This is the best gay website for Myanmar gay peoples.

Monday, August 13, 2012

On 3:50 PM by Unknown in    No comments


လေပြေလေးသည် ညှင်းသော်လူးလွင့်လျှက် သစ်ရွက်လေးတွေကို လှုပ်ခတ်သွားစေပြီး ပျက်ပြယ်ပျောက်ကွယ်သွားသည်။ ခရေပင်လေးသည် လေပြေလေး၏ ယုယပွတ်သပ်မှုကြောင့် တည်ငြိမ်နေသော ပတ်ဝန်းကျင်လေးကို အနည်းငယ်လှုပ်ရှားနေစေသည်။ ထိုခရေပင်လေးအောက်တွင် တော့ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးနှစ်ဦး………။

ခုံတန်းယားလေးတွင် နှစ်ယောက်လုံးငြိမ်သက်စွာထိုင်နေကြပြီး နှုတ်ဆိတ်လျှက်ရှိကြသည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်ဘတ်အရပ်ဆီသို့မျက်နှာမူထားသည်။ နှစ်ယောက်လုံး၏ မျက်နှာများတွင် ကြေကွဲဆွတ်ပျနေသည့် အရိပ်အယောင်များ စိုးမိုးလျှက်ရှိသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပါးစပ်ကထုတ်ဖော်ကာ စကားမပြောပေမယ့် ရင်ထဲတွင်တော့ ပျွတ်သိပ်ကြပ်ငြပ်နေသည့် စကားတွေက ပေါက်ကွဲတော့မည် ပူဖောင်းကြီးလို တင်းကားနေသည်။ ဆို့နင့်နေသော ရင်ခုန်သံတွေကို ပွေ့ပိုက်ရင်း တစ်ဦးနှင့်တစ်ဦးကိုင်ထားသည့် လက်ကလေးတွေက တင်းတင်းဆုပ်လျှက်ရှိသည်။ ကောင်လေးနှစ်ယောက်လုံးမှာ အလွန်ဆုံးရှိလှမှ အသက်ခုနှစ်နှစ်ရှစ်နှစ်ခန့်သာရှိဦးမည်။ သူတို့၏နုနယ်နေသော အသားအရည်လေးက ကြေကွဲနာကျင်သော ခံစားချက်တွေကို မခံနိုင်ပဲ  မျက်နှာတစ်ဝိုက် နီမြန်းလျှက်ရှိသည်။


“မောင်…………………..”


ခေါ်သံတိုးတိုးလေးက ငြိမ်သက်မှုကိုစတင် ရိုက်ခွဲလိုက်၏။ မောင်ထိုခေါ်သံကိုကြားပါသည်။ သို့ပေမယ့် အကို့ကိုမောင်လှည့်မကြည့်ပါ။ အကို့ကိုလှည့်ကြည့်နိုင်ရလောက်အောင်ပင် ခံနိုင်ရည်မျိုးမောင့်မှာ မရှိတော့ပါ။ မပြောပါနဲ့အကိုရယ်။ အကိုမပြောလဲမောင်သိနေပါတယ်။ အကို့ပြောလာမယ့်စကားတွေ ကမောင့်နှလုံးသားကို ဘယ်လောက်တောင်နာကျင်စေမယ်ဆိုတာ အကိုမသိဘူးလားဟင်။ မောင့်မျက်ဝန်းအိမ်မှ တွဲလဲခိုနေသော မျက်ရည်ဥလေးသည် မျက်စိအစွန်မှနေ၍ လိမ့်ဆင်းလာပြီး တွဲကာပါးပြင်းပေါ်သို့ကျလာသည်။ အနောက်မှကိုက မောင့်ရဲ့လက်တွေကို တင်းကြပ်စွာဆုပ်ထားသည်။ အကို့ရဲ့လက်နွေးနွေးလေးက မောင့်နှလုံးသားထဲထိ အနွေးဓာတ်တွေကို စီးဝင်လာစေပါသည်။ သည်လိုနွေးထွေးမှုမျိုးကို အကို့ဆီကမောင်နောက်ဆိုရင်ရတော့မှာမဟုတ်ဘူး။ ဟင့်အင်း မောင်အကို့ကိုမခွဲချင်ဘူး။


