This is the best gay website for Myanmar gay peoples.

Sunday, June 15, 2014

On 8:06 AM by Unknown in    1 comment



အချိန်ကားညဆယ်နာရီတိတိ……

သူ့ရှေ့သို့မကြာမီရောက်ရှိလာတော့မည့် သေဆုံးသူတစ်ဦးသည် မည်သူမည်ဝါဖြစ်နိုင်မည်နည်း။ အသက်အရွယ် ကြီးရင့်သည့်အဖိုးကြီးတစ်ယောက်လား သို့မဟုတ် နုပျိုနေသေးသည့် မိန်းမလှလေးတစ်ယောက်လား သို့မဟုတ် လူမမယ်အရွယ်မရောက်သေးသည့် ကလေးလေးတစ်ယောက်များလား။ သူသိပ်သိချင်ပါသည်။ လူတို့သည့် အသက်ရှင်နေသည့်ကာလတစ်လျောက် လူချစ်လူခင်ပေါချင်ပေါမည်။ ခင်မင်ရင်းနီးသူများချင်များမည် သို့သော် သေဆုံးသွားပြီးသည့်နောက်ပိုင်းတွင်မူ ထိုလူအား မည်သူကမျှ ဂရုစိုက်တော့မည်မဟုတ်ချေ။ သိပ်ချစ်လှပါချည်ရဲ့  သိပ်ပြီးသံယောဇဉ်ရှိလှပါချည်ရဲ့ဆိုသည့် ချစ်သူ သို့မဟုတ် မိမိ အိမ်ထောင်ဖက်သည်ပင်လျှင် ထိုသို့သေဆုံးသွားသော လူတစ်ယောက်ကို လှည့်ကြည့်တော့မည် မဟုတ်ပါ။ ဘဝတပါးသို့ပြောင်းရွှေ့သွားသည့် ဝိဥာဉ်မဲ့ခန္ဓာကိုယ်ကြီးသည် အဓိပ္ပါယ်မဲ့အထီးကျန်စွာ ရက်ရက်စက်စက်စွန့်ပစ်ခြင်းကိုခံရတော့မည်ဖြစ်သည်။ စဉ်းစားကြည့်ပါ……. မည်မျှဝမ်းနည်းစရာကောင်းသည့် ကိစ္စတစ်ခုပါနည်း???? 


သူ့အလုပ်က ပုဂ္ဂလိကဆေးရုံတစ်ခုရှိ သေဆုံးသူအလောင်းများထားရှိရာ (Morgue) အအေးခန်းကိုစောင့်သည့်အလုပ်ဖြစ်သည်။ သူသည်စိတ်ပညာဘာသာရပ်ဖြင့် ကျောင်းပြီးထားသော လူငယ်တစ်ဦးလဲဖြစ်သည်။ သူ့ပညာအရည်အချင်းနှင့်ဆိုလျှင် အခြားအလုပ်ကောင်းကောင်း တစ်ခု ရှာဖို့မခက်နိုင်ပေမယ့် သူဟာ ဒီလူသေစောင့်သည့်အလုပ်ကိုမှ နှစ်နှစ်ခြိုက်ခြိုက်ကြီးစွဲလန်းကာ လုပ်ချင်နေခဲ့မိသည်။ သူရဲ့စိတ်တို့ထူးဆန်းနေသည်။ သေဆုံးသူများနှင့်အရင်းတနီးနေချင်မိခဲ့သည်။ ငယ်စဉ်က သေဆုံးသူများကိုတွေ့ခဲဖူးသော်လည်း အဝေးမှသာမြင်တွေ့  ခွင့်ရခဲ့ပြီး အနီးကပ် ထိကြည့်ခွင့်ကိုင်တွယ်ခွင့်မရခဲ့ပါ။ သူဆုံးသူတွေ၏ အေးစက်တောင့်တင်းနေသော ခန္ဓာကိုယ်သည် သူ့အား အလွန်အမင်းဆွဲဆောင်လျှက်ရှိသည်။ သေဆုံးသူတွေ၏ နှလုံးသားကိုသူနားလည်ချင်သည်။ ထို့အတွက် သေဆုံးသူများနှင့်ရင်းနီးအောင်သူကြိုစားခဲ့သည် သေဆုံးသွားသူများကို သူအလွန်သနားသည်။

လူတစ်ယောက်ဟာသေဆုံးသွားပြီဆိုလျှင်ထိုသူသည်လူ့လောကထဲမှပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ ထို့သို့လူ့လောကထဲမှ ထွက်ခွာသွားတော့မည့်သူတစ်ယောက် အပြီးအပိုင်ပျောက်ဆုံးသွားတော့မည့်သူ တစ်ယောက် ဘယ်တော့မှနိုးထခြင်းမရှိတော့တဲ့ အိပ်စက်ခြင်းနဲ့အိပ်စက်တော့မည့်သူ တစ်ယောက်အတွက် နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတဲ့အနမ်းလေးတော့ရှိသင့်သည်မဟုတ်လား ။ သူ့စိတ်ကူးတွေသည် မိုက်ရူးရဲဆန်ချင်ဆန်နေလိမ့်မည်။ သို့မဟုတ် သူ့စိတ်ကူးကိုသိသွားသူအချို့က သူ့ကို အရူးဟုပြောချင် ပြောကြလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သေဆုံးသူများကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် အနမ်းတစ်ခု လောက်ပေးချင်နေခဲ့သည်က သူ့အိမ်မက်ဖြစ်သည်။ ထိုအိမ်မက်သည် သူငယ်စဉ်ကတည်းက မက်ခဲ့ရသော အိမ်မက်တစ်ခုဖြစ်သည်။ ထိုအိမ်မက်ကို သူအကောင်အထည်ဖော်ဖို့  အကြိမ်ကြိမ်ကြိုးစားဖူးသည်။ သာမန်လူတစ်ယောက်ကို နမ်းခြင်းသည်သိပ်မထူးဆန်းသော ကိစ္စဖြစ်ပေမယ့် သေဆုံးပြီးသွားသော မသာကြီးကို နမ်းသည့်ကိစ္စကတော့ သိပ်ကိုထူးဆန်းနေလိမ့်မည်ထင်သည်။

လူတစ်ယောက်သေဆုံးသွားလျှင် များမကြာမီအချိန်အတွင်း၎င်း၏ ခန္ဓာကိုယ်ကြီးသည် ပုပ်သိုးဆွေးမြေ့ သွားမည်ဖြစ်သည်။ ထို့သို့စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူ့ခန္ဓာကိုယ်ကြီးကို မည်သူကမျှ နှုတ်ဆက်သည့် အနေဖြင့် နမ်းဝံ့  ပါသနည်း??? ထိုသို့ဆိုလျှင် ဘဝတစ်ပါးသို့ကူးပြောင်းတော့မည့် လူတစ်ယောက် မိမိ၏ခန္ဓာဟောင်းကြီးကိုစွန့်  ခွာပြီးအဝေးသို့ ထွက်သွားတော့မည့်သူတစ်ယောက်သည် မည်သူ့ဆီကမျှ နှုတ်ဆက်ခြင်းသင်္ကေတတစ်ခုကိုမျှ မရရှိပါပဲ လူ့လောကထဲမှ ထွက်ခွာသွားရတော့မည်ဖြစ်သည်။ ထိုသေဆုံးသူသည် မည်မျှကံဆိုးလိုက်ပါသနည်း???

အလောင်းပိုင်ရှင်တွေက  ဒီညပဲထားမယ်ပြောတယ်။ မနက်ဖြန်မနက်ကျရင် သဂြိုလ်ကြလိမ့်မယ်

စကားပြောသံနှင့်အတူ ပိတ်စဖြူအုပ်ထားသော သေဆုံးသူအားတင်ဆောင်လာသည့် Trolley လေးအားတွန်းလျက်လူနှစ်ယောက်အခန်းတွင်းသို့ဝင်လာကြသည်။  တစ်ယောက်မှာ Nurse အကူယောကျာ်းတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာဆေးရုံရှိသန့်  ရှင်းရေးအလုပ်သမား တစ်ဦးဖြစ်သည်။ ထို့သန့်  ရှင်းရေးအလုပ်သမားကတော့ သူနှင့်ရင်းနီးနေပြီဖြစ်သည်။ Nurse အကူယောကျာ်းမှာမူ အနည်းငယ် စကားပြောမတတ်သဖြင့်သူနှင့်သိပ်ပြီး ဖက်လဲတကင်းပြောဆိုလေ့မရှိပါ။

ဟေ့ကောင် နောင်နောင် ဒီညအတွက်မင်းစောင့်ရမယ့်မသာက နည်းနည်းအရေးကြီးတယ်။ သူ့ကို သတ်မှတ်ထားတဲ့အအေးချိန်ကို တိတိကျကျပေးထားပါ။ ဒီမသာပျောက်တာတို့ဘာတို့ မဖြစ်အောင်လည်းဂရုစိုက်ပါ။ ဒီတစ်ညပဲဆိုတော့မင်းသေချာဂရုစိုက်လိုက်ပါ။ ”

