This is the best gay website for Myanmar gay peoples.
Saturday, May 3, 2014
On 5:09 AM by Unknown in    5 comments
နံနက်ခင်းနေရောင်ခြည်သည် စူးရှစွာတောက်ပနေပါ၏။ ပွင့်လင်းရာသီဖြစ်ပါသောကြောင့် မနက်ခင်းရဲ့နေမင်း ဟာအရှိန်ပြင်းပြင်းနဲ့ အထက်ကိုတက်လာပြီဖြစ်သည်။ ကျောင်းဝန်းတစ်ဝိုက်တွင် အသာများတိတ်ဆိတ်လျက် ရှိနေပြီး ကျောင်းသားများအားလုံး ပင်မကျောင်းခန်းမဆောင်ကြီး၏ရှေ့တွင် နိုင်ငံတော်အလံကို အလေးပြုရန် စီတန်းရပ်နေကြသည်။ ကျောင်းသားများ၏အရှေ့တည့်တည့်တွင်ကား ရိုးတံဖြူတိုင်ရှည်ကြီးအထက်တွင် လေအဟုန်ဖြင့် တဖျတ်ဖျတ်လွင့်လူးနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်သည် ခန့်ညားထည်ဝါစွာတည်ရှိနေသည်။ အလံတိုင်၏ခြေရင်းနားတွင် ကျောင်းအုပ်ကြီးနှင့်တာဝန်ကျ ဆရာအချို့ ရပ်နေကြပြီး လက်မောင်းတွင်လက်ပတ်နီစည်းထားသော ဆရာတစ်ယောက်မှ မိုက်ခွက်ရှေ့တည့်တည့်တွင် အမိန့်ပေးရန် အသင့်အနေထားဖြစ်လျက်ရှိသည်။
“အားလုံး သတိ…… ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု”
ဆရာ၏အမိန့်အဆုံးတွင် ကျောင်းသားအားလုံးနှင့် အနီးတစ်ဝိုက်တွင်ရပ်နေသော ဆရာများအားလုံး ဦးညွတ်ပြီး နိုင်ငံတော်အလံကိုလေးပြုကြလေသည်။
“လေမြဲ….. ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့်တကွ ရဲဘောင်အပေါင်းတို့အား အလေးပြု”
အားလုံး ဒုတိယအကြိမ်ဦးညွတ်အလေးပြုကြပြန်လေသည်။
“လေမြဲ…… မြန်မာနိုင်ငံတော်သီချင်းစဆို……”
သတိဆွဲနေသော ကျောင်းသားများကကျောက်စစ်ရုပ်လို မလှုပ်မယက်ငြိမ်သက်နေကြပြီး “တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ” အဟုအစချီကာ နိုင်ငံတော်သီချင်းကို အားမာန်ပါပါဖြင့် သံပြိုင်သီဆိုကြလေသည်။ “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုမလေ ….. ထိန်း…..သိမ်း…..စို့…….လေ” ဟုသည်ဆိုပြီးသော အခါငြိမ်သက်နေသော ဘင်ခရာတပ်ဖွဲ့မှ စတင်လှုပ်ရှားပြီး တီးခတ်လိုက်သည်။
“ကမ္ဘာမကြေ မြန်မာပြည်…. တို့အဖိုးဖွားမွေ အစစ်မို့ချစ်မြတ်နိုးပေ”
“ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ”
ကျောင်းသားလူငယ်လေးများက ဇာတိသွေးဇာတိမာန်အပြည့်ဖြင့် သီဆိုနေသော မြန်မာနိုင်ငံတော်သီချင်းမှာ ကြားလိုက်ရသည်နှင့် ရင်ဘတ်ထဲရှိမျိုးချစ်စိတ်ဓာတ်များကို နိုးဆွလိုက်သလို ကြက်သီးများပင် တဖြန်းဖြန်းထ သွားလောက်ပါသည်။ နိုင်ငံတော်သီချင်းသည် ဝိုင်အမ်ဘီအေ ဆရာတင်မှရေးစပ်သီကုံးခဲ့သည်ဟု သိရှိရသည်။ သခင်အောင်ဆန်း၊ သခင်ဘသောင်းနှင့် သခင်နှတို့မှ တို့ဗမာအစည်းအရုံး၏ တရားပွဲများအတွက် စာသားအဓိပ္ပါယ်များရေးစပ်ထားခြင်းကို ဆရာတင်မှ သီချင်းအဖြစ်ပြန်လည်ပြောင်းလဲရေးစပ်ခဲ့သည် ဟုဆိုသည်။ နိုင်ငံတော်သီချင်းသီဆို၍ပြီးဆုံးသွားသောအခါ ဆရာများမှ စကားအချို့ပြောကြားပြီး ကျောင်းသားများကိုတန်းဖြုတ်ပေးလိုက်လေသည်။ မင်းသန့်ဇင်လည်း တန်းဖြုတ်ပေးလိုက်သည်နှင့် အလောတကြီး ကျောင်းခန်းဆောင်များရှိရာသို့ ခပ်သုတ်သုတ်လျှောက်လာလိုက်ပါသည်။ နေပူထဲတွင် အကြာကြီးရပ်နေရသဖြင့် ခေါင်းများအနည်းငယ် ကိုက်နေပြီး နေလောင်ထားသောကြောင့် သူ့အသားများ အနည်းငယ်နီမြန်းနေကာ အိုက်စပ်စပ်ဖြစ်နေသည်။ သူနေပူဒဏ်ကိုသိပ်မခံနိုင်ပါ နေရောင်ခြည်မှပါသော ခရမ်းလွန်ရောင်ခြည် UV Ray ကသူနှင့်ကမ္ဘာ့ရန်တွေဖြစ်သည်။
ကျောင်းခန်းထဲသို့ရောက်သောအခါ မိမိခုံနေရာသို့ တန်းတန်းမတ်မတ်သွားလိုက်ပြီး ထိုင်လိုက်သည်။ သူ့နဘေးရှိ ငပေါတစ်ယောက်ရောက်မလာသေးပါ။ တန်းစီတုန်းကတော့ အနောက်တွင် ဟေးလားဝါးလား ဖြင့်ကျောင်းသားတစ်ချို့နှင့်စကားပြောနေသည်ကို သူတွေ့ခဲ့သည်။ ငပေါကို မနေ့ညကရန်ငြိုးရှိသေးသည်မို့ ဒီနေ့ဖြေရှင်းစရာရှိတာဖြေရှင်းရပေဦးမည်။ သူ့ပုံကိုရုပ်ဖျက်ပြီး Facebook ပေါ်တင်လိုက်တာကို သိပ်ပြီးစိတ်မဆိုးလှသော်လည်း သူတပါးပေါ်စလွန်းနောက်လွန်းတတ်သည့် အကျင့်ကိုသူမုန်းသည်။ ပြီးတော့သူနှင့်ငပေါက အရမ်းရင်းနီးနေတဲ့သူငယ်ချင်းတွေဆိုလဲထားပါတော့။ အခုဟာ မနေ့တနေ့ကမှတွေ့တဲ့လူတစ်ယောက်ကို လက်ရဲဇက်ရဲကြီး ဗြောင်မျက်နှာပြောင်တာကတော့ လွန်လွန်းသွားပြီ လုံးဝအိုဗာတင်းတွေဖျော်နေပြီဟုသူထင်သည်။ ငပေါနေရာတွင် သူနှင့်အရမ်းရင်းနီး သည့်သူငယ်ချင်းတစ်ယောက်ဆိုရင်တော့ သူခွင့်လွှတ်ကောင်းခွင့်လွှတ်ပါလိမ့်မည်။
သိပ်မကြာပါ အခန်းထဲသို့ကျောင်းသားများ အုပ်အုပ်သောင်းသောင်းဖြင့်ရောက်လာကြသည်။ ထိုကသောင်းကနင်းဝင်လာသော ကျောင်းသားအုပ်စုထဲမှ ငပေါကိုသူတွေ့လိုက်ရသည်။ ငပေါက အရပ်ရှည်သဖြင့် အဝေးကနေကြည့်လျှင် ထင်းကနဲမြင်နေရခြင်းဖြစ်သည်။ မနေ့ကတင်ထားသည့် သူ့ဓာတ်ပုံကို မရရသည့်နည်းဖြင့် ပြန်ဖျက်ခိုင်းမည်ဟု ဆုံးဖြတ်ထားသည်။ ညကသူဒေါသထွက်လွန်း၍ တော်တော်နှင့်အိပ်မပျော်ပါ။ ငပေါမျက်နှာကိုမြင်တိုင်း လက်သီးဖြင့်သာ ပိတ်ထိုးပစ်ချင်နေတော့သည်။
“Hey Yo! Moring”
ရောက်လာပြီ။ ပေါက်ကရအသံတွေနဲ့ ရူးကြောင်ကြောင်ပေါတောတောနှုတ်ဆက်နေပြီ။ ငပေါကိုကြည့်ရတာ တကယ့်မှမြောက်တောက်ကားရား။ လမ်းလျှောက်ရင် မြေကြီးနှင့်ခြေထောက်က သိပ်ပြီးမထိချင်။ အရူးဘုံမြှောက် ချေးခြောက်ကောက်စား ဆိုတာဒီလိုကောင်စားမျိုးပေါ့။ ငပေါကသူ့ဘေးနားသို့ဝင် ထိုင်လိုက်ပြီး သူ့မျက်နှာကိုတစ်ချက်ကြည့်ကာ လွယ်အိတ်ကိုခုံပေါ်သို့တင်လိုက်လေ၏။
“ငပေါ…. မင်းမနေ့ကတင်ထားတဲ့ ငါ့ဓာတ်ပုံကိုအခုဖျက်ပေး”
“Yo! Yo! စောစောစီးစီးဒေါသတွေနဲ့ပါလားသူငယ်ချင်းရယ်။ မနက်အစောကြီး ဒေါသမထွက်ပါနဲ့ တော်ကြာ မလှပဲနေဦးမယ်”
ငပေါကသူ့ဒေါသတွေကို အရေးမလုပ်သလိုလို ဂရုမစိုက်သလိုလို။ သူ့ကိုကလေးတစ်ယောက်စိတ်ကောက် နေတယ်မှတ်ပြီး လေသံက ချော့နေသည့်လေသံတွေ။
“ဒီမှာငပေါမင်း……”
“အိုး……. ဟိုးထား ဟိုးထား ငါ့ကိုငပေါလို့ မခေါ်နဲ့”
“ခေါ်တော့ဘာဖြစ်လဲကွာ ငပေါ…….”
