This is the best gay website for Myanmar gay peoples.

Saturday, May 10, 2014

On 9:32 AM by Unknown in    5 comments




မီမီ အအေးဓာတ်တွေအရမ်းပိုနေတယ် air-con လေအအေးနဲနဲလောက်လျော့လိုက်ပါလား

ဖေဖေ့အသံကြောင့်မေမေက ထိုင်နေရာမှထပြီး air-con remote လေးကိုယူကာ အအေးဒီဂရီကို ၂၄ လောက်ဖြစ်အောင်တင်လိုက်လေသည်။ ထို့နောက် remote လေးကို ဆိုဖာပေါ်သို ပြန်ထားလိုက်ပြီး စားပွဲရှိရာသို့  ပြန်လျှောက်လာသည်။ စားပွဲပေါ်တွင် ချထားသောဟင်းလျာများကိုကြည့်ရင်း မင်းသန့်ဇင် ဘယ်ဟာကိုရွေးရမှန်းမသိဖြစ်နေသည်။ အစားအသောက်ချေးများသောသူက မေမေဘာပဲချက်ချက် သိပ်ပြီး ဟက်ဟက်ပက်ပက်ခံတွင်းတွေ့လှသူမဟုတ်ပါ။

ရော့သားစားကြည့် ဒါမေမေကိုယ်တိုင်ချက်ထားတာ ပုဇွန် Mayonnaise

 

မေမေကပန်းကန်ပြားအဖြူပေါ်တွင် သေချားစီကာဆိုင်ကာ လှလှပပပြင်ထားသော ဂျပန်စာ ပုဇွန်ဟင်းကို သူ့ပန်းကန်ထဲသို့ထည့်ပေးလေသည်။ ဟင်းမှာ ပုစွန်ရဲ့ခေါင်းနဲ့အလယ်ပိုင်းကိုပဲ အခွံခွာပြီးအမြီးပိုင်းအခွံကိုတော့ မခွာပဲ ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ရဲနေအောင်ကြော်ထားခြင်း ဖြစ်ပြီး အပေါ်မှ ပါးပါးလှီးထားတဲ့ ကြက်သွန်ဥနီနဲ့ ဂေါ်ဖီ၊ ကြက်သွန်မြိတ်တို့ကို အပေါ်မှစီထည့်ထားခြင်းဖြစ်သည်။ ထို့အပြင် ရှောက်ရည်နဲ့ မိုင်ရော့နစ်ရောစပ်ထားတဲ့ အနှစ်ရည်ကို အပေါ်ကနေဆမ်းထားသဖြင့် ချဉ်စိမ့်စိမ့်အရသာ လည်းရှိပါသည်။ မေမေက ဒီညမှထူးထူးခြားခြားဟင်းများကို ပိုမိုစုံလင်အောင် ချက်ထားပါသည်။ သူတို့မိသားစုက ထမင်းလက်စုံစားရခဲပါသည်။ ဖေဖေကလဲသူ့ ဆောက်လုပ်ရေး ကန်ထရိုက်အလုပ်တွေနဲ့သူ သိပ်မအားလှသောကြောင့် အပြင်မှာပဲ Business dinner အဖြစ်စားခဲ့သည်က များသည်။ အမြဲတမ်းတော့သူနှင့်မေမေ အတူတူစားဖြစ်သည်။ အခုလိုဖေဖေပါ ထမင်းဝိုင်းမှာပါလာပြီ ဆိုရင်တော့ မေမေကထူးထူးခြားခြားဟင်းလျာများကို စုံစုံလင်လင်ချက်ပြုတ်ကျွေးတတ်ပါသည်။

 

ကိုခံတွင်းတွေ့ မလားတော့မသိဘူး ဒါက ကြက်သားကုန်းဘောင်သုပ်၊ ဒါက ဝက်သားနီချက်၊ ဒါကကြံသကာနဲ့ ငါးသလောက်ပေါင်း၊ ပြီးတော့ ဆယ့်နှစ်မျိုးဟင်းချိုလဲရှိသေးတယ်။

 

သားရေ သားမေမေကတော့ ဒီလောက်ဟင်းတွေအများကြီးချက်ထားတာ ဖေဖေတော့ဘယ်ဟာ စားရမှန်းတောင်မသိတော့ဘူး

 

ဖေဖေကသူ့ကို လက်ထဲမှခရင်းလေးကိုမြှောက်ရင်းပြောပါသည်။ သူပြုံးရုံသာပြုံးပြလိုက်ပါသည်။

 

သားကြည့်ရတာ စကားနည်းနေသလိုပဲ။ ဖေဖေတို့မိသားစုကလေး စုံခိုက် တွတ်တီးတွတ်တာလေး ပြောပါဦးလား

 

ကို့သားက သူ့ကိုကျောင်းလာမကြိုလို့စိတ်ကောက်နေတာလားမှမသိတာ။

 

“ဟုတ်လား မီမီကဘာလို့သွားမကြိုတာလဲ။ ”

 

“သြော်မအားနိုင်ဖြစ်နေလို့ပါကိုရယ်။ ပြီးတော့ဒီည Dinner စားဖို့ချက်ဖို့ပြုတ်ဖို့ Supermarket ကိုလည်းပြေးရသေးတယ်လေ။ သားကလည်း Taxi စီးလာတာတော့မဟုတ်ဘူး အခုတော့ bus စားစီးပြီး အိမ်ပြန်လာသတဲ့။ ”

 

“ယောကျာ်းလေးပဲကွာ ဘာမှမဖြစ်ပါဘူး။ ဖေဖေတို့ငယ်ငယ်တုန်းကဆို ဒီထက်ဆိုးတဲ့ဘဝတွေ အများကြီးရင်ဆိုင်ဖြတ်သန်းလာရတာသားရဲ့။ ဒါကြောင့်ဖေဖေက ဖေဖေ့မိသားစု ဖေဖေ့မျိုးဆက်တွေကို ဖေဖေ့လိုမပင်ပန်းအောင် အများကြီးကြိုးစားခဲ့ရတာ။ ”

 

“ကဲသားစားစား…..”

