This is the best gay website for Myanmar gay peoples.

Sunday, August 26, 2012

On 7:51 PM by Unknown in





Dream Heart ဟုတ်ပါသည်။ Dream Heart ပါ။ Dream Heart ဟုဆိုလိုက်ရုံနှင့် မသိသူက ခပ်ရှားရှားပင်။ အကယ်၍သင်သည် မြန်မာနိုင်ငံသားတစ်ယောက်ဆိုပါက နိုင်ငံတော်သမ္မတကြီး၏ နာမည်ကိုမသိလျှင်တောင် Dream Heart ကိုတော့ သင်မုချသိမည်။ ဤမျှလောက် အောင်မြင်ကျော်ကြား လူသိများ နာမည်ကြီးနေသော Dream Heart တွင် ကောင်လေး ချောချောလေးတွေ ငါးယောက်ရှိပါသည်။ သူတို့အဖွဲ့သည် တေးစီးရီးပေါင်း ခုနှစ်ခွေထွက်ရှိထားပြီး ယခုလက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ top ten စာရင်းဝင် ဂီတအဖွဲ့ တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါသည်။ Dream Heart ဟုဆိုလိုက်ရုံနှင့် ကောင်မလေးတွေ (ကောင်လေးတွေလည်းပါချင်ပါမည်)  သည်းသည်းလှုပ်ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ နာမည်ကြီး magazine မျက်နှာဖုံးစာမျက်နှာများတွင်လည်း Dream Heart ၏ပုံများပါဝင်လာပါက ထိုလအတွက် ရောင်းလို့လောက်တော့မည်မဟုတ်ချေ။

မြို့ကြီးပြကြီးများ၏ လမ်းမလယ်များ လမ်းဘေးများတွင် ရှိနေတတ်သည့် ကြော်ညာဆိုင်းဘုတ်ကြီးများတွင် လည်း Dream Heart ကနေရာယူထားသည်။ ညစဉ်ထုတ်လွှင့်နေသည့် television အစီအစဉ်များတွင်လည်း Dream Heart ကမပါမဖြစ်ပါသည်။ လူငယ်များ အသုံးများသည့် Internet စာမျက်နှာများရှိ Social Network များတွင်လည်း Dream Heart က ထိပ်ဆုံးတွင်ရှိနေသည်။ Dream Heart နှင့်ပက်သက်သည့် ထုတ်ဝေထားသည့် Calendar များ။ Funcy Gift များ ၊ Wallet များစသည့် လူ့အခြေခံအသုံးအဆောင်ပစ္စည်းများသည်လည်း နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။


ဤမျှဤမျှ နာမည်ကြီးနေသော Dream Heart အဖွဲ့လေးတွင် မယုံကြည်နိုင်စရာ ကိစ္စ တစ်ချို့ဖြစ်ပွားခဲ့သည်ဆိုလျှင်……………………………………..




                                               &&&&&$&&&&&

မြူနှင်းတွေ ဖွားဖွားလေး မှုံရီစွာကျဆင်းနေသည့် နံနက်ခင်းတစ်ခုတွင်ဖြစ်သည်။ လှပသော romatic ဆန်သည့် သစ်သားအိမ်ကလေးရှေ့တွင် လူတစ်စုအလုပ်ရှုပ်လျှက်ရှိသည်။ သူတို့အားလုံး ငါးယောက်ဖြစ်သည်။ သူတို့ရှိရှေ့တွင်တော့ professional camera ကြီးကိုင်ဆောင်ထားသည့် camera man တစ်ယောက်က vantage point အမျိုးမျိုးယူကာ သူတို့ကို ဓာတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်လျှက်ရှိသည်။ သူတို့အားလုံး ကိုယ်နေကိုယ်ဟန်ကို smart ကျကျ အဆင်ပြေပြေ ဖြစ်စေရန် ပြင်ထားသည်။ ဇွဲကတော့ cow boy ဦးထုပ်ကလေးကိုဆောင်းထားပြီး လက်ထဲတွင် ပန်းခြင်းကလေး တစ်ခုကိုကိုင်ကာ အိမ်ကလေးအရှေ့ရှိ သစ်သား ၀ရံတာပေါ်တွင် တက်ထိုင်ထားသည်။ ဇော်က တော့ အနောက်တိုင်းအ၀တ်အစားကို gentlemanly ဖြစ်အောင် ၀တ်ထားပြီး သူ့လက်ထဲတွင်တော့ ပြင်သစ် ရှန်ပိန်ဝိုင်ခွက်ကလေးကို ကိုင်ထားကာ ရိုက်ချက်ကောင်းမွန်သည့် ရုပ်သွင်တစ်ခုဖြစ်စေရန် ပြင်ဆင်ထားသည်။


ကျန်သည့် သွင်သန့် ၊ မိုးတေ၊ ညီစိုးတို့ကတော့ PEACE CORPS ARMY JACKET များ PEOPLES MARKET BLAZER များ TMD RUST SUEDE GILET ကို များကို ၀တ်ဆင်ထားကြပြီး အလယ်တည့်တည့်တွင် ထိုင်ခုံအဖြူလေးတွေသုံးလုံးဖြင့် ထိုင်ကာ အပြုံးလေးတွေကိုယ်စီ ဖန်ဆင်းထားကြသည်။


“ကဲ…………အားလုံး ပဲ အဆင့်သင့်ဖြစ်ပြီနော် ရယ်ဒီ ၀မ်း…..တူး…….သရီး……..”

“………………….”

“………….………”

“………….……….”

“ OK ပုံလေးတွေအရမ်းလှတယ်။ အားလုံးလဲ ပင်ပန်းသွားကြပြီ ထင်တယ် ။ နားလိုက်ကြပါဦး။ “


Camera Man ဆီမှ အသံထွက်လာမှ ဇွဲတို့ငါးယောက်သည် သက်ပြင်းချကာ လုပ်ထားသည့် အိုက်တင်တွေကို ဖျက်ပြီး လွတ်လပ်စွာ အညောင်းဆန့်လိုက်ကြသည်။ camera man သည် ကင်မရာကြီးကို စတီးရိုးတိုင်မှာ ချွတ်ကာ ဖြုတ်လိုက်ပြီး ကျန်သည့်ပစ္စည်းတွေကို တစ်ခုခြင်းဖြုတ်သိမ်းနေသည်။ ထိုအခိုက် camera man နားထံသို့ ဦးကိုကိုနိုင်ရောက်လာသည်။


“ပုံတွေကို နောက်သုံးရက်အမှီတော့ ရမှဖြစ်မယ်နော် ကိုမောင်”

“ဟုတ်ကဲ့ စိတ်ချပါဗျာ။ သဘက်ခါညနေအပြီး ရစေရမယ်။ “

“အေးဗျာ ။ သူတို့ show ပွဲက နီးနေပြီဗျ။ ဝေါရှစ်တွေအတွက်အရမ်းကိုအရေးကြီးနေတာ။ ကိစ္စက ဒီတစ်ခုထဲတင်မကဘူး ပွဲလက်မှတ် ဒီဇိုင်းဆွဲထားတာတွေ၊ စတိတ်စင်ကိစ္စတွေ၊ အို အများကြီးအများကြီးပါပဲဗျာ။”

“ဟား ဟား ဦးကိုကိုနိုင် ခင်ဗျားကတော့လေ စံပဲ။ ခင်ဗျားဒီလိုပံ့ပိုးမှုကောင်းလို့လဲ ခင်ဗျားလူတွေက ဒီလောက်အောင်မြင်နေတာပေါ့။ အရာအားလုံးကို ခင်ဗျားက ခင်ဗျားလူတွေအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးတွေချည်းပဲ စီစဉ်ပေးတယ်နော်။ ဒါကြောင့်လဲ သူတို့က ခင်ဗျားကို ဦးလေးလို အဖေလို အားကိုးနေတာ နေမှာ”

“အဲ့လောက်လဲ မဟုတ်ရပါဘူးကိုမောင်ရယ်။ ကျွန်တော်က ဗာရီရ ကိစ္စလေးတွေစီစဉ်ရုံပဲ စီစဉ်တတ်တာပါ။ တစ်ကယ်တန်း အနုပညာနဲ့ အောင်မြင်မှုကိုရအောင်ယူထားတာက သူတို့လေးတွေဗျ။ ဒီကောင်လေးတွေက တစ်ကယ်လဲတော်ကြတာကိုး။ အခုလည်းဒီ ပြင်ဦးလွင် ခရီးစဉ်ပြီးရင် နောက်ထပ်ခေါ်ထားတဲ့ နယ် show တွေက နည်းတာမဟုတ်ဘူး။ ကျွန်တော်ကတော့ ပင်ပန်းရဦးမှာပေါ့။”