“အကိုတို့အိမ်ပြောင်းရတော့မယ်ဆိုတာ မောင်သိတယ်နော်။ မောင်အကို့ကို တစ်ခုခုပြောပါဦး။ မောင့်ဆီက ဘာပဲဖြစ်ဖြစ် တစ်ခုခုတုန့်ပြန်တာတော့အကိုလိုချင်တယ်။ အကိုက နောက်ဆိုရင်မောင်နဲ့ တွေ့ခွင့်ရတော့မှာမဟုတ်ပါဘူးမောင်ရယ်။ အကို့ကိုမသနားဘူးလားဟင် “


အကို့စကားတွေက မောင့်ရင်ထဲသို့ စိမ့်ဝင်လာပြီး မောင့်နှလုံးသားကို ညှင်းပန်းနှိပ်စက်နေပါသည်။ မောင်ရှိုက်သံမထွက်အောင် သတိထားပြီး ပါးပြင်မှာရှိသည့်မျက်ရည်စတွေကို တံတောင်ဖြင့် သုတ်ပစ်လိုက်သည်။ မောင့်လိုငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတစ်ယောက်က သည်လိုကြမ်းတမ်းသည့် ကြေကွဲခြင်းတွေကို ခံစားရသည်ဆိုတော့ မောင်ရင်ထဲမှာဖော်မပြတတ်အောင်ပဲ ၀မ်းနည်းလို့နေပါသည်။ မောင်အားတင်ပြီး စကားပြောရန်ပြင်လိုက်သည်။

“ မောင့်ဆီကကြားချင်တဲ့စကားဟာ မောင်မပြောချင်ဆုံးစကားပဲဖြစ်မှာပဲအကို။ အဲ့ဒီစကားကို အကို့ကိုမောင့်မပြောရက်ဘူး။ အဲ့ဒီစကားက မောင့်ကိုရော အကို့ကိုပါရက်ရက်စက်စက်ခွဲပစ်မှာ ။ မောင်အဲ့ဒါကို မလိုလားဘူး။ “

“မောင်ရယ်……………။ အကိုတို့က သေပြီးကွဲတာမှမဟုတ်တာ။ မောင်ရောအကိုရော အသက်ရှင်နေသေးတာပဲ။ တစ်ချိန်ချိန်မှာ အကိုနဲ့မောင်နဲ့ ပြန်ဆုံတွေ့နိုင်ဦးမှာပါ။ အချိန်တွေကို ရပ်တန့်ထားလို့ရရင်သိပ်ကောင်းမှာပဲ မောင်ရယ်။”


မောင်အကို့ကိုမော့ကြည့်လိုက်သည်။ အကိုကမောင့်ထက်နှစ်နှစ်ကြီးသဖြင့် မောင့်ထက်တော့ခန္ဓာကိုယ် ထွားသည်။ အကို့မျက်ဝန်းတွေ စိုလဲနေသည်။ မောင်အကို့ကို ကြည့်ရင်းတစ်ချက်ရှိုက်မိလိုက်သည်။ ထို့နောက် အကို့ရင်ထဲသို့ အားရပါးရတိုးဝင်လိုက်ပါသည်။ အကိုက မောင်ဆံစတွေမှတစ်ဆင့် ကျောပြင်ကိုပွတ်သပ်ပေးသည်။

“မောင်အကို့ကိုကတိပေးပါ။ အကိုမရှိတဲ့နောက်ပိုင်းမှာ နေကောင်းအောင်နေပါ့မယ်လို့။ ခဏခဏမဖျားတော့ပါဘူးလို့ ကတိပေးပါ။ ပြီးတော့ အကိုမရှိလဲ မောင်အရာရာကို အရှုံးမပေးရဘူး။ မောင်ဟာ ယောကျာ်းလေးတစ်ယောက် ယောကျာ်းလေးတစ်ယောက်ရဲ့ ရဲရင့်မှုတွေ သတ္တိတွေ မောင့်မှာအပြည့်ရှိရမယ်။ အကိုမရှိရင်လဲ မောင့်ရဲကမ္ဘာကြီးဟာ လည်ပတ်နေဆဲ လည်ပတ်နေမြဲဖြစ်နေတာကိုပဲ အကိုလိုချင်တယ်။ “