Nurse အကူယောကျာ်းက ထုံးစံအတိုင်းလေသံမာမာဖြင့်သူ့အားစကားဆိုလေသည်။ သူမသာကုတင်ရှိရာသို့ လျှောက်သွားလိုက်၏။

အအေးဓာတ်ပေးခကနာရီနဲ့ကောက်တာဈေးကြီးလို့  ဘယ်သူမှသိပ်ကြာကြာမထားကြဘူး။ ဒါနဲ့မသာက ဘာနဲ့ဆုံးလဲ”

ဒါနဲ့ ဒီမသာက ငယ်ငယ်လေးရှိသေးတယ် သွေးကင်ဆာနဲ့ဆုံးတာတဲ့။ ပိုက်ဆံလဲချမ်းသာတယ်ပြောတာပဲ နှမြောစရာပဲ

သန့်  ရှင်းရေးယောကျာ်းပြောသောစကားကို သူစိတ်ဝင်စားသွားသည်။ သေဆုံးသူကို အအေးဓာတ်ပေးသည့်  အခန်းထဲထည့်ရန် Steel အခေါင်းထဲသို့ပြောင်းရွှေ့ရန်သူတို့  ပြင်ဆင်ကြသည်။ Nurse ယောကျာ်းက အခေါင်းလွတ်တစ်ခုအား ဆွဲထုတ်လိုက်သည်။ သူနှင့်သန့် ရှင်းရေးယောကျာ်းက ထိုသေဆုံးသူကို မကာ အခေါင်းထဲသို့ပြောင်းထဲ့လိုက်ကြသည်။ နေရာအပြောင်းအလဲပြုလုပ်လိုက်သောကြောင့် မသာမှအနည်းငယ် ပုံပျက်သွားသည်။ ၄င်းကိုအုပ်ထားသောပိတ်စဖြူမှာ အောက်သို့အနည်းငယ်လျောသွားပြီး ဦးခေါင်းရှိဆံပင်စအချို့ ပေါ်လာသည်။ သေထားတာနာရီပိုင်းသာရှိသေးသည်မို့  သေဆုံးသူခန္ဓာကိုယ်မှာ အလွန်အမင်းတောင့်တင်းနေခြင်းမျိုးမရှိပါ။ သူအသာလေးပိတ်စဖြူကို အောက်သို့ဆွဲချလိုက်၏။

ဟေ့ကောင်မင်းဘာလုပ်မလို့လဲ……..

သူဆွဲချခါနီးမှ Nurse အကူယောကျာ်းက အော်လိုက်သဖြင့် ရုတ်တရက်ရပ်တန့်လိုက်ရ၏။

ကျွန်တော်ကြည့်ချင်လို့ပါ။

သေဆုံးသူမှာယောကျာ်းလေးဖြစ်သည်။ ဦးခေါင်းမှအနည်းငယ်တိုနေသော ဆံပင်ကသက်သေခံလျက်ရှိသည်။

မင်းဘာသာကြည့်ချင်ရင် ငါတို့  ပြန်သွားမှအဝကြည့်။ အခုတော့မကြည့်နဲ့   ဦး။ လူသေမျက်နှာကြီးကိုမြင်ပြီး  ငါအိပ်မပျော်မှာစိုးလို့

ခင်ဗျားကလည်းကြောက်တတ်လိုက်တာဗျာ။ သေပြီးသားလူက ခင်ဗျားဆီထပြီးလမ်းလျောက်မလာနိုင်ပါဘူး

ဟေ့ကောင် ငါကြောက်ပါတယ်ဆိုမှ ပြောလေကဲလေပါလား

Nurse အကူယောကျာ်းက သည်းသည်းလှုပ်ဖြစ်နေသဖြင့် သန့် ရှင်းရေးသမားက သဘောကျကာ တဟားဟားရယ်လေသည်။ မသာကိုအခေါင်းထဲသို့ပြောင်းထဲ့ပြီးသွားသောအခါ သန့် ရှင်းရေးသမားနှင့် Nurse အကူယောကျာ်းတို့  ပြန်ထွက်သွားကြသည်။ သူအခေါင်းနံပါတ်နှင့်သေဆုံးသူတို့အမည်ကို မှတ်ထားလိုက်ပြီး အခေါင်းကိုအအေးဓာတ်များပေးသည့်စက်ကို ဖွင့်လိုက်သည်။ တခဏတာအတွင်းတိတ်ဆိတ်သွားသော Morgue အခန်းလေးသည် အအေးဓာတ်ပေးသည့်စက်သံနှင့် တိုင်ကပ်နာရီ၏ တစ်ချက်ချက်မြည်သံသာ ရှိနေပြီး အရာအားလုံးဆတ်ငြိမ်လျက်ရှိသည်။

သူအခန်းအပြင်ဖက်သို့တစ်ချက်ငေးကြည့်လိုက်သည်။ အပြင်ဖက်တွင်လည်းတိတ်ဆိတ်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မှ သွားလာနေခြင်းမရှိတော့ပါ။ ညဥ့်နက်သည်နှင့်အမျှ ဆိတ်ငြိမ်မှုကြီးစိုးလာ သောဆေးရုံကြီးသည် တိတ်ဆိတ်ခြင်းတို့ နှင့်အတူ အဝေးမှရန်ဖန်ရန်ခါအော်မြည်တတ်သော ညငှက်အသံတို့ကို အတိုင်းသားကြားနေရသည်။ အပြင်ဖက်တွင်တော့ လသာညဖြစ်၍ လရောင်လေး ဖွေးနေလိမ့်မည်။ အပြင်ဖက်ကိုငေးကြည့်နေရင်းမှ သူအခန်းတွင်းဖက်ကိုပြန်၍ မျက်နှာမူလိုက်သည်။ ထို့နောက် စောစောကအခေါင်းထည့်ထားရာနေရာသို့  ပြန်လျောက်လာခဲ့သည်။ Morgue ထဲတွင် မသာအခေါင်းများကို အအေးပေးစက်နှင့်တွဲထားပြီးသားဖြစ်သည်။ ထိုအခေါင်းများကို အဆင့်လိုက်အဆင့်လိုက် အံဆွဲများလို အစီအရီထားရှိခြင်းဖြစ်သည်။ ထို့နောက် သူ့လက်ထဲရှိ Nurse ယောကျာ်းပေးခဲ့သော  သေဆုံးသူ၏ Certify ကို စူးစိုက်ကြည့်မိလိုက်သည်။

သေဆုံးသူ             - ဇင်မင်းဟိန်း
သေဆုံးသည့်ရက်စွဲ - ၁.၂.၂၀၁၄ ညနေ(၈)နာရီ
သေဆုံးသည့်ရောဂါ- သွေးကင်ဆာ (Leukaemia)
ထားရှိသည့်အချိန်   - ၁.၂.၂၀၁၄ ည (၁၀.၄၆) နာရီ

ထို့နောက် သူ့  နှုတ်ခမ်းပါးတွေကို လျှာဖြင့်တစ်ချက်သပ်လိုက်ရင်း..

ကျွတ်စ်…… ကျွတ်စ်..ကျွတ်စ်…….. ကောင်လေးရေ…… မင်းကတော့ လူ့လောကထဲက စောစောစီးစီးထွက်ခွာသွားရတော့မှာပဲ။ မင်းကိုချစ်တဲ့မင်းရဲ့ မိသားစုတွေ ဘယ်လောက်တောင် ဝမ်းနည်းပူဆွေး ကြေကွဲနေလိုက်ကြမလဲ။ ဒါပေမယ့် အသက်မဲ့သွားတဲ့ မင်းရဲ့ခန္ဓာကိုယ်ကြီးကို သူတို့တွေ ဒီအတိုင်းပစ်ထားသွား ကြပြီနော်…….မင်းအတွက်ငါစိတ်မကောင်းပါဘူး

သူကြေကွဲစွာနှုတ်ဖျားမှ ရေရွတ်မိလိုက်သည်။ သေဆုံးသူကောင်လေး၏ အခေါင်းသည် သူ့အား လာဖွင့်ကြည့်လှည့်ပါဦး ခေါ်နေသယောင်ယောင် ဆွဲဆောင်လျက်ရှိသည်။ သူ့စိတ်ထဲတွင် စောစောက လှန်မကြည့်လိုက်ရသည့် ကောင်လေး၏မျက်နှာကို အလွန်အမင်းကြည့်ချင်စိတ်တွေပေါက်နေသည်။ ပြီးတော့ ကောင်လေးက သူအလွန်ရင်းနီးချင်နေသည့် သေဆုံးသူတစ်ဦးမဟုတ်ပါလား။ ယခင်က သူ့ဆီသို့ရောက်ရှိ လာသောသေဆုံးသူများစွာရှိပါသည်။ ထိုသေဆုံးသူများအား အယောက်တိုင်းဆီသူမျက်နှာကိုလှန်ကြည့် ခဲ့သည်။ ထို့အပြင် ညသန်းခေါင်းယံအချိန်တွင် ထိုသေဆုံးသူ၏ အခေါင်းများကို ဖွင့်ပြီးသေဆုံးသူများကို သူစကားတွေတဝကြီးပြောဖြစ်ခဲ့သည်။ အချို့ ကလေးအရွယ်သေဆုံးသူများကိုမူ သူအိပ်ယာဝင်ပုံပြင်များ ပြောပြခဲ့သည်။ အချို့သူများကိုမူ နှုတ်ဆက်သည့်အနေဖြင့် သီချင်းများဆိုပြခဲ့သည်။ အချို့သေဆုံးသူများ ကိုမူ ထိုသူတို့၏ရုပ်ရည်ကြင်အင်လက္ခဏာများကို ကြည့်ပြီး မည်သည့်လူအမျိုးအစားထဲတွင် ပါနိုင်သနည်းဟု ထိုင်စဉ်းစားခဲ့ဖူးသည်။