 

“ဟုတ်ကဲ့”

သူနှုတ်ဆိတ်လက်စနဲ့မိုလို့ ဘာမှဆက်မပြောတော့ပဲ မေမေထဲ့ပေးသည့် ပုဇွန်ဟင်းလေးကို အသာမြည်းကြည့်သည်။ စားရတာသိပ်တော့မဆိုးပါ။ သုံးယောက်သာရှိသည့် သူတို့မိသားစုတွင် သိပ်ပြီးနွေးထွေးလှသည်တော့မဟုတ်။ မေမေကလည်း ကျောင်းကြိုကျောင်းပို့အထိလိုက်လုပ်ပေးနေတော့ မေမေ့ကိုလည်းကျန်တဲ့ကိစ္စတွေအတွက်နဲ့ သိပ်ပြီးဒုက္ခမပေးချင်ပါ။ ဖေဖေကတော့ ပြောမနေနဲ့  တစ်နေ့နေလို့ မျက်နှာတစ်ခါမြင်ရရင်ကံကောင်းလှပြီမှတ်။ ငယ်ငယ်ကတည်းက ခြောက်ကပ်တိတ်ဆိတ်နေသည့်သူ့ဘဝလေး က သူ့ဆီမှပျော်ရွှင်ခြင်းဆိုတဲ့အရာတွေကို တိတ်တဆိတ်ခိုးယူသွားပြီ သူ့ကိုနွေလည်ခေါင်မှာ တစ်ထီးတည်းပေါက်နေသော သစ်ပင်အိုကြီးလိုပျင်းရိနေစေခဲ့သည်။

 

မေမေ့ရဲ့စည်းစနစ်တွေအောက်မှာကြီးပြင်းလာသည့်သူက မေမေရိုက်သွင်းတဲ့အတိုင်း ရုပ်လုံးပေါ်လာသူမို့  လူတကာနဲ့လဲသိပ်ပြီးရောရောနောနောမနေတတ်ပါ။ မေမေကအရာရာကိုစည်းစနစ်ကြီးသဖြင့် မေမေ့သြဇာညောင်းနေသည့် သူ့အဖို့  မေမေလိုချင်သည့်လူရည်သန့်လေးဖြစ်လာခဲ့ရသည်ဆိုပါတော့။ အစားအသောက် အနေအထိုင် အပြောအဆို အဝတ်အစားကအစ အရာရာကိုထောင့်စေ့ပြီး လစ်ကွက်ဟာကွက်ကလေးမှမရှိရအောင် သွင်သင်ဆုံးမပဲ့ပြင်ထားသဖြင့် ခေါက်ရိုးကျိုးလျက်ဖြစ်နေသား သူသည် မေမေ့ခွင့်ပြုချက်မပါပဲ မည်သည့်ကိစ္စတစ်စုံတစ်ရာကိုမှ သူ့သဘောဖြင့်သူမဆုံးဖြတ်ရဲတော့ပါ။ ဖေဖေကတော့ မိသားစုစီးပွားရေး တောင့်တင်းအောင်လုပ်နေရသူမို့ မေမေ့လောက်သူနှင့်မနွေးထွေးပါချေ။

 

.

သူရုတ်တရက်တွေးနေမိတုန်း သူ့အိတ်ကပ်ထဲရှိ iPhone လေးမှ Massage ဝင်လာသဖြင့် အတွေးစတို့ပြတ်တောက်သွားရသည်။ သူချက်ချင်းဆိုသလို ဖုန်းလေးကိုနှိုက်ပြီးထုတ်ကြည့် လိုက်သည်။

အိမ်ပြန်ရောက်နေပြီလား

Massage မှာ ရသဆီမှဖြစ်သည်။ သူ့ကိုအိမ်ထိလိုက်ပို့မည်ဆိုသဖြင့် သူမနည်းတားကာ ပြန်လာခဲ့ရသည်။  သို့သော် အရေးအကြောင်းတစ်ခုခုဖြစ်ရင် ဖုန်းဆက်လို့ရအောင်ဆိုကာ ဖုန်နံပါတ်တောင်းထားသဖြင့် ပေးခဲ့ခြင်းဖြစ်သည်။  အခုသူ့ဆီမှစာရောက်လာ၏။

ဘယ်သူ့ဆီ Massage လဲသား

အတန်းဖော်တစ်ယောက်ဆီကပါမေမေ

ယောကျာ်းလေးလား မိန်းကလေးလား

ယောကျာ်းလေးပါမေမေ

သူ့ကိုမေးခွန်းတွေတိုက်ရိုက်မေးနေသော မေမေ့ကိုဖေဖေက စိုက်ကြည့်နေသည်။ သူကတော့ မေမေမေးသမျှကိုမချင့်မရဲနဲ့ပြန်ဖြေနေရသည်။

“မီမီရယ်…. Massage လေးတစ်စောင်ဝင်လာတာကို လူသတ်မှုစစ်နေသလိုမေးနေရသလား။ သားလဲငယ်တော့တာမှမဟုတ်တာ သူ့မှာလဲအပေါင်းလေးအသင်းလေး ရှိမှာပေါ့ကွ”

“သားကိုချုပ်ချယ်ချင်လို့မဟုတ်ပါဘူး ကိုရယ်မီမီက သားလေးမဟုတ်တရုတ်တွေနဲ့ပေါင်းနေမှာ စိုးလို့ပါ။ အခုကလေးတွေကလွယ်တာမဟုတ်ဘူး လူကသာမူကြိုပညာကတက္ကသိုလ်တော်ရေ့…… “

“ဟား……ဟား…….ဟား………သားရေ မင်းအမေကတော့လုပ်ပြီဟေ့ ပိုကိုပိုတယ်….. စားစားသား……”

“ဟုတ်ကဲ့”

                                                      X       X       X       X

စိမ်းလန်းနေသော စိန်ပန်းနီပင်ကြီးသည် နေရောင်ထိုးနေသဖြင့် သစ်ရွက်သစ်ခတ်လေးများမှာ မြရောင်သန်းနေပြီး ရိုးတံအလိုက်သွယ်ကျနေကာ လေကလေးယိမ်းလိုက်တိုင်းမှာ မိန်းမပျိုလေးတစ်ယောက် ခိုးခိုးခစ်ခစ် ရယ်လိုက်သလို လှုပ်ခတ်သွားပါသည်။ ထိုမြရောင်သန်းနေသော သစ်ရွက်စိမ်းလေးများပေါ်မှ လှလှပပပလေးပွင့်နေသော စိန်ပန်းနီလေးများသည် မြကော်ဇောပေါ်တွင် နီလာပတ္တမြားကျောက်ခတ်လေးများ ကနုတ်ဆင်ထားသလို အပန်လိုက်အခတ်လိုက်ဖူးပွင့်လျက်ရှိသည်။ ရုတ်တရက် ဝေဟင်ဆီမှဆင်းသက် လာသော လေအပွေ့လေးတစ်ချက်က ထိုစိန်ပန်းနီအဖျားပိုင်းသို့ မွှေ့ခတ်လိုက်သောအခါ သစ်စိမ်းရွက်များ ပေါ်မှ ပန်းပွင့်နီကလေးအချို့သည် လေအမွှေ့တွင်ပါသွားပြီး လေထုထဲတွင် လွင့်ကနဲမြောသွားသည်။

