပ်လေ သားမသွားချင်ပါဘူး”

“ဟင်းဟင်း သားရယ် မေမေက သားကိုမွေးထားတဲ့မအေပါ။ သွားမယ့်အဖော်မရှိလို့မိုလားပြောစမ်း ကောင်လေး”

“ဟီးဟီးဟီး မေမေကလဲ”

ရသသူ့မေမေရဲ့စကားကြောင့် ခေါင်းကုတ်ရင်း ရယ်ကြဲကြဲလုပ်နေမိသည်။

“ဟော….. ပြောရင်းဆိုရင်း သားသူငယ်ချင်းရောက်လာပြီတော့်”

သူအနောက်ကို သမင်လည်ပြန်တစ်ချက်လှည့်ကြည့်လိုက်ပါသည်။ ဟိုက်…… မင်း….. မင်းသန့်ဇင် ဒီကောင်ငါ့ဆိုင်ကိုဘာလာလုပ်တာပါလိမ့်။ မဟုတ်မှလွဲရော ငါ့ကိုများသူတကယ်ကြိုက်နေပြီလား…..
 ဘုရား…..ဘုရား မဖြစ်ဘူး မဖြစ်ဘူး ဒီလိုဆို မဖြစ်သင့်တာတွေဖြစ်ကုန်လိမ့်မယ်။ ပြီးတော့ မေမေသိရင်လဲ မကောင်းဘူး။ ဒီကောင့်ကို မြန်မြန်ပြန်လွှတ်မှ……

“ဟိုင်း ရသ…..”

“မင်း ဘယ်လို….”

“ပျင်းလို့လာလည်တာလေ ပျင်းလို့”

“အင်”

“သားရယ် သူငယ်ချင်းလာလည်တာကို ကြောင်တောင်တောင်လုပ်နေသေးတယ်။ သွားအဝတ်စားလဲပြီး အတူတူသွားလည်ကြချေ။ ဆိုင်ကိစ္စမေမေ့တာဝန်ထားလိုက်”

ရသကမင်းသန့်ဇင်ကို နှင်မယ်လို့စဉ်းစားထားကာမှ မေမေက သူတို့နှစ်ယောက်ကို အရောက်ပို့နေပါသည်။ အပြင်သွားတာအကြောင်းမဟုတ် တော်ကြာ ဟိုကိစ္စကို မင်းသန့်ဇင်က စကားထဲထည့်ပြောလာရင်ဖြင့် သူ့မျက်နှာဘယ်မှာထားရမှန်းမသိပါ။ သူကလဲ ဘာဖြစ်လို့များ နမ်းလိုက်မိတာပါလိမ့်။ သူရူးများရူးနေလားမသိပါ။

“ရသ မင်းပုံစံကြည့်ရတာ ကြောင်တောင်တောင်နဲ့ဘာဖြစ်နေတာလဲ”

“အမ်….. အဲ့လိုကြီးဖြစ်နေလို့လား”

“ဟုတ်တယ်”

“အာ……. အားဟားဟား မင်းကလဲ ငါကဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ပါဘူး”

မင်းသန့်ဇင်က သူတစ်ခုခုဖြစ်နေပြီဆိုရင် သူ့စိတ်ကိုဖတ်နေသည့်အလား ကွတ်တိပြောနိုင်သည်။ မဟုတ်မှလွဲရော မင်းသန့်ဇင်က Mind reader တစ်ယောက်များလား။

“ရော့သား အအေးလေးသောက်ပြီး အေးအေးဆေးဆေးသားသူငယ်ချင်းနဲ့ စကားတွေပြောကြဦး။ အပြင်သွားလည်မယ်ဆိုလဲလည်ကြချေ။ အန်တီအလုပ်တွေမပြီးသေးလို့ လုပ်လိုက်ဦးမယ်ကွယ်”

“ဟုတ်ကဲ့ပါအန်တီ”

မေမေက မင်းသန့်ဇင်ကို အအေးတစ်ခွက်ဖျော်ပြီးလာပေးသွားပါသည်။ မင်းသန့်ဇင်က မေမေပေးသော အအေးခွက်ကလေးကို ခပ်တည်တည်ဖြင့်ကိုင်ကာ စားပွဲဝိုင်းတစ်နေရာသို့သွားကာ နေရာယူလိုက်သည်။ သူလည်းမတက်သာတော့ မင်းသန့်ဇင်နောက်က လိုက်ခဲ့ရတယ်ဆိုပါတော့။

“ကဲပြောပါဦး မင်းသန့်ဇင် ဘာကိစ္စ”

