This is the best gay website for Myanmar gay peoples.

Thursday, February 21, 2013

On 8:58 PM by Unknown in    1 comment




သူအံသြပြီးမှင်သက်သွားမိသည်။ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းပင်မသိတော့ချေ။ သူ့နှုတ်ခမ်းတွေ တုန်ရီလာရင်း  ဂီနို့ကို မျက်လုံးအဝိုင်းသား ဖြင့်သာငေးကြည့်နေမိ၏။

“နီယွန်.......”

“နီယွန်.......”

“မင်းကိုချစ်တယ်လို့ပြောနေတာကြားလား”

“ဟင်..........ဟို........ငါ...........ကြား.........အဲ့မကြား............ကြား”

ဂီနိုက သူ့ကိုတစ်ချက်စေ့စေ့ကြည့်သည်။ ထို့နောက် တခွိခွိရယ်တော့သည်။ ဂီနိုရယ်တော့ သူပိုလို့ပင် ရှက်လို့သွားမိသည်။ သူခြေဖျားလက်ဖျားတွေ အေးစက်လာ၏။ ရင်တွေလဲ တဒိန်းဒိန်းခုန်လာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဂီနို့ကိုတွန်းချပြီး ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ဂီနို ဒီကောင် တော်တော်မျက်ခွက်ပြောင်တဲ့ကောင် ဒီကောင် ငပြောင်.................


                                                        ******************

ညခင်းလေးသည် ပုံမှန်းလေးအတိုင်း စည်ကားလျှက်ရှိသည်။ လမ်းဘေးရှိစားသောက် ဆိုင်များသည်လည်း ကြော်လို့လှော်လို့ကောင်းနေဆဲ ရောင်းလို့ကောင်းနေဆဲ လူတွေကလည်း စည်ကားမြဲ စည်ကားနေဆဲပင်။ ဂီနိုလမ်းဘေးဘီတစ်ချက်သို့ကြည့်လိုက်ရင်း အခြားလမ်းတစ်ဖက်သို့ လမ်းဖြတ်ကူးလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲသို့ ထိုးထည့်လိုက်ရင်း ခပ်မတ်မတ်လမ်းလျှောက်လာခဲ့သည်။  ညလမ်း၏ မာကျူရီမီးများက ဝါဝင်းထိန်နေအောင် သာနေသည်။ သူသည်ဆိုင်တန်းလေးတွေကို မှတ်မိသေးပါသည်။ သူနှင့်နီယွန်စတွေ့သည့်နေ့က သူဂျင်ဝိုင်းမှအပြန် ပြန်လာသော လမ်းကလေးဖြစ်သည်။ အရှေ့နားတွင် လူနည်းနည်းပြက်သည်။ ထိုနေရာတွင်ပဲ သူဓားပြတိုက်ခံခဲ့ရသည်။ သို့မဟုတ်ပါက သူလဲ နီယွန်နှင့်တွေ့ဖြစ်မည်မထင်။ သူကံကောင်းသည်လား ကံဆိုးသည်လားတော့ မပြောတတ် သူ့နီယွန်ကိုချစ်မိသွားသည်။

အစပိုင်းတွင် သူငယ်ချင်းသံယောဇဉ်ဟု မိမိကိုယ်ကိုထင်နေမိသော်လည်း နောက်ပိုင်းတွင် နီယွန်ဖက်မှ သူငယ်ချင်းမကပိုသော် သံယောဇဉ်တွေကို သူတွေ့မြင်လာသောအခါ သူကိုယ်တိုင်ကလဲ နီယွန့်အပေါ် ယိမ်းယိုင်သွားခဲ့သည်။ နီယွန်ရယ်..........ဖြစ်နိုင်ရင်လေ  မင်းကိုဟိုးအဝေးကိုခေါ်ပြီး ဒီလောကကြီးထဲကနေ ထွက်သွားချင်လှပြီကွာ။ ငွေကြောင့်သာမဟုတ်ရင် ငါတို့ဒီလောကကြီးထဲကို ရောက်လာစရာ မလိုဘူး။ မင်းလဲ သိပ်မွန်းကြပ်နေမှာပဲနော်။ ငါတို့အတွက် အကောင်းဆုံးနေ့တစ်နေ့ ရောက်လာပါစေလို့ ငါဆုတောင်းပါတယ်ကွာ။

“တီ............တီ.............တီ.................”

ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းဝင်လာသဖြင့် သူ့အတွေးစတို့ပြက်တောက်သွားသည်။

“hello ပြောပါ”

“ဂီနို မင်းဘယ်ရောက်နေပြီလဲ ပြန်မလာသေးဘူးလား”

နီယွန်ဆီမှဆက်တာဖြစ်သည်။

“အေးငါလမ်းမှာရောက်နေပြီ မင်းဘာမှာမလို့လဲ ငါပြန်လာရင် ဘာဝယ်လာခဲ့ရမလဲ”

“သြော်  ဘာမှမဟုတ်ပါဘူးကွာ  နည်းနည်းနောက်ကျနေလို့ဖုန်းလှမ်းဆက်တာ ဒါပဲနော် ဟေ့ကောင်”

“ ဘာလဲ အသည်းလေးက မောင့်ကိုစိတ်ပူတယ်ပေါ့လေ ဟုတ်လား”

“ဘာအသည်းလေးလဲ မင်းတော့သေတော့မှာပဲ”

“အသည်းလေးကလဲ ရှက်မနေ................................ဟာ”

သူ့စကားပင်မဆုံးသေးပါ နီယွန်က ဖုန်းချသွားသည်။ ကြည့်ရတာ နီယွန်က သူ့ကိုရှက်နေသေးသည်ထင်သည်။ တကယ့်ကောင် ဟိုဟာလုပ်တော့ကျတော့ မရှက်ပဲနဲ့ ဒါကျမှလာရှက်နေတယ်။ တကယ်ဆိုရင် ဘာရှက်စရာလိုလဲ ငါတို့ဟိုဟာတောင်လုပ်ပြီးနေပြီပဲကို ................ဟား တကယ်ပါပဲ။

“တီ.............တီ............တီ............”

“ဟာ လာပြန်ပြီဒီဖုန်းက”

“ဟယ်လို ပြောပါ”

“ဂီနို ငါလုပ်ခိုင်းထားတာပြီးပြီလား “

“ဟုတ်ပြီးပြီ မမမိုးမြင့်”

“အေးပြီးပြီဆိုရင် နင်ပြန်မလာသေးနဲ့ဦး။ နင်လာမယ့်လမ်းမှ ကင်းလှည့်တဲ့ရဲတွေ လာနေတယ်။ နင့်ကို မသင်္ကာဖြစ်ပြီး စစ်နေဦးမယ်။ ငါပြောမယ် မြို့ထဲကိုပြန်သွား အဲ့မှာငါ့အသိ တည်းခိုခန်းတစ်ခုရှိတယ်။ ငါလိပ်စာပေးမယ် နင်ဒီညအဲ့မှာသွားအိပ်လိုက် ငါဖုန်းကြိုဆက်ထားလိုက်မယ်။ မနက်ဖြန်မနက်အစောကြီး နင့်ကိုငါလာခေါ်မယ်။ အလုပ်လုပ်တာ ပိရိပါစေနော်”

“ဟုတ်ကဲ့ စိတ်ချပါ”

“အေး လိပ်စာက ................ လမ်းက...............နားမှာ............  အဲ့ဒီကိုသွားလိုက် .............ရပြီလား”

“ဟုတ်ကဲ့ မမမိုးမြင့် ဒါပဲမိုလား ကျွန်တော်ဖုန်းချလိုက်တော့မယ်”

“အေးဒါပဲ”