လေထုထဲတွင်မြောသွားသော ပန်းပွင့်နီကလေးသည် လွင့်မြောရင်းလွင့်မြောရင် တဖြေးဖြေးမြေပြင်ဆီသို့ ဝေ့ကာဝေ့ကာဆင်းသက်လာပါသည်။ သစ်ပင်ကြီး၏ကြီးမားတုတ်ခိုင်သော ပင်စည်ညိုရင့်ရောင်ကြီးကို တဖြေးဖြေးကျော်လွှားလာရင်းနောက်ဆုံးမှာတော့ ပင်ခြေရှိ ခုံလေးပေါ်တွင် ပက်လက်လှန်အိပ်ပြီး နားထဲတွင် နားကြပ်တပ်ကာ သီချင်းနားထောင်နေသော ကောင်းလေးမျက်နှာပေါ်သို့ ဝဲကျသွားပါသည်။ သီချင်းထဲတွင် အာရုံဝင်နေသော ကောင်းကလေးက ရုတ်တရက်အထိအတွေကြောင့် နှုတ်ခမ်းကလေး အနည်းငယ်လှုပ်ရှားသွားသည်။ ထို့နောက် သူ့ညီညာဖြောင့်တန်းနေသော မျက်ခုံးအောက်ရှိမျက်လွှာလေးမှာ အသာလေးဖွင့်ကြည့်လာသည်။

ထို့နောက်ပက်လက်လှန်အနေအထားမှ ခုံပေါ်သို့ငုတ်တုတ်ထထိုင်လေသည်။ နေရောင်ကြောင့် နုနေသောကောင်လေးအသားအရည်မှာ အနည်းငယ်ရဲလာသည်။

“မင်းဒီမှာတစ်ယောက်ထဲ ဘာလုပ်နေတာလဲ မင်းဇင်သန့်”

“မင်ဇင်သန့် မဟုတ်ဘူး မင်းသန့်ဇင်”

“သြော်….. အိုးဟိုးဟိုး ဟုတ်သားပဲ မွှားလို့ …. gomen'nasai မင်းသန့်ဇင် ”

သူတစ်ချက်မျက်မှောင်ကျုံ့သွားမိသည်။ ရသဘာတွေပြောနေတာပါလိမ့်။

“ဘာ……..ဘယ်….လို…….”

gomen'nasai ဆိုတာ Japanese လေ ဟဲဟဲ sorry လို့ပြောတာ ”

သြော်အရေးထဲ ဂျပန်ရူးနဲ့တွေ့နေသေးတယ် ငါ့နဲ့နော်…..  ။ ရသကထုံးစံအတိုင်း မပြောမဆိုနဲ့သူဘေး မှာလာထိုင်ပါသည်။ သူကတော့ ဘေးကိုနဲနဲရှဲပေးလိုက်ရသည်။

“ကဲ….. ဆိုဘာကိစ္စ”

သူမေးလိုက်တော့မှ ရသကဘာပြန်ပြောရမှန်းမသိဖြစ်သွားဟန်တူသည်။ ရုတ်ရက်စကားလုံးများထွက်မလာ သေးပါ။ အတန်ကြာအောင် စဉ်းစားနေဟန်ရှိသည်။ ပြီးမှတစ်ခုခုကိုသတိရသွားဟန်ဖြင့်

“သြော်….ဟော်ဟော် သိပြီ ငါ့မနက်ကဆိုင်က ကိတ်ပါလာတယ် အဲ့ဒါမင်းကိုကျွေးမလို့”

ရသကသူ့အိတ်ကိုနှိုက်ရင်း တစ်ခုခုကိုရှာဖွေလိုက်သည်။ ထို့နောက် အိတ်ထဲမှာ စက္ကူဘူးလေး တစ်ခုကို ထုတ်လာသည်။

“ရော့….. ဒါငါ့အမေလုပ်ထားတဲ့ ကိတ်မုန့်။ အရမ်းစားလို့ကောင်းတာနော် မင်းစားပြီးရင်လျှာလည်သွားမယ်။ ဒီကိတ်ကိုစားချင်လွန်းလို့ မနက်မနက်ဆိုငါ့အမေဆိုင်မှာ လာတန်းစီနေတဲ့သူတွေအများကြီးဗျ”

သူတစ်ချက်ပြုံးမိပါသည်။ ငပေါကဒီလိုကျတော့လဲ ခင်ဖို့ကောင်းသားပဲ။

“အင်း…….မင်းရဲ့စေတနာကိုတော့ ငါကျေးဇူးတင်ပါတယ်။ ဒါပေမယ့်……….”

“ဒါပေမယ့် ဘာဖြစ်လို့လဲ”

“ငါကအချိုတွေသိပ်မကြိုက်ဘူး”

“ဟာ……….. အား……………………………………………………..…”

ရုတ်တရက်ရသက ထအော်လိုက်သဖြင့် သူလန့်သွားပြီး ရသကိုကြည့်မိသည်။ ရသကကြိတ်မနိုင်ခဲမရ ပုံစံဖြင့် လက်သီးကြီးကို ဆုပ်ရင်း မိုးပေါ်သို့မော့ကာအော်နေခြင်းဖြစ်သည်။ သူရသကိုကြည့်ပြီး အသံထွက်အောင် ရယ်မိသွားသည်။

“ဟ……ဟ”

“ဘာဖြစ်သွားတဲလဲ လန့်တောင်လန့်တယ်”

“မင်းကလေ တော်တော်ဖင်ခေါင်းကျယ်တာပဲ။ ဘာကျွေးကျွေးဘာမှမစားဘူး ပထမတစ်ခေါက်ကလဲ ငါ့ ice-tea ကိုအပေါစားအချိုရည်တွေချောင်းဆိုးတယ်ဆိုပြီးမသောက်ဘူး။ အခုလည်းချောင်းမဆိုးတဲ့ ကိတ်မုန့်ကျွေးတော့ အချိုတွေမစားဘူးဆိုပြီး မယူဘူး။ အူး…………အူး………….အား……………….လောကမှမင်းစားတာ ဘာရှိသေးလဲ …..အား……..”