သူ့အမေးကြောင့် အအေးကိုမော့နေသည့်မင်းသန့်ဇင်က သီးမလိုဖြစ်သွားသည်။ ထို့နောက် အအေးခွက်ကို စားပွဲပေါ်သို့ပြန်ချလိုက်ပြီး သူ့ကိုမျက်လုံးပြူးကြီးများဖြင့် ပြူးကြောင်ကြောင်ကြည့်လျက်ရှိသည်။

“ဟို ငါဆိုလိုတဲ့သဘောက ဘာအစီအစဉ်တွေများ ထူးထူးခြားခြားရှိလို့ရောက်လာတာလဲ လာလည်ရုံသပ်သပ်ပဲလား အဲ့ဒါ…..”

“အစီအစဉ်ကတော့ဘာမှမရှိပါဘူး ငါအိမ်မှတစ်ယောက်တည်းနေရမှာပျင်းလို့ထွက်လာတာ။ ပြီးတော့ငါလေ…..”

“ဘာလဲ….. မင်းဘာဖြစ်လို့လဲ”

မင်းငါ့ကိုလွမ်းလို့မိုလား ငါသိပါတယ်မင်းသန့်ဇင်ရယ်။ မင်းမပြောလဲ မင်းမျက်လုံးတွေကို ကြည့်တာနဲ့ငါသိပါတယ်။ ငါ့ဆီကိုအကြောင်းမရှိအကြောင်းရှာပြီး လာတယ်ဆိုကတည်းက ငါရိပ်မိပြီးသား။

“ဘာမှမဖြစ်ပါဘူး မင်းများအားမလားလို့ပါ။ ငါမြို့ထဲခဏလောက်လည်ချင်လို့ အဖော်မရှိလို့ ဘယ်နှယ့်လဲ”

“လည်တာကတော့ရပါတယ် ဒါပေမယ့်ငါနဲ့လည်မယ်ဆိုရင် စည်းကမ်းချက်လေးတွေတော့ရှိတယ်”

“အာ အဲ့ဒါဆိုလဲနေတော့”

မင်းသန့်ဇင်က စိတ်မရှည်ဟန်ဖြင့် ခုံပေါ်မှထကာ ပြန်တော့မည့်ဟန်လုပ်သဖြင့် သူကပြန်ဆွဲချထားလိုက်ရသေးသည်။ ဒီကောင်ကလဲ နည်းနည်းလေးမှကို မူလို့မရဘူး။ ဘာကောင်မှန်းကို မသိဘူး။

“ဒီလိုပါ ဟဲဟဲ မင်းငါနဲ့လည်မယ်ဆိုရင် ထီးမဆောင်းရဘူး အဲ့ဒါလေး”

“အာ ထီးမဆောင်းရင် အပြင်ဖက်ထွက်လိုက်တာနဲ့ ပြာဖြစ်သွားမှာပေါ့ နေကြီးကိုလဲကြည့်ဦး ”

“မင်းကလည်းက တရုတ်စကားပုံတစ်ခုတောင်ရှိတယ် ယောကျာ်းကြီးမှန်ရင်ထီးမကာဘူးတဲ့ တရုတ်လိုတော့ 大男人不挡伞 တနန်ရန်ပုတန်ရ်ဆန် တဲ့ဟိဟိ

“အေး မင်းအမျိုးတွေဆိုတော့ မင်းကသိမှပေါ့ ငါတော့မသိဘူး ဆောင်းမှာပဲ”

“အာ ထီးဆောင်းရင်ရှက်စရာကြီးဆို”

“ငါ့အသားတွေမဲသွားရင်ဘယ်နှယ့်လုပ်မလဲ”

“နဂိုကမှ မဖြူတဲ့ဟာကို”

“ဘာ!!! မဖြူဘူး ဟုတ်စ!!! တော်ပြီပြန်တော့မယ်”

“အိုးဟိုးဟိုး….. နေ….နေပါဦး  စိတ်ကြီးပဲ ……”

မင်းသန့်ဇင်က ဒုတိယအကြိမ်ထပြန်မည်အပြု သူ့မှာထပ်ဆွဲထားလိုက်ရပါသေးသည်။ တကယ့်ကို စိတ်မရှည်သော သတ္တဝါပါလား။ နည်းနည်းလေးမှ အထိမခံတဲ့ ရွှေပန်းကန်ကိုကိုရေ………

“ကဲ…. ခဏစောင့် ငါရေချိုးပြီးအဝတ်စားလဲလိုက်ဦးမယ်”