ငပေါက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူ့ကိုငပေါလို့ခေါ်တာ နာသွားတယ်ထင်ပါ့။
“မင်း……နောက်တစ်ခေါက်ခေါ်ရဲရင်ခေါ်ကြည့်”
“ငပေါ”
“ဟင်…… နောက်တစ်ခေါက်ထပ်ခေါ်ကြည့်စမ်း”
“ခေါ်တယ်ကွာ ငပေါ”
“ဟင်……. ဒါဆို နောက်ထပ်အကြိမ်တစ်ရာခေါ်ကြည့်စမ်း”
အခုမှသူသိသည်။ ငပေါကသူခေါ်တာကို နာ၍မဟုတ်တမင်သတ်သတ်သူ့ကို ပြန်စနေပြန်သည်။ သူလိုရင်းကို စကားလမ်းလွှဲလိုက်၏။
“မင်းကိုငါမြန်မာလိုပြောနေတာ ငါ့ဓာတ်ပုံကိုပြန်ဖျက်ပေး။ နားလည်လား  အင်္ဂလိပ်လိုပြောရမလား”
“အိုးဟိုးဟိုး…… English is very important ဆိုပေမယ့် မြန်မာအချင်းချင်းတော့ဘိုလိုမမှုတ်ပါနဲ့ကွာ ငှာငှာငှာ”
သေစမ်း….. ငါကလဲ အရူးနဲ့မှစကားတွေပြောနေမိတာကိုး။ ကြာရင်ငါပါရူးသွားလိမ့်မယ်။ ဘယ်လိုကောင်ပါလိမ့်နော်…….. အရူးကိုပြောလို့ရမယ့်ပုံမပေါ်၍ မင်းသန့်ဇင် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားမိပါသည်။
“မင်းဓာတ်ပုံ ငါမနေ့ညကတည်းကဖျက်လိုက်ပါပြီ။ မင်းပြောတာတောင်နောက်ကျနေတယ်။ ငါစဉ်းစားကြည့်တယ် မင်းမနေ့ညက ရုတ်တရက်ကြီးလိုင်းပေါ်က ပျောက်သွားတယ်ဆိုတော့ တစ်ခုခုဖြစ်သွားမှာပဲပေါ့….. တစ်ခုခုဆိုတော့ ငါတင်လိုက်တဲ့ပုံကိုတွေ့သွားလို့ပဲနေမှပေါ့ ဆိုပြီး ပြန်ဖျက်လိုက်တာ စိတ်မဆိုးပါနဲ့သူငယ်ချင်းရယ် မင်းကပုံထဲမှာအသားနည်းနည်းမဲနေတော့ ငါဖြူအောင်ပြင်ပေးရင်းပြင်ပေးရင်းနဲ့ နှုတ်ခမ်းမွှေးတွေ သရဖူတွေပါသွားတာပါကွာ ဟီးဟီး”
သူငပေါကို တစ်ချက်ဘုကြည့်ကြည့်လိုက်၏။ သူကပဲ အသားအရမ်းမဲနေသလိုလိုပြောနေပုံက လုပ်ထဲ့လိုက်ရ…
“အားပါးပါး…… တော်တော်စူးတဲ့အကြည့်ပဲ။ ငါ့ကိုအဲ့လိုမကြည့်ပါနဲ့ကွာ ငါကအသည်းမခိုင်ဘူးကွ တော်ကြာမင်းရဲ့အကြည့်တွေမှာ အရည်ပျော်…….ပျော်…….”
အရည်ပျော်….ပျော်ဟုပြောနေရင်း ငပေါလက်နှစ်ဖက်က အပေါ်သို့ထောင်ကာ ရာဇာနေဝင်းစတိုင်လိုလို
“ဒီမှာငပေါ…. မင်းကိုစကားတွေအဲ့ဒီလောက်အများကြီးမပြောရင် ဘယ်သူကများမင်းကိုအနေတယ်လို့ ထင်မှာမိုလို့လဲ။ ငါငပေါတွေတွေ့ဖူးပါတယ် ဒါပေမယ့် မင်းလောက်ပေါတဲ့သူကိုတော့တခါမှမတွေ့ဖူးသေးဘူး”
သူ့ဓာတ်ပုံဖျက်ပြီးသွားပြီဟုပြောသဖြင့် စိတ်လျော့လိုက်ပြီး ပြန်ထိုင်လိုက်သည်။ ထို့နောက် ဘောင်းဘီအိပ်ကပ်ထဲမှ သူ့ဖုန်းကိုထုတ်ကာ Facebook ပေါ်ကိုတက်စစ်လိုက်သည်။ ဟုတ်ပါသည် ငပေါ Wall ပေါ်တွင်သူ့ပုံကိုမတွေ့ရတော့ပါ။ သက်ပြင်းတစ်ချက်ချရင်း စိတ်တွေကိုလွတ်လွတ်လပ်လပ်ဖြစ်သွားအောင် ဖြေလျော့လိုက်သည်။
“ကျောင်းသားသစ် ကျောင်းသားသစ်…… ”
ဘေးမှငပေါမှ ထပ်ခေါ်နေသဖြင့် တစ်ခုခုပြောမည်ဟုကြံလိုက်ပြီး သူ့ခေါင်းကိုမော့လိုက်သည်။ သို့သော် ငပေါက သူ့ကိုတစ်စုံတစ်ခုကို လက်ညိုးထိုးပြနေသဖြင့် ငပေါလက်ညိုးညွှန်ရာသို့ ကြည့်လိုက်မိရာ သူတို့အရှေ့နှစ်ခုံကျော်ခန့် မိန်းကလေးအတန်းဖက်မှ မျက်မှန်နှင့်ဆံပင်ကို ကျစ်စံမြီးနှစ်ခွကျစ်ထားသော ကောင်မလေးတစ်ယောက်မှ သူ့ကိုမေးထောက်ကြည့်နေသည်ကိုတွေ့ရသည်။
“အဲ့ကောင်မလေးနာမည်က ချူချူတဲ့။ ငါသတိထားမိနေတာ သူမနေ့ကတဲ့ကမင်းကိုခဏခဏခိုးကြည့်နေတာ သိလား။ အဲ့ကောင်မလေးက ခါတိုင်းဆို စာကလွဲလို့ဘာမှစိတ်ဝင်စားတာမဟုတ်ဘူး။ မနှစ်တုံးကတည်းက ငါတို့နဲ့တစ်ခန်းထဲရယ်”
“မင်းကိုဘယ်သူကမေးနေလို့ စုံစီနာဖာ ငါ့ကိုရှင်းပြနေတာလဲ”
“အင်….. ”
ငပေါကိုတစ်ချက်ဟောက်လိုက်ပြီး ကောင်မလေးကို သူပြန်ကြည့်လိုက်တော့ ကောင်မလေးက ရှက်စနိုးလေးဖြင့် ကညုတုတုဖြစ်သွားပြီး တခစ်ခစ်ရယ်ကာ ခေါင်းလေးကိုအသာငုံ့သွားလေသည်။ သူတစ်ချက် တွန့်သွားမိသည်။ ဘယ်လိုဟာတွေပါလိမ့်……
သူအကြည့်ပြန်လွှဲလိုက်ပြီး လွယ်အိတ်ထဲမှစာအုပ်တစ်ချို့ကို စားပွဲပေါ်သို့ထုတ်လိုက်သည်။ ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး Silent mood လုပ်လိုက်သည်။ တော်ကြာစာသင်နေတုန်း ဖုန်းဝင်လာမှဖြင့် ဆရာမ၏ ဆည်းလည်းသံလေးတွေနားဆင်နေရမှစိုးသည်။ ဘေးနားက ငပေါကိုကြည့်လိုက်တော့ စားပွဲပေါ် အားယားမှောက်ပြီး မျက်လုံးကြီးမှိတ်ကာ ငိုက်ဖို့လုပ်နေသည်။ စိတ်ညစ်ပါတယ် ဒီကျောင်းကဟာတွေ ဘယ်လိုဟာတွေမှန်းကိုမသိဘူး…….