မိုးမြင့်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒီညလည်း နီယွန်နှင့်ခွဲအိပ်ရဦးတော့မည်။ မိုးမြင့်က အလုပ်လုပ်တာ စေ့စပ်သည်။ ဤမြို့၏နေရာတိုင်းတွင် သူ့လူတွေရှိသည်။ နီယွန်ပြောတာလဲမှန်သည် ။ မိုးမြင့်နှင့်အလုပ်လုပ် ပါက မိုးမြင့်ကိုတစ်ပတ်ရိုက်ဖို့မလွယ်ပါ။ မိုးမြင့်လောက်လည်တာ မိုးမြင့်ပဲရှိသည်။ သူ့ကိုယခု မူးယစ်ဆေးဝါးတွေ အရောင်းအဝယ်လုပ်ခိုင်းသည်။ သူမသိသည်မဟုတ်သိသည်။ သို့သော် သူ့အခြေအနေမှာ ငြင်းဆန်ဖို့ရာ မဖြစ်နိုင်သောကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ကျိတ်မှိတ်ပြီးလုပ်နေရသည်။ ထို့အပြင် မိုးမြင့်က သူ့ကိုတည်းခိုခန်းတွင် အတူအိပ်စေသေးသည်။ သည်ကိစ္စတွေကိုသာ နီယွန်သိသွားလျှင် သူနှင့်စကားများရဦးမည်ထင်သည်။ သို့မဟုတ် နီယွန်က မိုးမြင့်ကို ပြဿနာရှာမည်မှာ ကြိမ်းသေသည်။

သူ့အခြေအနေက မလှုပ်သာမလွန့််သာမလူးသာ ဖြစ်နေ၏။ တစ်ဖက်တွင် လုပ်ရသည့်အလုပ်ကလည်း ထောင်နှုတ်ခမ်းဝတွင် လမ်းလျှောက်နေရသည့်အလုပ်။ တစ်ဖက်တွင် လည်းငွေဆိုသည့် အရာဝတ္ထုကြီးက သူ့ကိုဖိအားပေးလျှက်ရှိသည်။ ထို့အပြင် သူ့မိသားစုအတွက် သူ့မှာငွေကြေးလုံလုံလောက်လောက်ရှိမှဖြစ်မည်။ လူမမယ်သေးသည့် သူ့ညီလေး ပြီးတော့ ကျောင်းတက်နေသည့် သူ့ညီမလေး ကျန်းမာရေးမကောင်းသည့် သူ့မိခင်။ အကိုကြီးတော့အဖအရာဆိုသလို သူလက်ကမ်းမယူပေမယ့်လည်း သည်တာဝန်တွေက သူ့ပခုံးပေါ်သို့အလိုလိုရောက်လာခဲ့သည်။ မည်သူ့ကိုမှ ငဲ့ညှာစရာမလိုပဲ နီယွန့်လို တကိုယ်ရေတကာရ သမားသာဖြစ်လျှင် သိပ်ကောင်းမည်ဟု သူတွေးဖူးသည်။  စားဝတ်နေရေးဆိုသည့် အထုတ်ကြီးကို ထမ်းထားရသည်မှာ နေ့စဉ်နှင့်အမျှ ပင်ပန်းလွန်းလှသည်။

လက်ကိုင်ဖုန်းလေးကို အသာဘောင်းဘီအိတ်ထဲသို့ထိုးထည့်လိုက်ပြီး နောက်ကကြောင်းပြန်လှည့်လိုက်သည်။ မိုးမြင့်ကို သတင်းပေးမည့်သူရှိသည်ထင်သည်။ သို့မဟုတ်ပါက မိုးမြင့် သူ့ကို ဒီညအလုပ်ဆင်းခိုင်းနေဦးမှာ သေချာသည်။ လက်မှလက်ပတ်နာရီကို သူတစ်ချက်ကြည့်လိုက်မိ၏။ အစောကြီးရှိသေးတာပဲ.................