“ဟားဟားဟား……………… ”

ရသအမူအယာကြောင့် သူမရယ်ပဲမနေနိုင်တော့ပါ။ ရသကိုကြည့်လေလေ ရယ်ချင်လာလေလေ ဖြစ်လာသဖြင့် ဗိုက်ကိုမနဲဖိထားရသည်။ အော်….တော်တော်ပေါလဲပေါတဲ့ကောင်ပဲ။

“ငါအလကားစတာပါကွာ ကိတ်မုန့်တော့စားပါတယ် ပေးပေး…. စားမယ်”

သူ့စကားကိုကြားသောအခါ ရှုံ့မဲ့နေသော ရသမျက်နှာက ပြန်တည်သွားသည်။ ထို့နောက် နှုတ်ခမ်းကလေးက တဖြေးဖြေးနဲ့ ပြုံးယောင်သန်းလာ၏။

“အဲ့လိုမှပေါ့…. ဟဲဟဲဟဲ ရော့”

သူရသပေးသော ကိတ်မုန့်ဘူးလေးကို လက်ကမ်းယူလိုက်သည်။ ထို့နောက် ဘူးလေးကို အသာဖွင့်ကြည့်လိုက်သည် အထဲတွင်သုံးထောင့်ပုံစံကိတ်ကလေးတစ်လုံးကိုတွေ့ရသည်။ ရသကသူ့လွယ်အိတ်ထဲမှ တစ်ခါသုံးဇွန်ကလေးကိုထုတ်ပြီးသူ့ကိုပေးသည်။ သူရသပေးသော ဇွန်းကလေးကို အိတ်ဖောက်လိုက်ပြီး ကိတ်မုန့်လေးကို မြည်ကြည့်လိုက်သည်။ ကိတ်ပေါ်ပိုင်းမှ နူးညံ့နေသော အုန်းသားဆံလေးများ၏အရသာ…… ကိတ်အတွင်းသားရဲ့ဆိမ့်နေတဲ့အရသာ…….ပြီးတော့ coco အနံ့လေးကလဲ လျှာထဲတွင်စွဲသွားသည်။ သူလျှာကိုတစ်သပ်လိုက်ရင်း ရသကိုကြည့်လိုက်သည်။

“ကောင်းလား အဲ့ဒါငါ့အမေလုပ်ထားတဲ့ coco ကိတ်လေ။ နာမည်အပြည့်အစုံကတော့ Coconut-Vanilla Bean Cake တဲ့”

“တော်တော်ကောင်းတာပဲ အရသာလေးက လျှာထဲမှာတောင်စွဲနေတယ်။ မင်းအမေက တော်တော်လေးကို တော်တယ်။ ငါနောက်ရက်ကျရင် မင်းတို့ဆိုင်ကိုလိုက်လို့ရမလား Cake အားပေးမယ်လေ”

“အိုးဟိုးဟိုး…… ဟား….ဟား…..ဟား…..ရတာပေါ့သူငယ်ချင်းရယ် သိပ်ရတာပေါ့ anytime ပါ။ ”

“ဒါနဲ့မင်းက ဘာလို့ငါ့ကိုမုန့်လာကျွေးတာလဲ”

သူမေးလိုက်သောအခါ ဟီးဟီးဟားဟားလုပ်နေသော ရသမျက်နှာက အရယ်ရပ်သွားလေသည်။ သူ့စကားကို ဖြေရခက်နေဟန်ရှိပြီး ရသကသူ့ခေါင်းကိုသူကုတ်နေသည်။ သူဘာဖြစ်လို့ငါ့ကိုမုန့်တွေလာကျွေးပြီး လာရောနေတာပါလိမ့်….အင်းတစ်ခုခုပဲ….

“ကဲပြောပါဦး…..”

“အဲ့ဒါလား…..သြော်ဟော်ဟော် ဒါလေးများ…….. မင်းနဲ့ခင်ချင်လို့ပေါ့ကွာ မင်ဇင်…အဲ့မင်းသန့်ဇင် ငါ့ကိုမင်းသူငယ်အချင်းအဖြစ်လက်ခံပေးပါလား။ ငါတို့နှစ်ယောက် သူငယ်ချင်းတွေလုပ်ကြမယ်လေ…..အွမ်…ဟွမ်….”

“ကောင်းပြီလေ အဲ့ဒါဆိုလဲ သူငယ်ချင်းတွေပေါ့”

“Ah Ha….. တကယ်ပြောတာလား O…ho ho ”

“ကဲခဏနေအတန်းတက်တော့မယ်။ သွားရအောင်”

“အိုကေ….အိုးခေ့….”

သူတို့နှစ်ယောက် သဘောတူညီမှုရလိုက်ပြီးနောက် သူ့စိတ်ထဲတွင် ပိုပြီးပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ရသက သူနဲ့သူငယ်ချင်းဖြစ်သွားပြီဆိုတဲ့အသိနဲ့ ပျော်ပြီးအရှေ့ကနေကော့ကော့ ကော့ကော့နဲ့ထွက်သွားပါသည်။ သူရသရဲ့ကျောပြင်ကိုကြည့်ရင်း ရင်ထဲတွင် ကြည်နူးမိနေသလိုလိုဖြစ်မိသည်။ အတန်းတက်ချိန်နီးနေသောကြောင့် ရသပေးသော ကိတ်မုန့်ဘူးလေးကို သူ့လွယ်အိတ်ထဲသို့ပြန်ထဲ့ လိုက်ပြီး သူလဲ ရသနောက်သို့ ပြေးလိုက်လာခဲ့ပါသည်။

                                                      X       X       X       X

ကျောင်းခန်းထဲတွင်ဖြစ်သည်။

Physic ချိန်ဖြစ်သောကြောင့် physic ဆရာအတန်းထဲသို့  ရောက်နေပါသည်။ ဆရာကအရှေ့ကနေ အာဘောင်အာရင်းသံသံဖြင့် သင်ကြားလျက်ရှိသည်။ အချို့ကျောင်းသားများက ဆရာစာသင်သည်ကို စိတ်ဝင်စားစွာနားထောင်နေသော်လည်း ရသတစ်ယောက်မှာမူ အိပ်ငိုက်လျက်ရှိသည်။ ရသဘေးမှ မင်းသန့်ဇင်ကတော့ စာအုပ်ကလေးကိုငုံ့ကြည့်နေပြီးအရှေ့ မှဆရာပြောသမျှကို နားစိုက်ထောင်နေသည်။

ကဲအားလုံးဆရာနဲ့အတူတစ်ခေါက်လောက်လိုက်ဆိုကြရအောင် A glass tube open at both ends and

A glass tube open at both ends and
bent into a U-shape,

bent into a U-shape,

serves as a sensitive device formeasuring pressure

serves as a sensitive device formeasuring pressure

when filled with coloured water or light oil.

when filled with coloured water or light oil.