                                                     X     X     X     X
                                            CHA CHA Café and Bakery
ရသကျောင်းမှပြန်ရောက်သည်နှင့် မေမေ့ကိုကူရန် ဆိုင်သို့တန်းပြန်လာခဲ့သည်။ သူတို့ဆိုင်လေးက ညနေပိုင်းကိုရောက်လာပြီဆိုရင် လူများတဖွဲဖွဲကျလာတတ်သည်မို့ မေမေတစ်ယောက်ထဲ မနိုင်မှာစိုးသည်။ မေမေက ကိတ်မျိုးစုံကိုအရသာရှိရှိလုပ်တတ်သည့် မုန့်ဆရာမတစ်ယောက်ပါ။ သူငယ်ငယ်က မေမေကကိတ်မုန့်တစ်မျိုးတည်းသာ ရောင်းချသောသာမန်ကိတ်ဆိုင်လေးသာဖွင့်နိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင်တော့ ကိတ်အပြင်ကော်ဖီနှင့်အအေးများကိုပါတင်ပြီး ဆိုင်လေးကိုအဆင့်မြှင့်တင်ခဲ့ပါသည်။ သူတို့သားအမိဆိုင်လေးသည် သိပ်ပြီးမကြီးလှသော်လည်း သမီးရည်စားများအတွက် ချိန်းစရာနေရာ တစ်ခုဟု ဆိုရလောက်အောင် ဆိုင်လေးကိုခမ်းခမ်းနားနားလေး ပြင်ဆင်ထားပါသည်။ နံရံတွင်ခြယ်သထားသော ဆေးရောင်အနုစိမ်းစိမ်းလေးအထက်တွင် ပန်းခတ်လေးများကိုရေးဆွဲထားပြီး romatic ဆန်ဆန်ဖွဲ့စည်း တည်ဆောက်ထားကာ အေးချမ်းဆိတ်ငြိမ်သော နေရာလေးတစ်ခုအဖြစ်ဖန်တီးထားသည်။ ဆိုင်ရဲ့ Indoor Design ကိုသူကိုယ်တိုင် စိတ်ကူးပြီးမေမေနှင့်တိုင်ပင်ကာပုံဖော်ထားခြင်းဖြစ်သည်။
စားသုံးသူတို့အတွက် စားပွဲခုံလေးများကို ဘဲဥပုံသဏ္ဍာန်လေးတွေရွေးချယ်ထားပြီး အပေါ်မှာ မီးဆောင်းငယ်လေး တစ်ခုစီတပ်ထားပေးသည်။ စားသုံးသူအချင်းချင်းအာရုံမများစေပဲ အေးချမ်းဆိတ်ငြိမ် မှုရှိရန်အတွက် ဆိုင်အတွင်လိုအပ်သည့်အလင်းရောင်မှလွဲ၍ ကျန်သည့်နေရာများကိုအမှောင်ချထားပြီး စိတ်ကူးယဉ်ဆန်အောင်ဆွဲယူထားသည်။ ထို့အပြင် ကော်ဖီအမျိုးအစားများထဲမှ လူသောက်များသည့် Espresso ,Cappuccino, Latte, Mocha, စသည့်အမျိုးအစားများကို သီးသန့်ဖျော်ဖို့အတွက် အတွေ့အကြုံရှိ ဝါရင့်ကော်ဖီဆရာကိုခေါ်ထားသည်။ ဆိုင်လေးကလည်း သပ်သပ်ရပ်ရပ်နှင့် ပျူငှာဖော်ရွေသော ဆက်ဆံမှုတို့ကြောင့် တရှိန်တိုးအောင်မြင်လာသော မေမေ့ဆိုင်လေးသည် သူတို့မိသားစုအတွက် လူနေမှု အဆင့်အတန်းကိုအများကြီးမြှင့်တင်ပေးခဲ့ပါသည်။
သူဆိုင်ထဲကိုရောက်လာတော့ မေမေကထုံးစံအတိုင်းမုန့်ဖိုထဲမှာအလုပ်ရှုပ်နေဟန်ရှိသည်။ ကျန်တဲ့အလုပ်တာ ဝန်တွေအတွက် လိုအပ်သလောက်ဝန်ထမ်းတွေခေါ်ထားလို့ရပေမယ့် မုန့်ဖုတ်တဲ့နေရာမှာတော့ မေမေက သူကိုယ်တိုင်သာဝင်လုပ်ပါသည်။ မုန့်လုပ်တဲ့လက်ရာမတူရင် အရသာပျက်ပြီး Customer တွေငြိုငြင်မှာ စိုးလို့ဟုဆိုသည်။ မေမေက Customer ကိုအလွန်ဂရုစိုက်ပါသည်။ ဆိုင်နဲ့ပက်သက်တဲ့ ဝန်ဆောင်မှုဆိုရင် Customer တွေအတွက်နည်းနည်းမှ အတိမ်းအစောင်းခံလေ့ရှိသူမဟုတ်ပါ။ ဒါကြောင့်လဲ မေမေ့လုပ်ငန်းက အောင်မြင်လာသည်ထင်ပါ့။ သူ့လွယ်အိတ်ကိုချွတ်ပြီး အဝတ်စားလဲခန်းထဲသို့သွားထားလိုက်ကာ မေမေ့နားသို့ သွားလိုက်သည်။ မေမေက မုန့်တွေနယ်နေရင်သူ့ကို တွေ့တော့ပြုံးပြသည်။
“သားဒီနေ့ အစောကြီးပါလား”
သူမေမေနယ်နေသော မုန့်တွေကိုတစ်ချက်ကြည့်ရင်း ရယ်မိသည်။ မေမေက ထုံးစံအတိုင်း အချိန်ကိုမေ့ပြီး အလုပ်ထဲဈာန်ဝင်နေလို့စောနေသေးသည်ဟု ထင်နေတာဖြစ်မည်။
“ဟယ်....ဟုတ်လား ဒါနဲ့သားကျောင်းတက်ရတာ ဘယ်လိုနေလဲ။ မနှစ်ကလည်းကျထားတာဆိုတော့ ဒီနှစ်တော့အောင်အောင်ဖြေနော်သား အချိန်တွေလည်းကုန်တယ် လူလည်းအသက်တွေကြီးတယ် ”
အမှန်က ဆယ်တန်းကိုသူမနှစ်ကတည်းက တက်နေတာဖြစ်သည်။ ကံမကောင်း၍ ကျက်သည့်စာမတိုးပဲ မနှစ်က ကျသွားခဲ့သည်။ ထို့ကြောင့် ဒီနှစ်မှာလဲ ဆယ်တန်းကိုဒုတိယအကြိမ်မြောက် ပြန်တက်နေရပြန်သည်။
“ဟီးဟီး….. စိတ်ချပါ ဒီနှစ်တော့အောင်စေရမယ်လို့ သားအာမခံပါတယ်”
“အမှန်က သားဆိုင်ကိုလာလာနေတာ မေမေကသိပ်ကြိုက်တာမဟုတ်ဘူး။ ဆယ်တန်းကျောင်းသားဆိုတာ စာကလွဲပြီးဘာမှစိတ်မဝင်စားရဘူးသား။ စီးပွားရေးမှာမေမေ့ကိုသားကူတာမေမေလက်ခံတယ် ဒါပေမယ့် သားရဲ့ပညာရေးကိုတော့ ထိခိုက်တာတာမျိုးမေမေမလိုချင်ဘူး။ သားလေးဆယ်တန်းအောင်ဖို့က အဓိကပဲ ကျန်တာမေမေ့တာဝန်ထား ဘာမှစိတ်မပူနဲ့”
ဒီစကားတွေက မေမေသူ့ကိုပြောနေကြစကားတွေပါ။ သူဆိုင်ကိုလာတိုင်း မကြာမကြာပြောတတ်သည်။ ကြာတော့ သူရိုးအီလာပြီဖြစ်သော်လည်း မိဘစကားဖြစ်၍ ဘာမှအထွန့်မတက်ပဲ ပြုံး၍နားထောင် နေမိတာချည်းသာ။ ကျောင်းမှာသူပေါတောတာနှင့် လူတကာကိုလိုက်စတတ်တာကို မေမေလုံးဝမကြိုက်ပါ။ သူစလို့ အတိုင်ခံရတိုင်းကျောင်းကဖုန်းဆက်ပြီးပြောလေ့ရှိတာကြောင့် မေမေက သူ့ကိုအမြဲကြိမ်းလေ့ရှိသည်။ ဒါပေမယ့် ပျော်ပျော်နေသေခဲ မော်တော်နေရေထဲဆိုသလို မပြောင်မပျက်ပဲခပ်တည်တည်ကြီးနေဖို့ဆိုတာက တော့သူ့အတွက်လုံးဝမဖြစ်နိုင်ပါ။ ဒါကြောင့် သူကကျောင်းတွင်ပေါ၍အိမ်တွင်တည်ပါသည်။ ကျောင်းပေါအိမ်တည်ကြီးပေါ့။
“ကဲ….. ဒါဆိုလည်းသားခဏနေပြန်တော့မယ်။ မေမေအိမ်ပြန်ရင်သိပ်မနောက်ကျစေနဲ့နော်။ သားတစ်ယောက်ထဲအိမ်မှာပျင်းတယ်”
သူမေမေ့ကိုအနောက်ကနေ အသာနား နားသို့ကပ်ပြီးထပ်ပြောလိုက်သည်။
“ပြီးတော့ သားMPUကဒ်ထဲကိုမုန့်ဖိုးလည်းထည့်ပေးဖို့မမေ့နဲ့ဦး …. ဟီးဟီး….”