                                                           *************

“အန်တီ ဆီချက်ခေါက်ဆွဲ နှစ်ပွဲပေး”

“သြော် ခဏလေး အသားတွေကိုလေ ရေခဲရိုက်ပြီးကြော်ထားတဲ့ဟာတွေ ထည့်မပေးနဲ့နော်”

“သြော် အေးပါကွယ် ဒီနေ့အသားတွေက လတ်လတ်ဆတ်ဆတ်တွေပါပဲ”

“ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး အန်တီ ဒီမှာကလေးတစ်ယောက်က ခွေးသားတွေထင်နေမှာစိုးလို့”

“ဟေ့ကောင် ဘာတွေလျှောက်ပြောနေတာလဲ ဆိုင်ရှင်ကိုအားနာစရာကြီး”

ဆိုင်ရှင်အဒေါ်ကြီးက ပြုံးစိစိလုပ်ပြီး သူတို့နှစ်ဦးကိုကြည့်ကာ ထွက်သွားသည်။ ခဏကြာတော့ ခေါက်ဆွဲနှစ်ပွဲ သူတို့ရှေ့သို့လာချပေးသည်။

“မင်းတော်တော်ရက်စက်တဲ့ကောင် မနေ့ညက ပြန်လာတော့မယ်ဆိုပြီး တစ်ညလုံးပေါ်မလာဘူး။ ငါညက အိပ်လို့တောင်မပျော်ဘူး”

“ဘာလဲ ငါ့ကိုလွမ်းလို့လား”

“အဟွတ်..............ဟွတ်.................အဟွတ်”

နီယွန်က သူ့စကားကြောင့် ခေါက်ဆွဲတွေသီးကုန်သည်။ သူကဗျာကရာ ရေနွေးဓာတ်ဘူးထဲမှ ရေနွေးတစ်ခွက်ကို ကောက်ငှဲ့ပေးလိုက်၏။ သူပေးသော ရေနွေးတွေကို မှုတ်ပြီးသောက်ရှာသည်။ ထို့နောက် သူ့ကို တစ်ချက်ကြည့်ကာ

“မင်းစကားပြောတာကလဲ အကျယ်ကြီးပဲ။ ဆိုင်ထဲမှာ လူတွေဒီလောက်များနေတာ ကြားသွားဦးမယ်။ တိုးတိုးပြောစမ်းပါ ရှူး.....................”

“ဟိဟိ အေးပါကွာ ငါညက လာမယ်ဆိုပြီးတော့...........ဟို...............”

နီယွန်က စားလက်စခေါက်ဆွဲတွေကို ပါးစပ်နားရောက်ခါနီးမှ မခွံ့တော့ပဲ သူ့အဖြေကိုစောင့်နေသည်။ သူ့ကိုလဲ စူးစမ်းသိလို ပြူးပြူးလေးကြည့်လေ၏။ သူမလုံမလဲ ဖြစ်မိသွားသည်။ နီယွန့်ကိုညာရတော့မည်။

“ငါ ...........အိမ်ကိုရောက်သွားတာ.............ဟီး.........”

“မင်းကလဲကွာ ရုတ်တရက်ကြီး အိမ်ကိုပြန်သွားရသလား။ ငါကတော့ မင်းပြန်မလာလို့ စိတ်ပူနေတာ။ သြော်ဒါနဲ့ ဒီနေ့မနက်မင်းကဘယ်လိုလုပ် မိုးမြင့်ကားနဲ့ပြန်ပါလာတာလဲ”

“သြော် .......ဒါလား လမ်း........လမ်းမှာတွေ့တာလေ။ လမ်းကြုံလို့ သူ့ကားနဲ့လိုက်လာလိုက်တာ”

“အေးတော်တော်တော့ထူးဆန်းတယ်ကွ။ မိုးမြင့်က သူကြိုက်တဲ့ကောင်လေးတွေက လွဲလို့ အလုပ်သမားတွေကို သူ့ကားပေါ်ခေါ်တာမဟုတ်ဘူး။ မဟုတ်မှလွဲရော မင်းကိုများကြိုက်နေသလား မသိဘူး”

“မင်းငါ့ကို jealous ဖြစ်နေတာလား”

“မဟုတ်ပါဘူး။”