“ဦးကိုကိုနိုင်ပြောတာလဲ ဟုတ်တာပဲ။ ကဲ ကျွန်တော်လည်း တစ်ခြားကိစ္စလေးတွေ ရှိသေးတယ်။ ဓာတ်ပုံတွေ ရရင် ကျွန်တော် ဖုန်းကြိုဆက်မယ်လေ။ အိုကေတယ်မဟုတ်လား”

“ကောင်းပါပြီ ကိုမောင် ။ အေးအေးဆေးဆေးပြန်ပါ။ “

“ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး”

“ဟုတ်ကဲ့ပါဗျာ “


ကိုမောင်ပြန်သွားသောအခါ ဦးကိုကိုနိုင်က ဇွဲတို့ ငါးယောက်နားသို့ လျှောက်လာခဲ့သည်။ ဇွဲတို့ ငါးယောက်က သူတို့ဝတ်ထားသည့် မပေါ့မပါးအ၀တ်အစားတွေကို ချွတ်နေကြပြ်ီး စားပွဲဝိုင်းတစ်ခုတွင် စကားပြောလျှက်ရှိကြသည်။

“ဦး ကျွန်တော်တို့ ကို ဒီညထမင်းစားရင် sea food salad သုတ်လေး ပါအောင် စီစဉ်ပေးပါလားဗျာ”

ဇွဲက ဦးကိုကိုနိုင်ထိုင်လိုက်သည်နှင့် သူ့ထုံးစံအတိုင်း ဂျီကျတော့သည်။ ဦးကိုကိုနိုင်က ပြုံးလိုက်သည်။ ထို့နောက်

“ဦးကတော့ ဒီပြင်ဦးလွင်မှာ sea food salad ရအောင် ရှာတတ်မယ်မထင်ဘူး။ ပင်လယ်စာတွေက ပင်လယ်နဲ့နီးတဲ့နေရာတွေနဲ့ မြို့ကြီးတွေမှာပဲ ရနိုင်မှာပေါ့ ဇွဲရ။ “

“အလကား ဒီကောင်ကဂျီကကြောင်များနေတာ ဦး ။ သူပုသိမ်မှာတုန်းကလည်း အဲ့ဒါတွေစားပြီး ၀မ်းတွေသွားတာ မမှတ်သေးဘူး။ “

ဇော်က ဇွဲကို ၀င်ညှောင့်သည်။ ဇွဲကဇော့်ကိုကြည့်ရင်း လက်သီးထောင်ပြလိုက်သည်။ သူတို့ အဖွဲ့ထဲတွင် ဇွဲက အကနှင့်ပက်သက်ပြီး ဆရာကြီးဖြစ်သည်။ ဇော်ကတော့ သီချင်းဆိုသည့်ကိစ္စ အားသည်နှင့် သူ့၏ Nikon D4 camera နှင့် ရောက်လေရာအရပ်တွင် ဓာတ်ပုံရိုက်တတ်သည်။ ဒါကလည်းသူ့ဝါသနာပင်။ ကျန်သည့်သုံးယောက်ကတော့ မိန်းမကိစ္စပြောလျှင်ပြော မပြောလျှင် ဘောလုံးပွဲကြည့်တာမျိုးတို့ chess ထိုးတာမျိုးတို့လုပ်တတ်ကြသည်။

“ကဲ ကဲ သားတို့ မနက်စာစားဖို့ ဦးသွားစီစဉ်လိုက်ဦးမယ်။ ဒီအိမ်ခြံဝန်းထဲလွဲပြီး ဘယ်မှမသွားနဲ့နော်။ တော်ကြာ တစ်ယောက်ယောက်က သတင်းရသွားရင် ။ လူတွေသတင်းထောက်တွေ ရောက်လာကြလိမ့်မယ်။ အဲ့ဒီအခါကျရင် သားတို့ပဲစိတ်ညစ်ရမှာ”

“ဟုတ်ကဲ့ပါ” “ဟုတ်ကဲ့ပါ” “ဟုတ်ကဲ့ပါ” “ဟုတ်ကဲ့ပါ” “ဟုတ်ကဲ့ပါ”

သူတို့အားလုံး ပြိုင်တူဖြေလိုက်ကြသည်။ ဦးကိုကိုနိုင် တစ်ခုခုပြော၍ပြီးပြီဆိုလျှင် သူတို့အားလုံးက သည်လိုပဲတစ်ညီတစ်ညွတ်ထဲ ပျော်ပျော်ပါးပါးဖြေတတ်ကြသည်။ ဦးကိုကိုနိုင်ကသူတို့ကို ကြည့်ပြီး ပြုံးလျှက် သစ်သားအိမ်ကလေးရှိရာသို့ လျှောက်သွားသည်။ သူတို့ငါးယောက်သာ စားပွဲခုံတွင် ကျန်ခဲ့ကြသည်။ နံနက်ခင်းလေးကတော့ ဆောင်းငွှေ့လေးတွေနှင့် လှပကာ ချယ်ရီနံ့လေးတွေ သင်းနေပြီး နေရောင်ဖျော့ဖျော့လေးအောက်တွင် ကြည်နူးဖွယ်ရာကောင်းနေသည်။ ထိုအခိုက် ဇွဲ က သူ့လက်နှစ်ဖက်ကို လေထဲတွင် ဆန့်တန်းလိုက်ပြီး ပါးစပ်ကို အကျယ်ကြီးဟကာ သန်းလိုက်သည်။

“၀ါး……………………………….”

ဇွဲသန်းနေသည်ကို မြင်သောအခါ ဇော်က သူ့အနားရှိလက်စွဲတော် camera ကြီးနှင့် တဖြတ်ဖြတ်ရိုက်ပစ်လိုက်သည်။ ထိုအခါ ဇော်က မျက်လုံးပြူးသွားပြီး ဇွဲကို ကြည့်နေသည်။ ဇော်က သဘောကျကာ ဇွဲမျက်လုံးပြူးနေသည့် ပုံကလေးတွေကို ပါ တစ်ရက်စပ်ထဲရိုက်ပစ်လိုက်သည်။
“ဇော် ……….ဘာလုပ်တာလဲ ။ “

“ဟား…………ဟား……………ဟား…………..”

“မရိုက်နဲ့ကွာ ။ဇော် ပြောလို့မရဘူးလား။ မရိုက်နဲ့ဆိုနေ”

“ကြည့်စမ်း ပါဦး ဟေ့ကောင်တွေ ဒီမှာ သမင်မမျက်စောင်းလေးနဲ့ ဇွဲ စိတ်ဆိုးနေတဲ့ပုံကလေးတွေ။ ဟိဟိ။ ဒီပုံလေးတွေကို အင်တာနက်ပေါ်တင်ရမယ်ကွ ဟားဟား”

ဇွဲ ကပြောလို့မရမှန်းသိသောအခါ ဇော့်ရဲ့ camera ကြီးကို လှမ်းလုသည် ။ camera ကြီးက ဇွဲလုလိုက်သောအခါ ဇော့်လက်ထဲမှ လွတ်ပြီး ဇွဲလက်ထဲသို့ပါလာသည်။ ထိုအခါ ဇော်က မကျေမနပ်ဖြစ်ပြီး ဇော့်ဆီမှ ကင်မရာကြီးကို ပြန်လုသည်။

“ငါ့ ကင်မရာကို မထိနဲ့ကွာ ပျက်သွားလိမ့်မယ်။ ဒါ Dollor 5,999  တောင်ပေးထားရတာ။ “

ဇော်က မျက်စိမျက်နှာပျက်ဖြစ်လာသဖြင့် ဇွဲက ဆွဲထားသည့် ကင်မရာကြီးကို ဆက်ဆွဲမထားတော့ပဲ လက်လွှတ်ပေးလိုက်သည်။ ဇော်လက်လွှတ်ပေးလိုက်သောအခါ ဇွဲက သူ့ကင်မရာကို ယူပြီးဆက်ကနဲ လှည့်ကာ သစ်သားအိမ်လေးဆီသို့ ထွက်သွားသည်။

“ဇွဲရာ မင်းကလဲ ဒီကောင့်အကြောင်းမသိတာလဲမဟုတ်ပဲနဲ့။ ဒီကောင်က သူ့ကင်မရာကိုထိရင် နည်းနည်းမှ ကြိုက်တာမဟုတ်ဘူး ကွ”