                                                     X     X     X     X
“အားလုံးတန်းစီပါ…….. မင်းတို့ကိုစကားနည်းနည်းပြောစရာရှိတယ်”
အားကစားးဆရာစကားကြောင့် basketball ကွင်းထဲတွင်  စကားများနေသောကျောင်းသားအုပ်စုများ ငြိမ်သက်သွားကြသည်။ ကာယအချိန်ဖြစ်သောကြောင့် သူတို့အားလုံး ကစားကွင်းထဲသို့ ရောက်နေကြခြင်း ဖြစ်သည်။ ဆရာက အားကစားဆရာပီပီ လည်ပင်းတွင်ဝီစီတစ်ခုကိုချိတ်ဆွဲထားသည်။ လက်ထဲတွင်လဲ basketball တစ်လုံးကိုကိုင်ထားသည်။ အမှန်က basketball ကစားရခြင်းသည် ဘောလုံးကစားရတာထက် ပိုပင်ပန်းသည်။ basketball သည်ကိုယ်ကောလက်ကော ခြေထောက်ကောပါအငြိမ်မနေရသော အားကစားနည်း တစ်မျိုးဖြစ်သည်။ ပြီးတော့ခဏခဏလဲခုန်ရသေးသည် basketball ကစားလျှင် အရပ်ရှည်တဲ့လူတွေက အရပ်ပုတဲ့လူတွေထက်ပိုခုန်နိုင်ကြသည်။ ဒါကြောင့် အသင်းနှစ်သင်းခွဲပြီး ကစားတော့မယ်ဆိုရင် ဆရာကအရပ်ရှည်တဲ့လူနဲ့ပုတဲ့လူကိုမျှပြီးခွဲပေးလေ့ရှိသည်။
“ဆရာကတော့မင်းတို့ရဲ့ အားကစားဆရာပဲ။ ဒီနေ့မင်းတို့ကိုအားကစားလေ့ကျင့်ခန်း ပထမဦးဆုံးလုပ်ခိုင်းတဲ့နေ့ပဲဆိုပါတော့။ ကစားတာကတော့ ထွေထွေထူးထူးသင်ပေးနေစရာမလိုတော့ဘူး မင်းတို့လဲကစားတတ်နေတာပဲ နည်းမကျတာရှိရင်ဆရာကဘေးက ဝင်ထောက်ပေးမယ်။ ကစားလို့ရှိရင် လူမတွန်းရဘူး ဘောလုံးကိုမပုတ်ပဲပြေးလို့မရဘူး “
“ဟုတ်ကဲ့ပါဆရာ..”
ယောကျာ်းလေးတွေချည်းဖြစ်သောကြောင့် အားလုံးကဆရာကို အသံကျယ်ကျယ်ဖြင့်တညီတညွတ်ထဲ ဖြေလိုက်ကြသည်။ ဆရာက ကျေနပ်သွားဟန်ဖြင့်ပြုံးသည်။ ထို့နောက် ကျောင်းသားအုပ်စုကို နှစ်စုခွဲလိုက်လေသည်။
ခြစ်ခြစ်တောက်နေသောနေရောင်က အခုထိအရောင်မလျော့သေးပါ။ ထုံးစံအတိုင်း နေကြောက်သော မင်းသန့်ဇင်တစ်ယောက် အကြီးအကျယ်စိတ်ညစ်နေပါသည်။ အားကစားအချိန်ဆိုတော့လဲ မလုပ်လို့မရ။ တော်ကြာအတန်းပြေးတယ်ဆိုပြီး အမှတ်နုတ်ထားမှ report card ကိုကြည့်ပြီးဆူမယ့် မေမေ့အသံတွေကို ကြားရဦးမည်။ ငယ်ငယ်ကတည်းက အားကစားဆိုဘာဆိုဘာမှ ဝါသနာမပါသည့် သူ့အတွက် အားကစားအချိန် ရောက်တိုင်းစိတ်ညစ်ရတာတော့အမှန်ပါ။ basketball မပုတ်တတ်တော့လဲ ဟိုပြေးဒီပြေးနဲ့ အိယောင်ဝါးလိုက်လုပ်ရမှာပေါ့လေ။
“Hey! မင်းဇင်သန့်”
“မင်းသန့်ဇင်”
“သြော်အေးအေး…… မင်းသန့်ဇင်”
ငပေါနဲ့စကားမပြောမိအောင် ရှောင်နေပါတယ်ဆိုမှ လူနာမည်ကိုတည့်တည့်ကြီးမှားပြီး လာခေါ်နေသဖြင့် စိတ်မရှည်ပဲ ဆက်ကနဲပြန်ပြောမိလိုက်သည်။
“ဘာကိစ္စတုန်း ဘောလုံးပုတ်ရတော့မယ် မြန်မြန်ပြော”
“ဘာမှမဟုတ်ဘူး မင်းတို့အသင်းကကောင်တွေက အလကားလူတွေဆိုတော့ငါတို့ကိုနိုင်မှာမဟုတ်ဘူးဆိုတာ ပြောမလို့။ ပြီးတော့ငါတို့အသင်းမှာ ငါလိုအရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင်နဲ့အားကစားသမားကောင်း တစ်ယောက်လုံးရှိနေတာဆိုတော့ ကျွတ်စ်…..ကျွတ်စ်….. ဟိုမှာထောင်ထားတဲ့ အချိုရည်ဘူးဖာကတော့ ငါတို့အတွက်ဖြစ်သွားပြီ”
သူငပေါပြသည့်နေရာသို့ကြည့်လိုက်မိသည်။ Asia ပင်မှည့်အချိုရည်ဘူးများကို နှစ်ဖာထပ်စီထားသည်ကိုတွေ့ရသည်။
“အဲ့ဒါတွေက……?”
“အဲ့ဒါ နိုင်တဲ့အသင်းကသောက်ရမယ်လို့ဆရာကပြောတယ်”
“သြော်….. လက်စသတ်တော့မင်းကအချိုရည်သောက်ချင်လို့ ဘောလုံးလာပုတ်တာကိုး ဟားဟား…..”