မောင့်မျက်စိတွေကိုမောင်အတင်းဇွတ်မှိတ်ထားပါသည်။ ဒါပေမယ့်စီးကျနေသည့် မောင့်ရဲ့မျက်ရည်တွေ ကိုတော့မောင်မတားဆီးနိုင်ပါ။ မောင့်ရင်ထဲမှ အားငယ်စိတ်တွေစိုးမိုးလျှက် ရင်ဘတ်ကြီး လှိုက်ဟာနေကာ ၀မ်းနည်းကြေကွဲနေမိသည်။

“မောင်…………………..အကိုပြောနေတာတွေကိုကြားရဲ့လား”

အကိုကမောင့်ကို သူရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ကာ မျက်လုံးချင်းဆိုင်ပြီးကြည့်သည်။ ထို့နောက် မောင့်မျက်ဝန်းမှ မျည်ရည်တွေကို အသာယုယစွာသုတ်ပေးသည်။ အကို့မျက်ဝန်းက ကြင်နာမှုတွေ ရှိနေပေမည့် အဲ့ဒီကြင်နာမှုတွေက မောင့်ဆီကို နာကြင်မှုတွေအဖြစ်သာရောက်ရှိလာပါသည်။ အကိုဘယ်လောက် ကြေကွဲခံစားနေရသည်ဆိုတာ အကိုမပြောပေမယ့် မောင်အကို့မျက်နှာကိုကြည့်ပြီး ခန့်မှန်းတတ်ပါသည်။ မောင်အကို့စကားကို ခေါင်းညိတ်ပြလိုက်သည်။

အကိုကမောင့်နဖူးလေးကို တစ်ချက်ခပ်ဖွဖွနမ်းလိုက်သည်။ ထို့နောက်သူလည်ပင်းမှဆွဲထားသော ဆွဲကြိုးလေးကို ဖြုတ်လိုက်၏။ ဆွဲကြိုးလေးက ကျည်ဆံတောင့်အခွံကို အပေါက်ဖောက်ထားပြီး ချည်စိမ်းဖြင့် ချည်ထားသော ဆွဲကြိုးလေးဖြစ်သည်။ မောင်သိသည် သည်ဆွဲကြိုးလေးက အကိုအမြတ်နိုးဆုံး အကိုတန်ဖိုးအထားဆုံး။


“အကိုမသွားခင် မောင့်ကို ဒီဆွဲကြိုးလေး ဆွဲပေးခဲ့မယ်။ မောင်ဒီဆွဲကြိုးလေးကို လုံးဝမချွတ်ရဘူး။ ဒီဆွဲကြိုးလေးဟာ အကိုပဲ။ မောင့်အနားမှ အကိုမရှိနိုင်တော့ပေမယ့် အကိုသိပ်ချစ်တဲ့ သိပ်မြတ်နိုးတဲ့ ဒီဆွဲကြိုလေးဟာ မောင့်နားမှရှိနေရင် အကိုကျေနပ်တယ်။ ဒီဆွဲကြိုးလေးဟာ အကို့ရဲ့ကိုယ်ပွားလေး  ဆိုရင်လဲမမှားဘူး။ မောင်အားငယ်တဲ့အခါ မောင်းဝမ်းနည်းတဲ့အခါ မောင့်ရင်ထဲမှာပြောစရာ စကားတွေ တင်းကြပ်နေတဲ့အခါ မောင်ရင်ဖွင့်လို့ရအောင် မောင့်ရဲ့အဖော်တစ်ယောက်အဖြစ်နဲ့ သိမ်းထားပါ။ ဒီဆွဲကြိုလေးထဲမှာ အကို့ရဲ့နွေးထွေးမှု ကြင်နာမှုတွေထည့်ထားတယ်။ မောင့်ကိုအကိုကိုယ်တိုင်ဆွဲ ပေးမယ်နော်။”

စကားပြောလို့ဆုံးသည်နှင့် အကိုကမောင့်လည်ပင်းကို ဆွဲကြိုးလေးဆွဲပေးသည်။ ထို့နောက် ထိုင်နေရာမှထလိုက်သည်။ အကိုထလိုက်တော့မောင်ပါထရပ်လိုက်သည်။ မောင့်လက်တွေကို ဆုပ်ထားသည့် အကို့ရဲ့ဆုပ်ကိုင်မှုတွေဟာ တင်းသထက်ပိုတင်းလာသည်ကို မောင်သတိထားမိ၏။ အကို့ကိုမောင်ကြည့်နေရင်းမှာပင် အကိုခေါင်းလေးနိမ့်ဆင်းလာပြီး မောင့်နှုတ်ခမ်းလေးကို ရွှတ်ကနဲ နမ်းလိုက်သည်။ မောင်မျက်လုံးကိုမှိတ်ထားလိုက်ပြီးမှ တဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်မိ၏။