“ဒီလိုမှပေါ့ လောင်ဖောရယ်”

“ဘာလဲ လောင်ဖော်ဆိုတာ”

“မင်းပဲတရုတ်စကားတတ်တယ်ဆို လောင်ဖော်တောင်မသိဘူးလား”

“အော် လောင်ဝ်ဖောလို့ပြောတာလား အဟင်းဟင်း သိတာပေါ့ လောင်ဝ်ဖော်ဆိုတာ မိန်းမလို့ခေါ်တာ မင်းကပီအောင်မှမပြောပဲ”

“အေး အခုသိပြီမိုလား ဟဲဟဲ”

“ဟုတ်သားပဲ ငါ့ကိုမိန်းမလို့ခေါ်တယ်ကြည့်စမ်း အား………… ကျုတ်မင့်ငှါား…….”

“ဟား……ဟား…….ဟား”


                                                    X       X        X        X

မင်းသန့်ဇင်က သူ့အတွက်တော့ တကယ့်ကိုဂြိုလ်ဆိုးတစ်ကောင်ပါ။ သရဲကားမကြည့်ရဲပါဘူးဆိုမှ ရုပ်ရှင်ရုံရောက်တော့ သရဲကားပြတဲ့ရုံကိုမှတည့်တည့်ကြီးခေါ်သွားလေရဲ့။ သူကလဲ ယောကျာ်းတန်ကြီးနဲ့ မကြည့်ရဲဘူးလို့လည်းပြောမထွက်တော့ ကြိတ်မှိတ်ပြီးလိုက်ကြည့်ရတာပေါ့။ သရဲကားတောင် ရိုးရိုးသရဲကား မဟုတ်ဘူး 3Dသရဲကား။ အထဲကအကောင်တွေက တကယ်ပဲထွက်လာတော့မလိုလိုနဲ့ သူ့မှာ ခြေဖျားလက်ဖျားတွေ အေးစက်ပြီရင်တွေတုန်လိုက်တာအမော။ နောက်ဆုံးပြီးသွားတော့မှပဲ ဟင်းကနဲသက်ပြင်း ချပြီးရုပ်ရှင်ရုံထဲက ထွက်လာနိုင်ခဲ့ပါသည်။

သူနှင့်မင်းသန့်ဇင် ရုပ်ရှင်ရုံထဲမှထွက်လာတော့ မုန့်စားချင်တယ်ဆိုသဖြင့် Justion Square ရုပ်ရှင်ရုံဆီမှနေပတ်ပြီး ဂျပန်ဆူရှီဆိုင်သို့ ဝင်လာခဲ့ကြသည်။ မင်းသန့်ဇင်က ဆူရှီနှစ်ပွဲမှာလိုက်သည်။ ထို့နောက် ပဲခေါက်ဆွဲတစ်ပွဲထပ်မှာပြန်သည်။ စားလို့ပြီးသွားသောအခါ ရေငတ်တယ်ဟုဆိုကာ နောက်ထပ် ကျွဲရိုင်းသံဗူးနှစ်လုံးထပ်မှာပြန်သည်။ မင်းသန့်ဇင်ကို သူမခင် ခင်တုန်းက အစားအသောက်နည်းသည် စကားပြောနည်းသည်ဟုထင်ထားခဲ့မိတာ အခုတော့အမှားကြီးမှားလေပေါ့။ ဆူရှီကိုတူနဲ့ညှပ်ပြီး စားနေလိုက်တာများဆိုတာ ဘယ်ဘဝကငတ်ခဲ့တဲ့ ငတ်ကြီးကြမှန်းကိုမသိတာ။

“စားလို့ကောင်းလား ရသ ”

“အင်း….ဟင်း… ကောင်းပါတယ်”

“ငါသိထားတာ မင်းအမေကမင်းကိုမုန့်ဖိုးပေးရင် MPU ကဒ်ထဲထည့်ပေးတယ်ဆို”

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲဆိုတော့ ဒီဆိုင်မှာလဲ ကဒ်နဲ့ရှင်းလို့ရတယ်လေ။ အဲ့ဒီတော့မင်းရှင်းလိုက် ငါပိုက်ဆံအိတ်နှိုက်ရမှာ ပျင်းလို့”

“အင်ဟင်ဟင်……. အဲ့လိုမနောက်ရဘူးလေ စားထားတာမင်းအများဆုံးစားတာလေ”

“အော်ဟော်ဟော် ငါအများဆုံးစားလဲမင်းရှင်းလိုက်လေ။ ဒီပိုက်ဆံလောက်က မင်းအဆင့်နဲ့ဘာဖြစ်သွားမှာ မိုလို့လဲ ဟုတ်ဖူးလား”