သူကလှောင်လိုက်သောအခါ ငပေါမျက်နှာတွင် မခံချင်စိတ်တစ်ချို့ဖြတ်သန်းသွားသည်ကို ရိပ်ကနဲမြင်လိုက်ရသည်။ ထိုအချိန်တွင် ကွင်းလယ်တွင်နေရာယူနှင့်နေသော ဆရာ့ဆီက စကားပြောသံထွက်လာသည်။
“ကဲနေရာယူကြပါ………..ဆရာဝီစီမှုတ်ပြီဆိုတာနဲ့ ဘောလုံးကိုအလယ်မှာမြှောက်ချလိုက်မယ်။ မင်းတို့စကစားလို့ရပြီ”
ဆရာ့စကားဆုံးသည်နှင့် ငပေါကသူ့အနားမှနေ၍ကွင်းလယ်သို့ထသွားလေသည်။ သူ့ကိုနှုတ်ခမ်းကြီးဆူသွား ပြီးလက်ညိုးတစ်ချောင်းထောင်ကာ နိုးနိုးနိုး ဟုလုပ်ပြသွားသည်။ သူလည်းငပေါကို လက်သီးတစ်ချက်ဆုပ်ပြ လိုက်လေ၏။ ကျောင်းသားများ သူ့နေရာနှင့်သူနေရာယူပြီးသွားသော အခါဆရာကကွင်းလယ်ကနေနေပြီး အသင့်ပြင်ထားလေသည်။ ထို့နောက်ဝီစီကိုမှုတ်ပြီးသည်နှင့် ဘောလုံးကိုလွှတ်ချလိုက်သည်။
မင်းသန့်ဇင်ကတော့ မဖြစ်မနေကစားရတာမိုလို့သာ လာကစားခြင်းဖြစ်ပြီး အနောက်တန်းတွင်သာ နေရာယူထားပါသည်။ သူနှင့်ဘောလုံးမထိလေကောင်းလေဟု စိတ်ထဲတွင်တွေးမှတ်ထားသူဖြစ်သည်။ ငပေါကတော့ အရှေ့ဖက်အသင်းကနေ မြှောက်ကြွမြှောက်ကြွလုပ်နေတာကိုတွေ့ရ၏။ ဆရာဘောလုံး လွှတ်လိုက်သည်နှင့် မင်းသန့်ဇင်တို့ဖက်မှ အသင်းသားတစ်ယောက်က ဘောလုံးကိုအရင်ရသွားသည် ထို့နောက် တစ်ချက်မြေပေါ်သို့ပုတ်လိုက်ပြီး အရှေ့တန်းသို့ပစ်ပေးလိုက်သည်။ အရှေ့တွင် အသင့်စောင့်နေ သောအသင်းသားတစ်ယောက်က ထိုဘောလုံးကိုဖမ်းယူလိုက်ရာ မမိပဲငပေါကကြားမှဝင်ဖမ်းတာကို ခံလိုက်ရလေသည်။ ငပေါကအရပ်ရှည်သဖြင့် ခုန်လိုက်ရထိုကျောင်းသားမရခင် သူကရသွားခြင်းဖြစ်သည်။
ငပေါကဘောလုံးကိုရသွားသည်နှင့် မြေပြင်ပေါ်သို့ သုံးလေးချက်ခန့်ဆင့်ပြီးပုတ်ကာ ဟိုကြည့်ဒီကြည့်လုပ်ရင်း ကစားနေသည်။ ထို့နောက် အခြားတစ်ဖက်သိုဘောလုံးကိုပစ်ဟန်ဆောင်လိုက်ပြီးမှ မပစ်ပဲကျောင်းသားများကို အာရုံလွှဲလိုက်ကာ သူကိုယ်တိုင်ပဲ ပုတ်၍ရှေ့တန်းသို့ တိုးတက်သည်။ ငပေါတို့ဖက်မှအသင်းသားများလည်း မင်းသန့်ဇင်တို့ဖက်သို့ရောက်လာကာ ကျောင်းသားများရောထွေးသွားပြီး ဘောလုံးကိုရရန်အလျင်လိုနေကြသည်။ မင်းသန့်ဇင်အနားတွင် အရပ်ထွားထွားကျောင်းသားနှစ်ယောက်က ပိတ်ရပ်နေသဖြင့် သူလဲမခံချင်စိတ်ဖြင့် ထိုကျောင်းသားနှစ်ယောက်ကို ပုခုံးချင်းတိုက်ကာ ဘေးချင်းယှဉ်ရပ် ပစ်လိုက်သည်။ သူလဲဘောလုံးရလိုရငြားပေါ့။
သိပ်မကြာခင်မှာပဲ ရှေ့တန်းသို့ တကိုယ်တော်တက်လာသည့် ငပေါရှေ့သို့ မင်းသန့်ဇင်တို့ဖက်မှ အသင်းသားများ ဝိုင်းနေသောအခါ ငပေါမှ အခြားအသင်းသားတစ်ယောက်စီသို့ဘောလုံးကို လွှဲပေးလိုက် လေသည်။ သို့သော် ငပေါလွှဲပေးလိုက်သော ဘောလုံးမှာ ထိုအသင်းသားဆီသို့မရောက်ပဲ ကြားထဲကနေ ဖြတ်အလုခံလိုက်ရကာ မင်းသန့်ဇင်တို့အသင်းသားတစ်ယောက်မှရသွားလေသည်။
“တက်………. အရှေ့ကိုတက်နေကြ”
အော်သံဆုံးသောအခါ ထိုကျောင်းသားမှ ဘောလုံးကိုပုတ်ပြီး ရှေ့တန်းသို့ပြန်ဖောက်ထွက်လေသည်။ မင်းသန့်ဇင်လဲ ယောင်ယောင်ဝါးဝါးဖြင့်အရှေ့တန်းသို့ လိုက်တာလာမိသည်။ ငပေါတို့ ဂိုးပေါက်နားရောက် သောအခါ ထိုကျောင်းသားမှ ရုတ်တရက်မင်းသန့်ဇင်ကိုမြင်သွားပြီး ဘောလုံးကိုလှမ်းပစ်ပေးလိုက်သည်။
“……………ဘုတ်……..”
ရုတ်တရက်လက်ထဲသို့ ဘောလုံးရလာသောအခါ ဘာလုပ်ရမှန်းမသိပဲ မင်းသန့်ဇင်ကျောင်းသွားမိသည်။ ထိုစဉ်….
“ဟေ့ကောင် ဘောလုံးကိုကိုင်မထားနဲ့ ပုတ်နေ”
ထိုအသံကြောင့် လက်ထဲရှိဘောလုံးကို မြေပြင်ပေါ်သို့တက်ချက်ပုတ်ချက်လိုက်သည်။ ထို့နောက်ပြန်ဖမ်းလိုက်ကာ နောက်တစ်ချက်ပြန်ပုတ်ချလိုက်၏။ သူ့ရှေ့တွင် တဖြေးဖြေး ဝိုင်းလာသော ငပေါ၏အသင်းသားများကို အာရုံနောက်အောင်လွှဲလိုက်ပြီး ဂိုးပေါက်ရှိရာသို့ မင်းသန့်ဇင်ပုတ်လာခဲ့သည်။ အခြားဖက်ထောင့်စွန်းမှနေ၍လည်း သူ့လူများလိုက်တက်လာသဖြင့် မင်းသန့်ဇင်တစ်ယောက်အား ရှိသွားသည်။ သို့သော် လေဟဝဟာနယ်ထဲတွင် ပျံဝဲနေရသလို သူ့စိတ်တွေလှုပ်ရှားနေမိသည်။ လက်များလဲ ကတုံကယင်ဖြစ်နေမိ၏။ ဂိုးပေါက်နားထိဘောလုံးကိုဆွဲလာနိုင်ပြီးသောအခါ အခြေအနေကိုသူတစ်ချက်ကြည့်လိုက်သည်။ သူတို့အသင်းခေါင်းဆောင်မှ ဘောင်းလုံးကို ဂိုးပေါက်ထဲသို့ ပုတ်ထဲ့ရန် အချက်ပြလိုက်သဖြင့် သူအသက်ကိုဝဝရှူကာ တစ်ချက်လေထဲသို့ခုန်လိုက်လေသည်။
တဖြေးဖြေးဖြင့်သူ့ခန္ဓာကိုယ်လေထဲသို့ မြောက်တက်သွားသည်။ ရင်ခုန်သံများလဲ စည်းချက်ကျကျ လှိုက်ခုန်ကာ မီးရထားကြီးခုတ်မောင်းနေသလိုလို တဒိန်းဒိန်းနဲ့မြည်နေသည်။ သူ့မျက်လုံးများက ဂိုးပေါက်ကိုသာ အာရုံထားပြီးစိုက်ကြည့်နေမိသည်။ သူ့လက်ထဲမှဘောလုံးကို ဂိုးပေါက်ထဲသို့ မှန်းဆပြီး ပစ်ထည့်လိုက်ရန် အားယူလိုက်သည်။ ထိုစဉ်….. သူ့ရှေ့မှ ရုတ်တရက်အရာဝတ္ထုတစ်ခုပေါ်လာသည်။
“ဟင်……… ငပေါ……”
ဟုတ်ပါသည်။ ငပေါကသူ့ရှေ့တည့်တည့်မှနေ၍ ခုန်လိုက်ခြင်းဖြစ်သောကြောင့် ဂိုးပေါက်မှာ ငပေါခန္ဓာကိုယ်ဖြင့် ကွယ်သွားကာ မမြင်ရတော့ချေ။ ထို့အတူလွန်သွားပြီးဖြစ်သော သူတို့နှစ်ယောက်ခုန်လိုက်သည့် အရှိန်ကတစ်ယောက်နှစ်တစ်ယောက် မတိုက်မိစေရန်ရှောင်လွှဲဖို့အတွက် ပြင်ဆင်ချိန်မရလိုက်တော့ပါ။ မင်းသန့်ဇင်မျက်လုံးထဲတွင် တဖြေးဖြေးနီးကပ်လာသော ငပေါမျက်နှာကြီးကိုသာမြင်နေရသဖြင့် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
“ဘုန်း…..”