“မောင်……………အကိုသွားတော့မယ်နော်”

မသွားပါနဲ့လို့ပြောချင်ပေမယ့် မောင့်နှုတ်တွေက အသံမထွက်တော့ပါ။ မောင်ဆွံအနေပါသည်။ မောင့်နှုတ်ခမ်းက အမှန်တကယ်ထွက်လာသည်က ငိုသံတွေနှင့်ရောနေသည့် ရှိုက်သံများပင်။ အကိုသူ့ခြေလှမ်းတစ်လှမ်းကိုနောက်သို့ဆုပ်လိုက်သည်။ ထို့နောက် မောင့်ကိုအကြာကြီးနောက်ဆုံး အနေဖြင့်စိုက်ကြည့်နေသည်။ မောင်ပြောမပြတတ်အောင်ပဲ ၀မ်းနည်းနေပါသည်။ မောင်အံကိုတင်းတင်း ကျိတ်ထားမိသည်။

အကိုက တဖြည်းဖြည်းချင်း အနောက်သို့လှည့်ကာ မောင့်ကိုကျောခိုင်းလိုက်သည်။ ထို့နောက် အကို့ခြေလှမ်းတွေ လှုပ်ရှားလာပြီး မောင့်နဲ့ဝေးသထက်ဝေးရာသို့သွားရန် စတင်လျှောက်လှမ်း နေသည်။ ထိုအချိန်၌ကောင်းကင်တစ်ခုလုံး မဲညို့နေရာမှ တစ်ဂျိန်းဂျိန်း မိုးချိမ်းသံများထွက်ပေါ်လာပြီး မိုးစက်မိုးပေါက်တွေ မြေပြင်ပေါ်သို့ဆင်းသက်လာသည်။ မိုးစမိုးနတွေကို တဖြည်းဖြည်းများပြားလာပြီး မောင့်တစ်ကိုယ်လုံးကို ရွှဲရွှဲစိုသွားစေသည်။ မောင့်မျက်စိထဲတွင် မိုးရေတွေနှင့်မသဲမကွဲဖြစ်နေသော အကို့ရဲ့ကြောပြင်လေးကို ငေးကြည့်နေမိသည်။ ထိုအကို့ရဲ့ကျောပြင်လေးသည် မောင်နဲ့ဝေးသထက် ဝေးသွားရင်း မောင့်ရဲ့အမြင်ထဲကနေပျောက်ကွယ်သွားသည်။ မောင့်ကြေကွဲမှုတွေ မခံနိုင်တော့ပဲပေါက်ကွဲပစ်လိုက်သည်…………….


“အကို……………………………………………………………………………………………………………”

“အား…………………………..”

မောင်အလူးအလဲ ယောင်ပြီးထထိုင်လိုက်သည်။ မောင့်နဖူးတွင် ချွေးတွေက ရွှဲနစ်နေသည်။ မောင့်အခန်းလေးသည်လဲ တိတ်ဆိတ်မြဲပြန်တိတ်ဆိတ်သွားသည်။ အခန်းမီးသီခလုတ်ကို ချောက်ကနဲ မောင်ထဖွင့်လိုက်၏။ မောင့်ရင်ထဲမှ မောဟိုက်မှုတွေကတော့ အခုထိမပြေသေးပါ။ မောင်နှလုံးခုန်သံတွေကလည်း အခုထိမြန်နေဆဲပင်။ မောင်ကုတင်ပေါ်မှထကာ စာကြည့်စားပွဲပေါ်ရှိ ရေသန့်ဘူးကိုကောက်ကိုင်လိုက်ပြီး ရေတွေကိုအားရပါးရမော့သောက်ပစ်လိုက်၏။ မောင်အိမ်မက်မက်နေသည်ပဲ…………….။


“ မောင် အိမ်မက်ဆိုးတွေမက်ပြန်ပြီလား”