ည(၁၁)နာရီထိုးသွားသောအခါ လူသံလုံးလုံးတိတ်ဆိတ်သွားသည်။ ဤအချိန်သည် သူစောင့်ဆိုင်းနေသော အချိန်ဖြစ်သည်။ စူးစမ်းချင်သော သူ့စိတ်တို့က ခန္ဓာကိုယ်အသွေးထဲအသားထဲမှနေ၍ ဆူပွက်ကာ အခေါင်းကို ဖွင့်ဖို့တောင်းဆိုနေသည်။ ယနေ့ရောက်ရှိလာသော သေဆုံးသူသည် သူ့အတွက်အနည်းငယ်သော ထူးခြားမှု ကိုပေးစွမ်းနေသည်။ သာမန်သေဆုံးသူများကဲ့သို့မဟုတ်ပဲ သူ့အားထူးခြားစွာ ဆွဲဆောင်လျက်ရှိ၏။ သူ့ညာဖက်လက်ကို လေထဲသို့တဖြည်းဖြည်းမြှောက်လိုက်ပြီး အခေါင်းထိပ်ကိုကိုင်ကာ အထဲမှအနည်းငယ်ဆွဲထုတ်လိုက်သည်။

အအေးဓာတ်ပေးစက်သည်လည်ပတ်နေဆဲဖြစ်သောကြောင့် အထဲမှအငွှေ့များအပြင်သို့ တိုးထွက်ထာသည်။ အခေါင်းသည်တစ်ထွာခန့်ပြင်ပသို့ရောက်လာသောအခါ သူ့လက်တွေကတုန်ကယင်ဖြင့်ရပ်တန့်သွားမိသည်။ သူ့စိတ်ထဲတွင် နောက်ကျောမလုံသလိုလို တစ်ယောက်ယောက်က သူ့အားအနောက်မှနေ၍ စောင့်ကြည့်နေသလိုလို ခံစားလိုက်ရသည်။ ရုတ်တရက်မို့ ကြက်သီးများဖြန်းကနဲ ထသွားသည်။ တည်ငြိမ်မှုမရှိပဲ ခုန်ပေါက်နေသည့်သူ့စိတ်များအား ထိန်းချုပ်စေခြင်းအလို့ ငှာ အခန်ထဲသို့  အကြောက်ပြေ တစ်ချက်မျှ ဝေ့ကြည့်လိုက်မိသည်။ အခန်းထဲရှိမီးချောင်းအနီးတွင် ကပ်နေသော အိမ်မြှောင်တစ်ကောင်မှလွဲပြီး ကျန်သည့်သက်ရှိသတ္တဝါဟူသည် သူတစ်ယောက်သာရှိသည်။

အရာရာသည် တိတ်ဆိတ်နေသောကြောင့် သူ့ဆီသို့ ခြောက်ခြားခြင်းများက အလွယ်တကူဝင်ရောက်လာသည်။ တစ်ခုပိုမိုထူးခြားသည်က သူ့ရင်တွေမခုန်စဖူး ခုန်နေသည်။ ရင်ခုန်သည်က သာမန်ရင်ခုန်ခြင်းမျိုးနှင့်မတူပဲ ကြုံတောင့်ကြုံခဲ ရင်ခုန်ခြင်းမျိုး ဥပမာ ပြစ်ဒဏ်ကျခံရတော့မည့် တရားခံတစ်ယောက်အား တရားသူကြီးမှ အမိန့် ချတော့မည့်အချိန်တွင် ခံစားနေရသည့် ရင်ခုန်သံမျိုးဟုခိုင်းနှိုင်း၍ရသည်။ အခေါင်းကို တိတ်ဆိတ်ခြင်းများအား ဖြိုခွင်း၍ အပြင်ဖက်သို့ဆက်ဆွဲလိုက်၏။ ရေခဲငွှေ့များတထောင်းထောင်းထနေသော အခေါင်းသည် အပြင်ဖက်သို့ ပို၍ပို၍ရှည်ထွက်လာသည်။  ထို့နောက်စောစောက Nurse အကူယောကျာ်းနှင့် သန့် ရှင်းရေး သမားတို့တွန်းလာသည့် Trolley (လူနာတင်လှည်း) အားသွားယူလိုက်ပြီးနောက် အခေါင်းကိုထို အပေါ်သို့  ငဲ့တင်လိုက်သည်။ ယခုအခါအခေါင်းတစ်ခုလုံး ပြင်ပသို့ လုံးဝ လွတ်လွတ်ကျွတ်ကျွတ် ရောက်ရှိသွားပြီဖြစ်သည်။

ရေခဲငွှေ့ များအနည်းငယ် ရှဲသွားသောအခါသူအခေါင်းထဲသို့ သေသေချာချာကြည့်လိုက်သည်။ အခေါင်းက စောစောကသူတို့ထဲ့ထားခဲ့သည့်အတိုင်း ပုံစံမပျက်ရှိနေဆဲပင်။
ယခုသူ့ရှေ့မှာ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ သေဆုံးသူတစ်ယောက်ရှိနေပြီလေ။ သူသိပ်ကို ကြိုက်နှစ်သက် ပါသောသေဆုံးသူပါ။ ဒီမသာဟာသူ့လက်ထဲမှာအလွန်ဆုံးရှိမှာ နှစ်ရက်သုံးရက်ပေါ့ ပြီးရင် သဂြိုလ်စက်ထဲကို ရောက်သွားတော့မှာလေ။ လူတစ်ယောက်ရဲခန္ဓာကိုယ်ကြီး အသက်မဲ့သွားပြီး ပုပ်သိုးဆွေးမြေ့မသွားခင် သို့မဟုတ် လောင်မြိုက်ခြင်းမခံရသေးခင် နောက်ဆုံးအနေဖြင့် ထိုခန္ဓာကိုယ်ကြီးကို အမှတ်တရလေး ဖြစ်အောင်သူနှုတ်ဆက်လိုက်ချင်ပါသည်။ သူ့ကို ရူးတယ်ပဲပြောပြော ကြောင်တယ်ပဲပြောပြော ကျပ်မပြည့်ဘူးပဲ ပြောပြောသူကတော့ သူ့စိတ်ထဲမှာရှိတာလုပ်ဖို့ဆုံးဖြတ်ထားပါသည်။ ဒီလိုသေဆုံးသူတွေနဲ့ရင်းနီးဖို့ဆိုတာ လွယ်တယ်များမှတ်နေလား။ သုဘရာဇာနီးနီးလူမသတီတဲ့ဒီအလုပ်ကို သူနှစ်နှစ်ခြိုက်ခြိုက်စွဲလန်းနေခဲ့မိတာ ဘွဲ့ရပညာတတ်ဆိုတဲ့ ဂုဏ်ကိုတောင်စွန့်လွှတ်လိုက်မိတဲ့အဖြစ်ပါ။

မင်းမျက်နှာကိုငါ့ကိုကြည့်ခွင့်ပေးပါကောင်လေး။ ငါ့ကိုမင်းနဲ့ အခုမှသိတဲ့ သူငယ်ချင်းတစ်ယောက်လို့ သတ်မှတ် လိုက်ပါ။ အခုလိုအချိန်မှာ အခေါင်းထဲမှာနေရင် မင်းတစ်ယောက်ထဲပျင်းနေလိမ့်မယ်။ ငါနဲ့စကားတွေပြောရအောင် ငါမင်းနဲ့ရင်းနီးပါရစေ..

မလှုပ်မယက်ငြိမ်သက်နေသော သေဆုံးသူကောင်လေးထံမှ မည်သည့်တုန့်  ပြန်မှုမျှ ပေါ်ထွက်လာမည် မဟုတ်ကြောင်းသူသိနေသော်လည်း တစ်ခုခုများ ပြန်ပြောလာမည်နိုးဟူသော စိတ်ကလေးက ကိန်းအောင်းနေသေးသည်။ ကောင်လေး၏မျက်နှာကို ကောင်လေးက ကြည်ကြည်ဖြူဖြူဖြင့် ကြည့်ခွင့်ပေးပါက မည်မျှကောင်းလိုက်မည်နည်းဟု သူတွေးကြည့်မိသည်။ သို့သော် ကောင်လေးက ဆက်လက်တိတ်ဆိတ်နေဆဲ.