“မင်းသန့်ဇင်…… မင်းသန့်ဇင်…….ဟင်းဟင်းဟင်း”

“ဟိဟိ အရသာကိုသိပ်ရှိ……”

ဆူရှီဆိုင်ထဲက ထွက်လာတော့ Shopping Centre ထဲမှာရှိသည့် ကလေးများကစားသည့် ကစားကွင်းထဲဝင်ချင်သေးသည်ဟုဆိုကာ လက်ကိုအတင်းဆွဲခေါ်သဖြင့် ရသခမျာ အနောက်က တကောက်ကောက်ပါလာရပါသေးသည်။ ဂိမ်းဆိုင်ထဲသို့ရောက်သောအခါ တကယ်ကစားသူက သူဖြစ်နေသည်။ မင်းသန့်ဇင်က ပါးစပ်ကသာအပြောရှိပြီးလက်တွေ့မှာ မကစားတတ်သဖြင့် သူကသာ ကစားပစ်လိုက်သည်။ အကြွေစေ့ထဲ့ပြီး ကသောဂိမ်းရှေ့တွင် သူက ခြေကားယားလက်ကားယားဖြင့် ကရင်း မကတတ်၍ဘေးကနေ ကြည့်နေသော မင်းသန့်ဇင်ကို ပြောင်ပြလိုက်သည်။

“တော်ပြီ ရသပြန်ရအောင်”

“ဟာနေပါဦး လာချင်တုန်းကလဲမင်းပဲ ပြန်မယ်ဆိုတော့လည်းချက်ချင်းကြီးပါလား”

“ဟုတ်တယ် အစတုန်းကတော့ ကစားမလို့ဝင်လာတာ ဒီအထဲရောက်မှလူတွေတအားများလို့ ငါခေါင်းကိုက်ချင်လာပြီ ပြန်ရအောင်”

“အမယ်ဟယ်ဟယ်…. မင်းမကစားတတ်လို့မိုလား သေနတ်ပစ်ပါလားဟိုမှာ…..”

“အာ မပစ်ချင်ပါဘူး ”

မင်းသန့်ဇင်မျက်နှာက အလိုမကျတဲ့ကလေးတစ်ယောက်လို တဖြေးဖြေးမဲမှောင်လာတာမို့ ကစားနေရာကနေ သူရပ်လိုက်သည်။

“ကဲ ……တကယ်ပဲပြန်တော့မှာလား”

“ဟုတ်တယ်”

“ဒါဆိုရင် ငါ့မှာပိုနေတဲ့အကြွေစေ့တွေဘယ်လိုလုပ်မလဲ နှမြောစရာကြီး”

“အကြွေစေ့က Date မလွန်တတ်ပါဘူး နောက်တစ်ခေါက်လဲလာကစားလို့ရသားပဲ”

“မင်းကတော့လုပ်ပြီ ဇွတ်ပဲ……..”

ရသက စိတ်ပျက်လက်ပျက်ဖြင့် လက်ထဲရှိအကြွေစေ့တွေကို ဂျင်းဘောင်းဘီအိတ်ထဲသို့ ထိုးထဲ့လိုက်သည်။ ထို့နောက် “လာ ပြန်မယ်” ဟုဆိုကာ မင်းသန့်ဇင်ကို ပုခုံးကနေကိုင်ပြီး အရှေ့သို့တွန်းကာ ဆိုင်ထဲမှထွက်လာခဲ့သည်။ ဆိုင်အဝနားသို့ရောက်သောအခါ မှန်အိမ်ထဲမှာ ထည့်ထားသည့်အရုပ်ကလေးများကို မြင်တော့ မင်းသန့်ဇင်ခြေလှမ်းတွေ နှေးသွားလေသည်။ သူမှန်အိမ်ထဲကို ကြည့်လိုက်တော့ အထဲတွင်နွားပျံရုပ်ကလေးကိုထင်းကနဲမြင်လိုက်သည်။ အရုပ်ကလေးက ချစ်ဖို့တော့ကောင်းသား။

“ဘာလဲ နွားပျံရုပ်ကလေးကိုစိတ်ဝင်စားသွားတာလား”