သွင်သန့်က ဇွဲကို ကြည့်ပြီးပြောသည်။ ကျန်သည့် မိုးတေ နှင့်ညီစိုးက ပါ ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ဇော်က သူ့ကင်မရာကို ထိတာကြိုက်သိဖြစ်စေ မကြိုက်သည်ဖြစ်စေ ဇွဲကတော့ သူသန်းနေသည့်ပုံတွေ ပါသွားတာကိုတော့ လုံးဝမကျေနပ်ပါ။ သူထိုပုံတွေကို ရအောင်ဖျက်ရမည်။ ဟုတ်သည် ဇော်မသိအောင်ပဲဖြစ်ဖြစ် သူထိုပုံတွေကိုရအောင်ဖျက်ပစ်မည်။ တော်ကြာ ဇော်က ပြောလို့ရသည်မဟုတ် သူ့ကိုအမြင်ကတ်ကတ်နှင့်ထိုပုံတွေကို အင်တာနက်ပေါ်တင်လိုက်ပါက။ သူ့မျက်နှာ ဘယ်မှာထားရမှန်းပင် သိတော့မည်မဟုတ်ချေ။ အင်း…………ဇွဲမသိအောင် ကင်မရာကြီးကို ဘယ်လိုယူရပါမှာလိမ့်။



                                               &&&&&$&&&&&


ညလေးသည် အေးချမ်းစွာတိတ်ဆိတ်လျှက်ရှိသည်။ အပြင်ဖက်တွင် အခိုးအငွေ့လေးတွေ ရစ်သိုင်းနေပြီး အချမ်းဓာတ်ကလေးတွေ ပိုကဲနေသည်။ ဇော်တို့ အိမ်ကလေးထဲတွင်တော့ မီးလင်းဖိုကလေး ရှိနေ၍ ခပ်နွေးနွေးလေးဖြင့်နေလို့ကောင်းသည်။ သွင်သန့်၊ မိုးတေ နှင့် ညီစိုးတို့ကတော ထုံးစံအတိုင်း ဘောလုံးပွဲကြည့်နေကြသည်။ ဇော်ကတော့ computer ရှေ့တွင် ထိုင်ပြီး ဟိုနှိပ်ဒီနှိပ် နှိပ်ကာ ညောင်းလာသဖြင့် ထိုင်ရာမှ ထလိုက်သည်။ ထို့နောက် တစ်ချက်သန်းဝေလိုက်ပြီး သူ့အခန်းကို ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ဟိုသုံးကောင်ကတော့ တော်တော်နှင့် အိပ်ဦးမည်မဟုတ်ပေ။ ဘောလုံးပွဲပြီး လျှင်ဘာတွေဆက်လုပ်ကြဦးမည်မသိပါ။ ဇွဲတစ်ယောက်တော့ ပျောက်နေသည်။ ဘယ်ရောက်နေပါလိမ့်။ စောစောစီးစီးအိပ်သွားတာများလား။

ဇော်ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ ဟိုသုံးကောင်ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသောက်နေကျ ဆေးတွေဖြစ်သည့် skin ထိန်းသိမ်းသည့် ဆေးဘူးလေးကိုကိုင်ကာ ကြောင်လိမ်လှေကားအတိုင်း သူ့အခန်းရှိသည့်  အပေါ်ထပ်သို့တက်လာခဲ့သည်။ အပေါ်ထပ်သို့ ရောက်တော့ သူ့အခန်းရှိရာသို့ တစ်ဖြေးဖြေး လျှောက်လာခဲ့သည်။ အခန်းရှေ့ရောက်သော် သူအခန်းတံခါးကို အသာဆွဲဖွင့်လိုက်သည်။

“ကျွီ…………………………..”

“ဟင် ဇော်…………………….”

“ဇွဲပါလား။ ဇွဲမင်းငါ့အခန်းထဲ ဘာဝင်လုပ်နေတာလဲ “

သူ့ကိုမြင်လိုက်သည်နှင့် ဇွဲက အမူအယာပျက်သွားသည်။ ထို့နောက် ထုံးစံအတိုင်း မျက်လုံးပြူးပြူးလေးဖြင့် သူ့ကိုကြည့်ကာ တစ်ခုခုပြောမည် ကြံပြီး ပြန်စဉ်းစားနေပြန်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီး

“ငါ့ရဲ့ street dance အခွေတွေပျောက်လို့ လာရှာတာပါ။ “

“သြော် တွေ့လား”

“အဟီး မတွေ့ဘူး”

“ဘယ်တွေ့မလဲ မင်းပစ္စည်းတွေ ငါဘယ်တုန်းကကိုင်ဖူးလို့လဲ။ သွားသွား ကိုယ့်အခန်းကိုသွားတော့”

“ဇော် ……………”

“ဘာတုန်းကွာ………”

“good night လို့ nightmare မက်ပါစေ။ အဲ့လေ sweet dream မက်ပါစေလို့ အဟီး”

“ဒီကောင်တော့ မျက်နှာက ပြောင်စပ်စပ်နဲ့ ဘာဖြစ်နေမှန်းကိုမသိဘူး။ ငါတယ်လေ လုပ်လိုက်ရ”

ဇွဲသူ့ကိုသည်လိုပြောင်စပ်စပ်မျက်နှာမျိုးတစ်ခါမှ မလုပ်ဖူးပါ။ သည်နေ့ညကျမှ ဘာဖြစ်နေသည်မသိ။ သူငေါက်လိုက်တော့ ဇွဲက သူ့လွယ်အိတ်ကလေးကို ကိုင်ကာ အခန်းပြင်ကို ထွက်သွားသည်။ ဇွဲထွက်သွားသည်နှင့် သူအခန်းတံခါးကို ပိတ်လိုက်ပြီး လော့ချလိုက်သည်။ ထို့နောက် အပေါ် ဂျာကင်င်္အကျီကိုချွတ်ကာ ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သူ့နဖူးပေါ်လက်ကလေးတင်ရင်း သူမျက်စိလေးကို အသာလေးမှိတ်ထားလိုက်၏။ ထို့နောက် သူ့မျက်ခွံတွေလေးလံလာပြီး အိပ်ပျော်သွားပါတော့သည်။


                                  &&&&&$&&&&&


“သွင်သန့်”

“ဘာတုန်း”

“ငါဘောလုံးကန်ချင်တယ်ကွာ”

ရုတ်တရက် ဘာဖောက်လာမှန်းမသိသော ညီစိုးကို သွင်သန့်တစ်ချက်ကြည့်လိုက်မိသည်။ ယခု အိပ်ယာဝင်ရန် ခြေထောက်တွေဆေးပြီး အဆင်သင့်ဖြစ်နေကာမှ ဘောလုံးထကန်ချင်သည်တဲ့။ ဘယ်လောက် အမြင်ကတ်ဖို့ကောင်းပါသနည်း။


“မင်းရူးနေလား ဒီအချိန်ကြီးဘောလုံးကန်စရာလား။ အိပ်စရာရှိတာ အိပ်စမ်းပါကွာ။ ဟိုမှာ ဦးလေးနိုင်က ငါတို့ကို စိတ်မချလို့တဲ့ ဧည့်ခန်းထဲမှာ စောင့်အိပ်နေတယ်။ အပြင်ထွက်ဖို့မလွယ်တော့ဘူး။ တခြားလူတွေလည်း အိပ်ကုန်ကြပြီ”

“ သွင်သန့်ကလည်းကွာ ခဏလေးပါပဲ။ အခုလိုညလေးမှ ချမ်းချမ်းစိမ့်စိမ့်လေးနှင့် ဘောလုံးလေး ကန်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။ ဘာနဲ့မှ မလဲနိုင်တဲ့ feeling လေးကွ။ လုပ်ပါကွာ ခဏလေးပဲသွားကန်ရအောင်နော်”

သွင်သန့်စိတ်ညစ်သွားသည်။ ညီစိုးအကြောင်းသူသိသည်။ တစ်ခုခုကိုလုပ်ချင်ပြီ ဆိုလျှင် တားမရဆီးမရနှင့် ဇွတ်သမား။ နိုင်ငံကျော်အဆိုတော် တစ်ယောက်လုပ်နေပြီး ကလေးစိတ်ကလည်း မကုန်ချင်သေး။ အင်းလေ သူတို့အသက်တွေက အခုမှ နှစ်ဆယ့်တစ် နှစ်ဆယ့်နှစ်အရွယ်လေးတွေဆိုတော့ သည်လောက်တော့ရှိမည်ပေါ့လေ။ ငြင်းမရမှန်းသိသည်ဖြစ်သော ကြောင့် ညီစိုးကိုသူခေါင်းညိတ်ပြလိုက်ရသည်။

“ဟဲဟဲဟဲ ဒီလိုမှပေါ့ သွင်သန့်ရယ်။ မင်းကလိမ်မာပါတယ်။ လာသွားကြစို့”