“ဟုတ်သားပဲ ငါမေ့နေတာ ငါမင်းကိုချစ်တယ်လို့ပြောထားတာ မင်းငါ့ကိုပြန်မဖြေသေးဘူးနော်။ ဘယ်တော့မှ မောင့်ကိုအဖြေပြန်ပေးမှာလဲ”

“အရေးထဲ တစ်မောင်မောင်လုပ်နေပြန်ပြီ ငါစိတ်ညစ်ပါတယ်”

“လုပ်ပါကွာ ပြောပါနော် ငါ့ကိုချစ်တယ်မဟုတ်လား”

နီယွန်က သူ့ကိုကြည့်ပြီး သက်ပြင်းချလေသည်။ သူကတော့ နီယွန့်ကို အတင်းအစ်မေးဖို့ဆုံးဖြတ်ထားသည်။  စိတ်ညစ်နေသည့် နီယွန့်ပုံလေးက ပိုပြီးချစ်ဖို့ကောင်းလာပါသည်။ သူနီယွန့်မျက်နှာလေးကို ငေးကြည့်နေမိသည်။ သူတို့နှစ်ဦးကြား ခဏကြာအောင် တိတ်ဆိတ်သွားသည်။ ထိုအခိုက် သူ့ဘောင်းဘီ အိတ်ထဲမှ ဖုန်းကထမည်လာ၏။

“ဟယ်လို ပြောပါ”

“မောင်လေး ဂီနို အားရင်မမဆီကိုလာခဲ့ဦးနော်”

“မမနန်စီလား ကျွန်တော်ခဏနေလာခဲ့မယ်လေ”

“အေးမောင်လေး ဒါဆိုမမစောင့်နေမယ်နော်။ သြော်မောင်လေး သတိထားပြီးလာနော်သိလား”

“ဟုတ်ကဲ့”

ထို့နောက်ဖုန်းချလိုက်ပြီး ဖုန်းကိုအိပ်ကပ်ထဲသို့ ပြန်ထဲ့လိုက်၏။ နီယွန်ကို တစ်ခုခုပြောရန် ကြည့်လိုက်တော့ နီယွန့်မျက်နှာက သိပ်မကောင်းတော့ချေ။

“နန်စီခေါ်နေပြီမဟုတ်လား။ မင်းသူခေါ်တိုင်းသွားနေတော့မှာလား မိုးမြင့်သိရင် မင်းတော့မလွယ်ဘူးနော်။”

“ငါ့ကိုနားလည်ပေးပါ နီယွန်ရာ။ ငါ့ဘဝက မင်းနဲ့မတူဘူးဆိုတာမင်းလဲသိရဲ့သားနဲ့”

“ဘာလဲ မင်းကပိုက်စံအတွက်ကြောင့်ပဲလို့ပြောမလို့လား ဒါဆိုရင် မင်းသူ့ဆီက ဘယ်လောက်ရလဲ အဲ့ဒီပိုက်စံကို ငါပေးမယ် မင်းမသွားနဲ့တော့”

“မဟုတ်သေးဘူးလေနီယွန်ရာ။ ငါတို့ကပိုက်စံရှာနေတာပဲမဟုတ်လား။ မင်းပိုက်စံကိုငါက ဘာလို့အလကား ယူရမှာလဲ အလုပ်လုပ်တယ်လို့သဘောထားပေးပါကွာနော်”

“အေး အဲ့ဒီအလုပ်က မင်းကိုထိခိုက်စေလိမ့်မယ်ကွ။ ငါပြောတာ နားထောင်စမ်းပါ မသွားပါနဲ့ကွာနော်”

နီယွန်အသံက တဖြေးဖြေး စူးရှလာသည်။ နီယွန့်မျက်လုံးတွေကလည်း ပိုလို့ အရောင်တွေလင်းလက်လာ၏။ ထို့အပြင်နီယွန်က သူ့လက်တစ်ဖက်ကိုလဲ လှမ်းပြီးဆုပ်ကိုင်ထားသေးသည်။ သူတွေဝေသွားသည်။ သူဘယ်လိုဆုံးဖြတ်ရမည်နည်း။ သူ့အတွက် ငွေကအရေးကြီးနေသည်မဟုတ်ပါလား။ နီယွန့်ကိုတော့ အားနာသည် နီယွန်စိတ်ဆိုးရင်လဲ နောက်မှချော့တော့မည်ဟု သူဆုံးဖြတ်လိုက်၏။

“မကြာပါဘူးကွာ ခဏလေးပဲသွားမှာပါနော်”

“ဂီနို ငါနောက်ဆုံးပြောမယ် မင်းမသွားပါနဲ့...........”