အသံနှင့်အတူ အိပ်ခန်းထဲသို့ဝင်လာသည်က မောင်ရဲ့မေမေ ဒေါ်မေလေး။ မေမေ့ကို မောင်က မေလေးလို့သာ ခေါ်သည်။ ငယ်ငယ်ကတည်းကခေါ်ခဲ့သည်ဆိုတော့ မောင့်နှုတ်ကအကျင့်ဖြစ်နေပြီ ဖြစ်သည်။

“ဟုတ်တယ်မေလေး”

မေမေက မောင့်အနားသို့လာထိုင်သည်။ ထို့နောက် ချွေးတွေပြန်နေသော မောင့်နဖူးကို အသာတဘတ် လေးဖြင့်သုတ်ပေး၏။

“မောင်မက်နေတဲ့ ဒီအိမ်မက်ဆိုးတွေကို မေမေဖြင့် အမြန်ဆုံးပျောက်ကွယ်စေချင်လှပြီ။ မောင့်ရဲ့အိမ်မက်ဆိုးတွေ ဘယ်တော့မှအဆုံးသတ်မှာလဲမောင်”

“သားလဲ မပြောတတ်ပါဘူးမေလေး။ ဒီအိမ်မက်ဆိုးတွေသားကို နှိပ်စက်နေတာ အချိန်တွေမနည်းတော့ ဘူးဆိုတာမေလေးလဲသိသားပဲ။ သားကိုယ်တိုင်ကလဲ ဒီအိမ်မက်ဆိုးတွေကို မုန်းတီးနေပါပြီ။ ဒါပေမယ့် သူ့အလိုလိုရောက်လာတာကိုတော့ သားအခုထိမတားဆီးနိုင်သေးဘူး။ ဒီအိမ်မက်ဆိုးတွေကို ကာကွယ်ဖို့သားမှာ နည်းလမ်းမရှိသေးဘူး မေလေး”

“မေမေ့သားလေးက ခံစားချက်ပြင်းထန်တယ်။ အသည်းနှလုံးနုတယ်။ အစွဲအလန်းကြီးတယ်ဆိုတာ ကိုမေမေသိပါတယ်။ သားကိုမေမေမွေးထားတာပဲ။ ဒါပေမယ့်သားရယ် ကိုယ့်ကိုထိခိုက်နာကျင်စေမယ့် အရာမျိုးတွေကိုတော့ သားဆက်ပြီးမထိန်းသိမ်းထားသင့်ဘူး။ လူမှာအဓိက စိတ်ပါပဲသား။ သားစိတ်ကို ဖြတ်လိုက်ရင် အရာရာဟာပြီးဆုံးသွားမှာပါ။ နောက်ဆိုရင် သားသိပ်မုန်းတဲ့ဒီအိမ်မက်ဆိုးတွေက သားကို လာနှိပ်စက်နိုင်တော့မှာမဟုတ်ဘူး။ မေမေဘာကိုဆိုလိုတာလဲဆိုတာ သားအသိဆုံးပါ။”

“ဟုတ်ကဲ့ပါမေလေး ။ သားကြိုးစားပါ့မယ်။”

“ကဲမောင်။ ပြန်အိပ်မပျော်တော့ရင်လဲ မေမေနဲ့ဘုရားခန်းထဲကိုလိုက်ခဲ့။ မကြာခင်မိုးလင်းတော့မှာပဲ။ အာရုဏ်ဦးအစမှာ ဘုရားဝတ်ပြုရတာ သိပ်ပြီးစိတ်ကြည်နူးဖို့ကောင်းတာသားရဲ့”

မောင်မေမေ့ကိုပြုံးပြလိုက်သည်။

“ ဟုတ်ကဲ့မေလေး”



                              ``````````````````



အတိတ်ဆိုတာ အတိတ်မှာပဲကျန်ခဲ့တယ်ဆိုပေမယ့် မောင့်ရဲ့ရင်ထဲမှာတော့ ဆက်လက်ရှင်သန်နေဆဲ အတိတ်တွေရှိပါသေးသည်။ ထိုအတိတ်တွေကို မောင်ကိုယ်တိုင်ကပဲ မွေးမြူထားခဲ့သည် မဟုတ်ပါလား။ မေ့မရသည့် နာကျင်ခံစားမှုတွေ အရွယ်နဲ့မမျှအောင် ကြုံတွေ့ခဲ့ရသည့်မောင့်ရဲ့ ကြေကွဲမှုတို့သည် ယနေ့ထိတိုင်အောင် မောင့်ကိုဆက်လက်ချောက်ခြားနေစေပါသည်။ ယနေ့ဆိုလျှင် မောင်ဆယ်တန်းအောင် လို့တက္ကသိုလ်ကျောင်း ပထမနှစ်စတင်တက်ရတော့မည့် ကျောင်းသားကြီးပင် ဖြစ်နေပါပြီ။ အချိန်တွေလည်းကြာခဲ့ပါပြီ။ ဟုတ်ပါသည်။ အချိန်တွေကြာခဲ့တာ ဆယ်နှစ်တောင် ရှိတော့မည်။