သူတို့နှစ်ယောက် အိပ်ခန်းထဲမှ ထွက်လာပြီး အိမ်တံခါးမကြီးကို ဖွင့်ကာ အိမ်ပြင်ထွက်လာခဲ့ကြသည်။ ဤအိမ်ကြီးထဲတွင် ဇော်က တစ်ယောက်ထဲ သပ်သပ်အိပ်သည်။ သူနှင့် ညီစိုးကတစ်ခန်းအိပ်သည်။ မိုးတေနှင့် ဇွဲက တစ်ခန်းအိပ်သည်။ အိမ်အောက်ထပ်တွင်တော့ ဦးလေးနိုင်အတွက်အခန်းတစ်ခန်းရှိသည်။ သို့သော် ဦးလေးနိုင်က သူတို့ကိုစိတ်မချလို့ဟုဆိုကာ ဧည့်ခန်းဆိုဖာပေါ်တွင် စောင့်နေရင်းအိပ်ပျော်သွားသည်။ ဦးလေနိုင်စိတ်မချချင်လဲ မချချင်စရာပင်။ သူတို့ကလည်း လစ်ရင်လစ်သလို မဟုတ်တာလေးတွေလုပ်ချင်ကြသည်။ ယခုပဲကြည့်လေ။


အပြင်ဖက်သို့ရောက်လာသောအခါ လေအေးတွေက စိမ့်ကနဲ စိမ့်ကနဲ့ တိုးဝင်လာသည်။ စတိုခန်းထဲမှ မလာသော ဘောလုံးလေးကို ကိုင်ကာ ညီစိုးက သူ့ရှေ့မှ လျှောက်ပြီးအိမ်နောက်ဖက်ရှိ ပန်းခြံထဲသို့ဦးတည်ပြီးလျှောက်သွားသည်။ သူတို့အုပ်စု သည်အိမ်လေးကိုရောက်တာ သုံးရက်ရှိတော့မည်။ သို့ပေမယ့်သူကတော့ ထိုအိမ်နောက်ကို တစ်ခါမှမသွားဖူးသေးပါ။ ထိုစဉ် အဝေးမှ ခွေးအူသံ ကြီးက စူးစူးဝါးဝါးထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး ချမ်းနေသည့် ကြားကပင် ကြက်သိမ်းမွှေးညှင်းတွေ တဖြန်းဖြန်းထသွားသည်။


“ဟေ့ကောင် ညီစိုး။ ဘယ်အထိသွားနေဦးမှာလဲ ”

“ရပြီသွင်သန့်။ ဒီမှာပဲ ကန်မယ်။ ဒီမှာဆိုကန်လို့ရပြီ။ ဘောလုံးကို ငါ့ဆီကိုပစ်လိုက် ။ မင်းကအဲ့ဖက်ကနေ ငါကဒီဖက်ကနေမယ်။ တစ်ယောက်တလှည့်စီ ကန်ပေးကြမယ်။ ဟုတ်ပြီလား”

ပြောပြေဆိုဆိုဖြင့် သူ့လက်ထဲမှ ဘောလုံးကိုယူကာ ညီစိုးက ခပ်ဝေးဝေးသို့ ပြေးထွက်သွားသည်။ သူပတ်ဝန်းကျင်ကို ကြည့်ရင်ကျောထဲစိမ့်ကနဲ ဖြစ်သွားသည်။ ပြင်ဦးလွင်မြို့၏ အေးချမ်းသည့် အရိပ်ငွေ့တွေနှင့်အတူ ည၏နက်မှောင်နေသော အမှောင်ထုကြီးအောက်တွင် ယိမ်းထိုးနေသည့် ၀ါးပင်တွေက မကောင်းဆိုးဝါးတွေ စုပြုံနေသလိုပင်။ တစ်ခါတစ်ရံတွင် ညငှက်အချို့၏ အသံကထွက်လာသေးသည်။ ချိုးကူသံလိုလို တောက်တဲ့အော်သံလိုလိုဖြင့်  သူ့စိတ်ထဲ ကြောက်ရွံ့စိတ်တွေ စိုးမိုးဝင်ရောက်လာသည်။ ထိုစဉ်


“ဟေ့ကောင် သွင်သန့် ငါကန်လိုက်ပြီနော်”

“ဘုတ်…………………………………..”

ညီစိုးကန်လိုက်သော ဘောလုံးလေးက သူ့ရှေ့သို့ရောက်လာသည်။ သူညီစိုးကန်လိုက်သော ဘောလုံးကို အာရုံမလာပဲ ဘေးပတ်ဝန်းကျင်ကိုသာ ကြည့်ရင် ကျောချမ်းနေမိသည်။

“သွင်သန့် ။ ဟေ့ကော် သွင်သန့် ဘာလုပ်နေတာလဲ။ ငါ့ဆီပြန်ကန်ပေးလေ”

“သြော်…………..အေးအေး”

ညီစိုးဆီမှအော်သံကြားမှ သူသတိဝင်ကာ ဘောလုံးလေးကို ညီစိုးဆီပြန်ကန်ထည့်ပေးလိုက်သည်။ သို့သော် သူကကြောက်စိတ်ပါနေလို့လားတော့မသိပါ။ ဘောလုံးကို အားနှင့်ကန်ထဲ့လိုက်မိသည်။ သူကန်လိုက်သောဘောလုံးလေးက ညီစိုးကိုကျော်က ညီစိုးအနောက်ရှိ သစ်ပင်မှောင်ရိပ်ထဲသို့ရောက်သွားလေသည်။


“ဟာ သွင်သန့်။ မင်းကတော့ ဂွ ပဲကွာ။ ဘာလို့ ဒီလောက်တောင် အားထည့်လိုက်ရတာလဲ။ ဟိုမှာ ဘောလုံးက ဘယ်ရောက်သွားမှန်းမသိတော့ဘူး”

“sorry ပါ။ ညီစိုးရယ်။ ငါဘောလုံးမကန်တတ်တာ မင်းလဲသိရက်သားနဲ့”

“နေဦး ငါဘောလုံးသွားရှာလိုက်ဦးမယ်”

“အေးအေး “

ညီစိုးက သူ့ကို မကြည်သလိုတစ်ချက်ကြည့်ပြီး ဘောလုံးကောက်ရန် အမှောင်ထဲသို့ ၀င်ရောက်သွားသည်။ သူညီစိုးကို ရပ်ကြည့်ရင်းစောင့်နေလိုက်သည်။ ညီစိုးကတော့ အမှောင်ထဲတဖြေးဖြေးဝင်သွားရင် ကြာတော့ လူလုံးပါပျောက်သွားသည်။ သူစိတ်ရှည်ရှည်ဖြင့် ဆက်စောင့်နေလိုက်သည်။ သို့သော် ငါးမိနစ်ခန့်ကြာသည် အထိညီစိုးပေါ်မလာသေးပါ။ သူစိတ်ပူစပြုလာသည်။  သူလိုက်သွားရန်စိတ်ကူးလိုက်ပြီး။ အမှောင်ထဲသို့ကြည့်ရင်း တံတွေးတစ်ချက်မျိုချလိုက်၏ ။ ထိုစဉ်……………….


“အား…………………………………………………..”

“ဟာ…………..ညီစိုး……………….ညီစိုး………………..ညီစိုး……………”

“ညီစိုး ငါခေါ်တာကြားလား။ “

သူညီစိုးကို စိတ်ပူသွားပြီး ထိုအမှောင်ထဲသို့ပြေးဝင်လာခဲ့သည်။ အမှောင်ထဲသို့ရောက်သော် ခြုံနွယ်တွေက ထူထပ်နေပြီး အရှေ့ကိုသဲသဲကွဲကွဲမမြင်ရတော့ပါ။ သူဆောင်းတွင်းကြီးပြန်နေသော ဇောချွေးတွေကိုသုတ်လိုက်ရင်း စိတ်အားတင်းပြီး ညီစိုးကိုရှာဖွေနေသည်။ သူ့ရင်ထဲမှာတော့ ကြောက်ရွံ့စိတ်တွေ၊ အားငယ်စိတ်တွေ ၊ ထိတ်လန့်စိတ်တွေဖြင့်သာ ၀ိုင်းဝိုင်းလည်နေသည်။ ညီစိုးရယ်….မင်းဘယ်မှာလဲ မင်းဘယ်မှာလဲ မင်းဘယ်မှာလဲကွာ………။

သူမှောင်ပိတ်နေသော ခြုံတွေကို ဖယ်ရှားရင်းအရှေ့ကိုဆက်တိုးလာခဲ့သည်။ ခြုံတွေကလဲ ဘယ်နှခုနှစ်ကတည်းက မရှင်းပဲထားသည်မသိပါ။ သူတို့သည်အိမ်မှာတည်းဖို့ ဆုံးဖြတ်ခဲ့သည်မှာ မှားများမှားသွားပြီလားမသိပါ။ နောက်သုံးလေးရက်လောက်ဆိုလျှင် ရှိုးပွဲကစတော့မည်။ ညီစိုးတစ်ခုခုဖြစ်သွားလို့မဖြစ်ပါ။ ဘုရားဘုရား ညီိစိုးဘာမှ မဖြစ်ပါစေနဲ့။ ညီစိုးဘာမှမဖြစ်ပါစေနဲ့။ ထိုအခိုက် သူ့ခြေလှမ်းလိုက်သည့် မြေသားပြင်သည် ဘာမှရှိမနေပဲ လေထဲတွင်နင်းလိုက်သလို အေးကနဲဖြစ်သွားကာ သူ့တစ်ကိုယ်လုံး တစ်ခုခုထဲသို့ ပြုတ်ကျသွားသည်။

“အား…………………………………….……………….”