သူနီယွန့်ကို တစ်ချက်ကြည့်ရင်း မတ်တပ်ထရပ်လိုက်သည်။ နီယွန်မျက်နှာက ပြိုတော့မည့်မိုးတွေလို မဲမှောင်နေချေပြီ။ သူနီယွန်ကိုအကြည့်လွှဲလိုက်၏။ ထို့နောက် ဆွဲထားသော နီယွန့်လက်ကို ဖြုတ်လိုက်ပြီး ဆိုင်ထဲမှကျောခိုင်းထွက်ခွာလာခဲ့သည်။ ငါ့ကိုခွင့်လွှတ်ပါနီယွန်။ ငါ့ကိုနားလည်ပေပါ။ ငါတို့ဘဝတွေက ဒီလိုတွေချည်းပဲဖြစ်နေမှာမဟုတ်ပါဘူး တစ်နေ့ကျရင် ငါတို့လွတ်မြောက်မဲ့လမ်းကို ရှာတွေ့မှာပါ။ ငါမင်းကို စိတ်ထဲကနေပဲ တောင်းပန်လိုက်ပါတယ်။ မျက်ခမ်းစပ်မှ အလိုလိုလိမ့်စီးလာသော မျက်ရည်ဥလေးကို သူအသာသုတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိ၏။


                                                  *************

“ခြောက်နာရီတောင်ထိုးခါနီးနေပြီပဲ”

သူ့ခြေလှမ်းတွေကို ခပ်သုတ်သုတ်လျှေက်ရင်း ယောကျာ်းလှကျွန်း အနှိပ်ခန်းထဲသို့ ဝင်လာခဲ့၏။ အိမ်ခန်းထဲသို့ရောက်သော အခါသူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။ အထဲတွင် ဘုန်းမြင့်မောင်တို့ အုပ်စုရောက်နေသည်။ ဒီကောင်တွေ ဒီကိုဘာလာလုပ်တာပါလိမ့်။ သူဝင်လာသည်ကို မြင်တော့ မိုးမြင့်က ကောင်တမှထကာ သူ့ဆီကိုလျှောက်လာ၏။ မိုးမြင့်၏အနောက်တွင် ငနဲတွေကပါ ထပ်ကြပ်မကွာ လိုက်လာသည်။ ပြဿနာတော့တက်ပြီ............

“ဂီနို.......ဂီနို နင့်ကိုနင်သိပ်လည်လှပြီထင်နေသလား။ ငါ့ကိုကြောလို့မရဘူးဆိုတာနင်မသိသေးဘူး ထင်တယ်။”

မိုးမြင့်က သူ့အနားလျှောက်လာရင်း သူ့ခေါင်းရှိဆံပင်တွေကို ခပ်ဖွဖွလေးလာသပ်လေသည်။ သူခေါင်းကို အောက်ကိုငုံ့ထားလိုက်မိ၏။ အနောက်တွင် ဘုန်းမြင့်မောင်တို့လူနှစ်ယောက်က သူ့ကိုလာချုပ်ထားသည်။ အခြေအနေက ရုတ်ရုတ်သဲသဲဖြစ်သွားသောကြောင့် အိမ်ထဲရှိ အခြားအလုပ်သမားများက သူတို့အနားသို့ ဝိုင်းအုံလာကြသည်။  မိုးမြင့်က စီးကရက်တစ်လိပ်ကို ဖွာလိုက်ရင်း သူမ၏စကားကို ဆက်ပြောသည်။