“မောင့်ရဲ birthday နဲ့ favourite တွေကို မြတ်နိုးကိုပြောပြပါလားမောင်။ “

လေပွေ အသေးစားလေးတစ်ခုက မောင့်မျက်နှာကိုတိုက်ခတ်သွား၏။ မောင်မြတ်နိုးကိုကြည့်လိုက်မိသည်။ မြတ်နိုးကမောင့်ကိုမကြည့်ပဲ သူမလက်ထဲက ဖိုင်တွေကို ပိုက်ရင်း လမ်းလယ်ခေါင်ရှိသွားနေသည့် ကားများကိုငေးနေသည်။ မောင်လျှောက်နေဆဲ လမ်းကိုဆက်လျှောက်လိုက်၏။ မြတ်နိုးကလဲ မောင့်ဘေးနားကနေ ပခုံချင်းယှဉ်လျှောက်နေသည်။


“မောင့် birthday က September 7 ပါမြတ်နိုး။ မောင့်မှာ favourite ဆိုတာမျိုးတော့ မရှိပါဘူး။ မောင့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက သူငယ်ချင်းတွေနဲ့ မောင့်မေမေက မောင်အတွယ်အတာရဆုံး မောင်အနှစ်သက်ရဆုံးတွေပါပဲ”


မြတ်နိုးက မောင့်အဖြေကို သဘောကျသွားဟန်ဖြင့် မျက်ခုံးလေးကိုပင့်ပြီး ပါးကလေးဖောင်းလိုက်သည်။ မောင်မြတ်နိုးကိုကြည့်ပြီးပြုံးလိုက်မိသည်။ မောင်နဲ့မြတ်နိုးနဲ့ ကွန်ပျူတာသင်တန်းတက်မှ တစ်ဦးနှင့်တစ်ဦးသိကြာတာဖြစ်သည်။ နှစ်ဦးစလုံး ဆယ်တန်းအောင်ထားသော ကျောင်းသားများ ဖြစ်သည်က တစ်ကြောင်း တက်ရမည့်တက္ကသိုလ် major ကတူနေသည်ကတစ်ကြောင်းကြောင့် မောင်နှင့်အလွယ်တကူပဲ ခင်မင်ရင်းနီးသွားသည်။ မြတ်နိုးကလဲ လူငယ်ပီပီပွင့်ပွင့်လင်းလင်းရှိသည်။ ခင်စရာလဲကောင်းသည်။ သူမ၏ချစ်စရာကောင်းသည့်အကျင့်တွေက မောင့်ကိုအခုလိုဂရုတစိုက်ရှိနေ တတ်ခြင်းပင်။ ဘာပဲဖြစ်ဖြစ်မောင်မြတ်နိုးကို သူငယ်ချင်းတစ်ဦးလို ဖြူဖြူစင်စင်လေး ခင်ပါသည်။


“မြတ်နိုးက ဒါတွေမောင့်ကိုမေးနေတာ ဘယ်လုပ်မလို့လဲ။ မောင်သိခွင့်ရှိမယ်ဆိုရင်ပေါ့”

“မောင်ရယ်။ စကားပြောတာ လူကြီးလူကောင်းဆန်လိုက်တာ မောင်က အခုမှဆယ်တန်းအောင်ကာစ လူငယ်လေးတစ်ယောက်ပဲရှိပါသေးတယ်နော်။ စကားပြောတာ အဲ့လောက်ကြီးမျှတနေစရာမလိုပါဘူး။ မြတ်နိုးမောင့်ကိုမေးတယ်ဆိုတာ ဘာရယ်မဟုတ်ပါဘူး။ ဒီလိုပဲသိချင်ရုံသက်သက်ပါ။ မောင့်မွေးနေ့ကိုသိထားတော့ မောင့်မွေးနေ့ရောက်ရင် မောင့်ကို idea ကောင်းကောင်းနဲ့ မွေးနေ့လက်ဆောင်လေးပေးမှာပေါ့။ “