                                               &&&&&$&&&&&



နံနက်ခင်း၏ နေရောင်ခြည်သည် အပြင်ဖက်မှဖောက်ဝင်လာပြီး အခန်းထဲသို့ဖြာကျလျှက်ရှိသည်။ သူတို့အားလုံးရင်ထဲတွင်တော့ သောကတွေ အပူတွေဖြင့်သာ မျက်နှာတွေမသာမယာဖြစ်နေကြသည်။ ယခု ညီစိုးနှင့် သွင်သန့်ပျောက်နေသည်။ သည်ကောင်နှစ်ကောင် အတန်တန်ပြောထားလျှက်သားနှင့် အခုလိုဖြစ်ဖြစ်အောင် ဖြစ်သေးသည်။ ဦးလေးနိုင်ကတော့ သူတို့သုံးယောက်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း တစ်ခုခုကို အကြီးအကျယ်စဉ်းစားနေသည်။ သူတို့သုံးယောက်လုံးလည်း ကိုယ့်လက်သည်းကို ကိုယ်ဆိတ်ကာ စိတ်ညစ်နေကြသည်။ ခဏကြာတော့ အိမ်ရှေ့မှ သူတို့ဖုန်းဆက်ခေါ်ထားသည့် ရဲတွေရောက်လာကြသည်။


“ဗျို့ အိမ်ရှင်တို့။ အိမ်ရှင်တို့၊ လူရှိလား”

“ရှိပါတယ်ဗျာ။ ရှိပါတယ် အထဲကို ကြွပါခင်ဗျား”

ရဲတွေက ဦးကိုကိုနိုင်၏ ဖိတ်ခေါ်ချက်ကြောင့် အိမ်ထဲကို ရောက်လာကြသည်။ ထို့နောက် ဧည့်ခန်းထဲသို့ ၀င်လာကြသည်။ သူတို့သုံးယောက်ကိုမြင်သောအခါ ရဲတွေ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ဖြစ်မည်ပေါ့လေ သူတို့ ကနာမည်ကြီးနေသည့် အဆိုတော်တွေပဲ။ ရဲတွေက ဆိုဖာပေါ်တွင် ထိုင်ရင်းသူတို့ကိုအကဲခတ်သလိုကြည့်သည်။ ထို့နောက်

“ကျွန်တော့်နာမည် ဒုရဲအုပ်မြင့်ဇော်နိုင်ပါ။ ကျွန်တော့်ကို အရေးကြီးလို့ဆိုပြီး ဖုန်းဆက်ခေါ်ထားတာ ။ ဘာကိစ္စများဖြစ်လို့လဲ မသိဘူး”

“ဒီလိုပါ ခင်ဗျား။ ကျွန်တော်တို့ ဒီမှာ ရှိုးပွဲရှိလို့ရောက်နေတာပါ။ အဲ့ဒါမနေ့ညက ညီစိုးနဲ့ သွင်သန့် ရုတ်တရက်ကြီးပျောက်သွားလို့ပါ။ ကူညီပါဦး ဆရာတို့ရယ်။ “

ဦးကိုကိုနိုင်ကိုကြည့်ပြီး ဒုရဲအုပ်က တစ်ချက်စဉ်းစားသည်။ ထို့နောက်

“သွင်သန့် နဲ့ ညီစိုးတို့က ဘယ်တွေများလျှောက်သွားသေးလို့လဲဗျ။ ဘယ်လိုပျောက်သွားတာလဲ”

“မနေ့ည ဆယ်နာရီထိုးတဲ့ အထိသူတို့ ဒီအိမ်ထဲမှာရှိပါသေးတယ်ဗျာ။ ကျွန်တော်ကလည်း သူတို့ကိုစိတ်မချလို့ကို ဧည့်ခန်းမှာစောင့်ပြီးအိပ်တာပါ။ ဒါပေမယ့် ဒီနေ့မနက်မိုးလင်းတော့ သူတို့နှစ်ယောက်မရှိကြတော့ဘူးဗျ။ “

“သူတို့ နှစ်ယောက် ကအတူတူအိပ်တာလား”

“ဟုတ်ပါတယ်ဗျာ။ သူတို့နှစ်ယောက်က တစ်ခန်းထဲအိပ်တာပါ။ လုပ်ပါဦးဆရာရယ်။ တော်ကြာ မတော်တဲ့သူတွေလက်ထဲရောက်သွားမှာစိုးလို့ပါ။ ဆရာတို့လည်း သိတဲ့အတိုင်းပဲ သူတို့က တိုင်းသိပြည်သိ အဆိုတော်လေးတွေဆိုတော့ တော်ကြာ ပြန်ပေးဆွဲတာတွေဘာတွေ လုပ်နေမှာစိုးလို့ပါ။ ကျွန်တော်တော့် တော်တော်လေးကို ခေါင်းမီးတောက်နေပြီဗျာ”


“သိပ်ကြီးလဲ စိတ်မပူပါနဲ့ဗျာ။ သူတို့က သာမန်လူတွေမှမဟုတ်ပဲ ။ သူတို့ကိုမြင်ရင် ဘယ်သူကဆိုသိနေတော့ ကျွန်တော်တို့ပိုရှာရတာလွယ်မှာပါ။ ကျွန်တော်တို့ဖက်က အတက်နိုင်ဆုံး ကြိုးစားပြီးလိုက်ရှာပေးပါ့မယ်ဗျာ။ ပြီးတော့ ဒီအိမ်နားမှာ တစ်ခုခု ထူးခြားတာဖြစ်ရင် ကျွန်တော်တို့ကိုသတင်းပို့ပါ။ “

“ဟုတ်ကဲ့ အားကိုးပါတယ်ဗျာ။ သူတို့ဒီလိုဖြစ်တော့ အခုလုပ်ထားတဲ့ ပွဲကိုတောင်ဖျက်ပစ်ရမလိုဖြစ်နေပြီ ဆရာတို့ရယ်”

“ကဲ အချိန်ဆွဲမနေတော့ဘူးဗျာ ။ ကျွန်တော်တို့ဖက်က စုံးသင့်တာ စုံစမ်းလုပ်သင့်တာ လုပ်ရဦးမယ်။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး ။ တစ်ခုခုဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့မမေ့ပါနဲ့။ အဲ့ဒါအရေး အရမ်းကြီးတယ်”

“ကောင်းပါပြီဗျာ။ ဆရာတို့ကိုကျေးဇူးအရမ်းတင်ပါတယ်”

“ကျွန်တော်တို့ကို ခွင့်ပြုပါဦး “

“ဟုတ်ကဲ့”


ရဲတွေစကားပြောပြီးသည်နှင့်ပြန်သွားကြသည်။ ဇော်သက်ပြင်းတစ်ချက်ချလိုက်ရင်း ထိုင်ရာမှ ထကာ မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့သည်။ မီးဖိုချောင်ထဲသို့ရောက်သော အခါ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး အထဲမှာ သူသောက်နေကျ ကိုကာကိုလာ သံဘူးကိုရှာကြည့်သည်။ သို့သော်မတွေ့တော့ပါ။ စိတ်တိုတိုဖြင့် ရေခဲသေတ္တာတံခါးကို ဆောင့်ပိတ်ပစ်လိုက်၏။ ထိုအခိုက်သူ့ပါးလေး အနားသို့အေးစက်နေသည့် အရာတစ်ခုဖြင့်လာတို့သည်ကို ခံစားလိုက်ရသည်။ သူရုတ်တရက်လန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။


“ဟင်……………..ဇွဲ”

“ဇော် ကိုကာကိုလာဘူးရှာနေတာမဟုတ်လား။ ရှာနေနဲ့တော့ ဒီမှာရော့ ဒါကိုသောက် ။ “

ဇွဲကိုသူကြောင်ပြီးကြည့်နေမိသေးသည်။ ထို့နောက် ဇွဲပေးသည့် ကိုကာကိုလာဘူးလေးကို အသာယူလိုက်သည်။ ဇွဲက သူ့ကို စိုက်ကြည့်နေသေးသည်။ သူဇွဲကိုမော့ကြည့်လိုက်၏။။