“ငါ့မှာ မျက်လုံးတွေ နားတွေအများကြီးရှိတယ်ဂီနိုရဲ့။ နင်လိုကောင်မျိုး အကောင်တစ်သိန်းလောက် ငါခိုင်းလာတာ။ နင့်မှာအပြစ်ရှိလားမရှိဘူးလား ဂီနို”

သူမိုးမြင့်ကို မော့ကြည့်လိုက်၏။ ခပ်လှမ်းလှမ်းတွင် သူတို့ကို စိုက်ကြည့်နေသော နီယွန့်ကို တွေ့ရသည်။ နီယွန်မျက်နှာက စိတ်မကောင်းဟန်ရှိသည်။ သို့သော် နီယွန်က သူ့ကိုဝင်ကူညီမည့်ဟန်တော့ မပေါ်ပါချေ။ သူ့ကိစ္စ မိုးမြင့်ဘယ်လိုလုပ်ပြီး သိသွားတာပါလိမ့်။ နီယွန်ကတော့ မပြောလောက်ဘူးဟု သူထင်သည်။

“ရှိပါတယ်မမ ကျွန်တော့်အပြစ်ကိုခံယူဖို့အဆင်သင့်ပါပဲ”

“ဟင်း............အခုတော့ နင့်မျက်နှာလေးက သိပ်သနားဖို့ကောင်းနေပါလား။ ငါနင့်ကိုပြောလိုက်မယ် နင်က အခုငါ့အတွက် အရမ်းအသုံးဝင်နေတယ်။ ဒါကြောင့် နင့်ကိုဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ ငါအဆိုးမဆိုနဲ့ ကြားလား”

“ဟုတ်ကဲ့ ကျွန်တော်နောက်မလုပ်တော့ပါဘူး။ ခွင့်လွှတ်ပေးတာ ကျေးဇူးတင်ပါတယ်မမ”

“ငါ့ကို ကျေးဇူးတင်စရာမလိုဘူး နင်နီယွန့်ကိုကျေးဇူးတင်ရမှာ။ နင့်လုပ်ရက်တွေကို သူပြောလို့ငါသိရတာ ပြီးတော့ သူကငါ့ကို နင့်အစားတောင်းပန်ထားတယ် နင့်ကို ဘာမှမလုပ်ပါဘူးလို့လဲ ကတိတောင်းထားတယ်။ တကယ်လဲ ငါကနင့်ကိုဘာမှမလုပ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ နင်ကငါ့အတွက် Money maker လေးဖြစ်နေသေးလို့ပေါ့။ နင်နီယွန့်ကိုကျေးဇူးတင်လိုက် နီယွန်က နင့်အပေါ်အရမ်းကောင်းတယ်”

ကြားလိုက်ရသည့်စကားတွေက သူ့နားထဲ မိုးကြိုးပစ်ခွင်းလိုက်သလို မချိမဆန့်ဝင်လာသည်။ သူကိုယ့်နားကိုပင် မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ မိုးမြင့်က ပြောပြီးသည်နှင့် သူ့ရှေ့က ထွက်သွားသည်။ ဘာမှမဖြစ်တော့မှန်းသိသောအခါ အနားရှိလူတွေလည်းရှဲသွား၏။ နီယွန်က သူရှိရာသို့ တဖြေးဖြေးလျှောက်လာသည်ကိုတွေ့ရသည်။ သူလက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။

 “ဒီကိစ္စသူ့ကိုမင်းပြောလိုက်တာလား နီယွန်”

“ဟုတ်တယ် ဂီနို”

“မင်း...........မင်း..........တောက်................. ငါကတော့ မင်းကို အယုံကြည်ရဆုံးလူ ငါ့အပေါ်မှာ အကောင်းဆုံးလူ လို့ငါထင်ထားတာ။ တကယ်တော့မင်းကလဲ မိုးမြင့်ကိုဖားနေတဲ့အထဲက အကောင်တစ်ကောင်ပဲလား”

“ဂီနို ငါရှင်းပြတာနားထောင်ပါဦး။ ငါသာအရင်ကြိုမပြောထားပဲ မိုးမြင့်က သူ့ဖာသာသူသိသွားရင် မင်းကိုသတ်လိမ့်မယ်။ ပြီးတော့ မင်းအတွက်ငါသူ့ကို..............”