“ကျေးဇူးတင်ပါတယ် မြတ်နိုး”

“အင်းဒါပေမယ့်လေ။ မောင်က လူရိုးလေးမိုလို့လားမသိဘူး။ မောင့်နာမည်က မောင်ဖြစ်နေပေမယ့် မောင့်ကိုမောင်လို့ခေါ်ဖို့ မြတ်နိုးဝန်မလေးဘူးသိလား။ မောင့်နေရာမှသာ တစ်ခြားတစ်ယောက်ဆိုရင် မောင်လို့ခေါ်ဖို့ဆိုတာ မြတ်နိုးတော်တော်စဉ်းစာမိမှာသေချာတယ်။ မောင့်နာမည်ကလဲ ထူးထူးဆန်းဆန်း မောင်တစ်လုံးထဲရယ်လို့”


“မောင်ဆိုတာက ဖေဖေပေးခဲ့တဲ့နာမည်လေ။ မောင့်ဖေဖေက မောင့်ကိုသိပ်ချစ်တာ မြတ်နိုးရဲ့။ မောင်တော့ မောင့်ဖေဖေကို အပြင်မှာ မမြင်ဖူးလိုက်ပါဘူး။ ဒါပေမယ့် မောင့်ရဲ့ညအိပ်ယာဝင်ပုံပြင်တွေဟာ များသောအားဖြင့် ဖေဖေ့အကြောင်းတွေအဖြစ် မောင့်မေမေကမောင့်ကိုပြောပြတတ်တယ်”


“အင်း။ မြတ်နိုးခန့်မှန်းတာမမှားဘူးဆိုရင် မောင့်မေမေနဲ့မောင့်ဖေဖေဟာ သိပ်ချစ်ကြလိမ့်မယ်ထင်တယ်။ ပြီးတော့ မောင့်ဖေဖေဟာ လူချောတစ်ယောက်ပဲဖြစ်ရမယ်”

“တိကျလှချည်လားမြတ်နိုးရဲ့။ မြတ်နိုးဘာကိုကြည့်ပြီးခန့်မှန်းလို့ရသလဲ”

“သြော် အမျိုးသမီးတစ်ယောက်ဟာ သူ့သားသမီးကို သေသွားတဲ့သူ့ခင်ပွန်းအကြောင်း တစ်ဖွဖွပြောပြနေတတ်တာ သိပ်ချစ်လို့ပေါ့။ ပြီးတော့ မောင့်မေမေက အိမ်ထောင်မပြုသေးပဲ မောင့်ကိုဒီ အရွယ်ထိကျွေးမွေးပြုစုစောင့်ရှောက်လာတာဆိုတော့ မောင့်ကိုချစ်တာလဲပါမယ် မောင့်ဖေဖေ့အပေါ်မှာ သစ္စာရှိနေတာလဲပါမယ်လေ။ “

“ဟုတ်ပါပြီ။ ဒါဆိုရင် မောင့်ဖေဖေဟာ လူချောတစ်ယောက်လို့ဘာလို့ပြောနိုင်သလဲ”

“ဒါကတော့ မောင့်ကိုကြည့်ပြီးပြောတာလေ။ မောင်ကချောတာကိုး ဒီတော့မောင့်ဖေဖေဟာလဲ လူချောတစ်ယောက်ပဲဖြစ်မှာပဲ”

“ဟား……….ဟား………….ဟား………….ဟား……………”

လမ်းမကြီးထက်တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့၏ ရယ်သံတွေက ပတ်ဝန်းကျင်တစ်ဝိုက်ပြန့်နှံ့သွားခဲ့သည်။ မြတ်နိုးနှင့်လမ်းခွဲပြီးနောက် အိမ်အပြန်ကို မောင်တစ်ယောက်ထဲသာ လမ်းလျှောက်လာခဲ့သည်။



                                 ```````````````````

ကို……….