“ဇော် …………..ပါးမှာ ရေစက်တွေပေသွားပါလား”

ဇွဲက ပြောပြောဆိုဆိုဖြင့် သူ့ကုတ်င်္အကျီထဲမှ တစ်သျှူးစလေးကိုထုတ်ကာ သူ့ပါးလေးကိုယုယစွာ သုတ်ပေးလေသည်။ သူ့ကို လူတစ်ယောက်က ယခုလိုယုယုယယကြင်နာသောအခါ သူမနေတတ်သလိုဖြစ်သွားသည်။ ပြီးတော့ သူရှက်သွားမိသည်။

“နေ…………….နေပါစေ ဇွဲရာ။ ရပါတယ်။ ငါ့ဖာသာငါပဲသုတ်လိုက်ပါ့မယ်”

“ သြော် အေးရော့။ သုတ်လိုက်”

သူရင်ထဲတွင် နွေးတေးတေးကြီးဖြစ်နေတာတော့အမှန်ပါပင်။ ဘုရားဘုရား သူဘာတွေဖြစ်နေပါလိမ့် ။ ပြီးတော့ ဇွဲကို လဲ သူမျက်နှာပူသလိုဖြစ်လာသည်။ ဘာတွေပါလိမ့်။ သူခေါင်းတွေရှုပ်လာသည်။ မထူးတော့သည့်အတူ မို့သူဇွဲရှေ့မှ ထွက်သွားရန်ဆုံးဖြတ်လိုက်ကာ ဇွဲပေးသည့် တစ်သျှူးစလေးကို ယူကာ အလျှင်စလိုထွက်လာခဲ့သည်။ ထိုအခိုက် သူ့ခြေထောက်အနားရှိ ခွေးခြေကို မမြင်ပဲဝင်ခလုတ်တိုက်မိသွားသည်။ သူ့တစ်ကိုယ်လုံး လေထဲတွင်လွင့်ကနဲ ဖြစ်သွားပြီး အသည်းထဲအေးသွားသည်။ သူ့မျက်စိထဲတွင်တော့ ကြမ်းပြင်ကြီးကိုသာမြင်နေရသည်။ သို့သော ထိုစဉ်မှာပင်သူ့ ခါးလေးဆီသို့ လက်ကလေးတစ်ဖက်လျှိုဝင်လာကာ သူ့ကို ပွေ့ထူထိန်းထားလိုက်သဖြင့် သူလဲတော့မည်ဟာမှာ မလဲတော့ပဲ အနည်းငယ်ယိုင်ရုံမျှသာ ယိုင်သွားသည်။


“သွားတာ လာတာ သတိထားမှပေါ့ ဇော်ရာ”

ဇွဲက သူ့ကိုပွေ့ဖက်ထားလိုက်ရင်းပြောသည်။ ဇွဲ၏ မျက်လုံးတွေသည် သူ့ကို စိုးရိမ်ကြီးစွာဖြင့်ကြည့်နေသည်။ သူလည်းဇွဲကို ငေးပြီးကြည့်နေမိသည်။ သူတို့နှစ်ယောက်၏အကြည့်ချင်းက ပစ်မှတ်တစ်ခုထဲတွင် ဆုံဆည်းသွားကာ သူ့ရင်ထဲကို ကျောက်ခဲကြီးတစ်လုံးဖြင့် ပစ်ပေါက်လိုက်သလို စူးကနဲဖြစ်သွားသည်။ ဇွဲ၏ အသက်ရှုသံတွေကို သူအတိုင်းသားကြားနေရသည်။ ဇွဲ၏နှာခေါင်းလေးကလည်း သူ့နှာခေါင်းလေနှင့်ထိလုမတက် သူ့တို့ မျက်နှာချင်းနီးကပ်နေသည်။ သူယိုင်နေရာမှ မတ်တပ်ပြန့်ရပ်လိုက်ပြီး ဇွဲကို ကျေးဇူးတင်သည့်အကြည့်တွေဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဇွဲရှေ့မှ သူအမြန်ထွက်လာခဲ့သည်။ ဘုရား ဘုရား သူရင်တွေဗြောင်းဆန်နေပါလား……………………….




                           


ဇွဲကဘာလဲ??? ဇွဲကဘာလဲ??? ဇွဲကဘာလဲ??? ဇော်သေချာစဉ်းစားနေမိသည်။ အခုတလော ဇွဲသူ့ကိုကြည့်သည့် အကြည့်တွေ ဇွဲသူ့ကို ဆက်ဆံသည့် ဆက်ဆံရေးတွေသည် သာမန်မဟုတ်ပဲ လွန်ကဲနေသည်ကို သူသတိထားမိသည်။ ဇွဲကိုကြာတော့ သူသံသယဖြစ်ချင်လာသည်။ ဇွဲဟာ မဟုတ်မှလွဲရော။ မဟုတ်မှလွဲရော………………….?????


ဟင့်အင်း။ မဖြစ်နိုင်ဘူးဟုသူထင်သည်။ သူထင်သလိုဆို ဇွဲက သူ့ကို ချစ်နေသည်။ ချစ်နေသည်ပေါ့။ ဟူး…………………။ သူခေါင်းကို ဖြေးညှင်းစွာခါရမ်းမိသည်။




                                                 &&&&&$&&&&&



ဇော် သည်နေ့ အိမ်တွင်မနေချင်တော့သည်နှင့် မြို့ထဲရှိ ဟော်တယ် တစ်ခုတွင် Gym ကစားရန်ထွက်လာခဲ့သည်။ ဟော်တယ်ကိုရောက်တော့ Gym ခန်းမကြီးတစ်ခုတိတ်ဆိတ်နေသည်။ အင်းလေ တိတ်ဆိတ်မည်ပေါ့ ဦးလေးနိုင်က သူတို့အုပ်စုအတွက် သီးသန့် ကစားဖို့ အပြတ်ငှားထားပေးသည်ပဲ။ သူအပိုယူလာသည့် အ၀တ်စားထုတ်ကလေးကို ချကာ အနားရှိ bicycle လေးကျင့်ခန်းလုပ်သည့် စက်ကလေးပေါ်သို့ တက်ကာ စဉ်းစားနေမိသည်။ သူ့ခြေထောက်တွေကတော့ bicycle လေးကို ပျင်းတိပျင်းတွဲဖြင့်နင်းနေမိသည်။ သူ့ခေါင်းထဲတွင်ရောက်နေသည်က ဇွဲ။ ဟုတ်သည်။ အလကားနေ အလကား သူတစ်ချိန်လုံး ဇွဲအကြောင်းသာ စဉ်းစားနေမိသည်။ ပျောက်သွားသည့် ဟိုနှစ်ယောက်ကိုတောင် စိတ်မပူနိုင်ပဲ သူ့မှာ ရင်တွေတလှပ်လှပ်ခုန်နေခဲ့ရသည်။ ဘုရားဘုရား သူတကယ်မလွယ်တော့ပါလား။


“မလွယ်ဘူး……………………..ဟူး”

“ဘာတွေ မလွယ်နေတာလဲ ဇော်ရ”

“ဟင်…………..ဇွဲ”

ဇွဲကို မြင်သည်နှင့် သူနင်းနေသည့် bicycle ခြေနင်းလေးကို ချော်နင်းမိကာ လက်ကိုင်နှင့် မေးစိရိုက်မိသွားသည်။


“ဟော………….ဟော………..ဇော်။ မင်းကတော့လေ လုပ်တော့မယ်။ ဘာပဲလုပ်လုပ် နမော်နမဲ့နဲ့ မှန်း တော်တောနာသွားလား”

ဇွဲက သူအနားသို့ရောက်လကာ သူ့မေးစိလေးကို ကိုင်ကြည့်သည်။ ထို့နောက် သူ့ကိုမော့စေလိုက်ကာ မေးစိအောက်သို့ ပုရွက်ဆိတ်ရှာသလို ဒဏ်ရာကို ပြူးပြဲပြီးရှာတော့သည်။ ပြီးနောက် သူ့ပါးကိုဘယ်ဖက်ကိုစောင်းပြီး ကြည့်ပြန်သည်။ ဆက်ပြီးတော့ ညာဖက်ကိုစောင်းပြီးတော့ကြည့်ပြန်သည်။ အတန်ကြာသော် သူ့မေးစေ့အောက်တစ်နေရာရှိ အနည်းငယ်နီပြီးပွန်းသွားသည့် ဒဏ်ရာသေးသေးလေးကိုတွေ့သွားသည်။


“ကျွတ်စ်……………..ကျွတ်စ် နီရဲသွားတာပဲကွာ။ ဖူး………………………………”

“ဟာ…………..ဇွဲမင်းငါ့ကို ဘာလုပ်နေတာလဲ”

“သြော် မင်းဒဏ်ရာကိုသက်သာအောင်လို့ လေအေးလေးမှုတ်ပေးနေတာလေ။ ဖူး………..”