သူ့လက်တွေကို ကောင်လေးမျက်နှာဖုံးထားရာ ပိတ်စဖြူဆီသို့ လှမ်းလိုက်သည်။ ပိတ်စအစွန်းကို ကိုင်မိသွားသောအခါ အသာလေးမပြီးအောက်သို့ဆွဲရန်ပြင်လိုက်သည်။ ထိုစဉ်……..

“အူ………..အူ……….ဝူး……..”

အဝေးမှဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြောင့် ကြက်သီးတွေတဖြန်းဖြန်းထသွားမိပြန်သည်။ သူလိပ်ပြာမလုံစွာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်မိသည်။ သို့သော် မသင်္ကာစရာဘာမှ မတွေ့သဖြင့် လုပ်စရာရှိတာဆက်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။

သူသေဆုံးသူအလောင်းနားသို့ ကပ်သွားလိုက်ပြီးအလောင်းပေါ်ရှိပိတ်စဖြူအား အသာဆွဲလှန်လိုက်သည်။ ပိတ်စဖြူတစ်ဝက်ခန့်လျောသွားသောအခါ သေဆုံးသူကောင်လေး၏အလောင်းမှာ ပိုမို၍ရုပ်လုံးပီပြင်ကာ သူ့ရှေ့တွင်ထွက်ပေါ်လာသည်။ ဖြူဖတ်ဖြူလျော်ဖြစ်နေသော အသားအရည်၊ မဲနက်နေဆဲမျက်ခုံး၊ ဆင်းနေသော နှာတံ၊ မျက်စွန်းအစပ်အနည်းငယ်နက်နေပြီး လခြမ်းစိတ်သကဲ့သို့ အစွန်းလေးချွန်နေသည့် မျက်လုံးတို့နှင့်ကောင်လေး၏ ရူပါသွင်ပြင်ကား ရုပ်ရည်ချောမောသော အမျိုးသားတစ်ယောက်ဖြစ်ကြောင်း သက်သေခံနေသည်။ သို့သော် ရောဂါဒဏ်ကြောင့် အသားအရည်ဖြူဖတ်ဖြူရော်ဖြစ်နေကာ အနည်းငယ်ပိန်လှီလျက်ရှိသည်။ ထို့အပြင် ကြဲနေသောဆံပင်များကလဲ မသေဆုံးမီကာလက ကျွတ်ထားမှန်း သိသာနေသည်။

သူ့ရှေ့တွင်လဲလျောင်းလျက်ရှိသော ကောင်လေး၏အလောင်းမှ မလှုပ်မယက်ဖြင့် ငြိမ်သက်နေ ဆဲသာပင်။ ကောင်လေး၏မျက်နှာကိုသူစေ့စပ်စွာ ကြည့်မိပါသည်။ ထိုမျက်နှာကို သူအဓိပ္ပါယ်ဖော်ရင်းကြည့်နေ မိရာမှ တဖြည်းဖြည်းကောင်လေး၏မျက်နှာတွင် ဝမ်းနည်းရိပ်တို့သန်းလာကြောင်း သတိထားမိလာသည်။  ဆေးရုံတဝိုက်မှ ဖားအော်သံကင်းအော်သံများဖြင့်ညကြီးသည် နာနာဘာဝတို့နိုးထရာ အချိန်သို့ ဆိုက်ရောက်နေပြီဖြစ်သည်။ ထို့အပြင်လေတိုက်သံကြောင့် တိုးထွက်နေသောသစ်ရွက်လှုပ်သံများကလည်း ထစ်ချုံးနေသောမိုးသံတို့နှင့်အတူ မရဏတွင်းမှသွေးဆာနေသော သားကောင်များကဲ့သို့ ကြောက်မက်ဖွယ်ရာ အတိပြီးနေသည်။ညသန်းခေါင်ယံ ဤအချိန်သည် သေဆုံးသူတို့၏ဝိဥာဉ်များ နိုးထကျင်လည်ကျက်စားရာ အချိန်ဖြစ်သလို ပရလောကသားတို့ပျော်မြူးရာအချိန်လည်းဖြစ်သည်။ သူအိမ်မက်ဆိုးတွေမက်နေသလို ချွေးတွေပြန်လျက်ရှိသည်။ လှိုင်းခတ်နေသော သူ့စိတ်တို့ကလဲ ကဏာမငြိမ်ပဲ ပြားပန်းခတ်နေသည်။ နာနာဘာဝဟူသည်ကား လူကိုကောင်းကျိုးပေးသောသတ္တဝါမဟုတ်ဟုသူသိထားပြီသားဖြစ်သည်။

ညသည်ညဥ့်နက်သထက်ပိုပြီး ညဥ့်နက်လာပြီဖြစ်သည်။ တဖြေးဖြေးဖြင့် နာရီစင်မှာ ညဆယ့်နှစ်နာရီ ထိုးသံကို ကြားနေရသည်။ အဝေးမှပျံလွင့်လာသော နာရီစင်မှအသံသည် မကောင်းဆိုးဝါးတို့အား လွတ်လပ်ခွင့်ပေး လိုက်သော အချက်ပေးအသံလိုလို သူ့စိတ်ထဲထင်မှတ်နေမိသည်။ ဘာကြောင့်မှန်းရယ် မသိသူ့စိတ်တွေကို တစ်စုံတစ်ယောက်က အနောက်ကနေထိန်းချူပ်နေသလို ကျဉ်းကြပ်နေမိတာအမှန်ပါ။ တစ်ခါတစ်ရံတွင် အသက်ပင်ဝဝမရှူနိုင်တော့သလို မောဟိုက်သွားမိသည်။ သို့သော် သူသိပ်ကိုရင်းနီးချင်နေသည့် သေဆုံးသူကို လက်တွေ့ကျကျ တွေ့မြင်ခွင့်ရနေသည့်အခါ ထိုအရာများကို မေ့ပျောက်ပစ်လိုက်သည်။

“မင်းနဲ့ငါ့နဲ့ ဒီညတော့သူငယ်ချင်းတွေလုပ်ကြတော့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့မင်းက သိပ်မကြာခင်မှာ ပြာမှုန့်တွေဖြစ်သွားတော့မှာလေ။ ဒါကြောင့်မင်းပြာမှုန့်တွေမဖြစ်သွားခင်မှာ ငါမင်းကိုပျော်ရွှင်အောင်ထားချင်တယ်။ ဒီလိုလုပ်ပေးချင်ခဲ့တာ ငါ့အိမ်မက်ပဲ”

သူတစ်ယောက်ထဲခြောက်ကပ်စွာပြောဆိုနေမိပါသည်။ သေဆုံးသူတွေကို နည်းနည်းတော့လွန်သည်ဟု သူပြောချင်သည်။ သူကသာ သေဆုံးသူတွေရဲ့နောက်ဆုံးခရီးကို အပျော်ရွှင်ဆုံးဖြစ်အောင် ဖန်တီးပေးချင်ခဲ့တာ။ သေဆုံးသူတိုင်းကတော့ သူကိုအဖက်တောင်လုပ်ဖော်မရခဲ့ပါ။ သေဆုံးသူတွေရဲ့ နောက်ဆုံးဈာပနခရီးလမ်းကို အထီးကျန်မှုတွေကင်းမဲ့အောင် နွေးထွေးတဲ့မိသားစုလို သူငယ်ချင်းအပေါင်းအသင်းလို သူအဖော်ပြုပေးခဲ့တာ သာမန်အသုဘပို့တဲ့သူတွေထက် ပိုပြီးမွန်မြတ်တဲ့ အလုပ်ဟုပြောလို့ရနိုင်ပါသေးသည်။ ကြီးကြီးကျယ်ကျယ်ဆိုရသော မွန်မြတ်သည့်ပါရဟိတစိတ်ဟုလည်း သုံးနှုန်းနိုင်သည်။

သေဆုံးသူ၏အလောင်းမှာ တုတ်တုတ်မှမလုပ်ပဲ ငြိမ်သက်နေဆဲပါ…..။

“ငါသေဆုံးသူတွေကိုစိတ်ဝင်စားတာ အကြောင်းရှိတယ်။ လူတွေဟာသေဆုံးပြီးသွားရင် ဘာဖြစ်သွားကြသလဲဆိုတာကို ငါသိပ်သိချင်တယ်။ နောင်ဘဝဆိုတာတကယ်ပဲရှိသလား…… ဒါမှမဟုတ် အဲ့ဒီသေဆုံးသူရဲ့ဝိဥာဉ်ဆိုတာဟာ တကယ်ပဲရှိသလား…… ငါ့အထင်တော့လူတွေကသေဆုံးပြီးသွားပြီဆိုရင် ဘယ်တော့မှပြန်မရှင်သန်နိုင်တော့ဘူးလို့ပဲထင်တယ် မင်းရောဘယ်လိုထင်လဲ”

သေဆုံးသူကတော့ သူ့ကိုရူးနေတယ် စိတ်ထဲမှာပြောနေမလားမသိပါ။ ဒါပေမယ့် သေဆုံးပြီးသား လူတစ်ယောက်မှာတော့ တိတ်တိတ်လေး စိတ်ထဲမှာကျိတ်တွေးနိုင်တဲ့စွမ်းအား မရှိလောက်ဘူးဟု သူယုံကြည်သည်။ သေဆုံးသူကောင်လေး၏ ဘယ်ဖက်လက်ကိုသူဆွဲနှိုက်လိုက်သည်။