ကို့နဲ့မောင်ကွဲသွားခဲ့တာ အခုဆိုရင်ဆယ်နှစ်တောင်ရှိနေပြီနော်။ ကိုတစ်ယောက် ဘာတွေလုပ်နေပါလိမ့်။ မောင်ကို့ကိုသိပ်သတိရတာပဲ။ ကိုက အခုဆိုရင် လူပျိုဖြစ်နေလောက်ပြီပေါ့။ ကိုပေးထားခဲ့တဲ့ ဆွဲကြိုးလေးကို မောင်အခုထိသိမ်းထားပါသေးတယ်။ ဒီဆွဲကြိုးလေးက မောင့်ရဲ့ လည်ပင်းမှာအခုထိရှိနေတုန်းပဲ။ မောင့်ရဲ့နှလုံးသားထဲမှာလဲ ကိုကရှိနေဆဲပါပဲ။ ကို့ကိုသတိရရင် မောင်ဆွဲကြိုးလေးကို စကားတွေတ၀ကြီးပြောဖြစ်တယ်။ ကိုကတော့ အခုချိန်လောက်ဆိုရင် မောင့်ကိုသိမှသိပါတော့မလားတောင်မသိဘူး။ ဘာပဲဖြစ်ဖြစ်ကိုရယ် မောင်လေ ဘုရားမှာနေ့တိုင်းဆုတောင်းတယ်။ ကိုနဲ့ပြန်ဆုံတွေ့ရပါစေလို့။ အဲ့ဒီဆုတောင်းဟာ အခုဆိုရင် ဆယ်နှစ်ပြည့်တော့မယ်ကို။ မောင့်ဆုတောင်းပြည့်မယ့်နေ့ကို မောင်စိတ်ရှည်ရှည်နဲ့စောင့်နေပါတယ်။

ရေးလက်စ ဒိုင်ယာရီစာအုပ်လေးကို ပိတ်လိုက်ပြီး မောင်သက်ပြင်းတွေကို လေထဲသို့မှုတ်ထုတ်လိုက်သည်။ ဒီစာအုပ်လေးထဲတွင် မောင့်ကို့အကြောင်းတွေရေးထားတာ အခုဆိုလျှင် စာမျက်နှာတော်တော်များများဟာ ပြည့်နေပြီဖြစ်သည်။ မောင်စာအုပ်လေးကို စာကြည့်စားပွဲ အောက်ရှိအံဆွဲထဲသို့ပြန်ထည့်ထားလိုက်သည်။ ထို့နောက်မိမိလည်ပင်းမှ ဆွဲကြိုးလေးကို ပြန်ငုံ့ကြည့်မိသည်။ ထို့နောက်ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်ပါသည်။

“မောင်။ ဘာလုပ်နေလဲ”

အခန်းအပြင်ဖက်မှ မေမေ့အသံကြားသဖြင့် ကုတင်ပေါ်ကနေ မောင်လှမ်းဖြေလိုက်သည်။

“ဘာမှမလုပ်ပါဘူး မေလေး။ ၀င်ခဲ့လေ”

မေမေက စေ့ထားသော တံခါးကို တွန်းပြီးအခန်းထဲသို့ဝင်လာသည်။

“မောင်အားရင် မေမေနဲ့ဈေးခဏလိုက်ခဲ့ပါလား။ ဒီညနေ၀ယ်စရာတွေများတယ်။ မနက်ဖြန်ဆို သားဖေဖေဆုံးတာ ဆယ့်ငါးနှစ်ပြည့်ပြီ။ အဲ့ဒါမေမေက ဘုန်းကြီးငါးပါးလောက် အိမ်ကိုပင်ပြီး ဆွမ်းကပ်မလို့။ “

“ဟုတ်လားမေလေး။ သားတောင်သတိမထားမိဘူး။ မေလေးပြောမှသတိရတယ်။ ဒါဆိုရင် မေလေးနဲ့သားနဲ့ ဈေးသွားကြမယ်လေ။ မနက်ဖြန်မနက်ကျရင်လဲသားကို နှိုးနော်မေလေး။ သားလဲ ဖေဖေ့အတွက် ကုသိုလ်လုပ်ချင်တယ်”

“ဒါဆို သားအ၀တ်စားလဲလိုက်။ မေမေ အခန်းပြင်ကစောင့်နေမယ်။ ပြီးရင်သွားကြတာပေါ့”

“ဟုတ်ကဲ့ မေလေး”


                                                                                               ဆက်ရန်ရှိသေးသည်
                                                                                                   lovealone:P
                                                                                         boytheboy.sept@gmail.com


0 comments:

Post a Comment