Such a device is called manometer.

Such a device is called manometer.

“ကဲအားလုံးအစကနေအဆုံးဆိုကြည့်ပါဦး Manometer……”

“Manometer……. A glass tube open at both ends and bent into a U-shape, serves as a sensitive device formeasuring pressure when filled with coloured water or light oil. Such a device is called manometer.

ကျောင်းသားများကဆရာချပေးသည့်အတိုင်း လိုက်ဆိုနေပါသော်လည်း ရသတစ်ယောက်မှာတော့ ငိုက်မြဲငိုက်အလေးပြုမြဲပြုနေဆဲသာပင်။ မင်းသန့်ဇင်နှင့်ရသထိုင်သည့်တစ်ခုံကျော်ခန့်မှာ ကျောင်းသားနှစ်ယောက်မှာ ကိုယ်လုံးအနည်းငယ်ထွားနေသဖြင့် ဆရာနှင့်ကွယ်နေပြီး ရသအိပ်ငိုက်နေသည်ကို ဆရာကမမြင်ခြင်းဖြစ်သည်။ မင်းသန့်ဇင်က ဆရာချပေးသည့်စာများကိုပါးစပ်ကလိုက်ဆိုနေသော်လည်း သူ့စိတ်တွေကတော့ စာထဲမှာရှိမနေပဲ နဘေးရှိရသဆီသို့အာရုံရောက်နေပါသည်။ ခုံပေါ်တွင်မေးထောက်ပြီး စာအုပ်ကြီးကိုငုံ့ကြည့်နေကာ စာကြည့်ချင်ယောင်ဆောင်ပြီး တခေါခေါအိပ်မောကျနေပါသော ရသကို သူသေချာစိုက်ကြည့်နေမိပါသည်။ သူနှင့်နှစ်ခုံတွဲမှာအတူတူထိုင်နေရသဖြင့် လူချင်းကလဲနီးကပ်လွန်းနေပါသည်။ သူရသကိုနှိုးချင်ပါသော်လည်း ဆရာမမြင်လောက်သေးဟုယူဆကာ မနှိုးတော့ပဲရသကိုဆက်ကြည့်နေမိသည်။

သေသေချာချာကြည့်မိတော့မှာ ရသကလူချောတစ်ယောက်ဖြစ်မှန်း ရိပ်မိလာသည်။ ရသမျက်နှာတွင် ထူးခြားသော ဆွဲဆောင်မှုရှိသည်။ ဘယ်တော့ကြည့်ကြည့်အနည်းငယ်အပြာရောင်သန်းနေသော မျက်လုံးတစ်စုံ ဖြစ်သည်။ အစက ရသကိုမျက်ကပ်မှန်တပ်ထားသည်ဟုသူထင်ခဲ့သည်။ သို့သော် နောက်မှသိရသည်က ရသမျက်လုံးများက သဘာဝအတိုင်း အပြာရောင်သန်းနေခြင်းဖြစ်ကြောင်းပင်ဖြစ်သည်။ နောက်တစ်ခုထားခြား သည်က ရသ၏မျက်တောင်မွှေးများဖြစ်သည်။ မျက်တောင်မွှေးများမှာ အရှေ့သို့စင်းနေကာ သူ့မျက်တောင်ထပ် ပိုရှည်ပါသည်။ ကော့ပေးလိုက်လျှင် မိန်းကလေးတွေမနာလိုစရာ မျက်တောင်မွှေးပိုင်ရှင် ဖြစ်သွားမှာသေချာသည်။ ရသကဘာလူမျိုးလဲတော့သူသေချာမသိပါ။ ဗမာဖြစ်ရင်ဖြစ် မဖြစ်ရင်လဲ တိုင်းရင်းသားတစ်မျိုးမျိုးနဲ့ရောနေတဲ့ ကပြားတစ်ဦးဖြစ်နိုင်သည်။

သူရသကိုကြည့်နေရင်း စိတ်ထဲတွင်တစ်မျိုးဖြစ်လာမိသည်။ ထိုဖြစ်လာသော ခံစားချက်ကို သူကိုတိုင်လဲ အမည်မဖော်တတ်ပါ။ ဘာလိုခံစားချက်ပါလိမ့်။ ရသမျက်နှာလေးကို ကိုင်ကြည့်ချင်စိတ် တွေရင်ထဲတွင် တဖွားဖွားပေါ်လာသည်။ အရှေ့ကဆရာအခြေအနေကိုကြည့်လိုက်တော့ ဆရာက သူ့စာထဲတွင် သူနစ်မြောနေသည်။ အနောက်ဖက်ပိုင်းရှိသူတို့ကို သိပ်ပြီးသတိထားမိပုံမပေါ်။ သူ့အကြည့်တွေကို ရသဆီကိုပြန်လွှဲလိုက်သည်။ ထို့နောက် သူ့လက်ကလေးကို အသာမြှောက်ကာ ရသမျက်နှာဆီသို့ လှမ်းလိုက်သည်။

ရသမျက်နှာနှင့်တဖြေးဖြေးနီးလာလေလေ သူ့ရင်ခုန်သံတွေမြန်လာလေလေဖြစ်နေသည်။ သူဘာကြောင့်များရင်တွေခုန်နေတာပါလိမ့်။ မဟုတ်မှလွဲရော သူ…..သူ ယောကျာ်းအချင်းချင်းများ ချစ်နေမိပြီလား။ အို…မဖြစ်နိုင်တာ ပေါက်ကရအတွေးတွေ…..မတွေးနဲ့ မတွေးနဲ့။ ယောက်ယပ်ခတ်နေ သောသူ့စိတ်တွေကိုပြန်လည်ဖမ်းဆုပ်ထားလိုက်သည်။ ထို့နောက် တံတွေးတစ်ချက်မျိုချလိုက်ကာ ရသ မျက်နှာနှင့်နီးနိုင်သမျှနီးအောင် သူ့လက်ကိုကပ်လိုက်သည်။ သူ့လက်ချောင်းလေးတွေ ရသနှာခေါင်းပေါက်ဝ နားသို့ရောက်လာတဲ့အခါမှာတော့ ရသအသက်ရှူပြီးထုတ်လွှင့်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် အငွှေ့လေးတွေ သူ့လက်ချောင်းထိပ်သို့ နွေးကနဲ နွေးကနဲလာရောက်ရိုက်ခတ်သွားပါသည်။ 