“အိုး……….. မင်းရဲ့လက်ကလေးတွေက သိပ်ကိုလှတာပဲ။ နည်းနည်းလေး ပိန်နေတာကလွဲလို့ပေါ့။ ”

သေဆုံးသူကောင်လေး၏လက်သူကြွယ်တွင် လက်စွပ်ကလေးတစ်ကွင်းစွပ်ထားကြောင်းတွေ့ရသည်။ လက်စွပ်ကလေးက ရွှေသားချည်းပဲဖြစ်ပြီး မောင်းကွင်းလေးဖြစ်သည်။ အတုလားအစစ်လားတော့ သူမခွဲတတ်ပါ။

“မင်းမိဘတွေ ရွှေလက်စွပ်ကိုဖြုတ်မသွားကြဘူးပဲ….. မေ့သွားကြတာလား ဒါမှမဟုတ်လူသေပစ္စည်းမိုလို့ မလိုချင်တော့တာလားမသိဘူး။ ဒါပေမယ့် စိတ်ချပါ ငါမင်းလက်စွပ်ကိုမယူပါဘူး”

ကောင်လေး၏လက်တွေက ရေခဲငွှေ့တွေအရှိန်ကြောင့် အေးစက်နေပါသည်။ အေးစက်စက်လူသေကောင်၏ လက်ကိုကိုင်ရသည်မှာ သက်ရှိလူတွေရဲ့လက်ကိုကိုင်ရသလိုမဟုတ်ပဲ ဘာလောဘ ဘာမောဟရဲ့ပူရှိန်းတဲ့ အငွှေ့အသက်ကိုမှ မခံစားရပါ။ သက်ရှိလူတွေကသာ လောဘ မောဟတွေနဲ့ ပူပြင်းတောက်လောက်နေကြတာ။

“မင်းကိုကြည့်ရတာ အိမ်ထောင်ရှိဦးမယ့်ပုံမပေါ်သေးဘူး။ တကယ်လို့မင်းဟာ အိမ်ထောင်မကျသေးခင်မှာပဲ သေဆုံးသွားခဲ့တာဆိုရင်တော့ နှမြောစရာပဲကွာ….. ကျွတ်စ်ကျွတ်စ်….. Virgin လေးနဲ့သေးသွားတယ်ဆိုရင် ပိုဆိုး လောကမှာလူတွေရဲ့အရေးကြီးဆုံးတာဝန်က လူဖြစ်အောင်လုပ်တတ်ဖို့ပဲ။ မင်းဟာလူသားတစ်ယောက်ဖြစ်ပြီး လူသားမျိုးဆက်တွေကို ကမ္ဘာမြေကြီးပေါ်မှာ မချန်ထားရစ်ခဲ့နိုင်ရင် မင်းဟာသိပ်ကိုမိုက်မဲတဲ့လူတစ်ယောက်ပဲ….. တစ်နည်းအားဖြင့် လူမပီသသေးဘူးလို့ပြောလို့ရတယ်”

သူကောင်လေး၏လက်ကို အခေါင်းထဲသို့ပြန်ထည့်လိုက်ပါသည်။ ထို့နောက် သေဆုံးသူကောင်လေး၏ ခန္ဓာကိုယ်အနှံ့အပြားကို သူစေ့စပ်သေချာစွာကြည့်နေမိသည်။ တဖြေးဖြေးသူ့အကြည့်တွေက ကောင်လေး၏ မျက်နှာရှိရာသို့ရောက်သွားပြန်သည်။ ကောင်လေး၏မျက်နှာသည် ပိန်လှီနေပြီး ပါးများက အတွင်းသို့ခွက်ဝင်နေသည်။ ကျန်းမာစဉ်က ဘယ်လောက်ပဲချောနေတဲ့သူတစ်ယောက် ဖြစ်ခဲ့ဖြစ်ခဲ့ မမာမကျန်း ဖြစ်လာတဲ့အခါမှာတော့ ချောမောမှုတွေ လှပမှုတွေအားလုံးကို စွန့်လွှတ်လိုက်ရတာချည်းပါပဲ။ ကောင်လေး၏နှုတ်ခမ်းတွေက အသည်းပုံသဏ္ဍာန်ရှိပြီးအနားငယ်ပါးလှပ်နေသည်။

“မင်းဘဝမှာ ဟော့ဒီနှုတ်ခမ်းနဲ့ လူတွေကိုနမ်းခဲ့ဖူးမှာပေါ့…….။ လူတွေကလည်း မင်းကိုနမ်းချင်နမ်းခဲ့ဖူးမှာပေါ့….. ဒါပေမယ့် မင်းအခုသေသွားပြီလေ…. မင်းလိုသေပြီးသား သူတစ်ယောက်ကို ဘယ်သူကနမ်းဝံ့ဦးမှာလဲ….”

ကောင်လေး၏ခြောက်ကပ်နေသော နှုတ်ခမ်းတွေကို ကြည့်ရင်း သူပြောနေမိသည်။ ကောင်လေးကို သူနောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် နမ်းလိုက်ရမလား……
သေဆုံးသူတွေကိုနောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် အနမ်းတစ်ခုလောက်ပေးချင်ခဲ့တာလဲ သူ့အိမ်မက်ပဲ ဖြစ်သည်။ သို့ပေမယ့် ထိုအိမ်မက်ကို သူဘယ်တုန်းကမှ အကောင်အထည်မဖော်ခဲ့ဖူးပါ။ မည်သည့်သေဆုံး သူကိုမှလည်းမနမ်းခဲ့ဖူးပါ။

“ငါအခုမင်းရဲ့ လက်ရှိအခြေအနေ ခံစားချက်ကိုသိချင်လိုက်တာ။ မင်းလိုသေပြီသားလူတစ်ယောက်ကို စကားတွေတတွတ်တွတ်ပြောနေတဲ့ ငါ့ကိုမင်းဘယ်လိုမြင်မလဲ….ငါသိပ်သိချင်တယ် ဖြစ်နိုင်ရင် မင်းခံစားချက်ကို ငါဝင်ကြည့်လို့ရရင်ကောင်းမယ် …….”

သူစကားတွေပြောနေခိုက် အဝေးမှနာရီစင်မှ တစ်နာရီထိုးကြောင်း အချက်ပေးသံသဲ့သဲ့လေးထွက်ပေါ်လာပါသည်။

“တစ်နာရီထိုးသွားပြီ မနက်မိုးလင်းရင် မင်းကိုသဂြိုလ်ကြလိမ့်မယ် မင်းခန္ဓာကိုယ်ကြီးဟာ ကမ္ဘာမြေကြီးပေါ်ကနေ အပြီးအပိုင်ပျောက်ကွယ်သွားတော့မှာ….. ငါစိတ်မကောင်းပါဘူးကွာ”

သူသက်ပြင်းတစ်ချက်ချလိုက်ရင်း ကောင်လေး၏မျက်နှာကိုတစ်ချက်ကြည့်ကာ ပိတ်စဖြူကို ပြန်ဖုံးအုပ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူလဲအိပ်ချင်နေပြီဖြစ်သည်။ စောစောကလှန်ထားသော ကောင်လေး၏ခါးလည်ခန့်လောက် မှာ ရှိသည့်ပိတ်စဖြူကို အသာမကာ အထက်သို့ဆွဲတင်လိုက်သည်။ ထို့နောက် မျက်နှာနားအထိ ရောက်သောအခါ သူ့လက်တွေကိုရပ်တန့်လိုက်သည်။ မနက်ဖြန်ဆိုလျှင် ပြာဖြစ်တောမည့် ကောင်လေး၏ ပုံစံကိုသူသနားဂရုဏာသက်စွာ ကြည့်လိုက်မိပြန်သည်။ ထို့နောက် သူကောင်လေး၏ နှုတ်ခမ်းတည့်တည့်ကို နမ်းချလိုက်သည်။ ဒါသေဆုံးသူကောင်လေးအတွက်သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်းပေါ့……

သေဆုံးပြီးသားသူတစ်ယောက်၏ အေးစက်စက်နမ်းခမ်းတွေက သူ့ကိုလျှပ်စစ်တွေစီးဝင်သွားသလို ခံစားမှုမျိုးကိုပေးသည်။ သေဆုံးသူကောင်လေးမျက်နှာက သူနမ်းလိုက်သည်ကို မနှစ်မျို့သလိုလို ဖော်ပြနေကြောင်း သူ့စိတ်ထဲတွင် ထင်မိသည်။  သူ့စိတ်တွေလှုပ်ရှားလာရင် ပိတ်စကိုအမြန်ဖုံးအုပ်ပြစ်လိုက်သည်။ သေပြီးသားလူကြီးကို နမ်းရသည်ကို သူရင်တွေခုန်နေသည်…..ဘယ်လိုကြီးပါလိမ့်….. ပြီးတော့ ယောကျာ်းအချင်းချင်းကြီး……