မင်းသန့်ဇင်က သူ့ကိုသမင်လည်ပြန်ပြန်ကြည့်ပါသည်။ သို့ပေမယ့် ကြိုက်တယ်လို့လဲမပြော မကြိုက်ဘူးလို့လဲမပြောပဲ အင်တင်တင်ဖြင့် အိုက်တင်ခံနေပါသည်။ မင်းသန့်ဇင်ကို ပါးတွေချည်းဆွဲလိမ် ပစ်ချင်စိတ်တွေပေါက်မိသည်။

“အကြွေစေ့တွေပိုနေတာ အဲ့အရုပ်ကလေးဆွဲပေးရမလား”

“ဆွဲရင်လဲ ရမှာမှမဟုတ်တာ”

“အိုးဟိုးဟိုး အထင်သေးလှချည်လား ဆွဲတောင်မဆွဲရသေးဘူး ဒီလိုအထင်သေးစကားမပြောပါနဲ့ အွမ်ဟွမ်…..”

မင်းသန့်ဇင်မျက်နှာပေးက သူ့ကိုပေါပြန်ပြီဟူသော အကြည့်မျိုးနှင့် ကြည့်နေသည်။ သူစိတ်မရှည်တော့သဖြင့် မင်းသန့်ဇင်ကို “လာ” ဟုဆိုကာ ဒုတိယအကြိမ် အရုပ်ပုံးနားသို့ တွန်းလာခဲ့ပါသည်။ အရုပ်ပုံးနားသို့ ရောက်သောအခါ လက်ထဲရှိအကြွေစေ့ကို စက်ထဲသို့ထဲ့လိုက်သည်။

“ကဲ့ အကြွေစေ့ရှစ်စေ့ကျန်သေးတယ် ဒီရှစ်စေ့နဲ့ ဒီထဲကအရုပ်တွေကို စိတ်ကြိုက်ယူပြမယ်”

“လေကကြီးနေပြန်ပြီ  အချိန်စေ့သွားလို့မဆွဲလိုက်ရပဲနေဦးမယ် အဲ့နွားပျံရုပ်ကိုအရင်ရအောင်ဆွဲဦး”

ရသက လျှာကိုတစ်ချက်သပ်လိုက်ကာ မောင်းတံကိုကိုင်ပြီး အရုပ်ရှိရာသို့ချိန်လိုက်ပါသည်။ ထို့နောက် တည့်ပြီဟုယူဆရသောအခါ နဘေးရှိခလုတ်ကလေးကိုနှိပ်ချလိုက်သည်။ အရုပ်ဆွဲသည့် စက်လက်တံက အောက်သို့လျောဆင်းသွားပြီး နွားရုပ်ရှိရာသို့ တည့်တည့်သွားညှပ်လေသည်။ ထို့နောက် အထပ်သို့ ကြွတက်လာသည်။

“အိုး…… ဟိုး…… ရတော့မယ်ကွ”

“အာ တိတ်တိတ်နေစမ်းပါ ကျသွားဦးမယ်”

မင်းသန့်ဇင်ပြောလို့မှမဆုံးသေးပါ။ အရုပ်ကလေးက လှုပ်သွားပြီးစက်လက်တံမှနေ အောက်သို့ ဖုတ်ကနဲ ပြုတ်ကျသွားပါသည်။

“အား………….ရှ်…………………”

ရသကလက်ထဲရှိအကြွေစေ့တွေကို စိတ်မရှည်ဟန်ဖြင့် စက်ထဲသို့ အကုန်ထဲ့ပစ်လိုက်သည်။ ထို့နောက် မောင်းတံကိုကိုင်ပြီ နွားပျံရုပ်ကိုသည်းသည်းမည်းမည်း ဆယ်ပါသည်။

“အရမ်းမလောနဲ့လေ ဒါမျိုးကလောလို့မရဘူး”

“အိုးဟိုးဟိုး အရုပ်ညှပ်တဲ့အထဲမှာ အထက်တန်းကျောင်းကကောင်တွေ ငါ့ကိုယှဉ်နိုင်တဲ့သူတစ်ယောက်မှ မရှိသေးဘူး အထင်မစမောစမ်းပါနဲ့”

ရသကပါးစပ်ကသာလေကြီးနေပါသည်။ အရုပ်ကတော့ အပြင်ကိုရောက်မလာပဲ တဖုတ်ဖုတ်သာပြုတ်ကျလို့ ချည်းနေသည်။ ကြာတော့ မင်းသန့်ဇင်တောင် စိတ်မရှည်ချင်သလိုဖြစ်လာမိသည်။ ရသက လက်ထဲကအကြွေစေ့တွေကုန်သွားသောအခါ မဲပြီးနောက်ထပ်ထပ်ဝယ်လိုက်သည်။ ထို့နောက် အရုပ်ကို သည်းကြီးမည်းကြီး ထပ်နှိုက်ပြန်သည်။ ကြာတော့ မင်းသန့်ဇင်လဲ နဘေးကနေ အားပေးရင်း နှစ်ယောက်သား အသံတွေဖြင့် ဆိုင်ထဲတွင်ဆူညံသွားသည်။ သူတို့နှစ်ယောက်အသံတွေကြောင့် နဘေးရှိလူများကပါ စိတ်ဝင်စားလာကြပြီး သူတို့အနားသို့ရောက်လာကြသည်။