သူ့ဘဝတွင် ဘယ်ယောကျာ်းလေးရဲ့မျက်နှာကိုမှမတို့ထိကြည့်ခဲ့ဖူးပါ။ ယခုရသသည် သူ့ဘဝတွင်ပထမဦးဆုံး ဖြစ်သည်။ သူ့မချင့်မရဲစိတ်တို့နှင့်ဒွိဟစိတ်တို့က ယှဉ်လျက် လှိုင်းလုံးကြီးစီးနေရသလို တက်လိုက်ကျလိုက် ဖြစ်နေသော ရင်ခုန်သံတွေရဲ့ပေါက်ကွဲမှုတွေကို အပြင်ဖက်သို့မထွက်လာအောင် ထိန်းချုပ်ရင်း ရသပါးပြင်လေးကို သူ့လက်ချောင်းလေးဖြင့် စတင်တို့ထိကြည့်လိုက်ပါသည်။ သူ့လက်ကလေးကို ဖြေးညှင်းစွာ ဖြေလျော့လိုက်ပြီး ရသပါးပြင်လေးကို လက်လေးချောင်းဖြင့် အသားလေးထိကြည့်လိုက်မိသည်။ စိုးရွံ့စိတ်တွေနဲ့အတူ လှိုက်မောနေသော အမျိုးအမည်မသိရင်ခုန်သံတစ်ပိုင်းတစ်စတို့က ဟိုးအဝေးက လွင်ပြင်ထဲကို လွှင့်ပြစ်ခံလိုက်ရသလို သူ့ကိုညှင်းပန်းနှိပ်စက်လျှက်ရှိသည်။ သူ့အသားတွေတုန်ရီနေသလို ခံစားမိသည်။ ဝမ်းတွင်းတွင်ပူနွေးလာပြီး မီးလုံးကြီးကိုမျိုထားရသလို လှိုက်ဆူလာသော ခပ်ဖျဉ်းဖျဉ်း နှလုံးခုန်သံတွေကို တဒိတ်ဒိတ်ဖြင့် ရင်ဘတ်ထဲကိုရထားကြီးတစ်စင်းခုတ်မောင်းသွားသလိုလို။

ရသသူ့ကိုဘာများတုန့်ပြန်လိုက်လေမလဲ…… သူစိုးရွံစွာရသမျက်နှာကိုကြည့်နေမိသည်။ သို့သော်ရသက မျက်လုံးများကိုမှိတ်ထားဆဲဖြစ်သည်။ ပွင့်လာနိုးနဲ့စောင့်ကြည့်နေမိပေမယ့်လဲ ရသက အိပ်မောကျဆဲ ဆက်လက်အိပ်စက်နေဆဲပင်ဖြစ်သည်။ သို့သော် သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ခုက လာကိုင်လိုက်ချိန် မှာတော့ရသအိပ်ပျော်နေတာမဟုတ်ဘူးဆိုတာကိုသူသိလိုက်ရသည်။ ရုတ်တရက်ဖမ်းဆုပ်ခံလိုက်ရသော သူ့လက်တွေကိုကိုင်ထားသူမှာတော့ ရသ၏ဘယ်ဖက်လက်ဖြစ်ပါသည်။ သူ့လက်ကောက်ဝတ်ကို အသာလေးသာ ဖွဖွလေးကိုင်ထားခြင်းဖြစ်ပါသည်။ သို့သော်သူကတော သူခိုးလူမိသလို ရှက်စိတ်တွေနဲ့အတူ ဘာပြောရမှန်းမသိဖြစ်သွားမိသည်။ တဖြေးဖြေးနှင့်ရသမျက်လုံးတွေပွင့်လာသည်။

သူကိုကြည့်နေပြီ……ရသသူ့ကိုကြည့်နေပြီ……. အဲ့ဒီမျက်လုံးတွေ ပြာလဲ့လဲ့သန်းနေတဲ့ သူ့ရဲ့မျက်လုံးတွေ။ မင်းသန့်ဇင်ရင်ထဲထိထိုးဖောက်သွားသလိုခံစားရပါသည်။ ရသမျက်လုံးတွေကို သူအဓိပ္ပါယ်ဖော်ကြည့်မိသည်။ ရသမျက်လုံးထဲမှာ ဒေါသတို့အရိပ်အယောင်မပါ၊ အံသြမှုတို့လဲနထ္တိ၊ စိုးရွံ့ခြင်း ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်း တို့လဲဗလာ။ ရွှင်းလဲ့နေသော သူ့မျက်ဝန်းအိမ်မှ အကြင်နာသန်းနေသော ချစ်ခြင်းမေတ္တာအနံ့အသက်တွေကို သူရုတ်တရက်ရှူရိုက်ရမိသလိုလို…….။ အို…..ငါဘာတွေစဉ်းစားနေမိပါလိမ့် ရသဆိုတာ တစ်ကယ်တော့ ငပေါ တစ်ယောက်ပဲ ဟုတ်တယ်ရသက ငပေါတစ်ယောက်။ ဒီလိုငပေါတစ်ယောက်ကို ငါကဘာလို့ဒီလောက်ရင်ခုန် နေရမှာလဲ။ ပြီးတော့ငါရင်ခုန်နေတာသူသိသွားရင် ငါ့ကိုကွယ်ရာမှာ ယောကျာ်းအချင်းချင်းကြိုက်နေတယ် ဆိုပြီးလှောင်နေမှာပေါ့။ ဟားတိုက်နေမှာပေါ့ ငါ့ဖြစ်ပုံတွေကိုတစ်ခုခြင်းပြောပြီး ပါးစပ်အရသာခံနေကြမှာပေါ့။ ငါဘာဖြစ်လို့အရမှာလဲ ငါဘာဖြစ်လို့ သူများရှေ့မှာကျဆုံးရမှာလဲ…..အာ……ငါဘာဖြစ်လို့ ယောကျာ်းအချင်းချင်း ကြိုက်ရမှာလဲ……ဘာလဲ….ဘာလဲ……ငါကဘာလဲ……???