“တော်တော့ မင်းကငါပိုက်စံရတာကို မနာလိုဖြစ်နေတာပဲ။ ငါသိပြီ လောကကြီးမှာ ဘယ်သူ့ကိုမှ ယုံလို့မရဘူးဆိုတာ ငါသိပြီ”

“ဂီနို မင်းငါ့စေတနာ...........”

“ကဲကွာ..............ခွပ်..................ဘာစေတနာလဲ..............တောက်............”

နီယွန့်ကို သူစိတ်မရှည်ပဲ ထိုးလိုက်မိသည်။ နီယွန်က သူ့ထိုးချက်ပြင်းထန်မှုကြောင့် အနောက်သို့ ယိုင်လဲသွားလေ၏။ သူငုံ့ကြည့်လိုက်တော့ နီယွန့်မျက်နှာတွင် နှာခေါင်းမှ သွေးများယိုစီးလာသည်ကို တွေ့ရသည်။ သူရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်။ သို့သော် ဒေါသကြောင့် သူ့မျက်နှာကတော့ တင်းမာနေဆဲပင်။ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့်သူ့လက်သီးတွေက တုန်ရီနေချေပြီ။ နီယွန်က လဲကျရာမှ ပြန်ထလာသည်။ သူကိုပြန်မထိုးပဲ နှာခေါင်းရှိသွေးများကို လက်ဖြင့်သုတ်နေသည်။

“တောက်................”

သူတောက်တစ်ချက်ခေါက်လိုက်ရင်း နီယွန့်ကို ကျောခိုင်းကာ အိမ်အပြင်ဖက်သို့ ထွက်လာခဲ့သည်။ အနောက်မှ နီယွန်က သူကနာမည်ကို အော်ခေါ်ရင်းလိုက်လာသည်။ အိမ်ရှေ့ရောက်သောအခါ ဧည့်သည်လာပို့သော  တက္ကစီတစ်စီးအဆင်သင့်တွေ့သဖြင့် ကားထဲသို့ အမြန်ဝင်ထိုင်လိုက်ကာ ကားဆရာကို မောင်းခိုင်းလိုက်၏။ နီယွန်က သူ့နောက်မှ ထပ်ကြပ်မကွာ ပါလာဟန်ရှိသည်။ ကားတံခါးမှနေ၍ သူ့လက်ကို လာဆွဲထားသည်။ သူမော့ကြည့်လိုက်တော့ နှာခေါင်းသွေးတွေ ယိုနေသည့် နီယွန်မျက်နှာက မျက်တွေပါရောယှက်နေသည်။

“ဂီနို ငါ့ကိုစိတ်မဆိုးပါနဲ့နော်..........”

“ငါရှင်းပြပါရစေဦး ဂီနိုရယ်နော်.....”

သူ့လက်မောင်းကို လှမ်းပြီးဆုပ်ကိုင်ထားသော နီယွန့်လက်တွေကို ပြတင်းပေါက်အပြင်ဖက်သို့ ထုတ်ပစ်လိုက်ပြီး ကားမှန်ကိုတင်လိုက်သည်။ ထို့နောက် သူ့မျက်နှာကို အရှေ့တည့်တည့်သို့သာ မူထားလိုက်သည်။ နီယွန်ကတော့ အပြင်ဖက်ကနေ မှန်ကို ပုတ်ပြီးသူ့ကို စကားတွေပြောနေဆဲပင်။

“ကားဆရာ မောင်းတော့............”

                                                                      ဆက်ရန်ရှိသေးသည်-
                                                                                                Lovealone
                                                                                       boytheboy.sept@gmail.com

1 comment:

  1. plz make ahappy ending.
    In every story ,you make me sorrow and sad ,.In this story ,plz make ahappy e.ding

    ReplyDelete