“အားပေးတယ်ဟေ့ ရအောင်ဆွဲ ရအောင်ဆွဲ ဟဟ”

“အဲ့ဒီနွားပျံရုပ်က ဒီဆိုင်မှာသောင်တင်နေတာကြာပြီ ဘယ်သူမှရတာမမြင်ဖူးသေးဘူးရယ်”

“အိုးဟိုးဟိုး အိုးဟားဟား ဒီမှာ ခင်ဗျားတို့သေချာကြည့်ထား ကျုပ်ရအောင်ဆွဲပြမယ်”

“ဆွဲထားဟေ့  ဆွဲထားဟ”

ရသက ထပ်ဝယ်ထားတဲ့အကြွေစေ့ နှစ်စေ့သာကျန်တော့သည့်အထဲမှာ တစ်စေ့ကိုထည့်ပြီး မောင်းတံကိုအရုပ်ရှိရာသို့ရွှေ့လိုက်သည်။ သူတို့နှစ်ယောက်ရဲ့အရုပ်ဆွဲပွဲကြီးက ဂိမ်းဆိုင်တစ်ခု လုံးအုံးအုံးကျွတ်ကျွတ်ဖြစ်ပြီး ဆိုင်ပိုင်ရှင်ကတောင် စိတ်ဝင်တစားဖြင့် လာအားပေးနေပါသည်။ နဘေးတွင် ကလေးများရော လူကြီးများပါမကျန် စက်နားတွင်အုံခဲနေကြသည်။ ရသကနွားရုပ်အပေါ်သို့ မောင်းတံကိုချိန်ပြီးသွားသောအခါ စက်လက်တံကိုချရန် ခလုတ်ကို နှိပ်ချလိုက်ပါသည်။ စက်လက်တံက နွားရုပ်ရှိရာသို့တည့်တည်မတ်မတ်ဆင်းသွားသည်။ ထို့နောက်နွားရုပ်ကို ဆုပ်ပြီးညှပ်ချလိုက်သည်။ ထို့နောက် တဖြေးဖြေးအပေါ်သို့ကြွတက်သွားသည်။

မင်းသန့်ဇင်ကတော့ စိတ်လှုပ်ရှားစွာကြည့်နေရင်း အသံမထွက်တော့ပါ။ ရသကတော့ လက်သီးလက်မောင်းတန်း ပြီးအရုပ်ရဖို့စိတ်စောနေသည်။ ကျန်သည့်လူများကတော့ ဘောလုံးပွဲလောင်းသလို နဘေးမှဝိုင်းအော်နေကြသည်။

“ရတော့မယ် ရတော့မယ်”

“အဟေးဟေး”

“ဒီတစ်ခါ သေချာတယ်ရတော့မှာ”

“ဟေး ဟေး”

သို့သော် ကံမကောင်းစွာပဲ အရုပ်ညှပ်စက်တို့ထုံးစံအတိုင်းအရုပ်က ရခါနီးမှလှုပ်သွားပြီ အောက်ကို ဖုတ်ကနဲ ပြုတ်ကျသွားပြန်ပါသည်။

“ဟာ……”

“အလို……”

“ဟယ်…..”

“အယ်သွား….ပြီ”

“ကျွတ်စ် ရခါနီးမှကွာ”

လူများထံမှ မကျေနပ်ချက်များ အာမေဋိတ်အသံများထွက်ပေါ်လာပါသည်။ ရသတစ်ယောက် စိတ်ပျက်သွား ဟန်ဖြင့်နဖူးမှချွေးတွေကို လက်ခုံဖြင့်သပ်လိုက်သည်။ မင်းသန့်ဇင်ကလဲ ရသကိုစိတ်မကောင်းဟန်ဖြင့် ကြည့်နေပါသည်။

“ကောင်လေး မင်းဒီအရုပ်ကိုရဖို့ အကြွေစေ့ဘယ်လောက်ကုန်သွားပြီလဲ”