သူ့လက်များကိုဖမ်းဆုပ်ထားဆဲရသလက်များက တဖြေးဖြေးနဲ့ပိုပြီး တင်းကြပ်လာသည်ဟုထင်ရသည်။ ပုံစံပျက်ယွင်းသွားသော သူ့ကိုကြည့်နေရင်း ရသက တစ်ခုခုပြောရန်ပြင်လိုက်သည်။

“မင်းဇင်…….မင်းသန့်ဇင်”

ရသအသံကတိုးလွန်းနေသည်။ ကျောင်းသားတွေအသံကြောင့် သူသဲသဲကွဲကွဲမကြားရပဲ ရသပါးစပ်ကလေး လုပ်သွားတာကိုပဲမြင်လိုက်ရသည်။ သို့သော် ရသ နှုတ်ဖျားတွေတုန်ရီနေသည်ကို သူမြင်ဖြစ်အောင် မြင်မိလိုက်သည်။ သူရုတ်တရက်ရသကို မျက်နှာလွှဲကာ အရှေ့မှာကျောက်သင်ပုန်းဆီသို့ မျက်နှာကို လွှဲထားလိုက်သည်။ ရသသူ့ကိုဘာပြောမလို့ပါလိမ့်။ သူငြိမ်သက်နေမိသည်။ ဆုပ်ထားသော သူ့လက်ကိုလဲ မရုန်းမိပဲ ဒီအတိုင်းငြိမ်နေမိသည်။ ခဏကြာတော့ရသက စာအုပ်ကလေးပေါ်တွင်စာတစ်ကြောင်းရေးပြီး သူ့ရှေ့ကိုလာချပေးသည်။ သူငုံ့ကြည့်လိုက်သည်။

“မင်းဘာဖြစ်နေတာလဲ။ အဆင်ပြေရဲ့လား??”

စာကလေးကိုကြည်ပြီးသည်နှင့်သူရသကို တစ်ချက်ပြန်ကြည့်မိပြန်သည်။

အား…..ကြည့်မိပြန်ပြီ အဲ့ဒီမျက်လုံးတွေ။ ငါ့ကိုအဲ့လိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့…….. ရသမျက်လုံးတွေကို သူခံနိုင်ရည်မရှိတော့ပဲ အကြည့်လွှဲလိုက်မိပြန်သည်။ မဖြစ်ဘူး….မဖြစ်ဘူး…..ကြာရင်သူရင်မောပြီး သေသွားနိုင်သည်။ သူရသကိုအလျင်အမြန်ခေါင်းညိတ်ပြလိုက်ပါသည်။ ရသကသူ့ကိုစေ့စပ်စွာကြည့် နေကြောင့်မပြောပဲနဲ့သူ့စိတ်ထဲက အလိုလိုသိနေပါသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက် ရသရဲ့အကြည့်တွေ စိုက်ဝင်နေတယ်ဆိုတာ လက်မောင်သားရှိထောင်နေသော မွှေးညှင်းနုလေးတွေက သက်သေပြနေသည်။ သူကျောချမ်းနေမိပါသည်။ သူ့ရဲ့စိုးရိမ်စိတ်တွေတဖြေးဖြေးငြိမ်လာချိန်တွင် ရသလက်ကသူ့လက်ကို ဆုပ်ထားခြင်းအား ဖြေလျော့ပေးလိုက်ပြီး သူ့လက်ကလေးကိုပြန်ရုပ်သိမ်းသွားပါသည်။

အခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်……..ဟူး……..

                                                      X       X       X       X

ပွက်ပွက်ဆူနေသော Electric pot ကလေးကိုရသငေးကြည့်နေမိသည်။ ရေခိုးရေငွှေ့များက သူ့မျက်နှာတဝိုက် ဝဲကာပျံတက်နေသည်။

ဒီနေ့နေ့လည်က ဒီကောင်ဘာဖြစ်နေတာလဲ….. မဟုတ်ဘူး ငါစဉ်းစားရမှာက သူဘာလို့ငါ့ပါးကို လာကိုင်တလဲ။ ဟုတ်တယ် သူဘာလို့ငါ့ပါးကိုလာကိုင်တာလဲ။ အဲ့ဒါစဉ်းစားရမယ် ဟုတ်တယ် စဉ်းစားစမ်း……

မိမိဘာသာနှုတ်မှစကားလုံးတစ်ချို့ကိုရေရွတ်ပြီး ပွက်နေသောရေနွေးထဲသို့ အသင့်စား ခေါက်ဆွဲခြောက်ထုတ် ကိုဖောက်ပြီးထဲ့လိုက်သည်။ ထို့နောက် တူဖြင့်အနည်းငယ်မွှေလိုက်ပြီး ကျန်ရှိနေသေးသည့် ရသာအထုတ်ငယ်များကို ထပ်ဖောက်ထဲ့လိုက်၏။

မဟုတ်မှလွဲရော… ဒီကောင်ငါ့ကိုကြိုက်နေတာများလား…….အိစ်….အို့စ်…… မဟုတ်သေးပါဘူး သူလဲယောကျာ်း ငါလဲယောကျာ်း။ မဟုတ်သေးဘူး မဟုတ်သေးဘူး။ တကယ်လို့သူက ငါ့ကိုကြိုက်နေတယ်ဆိုရင်ရော……. ငါဘယ်လိုလုပ်မလဲ။ တော်ကြာ…..တော်ကြာ ငါ့ကိုမဟုတ်တဲ့ နေရာတွေခေါ်သွားပြီး မဟုတ်တဲ့ကားတွေပြ ပြီးရင် ညာပြီးဟိုဟာလုပ်ရင်……..

“အိုးဟိုးဟိုး အိုးဟိုးဟိုး……ငါစိတ်ကူးယဉ်နေပြီ…..No No No”

အင်း….. သူကောငါကောကယောကျာ်းတွေဆိုတော့ ဟိုဟာလုပ်လဲ ဘာမှတော့မဖြစ်လောက်ပါဘူး ဟိဟိ။ ဒါပေမယ့်မတော်လို့များ ငါဗိုက်ကြီးသွားရင်…… ယောကျာ်းတန်မဲ့ဗိုက်ကြီးကားကားနဲ့ အွမ်….အွမ် ။ မြင်ယောင်သေးတယ် မြင်ယောင်သေးတယ် ဒင်းမျက်နှာကြီးကို အဆီတွေတဝင်းဝင်းနဲ့ အံ့ကျော်ကြီးလိုလေ ညီမငှေးရယ် ညီမငှေး မကြောက်ပါနဲ့ကွယ် အယ်ငှယ်ငှယ်ဆိုပြီး ငါ့ဆီကိုတိုးလာ အဲ့မှာငါက အပျိုမဒန်းလေးလို ကြောက်ပြီး ရှင်….ရှင်……ရှင် လူယုတ်မာ ရှေ့မတိုးနဲ့ ရှေ့မတိုးနဲ့ ရှင်ရှေ့ဆက်တိုးရင် ကျမအော်လိုက်မှာနော် ဆိုပြီးပြော။ ခစ်ခစ်ခစ်