“ဘုရား…….ဘုရား……ငါလူသေကြီးကိုကြိုက်နေတာတော့ မဟုတ်လောက်ပါဘူး ”

သူစိုးရိမ်ကြီးစွာခေါင်းကို တွန်တွန်ခါရမ်းပစ်လိုက်သည်။ မဖြစ်နိုင်ပါဘူး သူသာလူသေကိုကြိုက်နေတယ်ဆိုရင် သူရူးနေလို့ပဲနေမှာပေါ့။ အခုက သူရူးမှမရူးပဲ။ ဟုတ်တယ် သူမရူးသေးပါဘူး……။ သဘာဝထက် လွန်ကဲတဲ့ စိတ်စွဲလန်းမှုတွေ အပြုအမူတွေက လူအများကိုမထိခိုက်မနစ်နာစေဘူးဆိုရင် အဲ့ဒီ စိတ်တွေကို စိတ်ရောဂါဟု သတ်မှတ်လို့မရကြောင်း သူစာအုပ်တွေမှာဖတ်ဖူးသည်။ ဒါကြောင့် သူ့ရဲ့စွဲလန်းမှုတွေကိုလည်း စိတ်ရောဂါဟု ပြော၍မရပါ။

အခေါင်းကိုအဖုံးပြန်ပိတ်လိုက်ပြီးနောက် အလောင်းစင်ပေါ်သို့ပြန်တင်ရန်သူပြင်လိုက်သည်။ ထိုစဉ်…. စိုစွတ်နေသော အရည်တစ်ချို့ သူ့ခြေဖျားနားသို့ လာထိသလိုခံစားမိသဖြင့် အောက်သို့ငုံ့ကြည့်လိုက်သည်။ ငုံကြည့်လိုက်သောအခါ စိုစွတ်နေသောအရည်များမှာ ရေမဟုတ်ကြောင်းသေချာသွားသည်။ သူခြေဖျားနှင့်ထိမိသည့်အခါ ချွဲပြစ်ပြစ်ကြီး ဖြစ်နေပြီး မသတီစရာအနံ့ဆိုးကြီးထွက်နေသည်။ ထိုအရည်များသည် ထွက်လာရာလမ်းကြောင်းကို သူ့ခြေဖျားမှတစ်ဆင့် သူလိုက်ကြည့်လိုက်မိတဲ့အခါ…….

အရည်များသည် ကောင်လေး၏ခန္ဓာကိုယ်မှထွက်လာသော သွေးများဖြစ်နေကြောင်းတွေ့ရှိလိုက်ရသည်…..

“ဘာလို့ဒီမသာက သွေးတွေထွက်လာရတာလဲ……”

သူတစ်ယောက်တည်း   တွေးတွေးဆဆလေးပြောကာစဉ်းစားမိသည်။ သို့သော် အဖြေကထွက်မလာပါ။ တစက်စက်ကျနေသောသွေးများက အခေါင်းအောက်ဖက်မှ ထွက်ကျနေခြင်းဖြစ်သည်။ မဟုတ်မှာလွဲရော သေဆုံးသူ၏ကျောမှဒဏ်ရာများ ရှိနေလို့လား။ သူသွေးထွက်ပေါက်ကိုစဉ်းစားနေတုန်းမှာပင် သေဆုံးသူကောင်လေး၏ မျက်လုံးအိမ်မှာသွေးစက်များ စီးဆင်းလာသည်ကို ထပ်မံတွေ့ရှိလိုက်ရပြန်ပါသည်။

“အလို…… သွေးတွေ…..”

“မျက်ရည်မကျပဲသွေးတွေကျလာပါလား……”

သူထူးဆန်းအံ့သြစွာကြည့်နေမိတုန်းမှာပင် သွေးများသည် တဖြေးဖြေးရေအိုင်ငယ်သဖွယ်အိုင်လာပြီး တရိပ်ရိပ်မြင့်တက်လာသည်။ သူအံသြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားမိပြီး မအော်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချူပ်ထားလိုက်ရသည်။ မျက်စိတစ်မှိတ်လျှပ်တစ်ပြတ်အတွင်းမှာပဲ သွေးများဟာ ရုတ်ချည်းဆိုသလို အိုင်တက်လာပြီး သူ့ခြေမျက်စိကို မြုပ်သွားစေသည်။ ထို့နောက် သွေးများက တဖြေးဖြေး ရိပ်တက်လာရင်း သူ့ဒူးခေါင်းနားထိသို့ ရောက်လာ၏။ တဖြေးဖြေးများပြားလာသော သွေးများက လျှံတက်လာကာ အခန်းတစ်ခုလုံးသွေးအိုင်ကြီးလိုဖြစ်သွားလေသည်။ သေဆုံးသူတစ်ယောက်ထဲကတော့ ဒီလောက်များတဲ့သွေးတွေ ထွက်လာတာမဖြစ်နိုင်ပါ။ သေချာတာ သူသရဲအခြောက်ခံနေရပြီ……

သူ့စိတ်ထဲက စဉ်းစားမိလိုက်သည်နှင့် သူဒီနေရာမှအမြန်ဆုံးထွက်ခွာသွားဖို့ပြင်ဆင်လိုက်သည်။ သူ့ကို နာနာဘဝတွေက ကျီစားနေပြီဖြစ်ကြောင်းသူရိပ်မိလာပြီ။ သို့သော် သူခြေထောက်များအား တစ်စုံတစ်ခုကဆွဲထားသလို လှုပ်မရပဲရှိနေသည်။ သွေးများအောက်မှ လက်တစ်စုံက သူ့ခြေထောက်တွေကို လှုပ်မရအောင် ဆွဲထားတာသေချာသည်။ သူစိုးထိတ်စွာသွေးရည်များကိုကြည့်ရင်း အသက်ရှူသံတွေ ပိုပြီးပိုပြီးမြန်လာခဲ့မိသည်။ သူ့နှုတ်ခမ်းတွေတုန်ရီနေရင်းကြောက်စိတ်တွေ ပိုမိုကြီးထွားလာသည်။ သွေးရည်များသည် သူ့ဒူးခေါင်းမှ တစ်ဆင့်ပြည့်တက်လာပြီး တစ်ဖြေးဖြေးဝမ်းဗိုက်ကို ကျော်ကာ လည်ပင်းနားထိသို့တက်လာသည်။

သူအော်ဟစ်နေမိပါသည်။ သို့သော် သူ့နှုတ်တွေကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားသလို သူ့အသံများက ကျယ်လောင်စွာထွက်ပေါ်လာခြင်းမရှိပဲ ညည်းသံသာသာအသံလေးသာ ထွက်လာခဲ့သည်။

ကဲ…. ဘယ်လောက်သွေးပျက်ခြောက်ခြားဖွယ်ရာကောင်းလိုက်ပါသလဲ…… မသတီစရာ သွေးပုပ်ရည်တွေ သူ့လည်ပင်းထက်ကိုတက်နေပြီ ညှီစော်လိုလို ပုပ်စော်လိုလိုနံနေသည့် ဒီသွေးအိုင်ကြီးထဲမှာ သူနစ်မြုပ်ရမှာလား…. အောက်ခြေမှသူ့ခြောက်ထောက်ကို ဆွဲထားသော လက်ကြီးသည့် သူ့ခြေထောက်ကို လွတ်သွားမှာစိုးမတတ်ပိုပြီးပိုပြီး တင်းကြပ်လာအောင် ဆုပ်ထားပါသည်။ သူရုန်း၍မရတော့….. သူလှုပ်၍လည်းမရတော့….. သူ့နှာခေါင်းဝအနားသို့ ရောက်လာသော သွေးရည်တွေကို သူ့မျက်ဖျားဖြင့် ကြောက်ရွံ့စွာကြည့်နေရုံမှတပါး ဘာမှမတက်နိုင်တော့။

သူ့စိတ်တွေ လေထဲမှာလွှင့်ပစ်ခံလိုက်ရသလို…… အာရုံတွေမူးနောက်နေစေလျှက်…… တဖြေးဖြေး အသိဥာဏ်တွေဝေဝါးလာခဲ့သည်။ သူအသက်ရှူ၍မရတော့သလို နှလုံးတွေကွဲထွက်သွားမတတ် မွန်းကြပ်လာသည်။ နောက်ဆုံးမှာတော့ သူရှိသမျှအားအင်တွေကို စုစည်းပြီး အသားကုန် အာခေါင်ခြစ် ပြီးအော်ပြစ်လိုက်သည်။

အား……..

သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည့်အခါ တိတ်ဆိတ်နေသောအခန်းထဲမှ မီးချောင်းဖြူဖြူကြီးနှင့် မောင်းနှင်ထားသော အအေးပေးစက်ကြီး၏ အူနေသည့်အသံကွဲကွဲကြီးကိုကြားနေရသည်။ သူ့မျက်စိရှေ့မှ သွေးအိုင်ကြီးလည်း ပျောက်ခြင်းမလှပျောက်ကွယ်သွားချေပြီ။ ထို့အတူ သူချထားသည့် ကောင်လေး၏ အခေါင်းကြီးလည်း နဂိုပကိတိအတိုင်းပါပင် အရာရာအားလုံးအာ ဆိတ်ငြိမ်လျှက်ရှိနေဆဲ…….