သူ့ရင်ဘတ်နှင့်ငပေါရင်ဘတ်တို့ တိုက်မိသွားသည်။ ထို့အတူ တိုက်မိလိုက်သည့် အရှိန်ဖြင့် အနောက်သို့ ပြန်လဲကျသွားသည်။ လေထဲတွင်သူ့ခန္ဓာကိုယ်ကိုသူမထိန်းနိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ ပြန်ကျသွားလေသည်။ သို့သော် ကြမ်းပြင်နှင့်သူခန္ဓာကိုယ်မထိခင်မှာပဲ တစ်စုံတစ်ခုက သူ့ကိုဆွဲပွေ့လိုက်သဖြင့် သူ့ခန္ဓာကိုယ်နှင့် ကြမ်းပြင်မထိတော့ပဲ ရပ်တန့်သွားသည်။ သူမျက်လုံးတွေကို တဖြေးဖြေးခြင်းဖွင့်ကြည့်လိုက်မိသည်။
“ဟင်….င……. ပေါ…….”
ဟုတ်ပါသည်။ လေထဲတွင် သူ့ကိုပြန်ဖမ်းလိုက်သောသူကလည်းငပေါပါ။ ငပေါများနှာတွင် ချွေးစတစ်ချို့ စီးကျနေသည်ကိုတွေ့ရသည်။ ငပေါမျက်ခုံးမွှေးများမှာ ရေးနေပြီးအစပ်တွန်အနည်းငယ်တိထားသလိုမျိုး ညီညာနေသည်။ ငပေါမျက်လုံးများကလည်း သူ့ကိုစူးစိုက်စွာကြည့်နေသည်။ သူလည်းမျက်စိမမှိတ်ပဲ ငပေါကို စူးစိုက်ကြည့်နေမိသည်။ ရိုလာကိုစတာစီးရသလို လှိုက်ခုန်နေသော သူ့ရင်ခုန်သံစီးကြောင်းကြီးက တဝုန်းဝုန်း တဟုန်းဟုန်းလှိုင်းတွေခတ်နေသည်။ နှုတ်ခမ်းဆီဆိုးမထားပါပဲ ရဲနေသောငပေါနှုတ်ခမ်းများကလည်း သူ့ကိုကြည့်ရင်း တစ်ခုခုကိုတောင်းတနေသလို တစ်ခုခုကိုပဲဖွင့်ပြောလိုက်တောမလိုလို ကဗျာဆန်တဲ့အဓိပ္ပါယ်တွေကို ဖော်ညွှန်းရခက်နေသလို သူ့ကိုထူးဆန်းသောပုစ္ဆာများကိုပေးနေသည်။ သူ့လက်ထဲမှကိုင်ထားသော ဘောလုံးကလွတ်ကျသွားပြီး ငပေါခေါင်းပေါ်သို့ကျသွားလေသည်။
“ဘုတ်……….”
ဘောလုံးခေါင်းပေါ်သို့ကျသွားသောအခါ ငပေါတစ်ယောက်အိပ်မက်မက်ရာမှ လန့်နိုးသွားသလိုဖြစ်သွားပြီး ရုတ်တရက်အသိဝင်သွားဟန်ဖြင့် သူ့ကိုယ်သူဟန်ပြင်လိုက်ပြီး မင်းသန့်ဇင်ကိုအသာလေးပြန်လွှတ်လိုက်သည်။ မင်းသန့်ဇင်မှာလဲ စကားများစွာတိတ်ဆိတ်နေပြီး ဘာပြောရမှန်း မသိကာခြေကုတ်ရမလို လက်ကုတ်ရမလိုလို…..
“ဟေ့……. ငါဘာဖြစ်လို့အချစ်ရဲ့ရနံ့တွေရနေတာလဲမသိဘူး။ ကြည့်စမ်းပါဦး ဖြစ်နေပုံက ဘယ်လောက် Romatic ဆန်လိုက်သလဲ အဟဲဟဲ…..”
ကြားထဲမှကျောင်းသားတစ်ယောက်ဝင်ပြောလိုက်သောအခါမှ သူတို့နှစ်ယောက်ခပ်ခွာခွာဖြစ်သွားသည်။ ဆရာမှအားလုံကိုလက်ကာပြလိုက်ပြီး ဝီစီမှုတ်ကာ ဘောလုံးကိုပြစ်ဒဏ်ဘောသတ်မှတ်လိုက်လေသည်။ ငပေါမျက်လုံးတွေက မင်းသန့်ဇင်ဆီမှမခွာသေးပဲ တစ်ခုခုပြောချင်ဟန်ဖြင့်…..
“မင်းဘာဖြစ်သွားသေးလဲ အဆင်ပြေလား……”
ငပေါမျက်လုံးတွင် စိုးရိမ်စိတ်ကလေးကပ်နေပြီး ချစ်ဝတ်ရည်တွေရွှန်းလဲ့နေသဖြင့် မင်းသန့်ဇင် ကျောချမ်းသွားမိသည်။ ထို့နောက် မိမိကိုယ်ကိုဟန်ပြင်လိုက်ပြီး ငပေါကိုခေါင်းညိတ်ပြလိုက်သည်။ သူ့အဖြစ်က ငိုရမလိုလိုရယ်ရမလိုလို…….. ဘယ်လိုပါလိမ့်………
                                                     X     X     X     X
ညနေကျောင်းဆင်းချိန်…….
ကျောင်းဝန်းထဲရှိ ကျောင်းဆင်းဘဲလ်တီးလိုက်ပြီး မကြာခင်မှာပဲ ကျောင်းသားများ ကိုယ်စီကိုယ်စီ ကျောင်းဝန်းထဲမှထွက်လာသည်ကို တွေ့ရသည်။ နေမင်းကြီးသည်လဲ အနောက်ဘက်သို့ နှစ်မြုပ်ရန် စိုင်းပြင်းနေပြီဖြစ်သည်။ ကျောင်းသားအချို့မှ စက်ဘီးများဖြင့် ကျောင်းဝန်းထဲမှထွက်သွားကြပြီး အချို့မှာမူ မိမိတို့ကိုလာကြိုသောကားများပေါ်သို့ တက်သွားကြလေသည်။ နေအရှိန်မသေသေးသောကြောင့် ပူအိုက်နေသဖြင့် ကျောင်းယူနီဖောင်းင်္အကျီကိုအပေါ်ကြယ်သီးတစ်လုံး ဟလိုက်သည်။ ထို့နောက် သူ့လေပူတွေကို တစ်ချက်မျက်ခုံးရှုံ့ရင်း မလာနိုင်သေးသော သူ့မေမေကားကိုမျှော်နေမိသည်။
. ♯”
ရုတ်တရက် ဖုန်းထဲမှ Massage tone မြည်လာသဖြင့် သူ့ဘောင်းဘီထဲမှ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်သည်။
သားမေမေနဲနဲနောက်ကျမယ် ခဏလောက်စောင့်ဦး
မေမေ့ဆီမှာ Massage ဖြစ်သည်။ သူစိတ်ပျက်လက်ပျက်ဖြစ်သွားရင်း ဖုန်းကိုအိတ်ကပ်ထဲသို့ပြန်ထည့်လိုက် သည်။
“မေမေကလဲ လာမကြိုအားရင်လဲမကြိုပဲနေတာမဟုတ်ဘူး။ အခုတော့…………. ဒီလောက်နေတွေ ပူနေတာကို မတ်တတ်ကြီးရပ်ပြီးစောင့်ရဦးမယ်……….. တကယ်ပါပဲ….”
အဲ့ဒါဆိုရင်လဲ မစောင့်နဲ့ပေါ့ကွာ ..
သူအနောက်ကိုလှည့်ကြည့်လိုက်မိတော့ ငပေါကသူ့ကိုပြုံးပြနေသည်။
“မင်း….ငပေါ…အဲ့ ရသ”
“အမယ်ငါ့ကိုနာမည်တွေဘာတွေပြောင်းခေါ်လို့ပါလား ဟဟ”
ငပေါလို့မင်းကိုအမြဲခေါ်နေတော့လဲ မကောင်းဘူးလို့စိတ်ထဲမှာစဉ်းစားမိတယ်။ ဒါကြောင့်မင်းကို ငပေါလို့မခေါ်တော့ဘူး နာမည်ပဲခေါ်တောမယ်
Thats right! Oh yet..