“အိုးဟိုးဟိုး အိုးဟိုးဟိုး……ငါစိတ်ကူးယဉ်နေပြီ…..No No No”

ဒါပေမယ့် မင်းသန့်ဇင်ကယောကျာ်းလေးဆိုပေမယ့် သူ့ကိုကြည့်ရတာ နူးညံ့လွန်းနေတယ်။ တခြားယောကျာ်းတွေနဲ့မတူဘူး ပြောပုံဆိုပုံနေပုံထိုင်ပုံ။ နောက်ဆုံးအိမ်သာသွားလို့ ရှူးရှူးပန်းရင်တောင် ဒီကောင်က အိမ်သာတံခါးပိတ်ပြီးမှသွားတာ သူ့ကြည့်ရတာနည်းနည်းတော့ထူးခြားနေတယ်။ ခက်တယ် ခက်တယ် မင်းယောကျာ်းလေးဖြစ်နေတာခက်တယ်။ ဒါပေမယ့် မင်းကချစ်စရာလေးသိလား မင်းကိုချစ်စရာလေးလို့ ပြောလိုက်ရင် မင်းလေးဖျားသွားလိမ့်မယ် ဟိဟိ။ ဒီနေ့ငါ့ပါးလေးကို လာကိုင်တုန်းကဆိုရင်…….

ရသတူနှစ်ချောင်ကိုကိုက်ပြီး နေ့လည်က မင်းသန့်ဇင်သူ့ပါးကိုလာကိုင်တဲ့အဖြစ်ကိုစဉ်းစားမိလိုက်ပါသည်။

အိပ်မောကျနေဆဲသူသည် ဆူညံသံများကြားသည့်အခါ နိုးတတ်တဲ့အဆင့် REM နဲ့တခေါခေါ စက်တော်ခေါ်နေပါသည်။ အမှောင်ကမ္ဘာထဲမှာပိတ်ဖုံးနေရင် သူ့အမြင်အာရုံတွေ အကြားအာရုံတွေ တဖြေးဖြေး တုန့်ပြန်မှုနှေးကွေးလာပြီး သတိလက်လွတ်အသိဥာဏ်အနားယူတော့မယ်အချိန်မှာ ရုတ်တရက် နွေးနေတဲ့ အထိအတွေ့ကလေးကသူ့ပါးပြင်ကိုထိတို့လာသည်။ တဒင်္ဂအတွင်းပိုင်းမှာ ထိုနူးညံ့လွန်းသည့် အထိအတွေ့လေးကြောင့် အိပ်ပျော်ဆဲသူ့စိတ်တွေ ပြန်လည်နိုးထသွားခဲ့သည်။ ထို့အတူ ထိုညင်သာမှုလေး သူ့ဆီကထွက်ခွာသွားတော့မှာကိုစိုးရိမ်နေမိသွားသည်။ ထိုလက်ပိုင်ရှင်ကိုသူကြည့်လိုက်မိချိန်မှာတော့ သူ့ကိုသူ အံသြမိတာက သူဘာဖြစ်လို့သာယာသွားမိတာလဲ??? ဒီမေးခွန်းကိုစဉ်းစားနေတုန်းမှာပဲ နောက်ထပ်မေးခွန်းနှစ်ခု ထပ်ပေါ်လာပြန်သည်။ သူဘာလို့ ရင်ခုန်နေမိတာလဲ သူဘာလို့ မင်းသန့်ဇင်ကို တစ်ခုခုမတုန့်ပြန်မိတာလဲ…….။

နေ့လည်ကအဖြစ်ကိုစဉ်းစားရင်း စဉ်းစားရင်း သူ့ဘယ်ဖက်ရင်အုံနေရာကနေ တဒိန်းဒိန်းနဲ့ ရင်ခုန်သံတွေ မြန်လာပါတော့သည်။ ခေါက်ဆွဲကကျက်လုနီးနေပြီဖြစ်သောကြောင့် မီးခလုတ်ကို ချောက်ကနဲပိတ်လိုက်သည်။ သို့သော် လှုပ်ခုန်နေတဲ့ သူ့ရင်ဘတ်ကိုသူထိန်းလို့မရတော့ပါ။

“ငါ….ငါ….ရင်ခုန်နေပြီ ငါရင်ခုန်နေပြီ……. ဟုတ်တယ် ငါရင်ခုန်နေပြီ”

သူတုန်လှုပ်ခြောက်ခြားသွားမိသည်။ သူကဘာလဲ…..သူကဘာလဲ……။ မဟုတ်ဘူး ဒါရင်ခုန်တာမဟုတ်ဘူး စိတ်လှုပ်ရှားတာနေမှာ ဟုတ်တယ်။ ဒါအချစ်မဟုတ်ဘူး စိတ်လှုပ်ရှားတာ။ စိတ်လှုပ်ရှားရုံနဲ့ အချစ်မဖြစ်နိုင်ဘူး။ ဟုတ်တယ်။

သူ့ရင်ဘတ်ကိုအသာလေးသူပြန်စမ်းကြည့်လိုက်သည်။ ဘုရား…ဘုရား….. ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ပါလား။ ဒီလိုရင်ခုန်သံမျိုး ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ မဖြစ်နိုင်ပါဘူး….မဖြစ်နိုင်ဘူး

“အိုးဟိုးဟိုး အိုး….ဟိုး…..ဟိုး……ငါစိတ်ကူးယဉ်နေပြီ မဖြစ်နိုင်ဘူး…..မဖြစ်နိုင်ဘူး….…..No No No”


                                                                                      ဆက်ရန်ရှိသေးသည်-
                                                                                                         Lovealone





 

 

 






5 comments:

  1. ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ...Anticipating eagerly for next part!!!!!!

    ReplyDelete
  2. အရမ်းဖတ်လို့ကောင်းတယ်ဗျာ

    ReplyDelete
  3. plz!!!!!!!!!! နောက်တစ်ပိုင်း များများလေးနဲ့ မြန်မြန်လေးရေးပေးပါဗျို့ :)

    ReplyDelete
  4. ဒီတစ်​ခါ​ရေးတာနည်းသလိုပဲဗျ
    ဒါမှမဟုတ်​ ဖတ်​​ကောင်းလို့ပဲမြန်​မြန်​ပြီးသွားတာလားမသိပါဘူးဗျာ

    ReplyDelete