“ဟူး…………”

သူဘာဖြစ်နေတာလဲ သူ့စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်နေတာလား….. ဒါမှမဟုတ် သူ့အမြင်အာရုံတွေ မှားယွင်းနေတာလား……

ကောင်လေး၏အခေါင်းကိုမြန်မြန်ပြန်ထဲ့ဖို့သူပြင်လိုက်သည်။ သူ့စိတ်တွေကြောက်ရွံ့မှုတွေကြီးစိုးနေပြီဖြစ်သည်။ သူအန္တာရယ်တစ်ခုခုနှင့် ရင်ဆိုင်ရတော့မှာလိုလို စိတ်ထဲတွင် ခံစားနေမိသည်။ သူသေဆုံးသူမကြိုက်တာ လုပ်မိသွားပြီထင်သည်။ အို….မဟုတ်တာ သေတဲ့သူက သေပြီးပြီပဲ…..

သူပြာပြာသလဲဖြင့်အခေါင်းကိုမရန်ပြင်လိုက်စဉ်…..သူ့ပါးစပ်တွေဟသွာမိပြန်သည်။ အခေါင်းထဲတွင် အလောင်းကြီးရှိမနေတော့ပါ။

“အလောင်းကော……. အလောင်းဘယ်ရောက်သွားပြီလဲ……”

သူအလောင်းကိုရှာဖွေနေမိပါသည်။ သေဆုံးသူကောင်လေး၏အလောင်း အခေါင်းထဲမှာမရှိတော့ပါ။ ဘယ်ရောက်သွားလဲ….အလောင်းဘယ်ရောက်သွားလဲ…….

သူအလောင်းကိုရှာဖွေနေဆဲသူ့အနောက်တွင် တစ်စုံတစ်ရောက်က လာရပ်နေသလို ခံစားမိသွားသည်။ သူ့ကြက်သီးတွေဖြန်းကနဲ ထသွားပြန်သည်။ ထို့နောက် အနောက်သို့မရဲတရဲဖြင့် လှည့်ကြည့်လိုက်သည့်အခါ………

“ဟင်……”

“အစ်……..”

“အစ်……..”

“အာ့…………အု……..”

သေဆုံးသူအလောင်းမှာသူ့အနောက်ကနေ မားမားကြီးရပ်တန့်ကာ သူ့လည်ပင်းကို ဆတ်ကနဲ ညှစ်ပစ်လိုက်ပါသည်။ သေဆုံးသူ၏မျက်လုံးများသည်လည်း သူ့အားရန်ငြိုးဖြင့် စူးစိုက်ကြည့်နေပြီး ကြောက်မက်ဖွယ်ရာကောင်းနေသည်။ သေဆုံးသူရဲ့လက်တံတွေက ရှည်လျားစွာဖြင့် သူ့လည်ပင်းကို အားစိုက်ပြီးညှစ်ထားသည်။ သူအသက်ရှူရကြပ်လာသည်။ သေဆုံးသူ၏လက်ကို ဖယ်ဖို့ကြိုးစားသော်လည် အေးစက်တောင့်တင်းနေသောလက်ကြီးက ခိုင်မာနေသည့် သံမဏိချောင်းတွေလို လုံးဝဖယ်ရှားလို့မရပါ။ သေဆုံးသူ၏မျက်လုံးကြီးများကား ပြူးသထက်ပိုမိုပြူးကျယ်လာပြီး သူ့အားစားတော့မလိုဝါးတော့မလို ပုံစံဖြင့် ကြည့်နေသည်။ သူတစ်စုံတစ်ခုပြောရန် ကြိုးစားသော်လည်း သူ့ပါးစပ်က ဘာစကားများမှ မထွက်နိုင်အောင် သေဆုံးသူက လည်ပင်းကို ညှစ်ထားသဖြင့် ဘာစကားမှထွက်လာနိုင်ခြင်းမရှိပဲ အသက်ရှူဖို့ပင် လေမရရှိတော့ပါ။

သေဆုံးသူကသူ့လည်ပင်အားညှစ်ထားပြီးနောက် သူ့ကိုအခေါင်းထဲသို့ရောက်အောင် တွန်းထဲ့ပြစ်လိုက်သည်။ သူရုန်းကန်ဖို့ကြိုးစားသော်လည်း အားအင်များချိနဲ့သွားသည့်အတွက် ခြေတွေလက်တွေမလှုပ်နိုင်တော့ပါ။ သူအခေါင်းထဲသို့ရောက်သွားပြီးမကြာခင်မှာပါ အခေါင်းဖုံးကြီးကအပေါ်ကနေပိတ်သွားသည်။ ယခုအခါ သူကိုယ်တိုင်အရှင်လတ်လတ်အခေါင်းထဲသို့ရောက်သွားပါသည်။

“ကယ်ကြပါ…….ကယ်ကြ….ပါ…..”

“ဘုန်း……ဘုန်း…….”

“ကျွန်တော်မသေပါရစေနဲ့…….ကယ်ကြပါ…..”

သူအခေါင်းကိုအဖုံးကို အားသုံးပြီးတွန်းဖွင့်သော်လည်း အဖုံးကပွင့်မသွားတောပါ။ အပေါ်မှ အားကြီးသည့်အရာတစ်ခုဖြင့် ဖိထားသလို လေးလံနေသည်။ ဘယ်လိုမှဖွင့်လို့မရတော့သော အခေါင်းဖုံးကြီးကို သူကြည့်ရင်း ဝမ်းနည်းစိတ်တွေဖြင့် မျက်ရည်များကျလာသည်။ အခေါင်းထဲတွင် လူးလွန့်နေရင်း သူငိုကြွေးနေမိသည်။ သူဘာကြောင့်များ အခေါင်းထဲမှာ အရှင်လတ်လတ်အပိတ်ခံရတာလဲ။ သေဆုံးသူက သူ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲ။ သူဘာများမှားသွားခဲ့သလဲ…….

ပြင်ပမှလှုပ်ရှားသံနှင့်အတူ သူ့ခန္ဓာကိုယ်ကိုထဲ့ထားသည့်အခေါင်းကြီးက မြောက်တတ်သွားပြီး တစ်ခုခုထဲသို့ ထိုးသွင်းသလိုခံလိုက်ရသည်…..

မဟုတ်မှလွဲရော…… သူ့ကိုအအေးပေးစက်ထဲသို့ ထဲ့လိုက်ပြီလား….

“ကယ်ကြပါ……… အီးဟီးဟီး……..”

သူငိုကြွေးပြီး အာခေါင်ခြစ်ကာ အသားကုန်အော်ဟစ်နေပါသော်လည်း သူ့ကိုဘယ်သူမှကယ်မယ့်သူမရှိပါ။ အခေါင်းထဲတွင် ဘာမှမမြင်ရပဲမှောင်မဲနေသည်။ ကျဉ်းကြုတ်ကြုတ်နေရာလေးထဲတွင် မလူးသာမလွန့်သာဖြင့် နေရထိုင်ရဆင်းရဲစွာ အားကိုးရာမဲ့နေသည်။ သူ့ကိုဘယ်သူမှမကယ်နိုင်တော့ဘူးတဲ့လား…… သူ့ဘဝကြီးက တစ္ဆေတစ်ကောင်ရဲ့လက်ထဲမှာ အသက်ဆုံးရှုံးရတော့မှာလား…. သူဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်တော့ဘူးလား…….

အအေးစက်ဖွင့်သံကိုသူသဲ့သဲ့ကြားလိုက်ရသည်။ ဟိုတစ္ဆေကောင် အအေးစက်ကို ဖွင့်နေပြီ……

အား……
ရေခွဲငွှေ့တွေ………မသာနံ့တွေနဲ့……ရွံဖို့ကောင်းလိုက်တာ……သူပျို့အန်ချင်သလိုတောင်ဖြစ်လာမိပါသည်။ အခေါင်းထဲရှိအပေါက်ငယ်လေးများမှ ရေခဲငွှေ့များက တလူလူထွက်လာပြီး ခဏလေးအတွင်းမှာပင် အအေးဒီဂရီများမြင်တက်လာကာ သူ့တကိုယ်လုံး အေးစက်သွားသည်။ အအေးဒီဂရီမှာ မြင့်သက်ထက် ပိုမိုမြင်တာ့လာကာ သူ့တစ်ကိုယ်လုံးတောင့်တင်းလာသည်။ သူ့လက်တွေလှုပ်လို့မရတော့အောင် အေးခဲလာပြီး ခြေချောင်းတွေလဲတစ်ခုနှင့်တစ်ခုကပ်ကုန်သည်။ အေးစက်မှုတို့က မြင့်တက်လာလေလေ သူ့ပါးစပ်မှ အငွှေ့များက ထွက်လာလေလေဖြစ်လာသည်။

“အာ့…….အ့…..”