ငပေါက လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ပြီး ကျေနပ်နေသဖြင့် သူပါရောပြီးပြုံးလိုက်မိသည်။ ဘာရယ်တော့မဟုတ် ငပေါကိုသူ့စိတ်ထဲ အမြင်ကတ်နေတာမျိုးတွေ မရှိတော့။ သြော်ငါလဲပြောရင်းနဲ့ ငပေါလို့ခေါ်မိနေပြန်ပြီ ရသလို့ပြောင်းခေါ်မှ.
ဒါနဲ့မင်းမားသားကြီးက လာမကြိုသေးဘူးလား
အေးဟုတ်တယ် မအားရင်လဲမကြိုပဲနေတာမဟုတ်ဘူး အခုတော့ ငါ့ကိုတမင်သက်သက်စောင့်ခိုင်းနေပြန်ပြီ နေတွေပူပါတယ်ဆိုမှ
အိုဟိုးဟိုး ဟုတ်တာပေါ့။ နေပူရင်အသားတွေမဲသွားမှာပေါ့ ..
သူတစ်ချက်ခတ်ဆတ်ဆတ်ကြည့်လိုက်သောအခါ ရသက ပါးစပ်ပြန်ပိတ်သွားသည်။ ထို့နောက် သူ့အနားသို့ ကပ်လာသည်။
ဒီမှာ မင်းမင်းအမေလာမကြိုတော့လဲ ကိုယ့်ဘာသာကိုယ်ပြန်ပေါ့ ဘာဖြစ်လဲ
အာ.. ငါ့အမေဆူလိမ့်မယ်
ကျွတ်စ်. မင်းကလဲဆယ်တန်းကျောင်းသားတောင်ဖြစ်နေပြီ အမေဆူမှာကြောက်နေရသေးလား။ ဒီမှာ မိဘဆိုတာဆူလဲခဏပဲ ခဏလောက်အီးပေါက်ပြီးရင်ငြိမ်သွားလိမ့်မယ်
ငပေါပြောစကားကြောင့် သူမျက်နှာတစ်ချက်ရှုံ့မိသွားသည်။ ဘယ်လိုကြီးပါလိမ့် အီးပေါက်ပြီးရင် ငြိမ်သွားလိမ့်မယ်ဆိုတော့ သူ့ကိုဆူပြီးရင်ပြီးသွားလိမ့်မယ်လို့ပြောတာများလား။ ရသနှင့်သူ ကျောင်းဝန်းထဲမှ စကားတပြောပြောနှင့် လမ်းလျှောက်လာကြခဲ့ကြသည်။ ကျောင်းပေါက်ဝရှေ့သို့ရောက်သောအခါ သူ့အမေများ ရောက်လာနိုးဖြင့် လမ်းမဖက်သို့ တစ်ချက်မျှော်ကြည့်မိသေးသည်။ သို့သော်…….လုံးဝအရိပ်အယောင်မတွေ့ရ။ လမ်းမပေါ်တွင် လမ်းလျှောက်သွားနေဆဲကျောင်းသားများကိုသာတွေ့ရသည်။ သူသက်ပြင်းတစ်ချက်ချမိပြန်သည်။
မင်းဘတ်စ်ကားစီးပြီးပြန်မလား
နဘေးမှရသစကားကြောင့် သူတစ်ချက်တွေဝေသွားမိသည်။ သူဘတ်စ်ကားစီးလေ့စီးထ သိပ်မရှိသောကြောင့် စီးရမှာတစ်မျိုးတော့ဖြစ်မိသည်။ သို့သော် တခါတလေလွတ်လွတ်လပ်လပ်ကလေး သွားကြည့်ချင်စိတ်ဖြစ်မိ သဖြင့် ဘတ်စ်ကားစီးဖို့ခေါင်းညိတ်လိုက်သည်။ ရသကသဘောကျသွားဟန်ဖြင့် သူ့ကိုကျောင်းအဝင်ပေါက်နှင့် ခပ်လှမ်းလှမ်းရှိ ဘတ်စ်ကားမှတ်တိုင်ရှိရာသို့ခေါ်သွားသည်။ သူရသကျောပြင်ကိုကြည့်ရင်းအနောက်မှ လိုက်သွားလိုက်သည်။ ဘတ်စ်ကားဂိတ်သို့ရောက်သောအခါ ကားလာမည့်လမ်းကို သူရောရသပါ မျှော်နေမိသည်။
ကားနံပါတ်ဘယ်လောက်တွေစီးရမှာလဲ ရသ
“ဒီကားတွေက မြို့ပတ်နေတဲ့ကားတွေ မင်းအိမ်ကဘယ်ဖက်မှာလဲ”
သဃာန်းကျွန်းဖက်မှာ ကန်တော်ကြီးဖက်ကနေပတ်သွားလည်းရတယ်
“အိုကေ ဘာမှမပူနဲ့ငါရှာပေးမယ်”
ခဏကြာသော မ.ထ.သ ကားတစ်စီးတရိပ်ရိပ်တက်လာသည်ကိုတွေ့ရသည်။ ကားပေါ်ကိုကြည့်လိုက်တော့ လူများပြည့်ကြပ်နေသဖြင့် မင်းသန့်ဇင် လန့်သွားသည်။ ဘုရား….ဘုရား …..ဒီကားပေါ်မှာ ထိုင်ဖို့မပြောနဲ့ ခြေချစရာတောင်နေရာရှိမယ့်ပုံမပေါ်ဘူး။
“မင်းသန့်ဇင် ကားပေါ်တက်မယ်။ လူတော့နည်းနည်းကြပ်တယ် ဒါပေမယ့်မတက်နိုင်ဘူး ဒီလိုပဲစီးရမှာပဲ”
ဘတ်စ်ကားဂိတ်တွင်စောင့်ဆိုင်းနေသောကျောင်းသားအချို့ ကားပေါ်သို့ပြေးတက်ကုန်ကြသည်။ သူလဲကြောင်တောင်တောင်ဖြင့်ကြည့်နေစဉ် အရှေ့မှ ငပေါအဲ့… ရသကလက်ကိုဆွဲခေါ်သွားသဖြင့် ယောင်နနဖြင့်ကားပေါ်သို့ပါသွားသည်။ ကားတံခါးပေါက်မှအထဲသို့ဝင်လိုက်သောအခါ ကွမ်းနံ့၊ လူနံ့၊ ချွေးနံ့များဖြင့် ခေါင်းမိုက်ကနဲဖြစ်သွားသည်။ သို့သော် အရှေ့မှရသက လက်ကိုမလွှတ်ပဲဆွဲခေါ်သွားသဖြင့် အထဲသို့ဘယ်လိုရောက်မှန်းမသိရောက်သွားသည်။ အထဲသို့ရောက်သောအခါ စပယ်ယာက ထပ်တွန်းလိုက်သဖြင့် အနောက်ထဲသို့ရောက်သွားပြန်သည်။ အရေးထဲ မိန်းမဝဝကြီးတစ်ယောက်၏ တင်ပါးမှာ ကြီးလွန်းလှသဖြင့် တိုးမရပဲဖြစ်နေသေးသည်။ အရှေ့သို့တွန်းမရသောအခါ အပေါ်မှဘားကိုအားဖြင့်ကိုင်ပြီး မြောက်သွားလိုက်မှ နဲနဲချောင်သည့်နေရာသို့ရောက်သွားသည်။
ရသကတော့သူနှင့်ပခုံးယှဉ်ရပ်နေကာ သူ့ကိုယ်အပေါ်မှမိုးထားပြီး လက်ကိုင်တန်းကိုကိုင်ထားလေသည်။ ခဏကြာသော ကားစပယ်ယာပိုက်ဆံလာကောက်လေသည်။
“အကြွေးလေးတွေထုတ်ထားကြပါ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ကားခလေးများ ထုတ်ထားကြပါ။ ပြောအောင်စောင့်မနေကြပါနဲ့ ကာခလေးများလုပ်ထားကြပါ”
“ဒီမှာနှစ်ယောက်”
ရသက ကားစပယ်ယာကို နှစ်ရာတန်နှစ်ရွက် ထုတ်ပေးလိုက်လေသည်။ သူရသကို မော့ကြည့်ရင်း မေးလိုက်သည်။
“ငါ့ကားခမင်းကိုပြန်ပေးမယ်”
“မပေးနဲ့ နှစ်ရာထဲနဲ့အလုပ်ရှုပ်တယ်”
ရသက သူ့ကိုအကြည့်လွှဲသွားသဖြင့် သူဘာမှဆက်မပြောပဲ နှုတ်ဆိတ်နေလိုက်မိသည်။ ပူအိုက်လွန်းသည့်ညနေခင်းတွင် လူများပြည့်ကြပ်နေသော ဘတ်စ်ကားပေါ်သို့ လိုက်စီးရသည့် ဖီလင်ကို သူအခုမှခံစားဖူးသည်။ ငြပ်သပ်နေသော လူများကြား အနံပေါင်းစုံထွက်နေသဖြင့် အခြားဖက်သို့ မျက်နှာမမူရဲပဲ ရသဖက်သို့သာ မျက်နှာပေးထားသည်။ ရသကသူ့ထက်အနည်းငယ်အရပ်ရှည်သဖြင့် သူခေါင်းငုံ့လိုက်သောအခါ ရသပုခုံးနားနှင့်မျက်နှာအပ်နေသည်။ ရသဆီမှာ ကိုယ်နံ့လေးမဆိုးသဖြင့် အခြားသူများထက်စာရင်တော့ မဆိုးဘူးဟုပြောရမည်။ ထိုစဉ်……
“အို့………”
ကားကရုတ်တရက်ဘရိတ်အုပ်လိုက်သဖြင့် သူ့ရသရင်ခွင်ထဲသို့ တိုးမိသွားသည်။
“အမယ်လေးဗျ”
ကားကဘရိတ်အုပ်ပြီးသွားသောအခါ ရုတ်တရက်ပြန်ဆောင့်ထွက်လိုက်သဖြင့် အနောက်သို့ ပြန်လန်သွားပြန်သည်။ သို့သော် ရသကသူ့ကိုပြန်ထိန်းလိုက်သဖြင့် လန်ကျမသွားတော့ပါ။
“ဘတ်စ်ကားမစီးတတ်ဘူးပဲကိုး မင်းလက်ကိုဒီကိုင်းမှာသေချာကိုင်ထား။ ကားရပ်တော့မယ်ဆိုရင် သတိထား သူများကိုတိုက်မိရင် အချောင်အဆဲခံနေရဦးမယ်…….”