“နေ……….နေပါစေ။ မမှုတ်ပါနဲ့တော့။ ရ……………ရပြီ။”

“ကဲ……….ဇော် ဒီကစားနည်းက အန္တရာယ်များတယ် မကစားနဲ့တော့။ လာ ငါနဲ့အတူ ဟိုကြမ်းပြင်ပေါ်မှာ အိပ်ထသွားလုပ်မယ်”

“မ………………………မလုပ်”

“လာစမ်းပါကွာ…………………….”

ဇွဲက သူ့ကို ပုခုံးမှ သိုင်းဖက်ကာ အတင်းဆွဲခေါ်လာသဖြင့် သူဘာမှမတက်နိုင်တော့ဘဲ ပါလာခဲ့သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ရောက်သောအခါ ဇွဲကသူ့ကို လှဲအိပ်စေလိုက်သည်။ ထို့နောက်သူ့လက်နှစ်ဖက်ကို ပူးလိုက်ပြီးအနောက်သို့လှန်ကာ နောက်စေ့အနောက်သို့ ကပ်ပေးသည်။ ပြီးတော့ သူ့အရှေ့ကို ပတ်သွားကာ ထောင်ထားသည် သူ့ဒူးခေါင်းနှစ်ခုကို ကြမ်းပြင်နှင့်တပြည်းညီတည်း ဖြစ်အောင်လျှောချ ခိုင်းလိုက်သည်။


“ရပြီ။ ဒီလေ့ကျင့်ခန်းက ဗိုက်မှရှိတဲ့အဆီပိုတွေကို လျှော့သွားစေတယ်။ ပြီးတော့ ခန္ဓာကိုယ်ကို ပိုပြီးတော့ ကျစ်လစ်တောင်းတင်းစေတယ်။ အထူးသဖြင့် ဒီဗိုက်မှာရှိတဲ့ ကြွက်သားတွေကိုပိုပြီးတော့ လှပစေတယ်။ မယုံရင် ငါ့ဗိုက်ကိုကြည့်ပါလား “

ပြောပြောဆိုဆိုဖြင့် ဇွဲက သူ့အပေါ်င်္အကျီကို လှန်ကာ သူ့ဗိုက်သားတွေကို လှန်ပြသည်။ ဇွဲ၏ ဗိုက်သားတွေက တောင့်တင်းနေပြီး အရစ်လိုက်အရစ်လိုက်ဖြစ်နေကာ ချွေးဥလေးတွေခိုနေသည်။ သူတစ်ချက်ကြည့်လိုက်ရင်း တံတွေးမျိုချလိုက်သည်။ ထို့နောက်မျက်နှာလွှဲထားလိုက်၏။


“လုပ်လေကွာ ဇော်။ အရင်ဆုံး ကိုယ်ကိုလှဲချလိုက် ပြီးရင် လက်ကိုအားပြုပြီး ငုတ်တုတ်ထထိုင် ။ ထိုင်တဲ့နေရမှာ သတိထားရမှာက အရှေ့က ဒူးခေါင်းလှဲထားတာကို မကြွစေနဲ့။ ပြီးရင် မင်းမျက်နှာကို ဒူးခေါက်ကွေးနားထိ ကုန်းနိုင်အောင် ကြိုးစားရမယ်။ အဲ့ဒါမှ အကျိုးရှိမှာ။ “

ဇွဲကပြောလဲပြောသည် ပြီးတော့သူ့ကိုလည်း ဟိုကိုင်သည်ကိုင်လုပ်နေသည်။ သူဇွဲပြောသည့်အတိုင်း ကြမ်းပြင်ပေါ်သို့လှဲချလိုက်၏။ ထို့နောက် ကုန်းထကြည့်သည်။ သို့သော် ကြွမလာပဲဖြစ်နေသည်။


“ကဲ ဒီမှာ ကြည့် ဒီခါးက…………..”

ရုတ်တရက်သူ့ခါးကို ကိုင်လိုက်ချိန်မှာတော့ သူတွန့်ကနဲဖြစ်သွားသည်။ သူ့နဖူးမှလဲ ချွေးတွေက ပြန်လာသည်။ သူ့ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ သူစိတ်တွေဂဏာမငြိမ်ဖြစ်လာပြီးနောက် သူမတ်တပ်ထရပ်ပစ်လိုက်သည်။

“ဇော်……………….ဘာဖြစ်တာလဲ”

“ ငါသွားတော့မယ် ဇွဲ”

သူပြောပြီးသည်နှင့် Gym ခန်းမထဲမှ ထွက်လာခဲ့သည်။ သည်ဇွဲတစ်ယေက်နှင့်တော့ မလွယ်တော့ပါ။ သူ့ကို အိနြေ္ဒပျက်အောင်လုပ်နေသည်။ သူခြေလှမ်းတွေကို ခပ်သုတ်သုတ်လှမ်းလာပြီး ခန်းမထဲမှ သုတ်ခြေတင်ထွက်လာခဲ့သည်။ အနောက်တွင်တော့ ဇွဲကသူ့က တကြော်ကြော်အော်ပြီးကျန်ခဲ့လေသည်။



                                                     &&&&&$&&&&&


ညီစိုးမျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူမျက်လုံးထဲတွင် ပထမဦးဆုံးမြင်လိုက်ရသည်က လှပသေသပ်နေသည့် ဖော်မီကာ မျက်နှာကျက်ကလေးပင်။ ထိုမျက်နှာကျက်ကလေးတွင် တွဲလောင်းချိတ်ထားသည့် ဖန်စီပစ္စည်းလေးတွေက လေထဲတွင်တွဲလောင်းခိုကာ ဝှေ့ရမ်းလျှက်ရှိသည်။ ထို့နောက် သူခေါင်းကိုစောင်းပြီးကြည့်လိုက်တော့ နဘေးကုတင်တွင် အိပ်နေသော သွင်သန့်ကို တွေ့ရသည်။ ထို့နောက်သူငုတ်တုတ်ထထိုင်လိုက်သည်။


“ဟာ……………ငါ့ခြေထောက်။ ဟာ သွားပါပြီ။ “

ဟုတ်သည်။ သူ့ဘယ်ဖက်ခြေထောက်တွင် ပတ်တီးတွေအဖွေးသား ဖြင့်ခြေထောက်ကြီးမှာ ကြည့်မကောင်းရှုမကောင်း အကြီးကြီးဖြစ်နေသည်။ သူဘာဖြစ်သွားတာပါလိမ့်။ သူစဉ်းစားကြည့်မည်။ ဟုတ်ပြီ။ မနေ့ညက သူနှင့် သွင်သန့်ဘောလုံးကန်ရင်းဘောလုံး ပျောက်သွားသဖြင့် သူဘောလုံးကိုလိုက်ရှာသည်။ ထို့နောက် သူခြုံတွေကြားထဲအရောက် တစ်ခုခုဖြစ်သွားတာဖြစ်မည်။ အနားရှိသွင်သန့်ကို ကြည့်တော့ အိပ်ပျော်နေဆဲပင်။


“သွင်သန့်…………ဟေ့ကောင်သွင်သန့်။ သွင်သန့်……………………………”

“ဘာလဲကွာ………………..အစောကြီးရှိသေးတယ်။ “

“ဟေ့ကောင်ထဦး ဟေ့ကောင် ……………”

သူအတင်းနှိုးမှ သွင်သန့်က အိပ်ချင်မူးတူးဖြင့်ထလာသည်။ ထို့နောက် လက်ကြောဆန့်ကာ တစ်ချက်သန်းဝေလိုက်သည်။။ သူသွင်သန့်လက်ကို ကြည့်ကာ မျက်လုံးပြူးသွားပြန်သည်။ သွင်သန့်လက်တွင်လည်း ပတ်တီးတွေအဖွေးသားနှင့်ပင်။

“ဟေ့ကောင် သွင်သန့် မင်းလက်က ဘာဖြစ်တာလဲ”

သွင်သန့်က သူပြောလိုက်မှ သူ့လက်ကိုသူပြန်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးတွေ ၀ိုင်းစက်သွား၏။ သူ့ကိုလဲတစ်လှည့်ပြန်ကြည်ပြီး အိမ်ခန်းထဲကို လဲစေ့စေ့စပ်စပ်လိုက်ကြည့်တော့သည်။