သူ့အာခေါင်များကလဲ မာကျောလာပြီး သူ့ပါးစပ်ကြီးစေလို့မရတော့ပါ။ သူ့ဝမ်းဗိုက်ထဲက အသည်းတွေအူတွေ အားလုံးအေးခဲကုန်သည်။ ရင်ဝမှစူးစူးနင့်နင့်ခံစားချက်ကြီးက တဖြေးဖြေး လည်မျိုသို့ရောက်လာကာ တစ်ခဲသွားသည်။ သူအသက်ရှူလို့မရတော့ပါ။ သူလည်ချောင်းတွေပိတ်ဆို့ကုန်ပြီဖြစ်သည်။ သူအရမ်းကို လိုအပ်နေသော အောက်စီဂျင်ဓာတ်ငွှေ့ကို ရှူရှိုက်၍မရတော့ပါ။ နှာခေါင်းဝမှလဲ လေမဝင်တော့သလို လည်မျိုနှင့် ဝမ်းဗိုက်တစ်လျှောက်ကလည်း တောင့်တင်းသွားသဖြင့် သူရေနစ်နေသလို မွန်းကြပ်လာသည်။ တဖြေးဖြေးရေခဲငွှေ့တွေဖုံးလွှမ်းလာသော အခေါင်းထဲတွင် သူတဖြေးဖြေးငြိမ်သက်သွားခဲ့သည်။ သူအမြင်တွေထဲအမှောင်ထုကြီးသာ စိုးမိုးလာသည်။ သူ့နားထဲတွင် စကားသံတစ်ချို့ဝေဝါးစွာကြားလာရသည်။

“ငါသေဆုံးသူတွေကိုစိတ်ဝင်စားတာ အကြောင်းရှိတယ်။ လူတွေဟာသေဆုံးပြီးသွားရင် ဘာဖြစ်သွားကြသလဲဆိုတာကို ငါသိပ်သိချင်တယ်။ နောင်ဘဝဆိုတာတကယ်ပဲရှိသလား…… ဒါမှမဟုတ် အဲ့ဒီသေဆုံးသူရဲ့ဝိဥာဉ်ဆိုတာဟာ တကယ်ပဲရှိသလား…… ငါ့အထင်တော့လူတွေကသေဆုံးပြီးသွားပြီဆိုရင် ဘယ်တော့မှပြန်မရှင်သန်နိုင်တော့ဘူးလို့ပဲထင်တယ် မင်းရောဘယ်လိုထင်လဲ”

ဒီစကားတွေ……ဒီစကားတွေဟာသူပြောခဲ့တဲ့စကားတွေပါ……. ဟင့်အင်း သူမသိချင်ပါဘူး။ သေဆုံးပြီးသွားရင် ဘာတွေဖြစ်သွားကြမလဲဆိုတာကို သူမသိချင်တော့ပါဘူး ကျေးဇူးပြုပြီးသူ့ကို မသတ်လိုက်ပါနဲ့။ တောင်းပန်းပါတယ်….. တောင်းပန်ပါတယ် သူမသေပါရစေနဲ့…….

“ငါအခုမင်းရဲ့ လက်ရှိအခြေအနေ ခံစားချက်ကိုသိချင်လိုက်တာ။ မင်းလိုသေပြီသားလူတစ်ယောက်ကို စကားတွေတတွတ်တွတ်ပြောနေတဲ့ ငါ့ကိုမင်းဘယ်လိုမြင်မလဲ….ငါသိပ်သိချင်တယ် ဖြစ်နိုင်ရင် မင်းခံစားချက်ကို ငါဝင်ကြည့်လို့ရရင်ကောင်းမယ် …….”

စကားသံတွေဟာသူပြောခဲ့တဲ့စကားသံတွေပါ။ ဒါပေမယ့်ကြားရတဲ့အသံက သူ့အသံမဟုတ်တာသေချာပါသည်။ ဒါဆိုဒီစကားတွေက ဘယ်သူကသူ့ကိုပြောနေတာလဲ……

“ငါ့ရဲ့ခံစားချက်ကတော့ မသတီစရာကောင်းတဲ့မင်းရဲ့ အနမ်းတွေအတွက် သေဆုံးခြင်းကို လက်ဆောင်အဖြစ် ပြန်ပေးခြင်းပဲ”

သူ့အမှောင်ထုထဲတွင် လွင့်မြောနေရင်းစကားသံများတိတ်ဆိတ်သွားပါသည်။ ထို့အတူ သူ့အသိဥာဏ်သည်လဲ မှိတ်လိုက်သည့် မီးလုံးတစ်လုံးလို ချုပ်ငြိမ်းသွားသည်။


                                         *          *         *            *

နံနက်မိုးလင်းသည့်အခါ ဆေးရုံထဲတွင်လူများ ပွက်ကလောရိုက်နေပါသည်။ ဆေးရုံးကော်ရစ်တာတွင် နာစ်များ ဆရာဝန်များနှင့် အခြားဆေးရုံဝန်ထမ်းများ လှုပ်ရှားသွားလာနေကြသည်။ ဆေးရုံ၏အအေးခန်းရှိရာနေရာတွင် လူများဝိုင်အုံလျှက်ရှိကြသည်။ ထိုသူများသည် ဆူညံပွက်နေအောင် စကားများပြောနေကြပြီး မည်သည့်အကြောင်းအကြားများကို ပြောဆိုနေမှန်းမသည်းကွဲပါချေ။ ဆေးရုံကော်ရစ်တာတွင် အမှိုက်တွန်းလှည်းကို တွန်းလာနေသော သန့်ရှင်းရေးသမားကြီးက ထိုအုံခဲနေသော လူများရှိရာ အအေးခန်းဖက်သို့ ၄င်း၏လှည်းကြီးကိုတွန်းကာ တရွေ့ရွေ့သွားလျှက်ရှိသည်။ ထိုစဉ် နဘေးရှိအခန်းထဲမှ နာစ်အကူယောကျာ်းတစ်ယောက်က ထွက်လာကာ ထိုသန့်ရှင်းရေးသမားကြီးကို တစ်စုံတစ်ခု ပြောလိုက်ကြသည်။

ထို့နောက်သူတို့နှစ်ဦးသည် ဦးတည်ရာတူညီသွားဟန်တူပြီး အအေးခန်းဖက်သို့ အတူတူလျှောက်လာခဲ့ကြသည်။  ထိုစဉ်အအေးခန်းဖက်မှ လူတစ်ယောက်ထွက်လာသည်။ ထိုလူမှာ လူငယ်တစ်ယောက်ဖြစ်ပြီး သန့်ရှင်းရေးသမားနှင့် နာစ်အကူယောကျာ်းတို့ကိုတွေ့သောအခါ ၄င်း၏ခြေလှမ်းတွေက ရပ်တန့်သွားလေသည်။

“နောင်နောင် အိမ်ပြန်တော့မှလား”

“ဟုတ်တယ်ဗျာ ပင်ပန်းနေပြီ အိပ်လဲအိပ်ချင်တယ်”

“မင်းအအေးခန်းမှာလူတွေအုံနေတယ် ဘာဖြစ်တာလဲကွ”

သန့်ရှင်ရေးသမားကြီးကို ကြည့်ပြီးလူရွယ်ကပြုံးသည်။ ထို့နောက်ဘာမှမပြောပဲ ထိုသူတို့အနားမှထွက်ခွာသွားပါသည်။ သန့်ရှင်းရေးသမားနှင့်နာစ်အကူယောကျာ်းတို့မှာ ကြောင်တောင်တောင်ဖြစ်သွားကြပြီး လူရွယ်ကိုကြည့်ကြလေသည်။ ထို့နောက် ၄င်းတို့၏ စူးစမ်းစိတ်များဖြင့် အအေးခန်းရှိရာသို့ ဆက်လျှောက်သွားကြသည်။ အအေးခန်းရှေ့သို့ရောက်သောအခါ ဝိုင်းအုံနေသောလူများကြားထဲသို့ ၄င်းတို့နှစ်ဦးတိုးဝင်သွားကြသည်။ အထဲသို့ရောက်သွားသောအခါ သေဆုံးနေသော အအေးခန်းစောင့် လူရွယ်၏အလောင်းကို ဆရာဝန်များက အခေါင်းထဲမှထုတ်နေကြသည်ကိုတွေ့လိုက်ရသည်။

လူအုပ်ကြီးထဲသို့တိုးဝင်သွားသော သန့်ရှင်းရေးသမားနှင့် နာစ်အကူယောကျာ်းတို့အား ဆေးရုံကော်ရစ်တာမှ လူရွယ်မှာပြုံးရင်းတစ်ချက်ကြည့်ကာ ဝေးသို့ထွက်ခွာသွားပါသည်။ သို့သော် ထိုလူရွယ်၏ဘယ်ဖက်လက်သူကြွယ်တွင် လက်စွပ်မောင်းကွင်းလေး စွပ်ထားသည်ကိုတော့ မည်သူမှမမြင်လိုက်ကြပါချေ……


                                                                                              Written by- 
                                                                                                          Lovealone














1 comment:

  1. ဖတ်ရင်း ဖတ်ရင်းနဲ့နောက်ဆုံးမှသိတယ် သရဲ

    ReplyDelete