ဆိုင်ရှင်ယောကျာ်းဆီမှစကားဖြစ်သည်။ ရသက မဆိုင်းမတွန်ပင်ဖြေလိုက်သည်။

“ဒါနဲ့ဆို သုံးထောင်ဖိုးရှိပြီဗျာ”

“ဒီလိုလုပ်ပါလား မင်းအရမ်းလိုချင်နေတယ်ဆိုရင် အကို့ကိုနှစ်ထောင်ပဲထပ်ပေး အရုပ်ကလေးကို သော့ဖွင့်ပြီးယူပေးမယ် ဘယ်နှယ့်လဲ”

“အိုးဟိုးဟိုး………… ရသတို့ဘဝမှာ ဘယ်တော့မှအရှုံးမပေးဘူး။ မရရအောင်ယူပြမယ် တစ်စေ့ကျန်သေးတယ် ”

“ဟုတ်တယ်ရသ မင်းကိုငါထောက်ခံတယ် မဝယ်နဲ့ရအောင်ယူရအောင် ဘယ်လောက်ကုန်ကုန်ကွာ”

ရသစကားကို မင်းသန့်ဇင်ကပါ အားတက်သရော်ထောက်ခံလိုက်ပါသည်။ ရသမင်းသန့်ဇင်ကို တစ်ချက်ကြည့်ပြီး ခေါင်းညှိတ်ပြလိုက်သည်။

“ကြိုက်သွားပြီ ကြိုက်သွားပြီ အဲ့လိုဇမျိုးကိုကြိုက်တာ မင်းတို့ရအောင်ယူနိုင်ရင်ငါက အဲ့ဒီအရုပ်အပြင် အပိုဆုအနေနဲ့ ပိုက်ဆံတစ်သောင်းပါထပ်ပေးမယ် ”

“ခင်ဗျားကတိတည်ပါစေနော်”

“အိုယောကျာ်းကတိကွာ”

“အိုကေ ယောကျာ်းကတိမဖျက်ကြေး လာစမ်း……..”

ရသက ဒီတစ်ခါတော့ သူ့ကိုယ်သူယုံကြည်တဲ့မျက်လုံးတွေနဲ့ အရုပ်ကိုစူးစိုက်စွာကြည့်နေပါသည်။ ထို့နောက် စက်ထဲသို့နောက်ဆုံးကျန်သည့်အကြွေစေ့ကို ထဲ့လိုက်သည်။

“ကဲ………. စပြီဟေ့ မင်းသန့်ဇင် ပါးစပ်ဆိုင်းတီးစမ်း”

“အင်…. ပါစမ်းဆိုင်းကဘယ်လိုတီးရမှာလဲ”

“အာတော်တော်တုန်းတဲ့ကောင်ပဲ ငါ့ဖာသာပဲတီးမယ် မောင်နှောင့်မောင်နောင့် မောင်နောင်မောင်နှောင့်”

“ဗေပုံဗေပုံထိထိ ဗေပုံထိထိ မောင်နှောင့်ဗေပုံ ဗေပုံမောင်နောင့်”

“ဟားဟားဟား ဟုတ်ပြီဟေ့ ဆွဲထား ဆွဲထား….”

ရသကမောင်းတံခလုတ်ကို ချိန်ရင်း ပါးစပ်ကလဲ ဆိုင်းတီးရင်းဖြင့် စောစောကငြိမ်သက်သွားခဲ့သည့် လူအုပ်ကြီးကလဲ ပြန်လည်ဆူပွက်လာပါသည်။ မင်းသန့်ဇင်လဲ လက်သီးလက်မောင်းတန်းပြီး အော်ကာ အားပေးနေသည်။ အရုပ်ရှေ့သို့ရောက်သောအခါ ရသက ခလုတ်ကိုဖိချလိုက်သည်။

စက်လက်တံအောက်ကိုကျသွားပြီ……..
.
.
.
.
.
အရုပ်ကိုညှပ်မိသွားပါသည်……
.
.
.
.
.
.
ထို့နောက်အထပ်သို့ ပြန်တက်လာသည်
.
.
.
.
.
.
တဖြေးဖြေးနှင့် အပေါက်နားသို့ အိပဲ့အိပဲ့ရွေ့လျားလာသည်
.
.
.
.
.
အားလုံးရဲ့အသံတွေ တိတ်သွားကြသည်…….
.
.
.
.
.
.
အပေါက်ဝနားသို့ရောက်ခါနီးတွင် ရုတ်တရက် အရုပ်မှာလှုပ်ခါသွားသည်
.
.
.
.
.
“ဟာ”

“ဟင်”

“အိုး..”
.
.
.
.
.
.
သို့သော် ကံကောင်းထောက်မစွာပဲ အရုပ်မှာပြုတ်ကျမသွားပဲ အပေါက်ဝသို့ရောက်လာသည်။ ထို့နောက် အပေါက်ထဲသို့ စွက်ကနဲကျသွားပါသည်။

“ဟေး…………………….”