“ဟေ့ကောင် မင်းလက်ကဘာဖြစ်တာလဲ။ ညက ဖြစ်သွားတာ ငါမဟုတ်ဘူးလား ။ မင်းက ဘာဖြစ်တာလဲ။ “

“အေးဟုတ်တယ်။ ညက ချောက်ထဲကို ခြေချော်ကျသွားတာ မင်း ။ အဲ့ဒါ မင်းအော်သံကြားလို့ မင်းကို လိုက်ရှာရင်းနဲ့ ငါပါ ချောက်ထဲကို ကျသွားတာနေမှာ။ နောက်ပြီးတော့ ငါတို့အခုရောက်နေတာ ငါတို့နေတဲ့အိမ်ခန်းမဟုတ်ဘူးနော်။ ငါတို့နှစ်ယောက် ဘယ်ကိုရောက်နေတာပါလိမ့်”

“မင်းပြောမှ သတိထားမိတယ်။ ဟုတ်ပါရဲ့ ၊ ဒါဆိုမင်းနဲ့ငါ ဘယ်ကိုရောက်နေကြတာလဲ”

သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မေးနေကြစဉ် အခန်းတံခါးလေးပွင့်လာသည်။ ထို့နောက် အခန်းထဲသို့ မိန်းမလှလေးတစ်ယောက် ဖြေးညှင်းစွာ ၀င်ရောက်လာသည်။

“နိုးနေကြပြီလား”

“မင်းက ……………………….”

“မနေ့ညက သန်းခေါင်လောက်ကြီးရောက်မှ ကျွန်မကြောင်လေး ပျေက်သွားတယ်။ အဲ့ဒါကြောင်လေးကို လိုက်ရှာရင်နဲ့ ကုန်းပေါ်ကနေ လူတစ်ယောက်ရဲ့အော်သံကို ကျွန်မကြားလိုက်ရတယ်။ ဒါနဲ့ ကျွန်မလဲ အော်သံကြားတဲ့နေရကို သွားကြည့်လိုက်တော့။ ရှင်တို့နှစ်ယောက်သတိလစ်ပြီးမေ့လဲ နေတာကိုတွေ့ ရတာပဲ ။ တော်သေးတာပေါ့ ရှင်တို့ပြုတ်ကျတဲ့ ချောက်က သိပ်မနက်လို့ပေါ့။ ကျွန်မ လဲဘာလုပ်ရမှန်းမသိတာနဲက လူတွေသွားခေါ်လာပြီးရှင်တို့နှစ်ယောက်ကို ကျွန်မအိမ်ကိုခေါ်လာခဲ့တာ။ ရှင်တို့ဒဏ်ရာတွေကို ကျွန်မဆရာဝန်နဲ့သေချာပြပြီး ပတ်တီးစီးပေးထားတာပါ။”


 ထိုမိန်းကလေး၏ ဖြေရှင်းချက်ကို ကြားမှ သူတို့နှစ်ယောက်လုံး ဟင်ကနဲ သက်ပြင်းချနိုင်ကြသည်။ သွင်သန့်က

“ကျွန်တော်တို့ကို အခုလိုကူညီတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဟိုဖြစ်နိုင်မယ်ဆိုရင်လေ ကျွန်တော့်ကို ဖုန်းလေးတစ်ကောလောက် ပေးဆက်ပါလားဟင်။ ကျွန်တော်တို့ ဦးလေးနိုင်က စိတ်ပူနေတော့မယ်ထင်တယ်ဗျ။ “

“အဲ့ဒါမှ ခက်တာပဲရှင်။ ကျွန်မအိမ်ကလည်း မြို့နဲ့နည်းနည်းအလှမ်းဝေးတော့ တယ်လီဖုန်းမရှိဘူးရှင့်။ စိတ်မကောင်းပါဘူး။ ဒီလိုလုပ်ပါလား ရှင်တို့ဒဏ်ရာတွေသက်သာတဲ့အထိ ဒီမှာပဲနေပါလား။ ဒဏ်ရာတွေသက်သာမှ ရှင်တို့နေတဲ့နေရာကို ကျွန်မလိုက်ပို့ပေးမယ်လေ။”

“အဲ့ဒါတော့ မဖြစ်ဘူးဗျ။ ကျွန်တော်တို့မှာတခြားအရေးကြီးတဲ့ကိစ္စတွေ ရှိသေးတယ်။ သြော် အမက ကျွန်တော်တို့ကို မသိဘူးလား။ ကျွန်တော်တို့က Dream Heart အဖွဲ့ကလေ ။ သူက ညီစိုး ကျွန်တော်က သွင်သန့်လေ”

“Dream Heart ဆိုတာ ဘာကြီးတုန်းရှင့်”

သေလိုက်ပါတော့ဟု သာညီစိုးသူ့နဖူးကိုသူရိုက်ပစ်လိုက်ချင်သည်။ သူတို့လိုသည်လောက် နာမည်ကြီးနေသည့် အဖွဲကို ဘာကြီးတုန်းဟုမေးနေသည် သည်မိန်းမလေးကို သူကိုက်စားပစ်ချင်လောက် အောင်အမြင်ကတ်သွားသည်။ သွင်သန့်ကတော့ နဂိုကတည်း ကမိန်းမဆိုလျှင် ၀ါသနာပါသည့်အတိုင်းပင် မိန်းမတွေနှင့်များတွေ့လျှင် မျက်နှာက ကျောက်ကျောကို ငရုပ်သီးမှုန့်ဖြူးထားသလို ပြောင်စပ်စပ်ဖြစ်နေသည်။

“ဒီက မိန်းကလေးက တီဗွီတွေ ကြည့်တာ ။ သီချင်းတွေနားထောင်တာ ၀ါသနာမပါဘူးထင်တယ် ။ အဲ့ဒါကြောင့်ကျွန်တော်တို့ကို မသိတာနေမှာ။ ကဲထားပါတော့လေ ကျွန်တော်တို့ ဒဏ်ရာတွေသက်သာတဲ့အထိပဲ ဒီမှာနေလိုက်ပါ့မယ် ။ အခုလို ကျွန်တော်တို့ကို ကူညီတာ အရမ်းကျေးဇူးတင်ပါတယ်။”

“ဟာ ဟေ့ကောင်သွင်သန့်။ ဒီမှာနေလို့ မဖြစ်သေးဘူးလေ ။ ငါတို့ ရှိုးပွဲကိစ္စတွေရှိသေးတယ်။ ပြီးတော ဦးလေးနိုင်တို့ အခုချိန်လောက်ဆိုရင် ခေါင်းမီးတောက်နေကျလောက်မယ်။ ဒီကိစ္စသတင်းပေါက်သွားရင် ဂျာနယ်တွေထဲမှ ဟိုးလေးတစ်ကျော်ကျော်နဲ့ ရှက်စရာကြီးကွ။ ပြန်ရအောင်ပါကွာနော်”

“ညီစိုး ။ မင်းသူပြောတာမကြားဘူးလား။ ဒီနေရာက မြို့နဲကအလှမ်းဝေးတယ်တဲ့။ တယ်လီဖုန်းလဲမရှိဘူးတဲ့။ မင်းဘယ်လိုပြန်မှာလဲ။ သိပ်ပြန်ချင်လွန်းရင်တော့ မင်းဖာသာမင်း လမ်းလျှောက်ပြီးပြန်။ ငါကတော့ ဒဏ်ရာတွေသက်သာမှ ဒီကနေပြန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ”

“ကဲရှင်တို့နှစ်ယောက် စားဖို့ မနက်စာ ကျွန်မသွားပြင်လိုက်ဦးမယ် ။ ဆာနေကြပြီထင်တယ်”

“ဟုတ်ကဲ့ ခင်မျာ့။ ဟီးဟီး မြန်မြန်လုပ်နော် အရမ်းအရမ်းကို ဆာနေပြီ ဟီး”

သွင်သန့်၏ စပ်ဖြဲဖြဲမျက်နှာကို ကြည့်ပြီးကောင်မလေးက ပြုံးပြကာ အခန်းတံခါး ဖွင့်ပြီး ပြန်ထွက်သွားသည်။ သူသွင်သန့်ကို ကြည့်ပြီး အကြိမ်ကြိမ်သာ ကြိမ်ဆဲနေမိသည်။ မိန်းမမြင်ရင် ငမ်းကြောထချင်သည့်ကောင်။ မင်းတော့လား ။ မင်းကို အစိမ်းလိုက်ကို ၀ါးစားပစ်လိုက်ချင်နေပြီ သိလား။



                                                                             ဇာတ်သိမ်းပိုင်းဆက်ရန်ရှိသေးသည်   
                                                                                        Lovealone:P
          boytheboy.sept@gmail.com