လူများအားလုံး၏လက်ခုတ်သြဘာသံများ ညံတက်သွားပါသည်။ အရုပ်မှာ ဘယ်လောက်မှတန်ကြေးမရှိသော်လည်း အခုလိုခဲရာခဲစစ်ကြားထဲကနေ ရအောင်ယူနိုင်လိုက်သောအခါ ဖြစ်သွားသော ပီတိမှာ ပျော်လို့မဆုံးနိုင်အောင်ဖြစ်နေသည်။  မင်းသန့်ဇင်လဲ အပျော်လွန်ပြီး ရသကို သိုင်းဖက်ချလိုက်သည်။ ရသကလဲ မင်းသန့်ဇင်ကို ပြန်ဖက်ကာ အရုပ်ကိုလက်ထဲမှာမြှောက်ပြီး ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရသလို အော်နေလေ၏။ တစ်ယောက်မျက်နှာနဲ့တစ်ယောက် နီးကပ်စွာကြည့်နေမိရင်း ဖြစ်ပေါ်လာတဲ့ ရင်ခုန်မှုလေးတွေက သူတို့နှစ်ယောက်ကို သီးခြားကမ္ဘာထဲမှာ လွတ်လပ်ခွင့်ပေးထား သလို လောကကြီးတစ်ခုလုံးကိုမေ့သွားမိတာအမှန်ပါ။

လိုချင်တာလေးကိုရအောင်ယူပေးလို့ ရသကိုကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်နေတဲ့မင်းသန့်ဇင်ရဲ့ မျက်ဝန်းနုနုတွေရယ် မင်းသန့်ဇင်ကိုဖြည့်ဆည်းပေးလိုက်ရလို့ ဖြစ်လာတဲ့ ပီတိတွေနဲ့ ပြုံးပျော်နေတဲ့ ရသတို့ရဲ့ အပြုံးတွေဟာ ကမ္ဘာမြေပေါ်က ခြောက်ကပ်ညှိုးနွမ်းနေတဲ့ ပန်းကလေးတွေကို တောင်လန်းဆန်း သွားစေမှာအမှန်ဖြစ်သည်။ ဖြူစင်တဲ့အချစ်မေတ္တာရည်ရဲ့ ချိုမြိန်တဲ့ဝတ်ရည်တွေကိုစုတ်ယူမိတဲ့ ပျားပိတုန်းလေး နှစ်ကောင်လို အူမြူးနေသော ရသနဲ့မင်းသန့်ဇင်သည် နဘေးရှိလူများအားလုံးကို အပျော်တွေကူးစက်သွား စေပါသည်။ တကယ်တော့ အချစ်မှာချိုမြိန်ခြင်းဆိုတာတွေရှိပါတယ် အဲ့ဒီချိုမြိန်ခြင်းတွေကို ရိုးသားခြင်းဆိုတဲ့ အရာနဲ့ဖော်ထုတ်မှ ပျော်ရွှင်မှုဆိုတာရလာတာပါ။ ရသနဲ့မင်းသန့်ဇင်ဟာ အဲ့ဒီပျော်ရွှင်မှုတွေကို ရိုးသားခြင်းနဲ့ ဖော်ထုတ်လိုက်တဲ့ အချစ်ရဲ့ နတ်သားလေးတွေပေါ့……

                                                                                  ဆက်ရန်ရှိသေးသည်-

                                                                                                   Lovealone










4 comments:

  1. ဇာတ်လမ်းက ကောင်းခန်းကြမှ ဖြတ်တယ်။ နောက်တစ်ပုဒ်က ဘယ်တော့လဲ ဟင်။ ဒီမှာဖတ်ရတဲ့လူက ဆန့်ငင်ဆန့်ငင်နဲ့။

    ReplyDelete
  2. အပိုင်းကဘယ်ထိဆက်ရေးမှာလဲ ဇာတ်သိမ်းမှဖြင့်သိမ်းတော့လေး စောင့်ရတာဖြင့် တင်ရင်လဲမြန်မြန်တင်ပါ။

    ReplyDelete
  3. lovealone i love you

    ReplyDelete
  4. i love lovealone very much

    ReplyDelete