ရသက ပြောရင်းဆိုရင်း သူ့ပုခုံးကိုကိုင်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။ ထို့နောက် သူ့လက်တွေကို ကိုင်ကာ အနောက်ဖက်ရှိကိုင်းကို ကိုင်ရန်ချိတ်ပေးလိုက်သည်။ ခုံတန်းကိုင်းမှာရသအနောက်မှာရှိနေသဖြင့် သူ့ကိုကိုင်ခိုင်းထားသောအခါ သူ့ခန္ဓာကိုယ်နှင့် ရသရင်အုံတို့ ပိုမိုနီးကပ်သွားပြီး ရင်ငွှေ့နွေးနွေးလေးများ နှုတ်ခေါင်းဝဆီသို့ ဖြတ်သန်းလာလေသည်။ ရသကတော့ သူ့ကိုဂရုမစိုက်ပဲ အခြားဆီသို့သာ ငေးကြည့်နေသည်။ သူဘာကြောင့်များ မချင့်မရဲဖြစ်လာရတာပါလိမ့်…….
“လိုက်……လိုက် အဲ့ကားကိုအမှီလိုက်……ခွေးမသားတွေငါတို့ကိုကြောနေတာကြာပြီ”
ကားစပယ်ယာထံမှ ဒေါသတကြီးပြောလိုက်သောစကားကြောင့် မင်းသန့်ဇင်အရှေ့သို့ လှမ်းကြည့်လိုက်မိသည်။ သူတို့အရှေ့တွင် ပါရမီအထူးကားတစ်စီးကျော်တက်သွား သည်ကိုတွေ့ရသည်။ သူခပ်ကြောင်ကြောင်ဖြစ်နေစဉ် စပယ်ယာကလက်သီးလက်မောင်းတန်းပြီး ပြန်ကျော်တက်ဖို့ ပြောလာသည်ကိုတွေ့ရသည်။ ကားဆရာကလည်း အားကျမခံကားကိုလီဗာတင်လိုက်ပြီး အရှေ့မှကျော်တက်သွားတော့ ပါရမီကားနောက်သို့ အမှီလိုက်ပါသည်။ အနည်းငယ်မှီမလိုဖြစ်လာသောအခါ ဘေးမှနေ၍ကျော်တက်ရန် အရှိန်တင်လိုက်သည်။ ထိုအခါအနောက်မှလာနေသော Taxi ကားခေါင်းနှင့် သူတို့ကားခေါင်းတို့တိုက်မိတော့မလိုဖြစ်သွားသည်။
“ဟေ့…… ကိုယ့်ဆရာတို့ တစ်လမ်းလောက်ပေးပါနော်။ ကျေးဇူးပါ”
သူတို့ကားမှ စပယ်ယာက ပြတင်းပေါက်ထဲသို့ ခေါင်းဝင်ကာ Taxi ကားသမားကိုလမ်းတောင်းလိုက်လေသည်။ ထို့နောက် “ဆွဲ” ဟုအာပြဲကြီးဖြင့် အော်လိုက်ရာ အရှေ့မှကားဆရာက မြင်းများခြံထဲမှလွှတ်လိုက်သလို ကားကိုအရှိန်ဖြင့်လီဗာစွတ်တင်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ရောက်သွားသော ကားနောက်သို့လိုက်လေသည်။ အဖြစ်ပျက်များကိုကြည့်ရင် အက်ရှင်ဇာတ်ကြမ်းများကြည့်နေရသလို ရင်တုန်ပန်းတုန်းဖြစ်သွားမိသည်။ ဘုရား…..ဘရား ကားပြိုင်မောင်းနေကြပြီ။
“ဒီကားဆရာတွေကတော့ကွာ။ သူတို့လူလုတာအကြောင်းမဟုတ်ဘူး ငါတို့ကအရေးထဲ မသာပေါ်နေမှဖြင့်”
“သူတို့ကလူလုနေတာလား”
“ဟုတ်တယ် တခါတလေကျရင် လူမပါပဲနဲ့ကို တမင်သက်သက်ပြိုင်မောင်းကြသေးတယ်။ ဘယ်လိုလူတွေမှန်းကိုမသိဘူး”
“ဒုက္ခပါပဲ….. အဲ့ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ”
သူစိုးရိမ်တကြီးနဲ့မေးလိုက်သောအခါ ရသကသူ့ကိုစိုက်ကြည့်လာသည်။ ရသမျက်လုံးများထဲတွင် သူ့ကိုကြောက်နေသည်ဟုမြင်သွားသည်ထင်သည်။
“ဘာမှမဖြစ်ဘူး ငါရှိတယ်မကြောက်နဲ့ ကားကိုကောင်းကောင်းသာကိုင်ထား။ အန္တာရယ်ဖြစ်လောက်အောင်တော့ သူတို့မမောင်းလောက်ပါဘူး”
သူဘာမှမပြောတော့ပဲ ငြိမ်သက်နေမိသည်။ ကားမှာတရိပ်ရိပ်မောင်းနေရင်း အရှေ့မှကားကိုမှီကာစ ပြုလာသည်။ အရှေ့မှမီးပွိုင့်တစ်ခုသို့ရောက်သောအခါ မီးနီနေသဖြင့် ကားများရပ်နေသည်ကိုတွေ့ရသည်။ သို့သော်သူတို့ကားမှ ဘေးမှအခြားလက်တစ်ဖို့သို့ အလွတ်ယာဉ်ကြောလုပ်ထားသော လမ်းမှနေ၍ မီးပွိုင့်ကိုမရပ်တော့ပဲ ကျော်မောင်းလေသည်။ ထိုအခါအခြားလမ်းတစ်ဖက်မှထွက်လာသောကားများက အရှိန်လျော့လိုက်ပြီး ရပ်ပေးလိုက်ကြရသည်။ ပါရမီအထူးကားမှာလဲ ပွိုင့်မိနေသဖြင့် သူတို့ကားကိုလိုက် မကျော်နိုင်တော့ပဲကျန်ခဲ့လေသည်။ မီးပွိုင့်လွတ်သောအခါမှ သူသက်ပြင်းချမိသည်။ တော်သေးတယ် ဘေးမသီရန်မခလို့ နို့မိုဆိုရင်တော့မတွေးရဲဘူး…….
                                                                                        ဆက်ရန်ရှိသေးသည် -
                                                                                                             Lovealone
5 comments:
  1. အားပေးလျှက်... အပိုင်း(၃) မျှော်..
    ReplyDelete
  2. မြန်မြန်လေးနဲ့များများလေးရေးပေးပါဗျို့ :)
    ReplyDelete
  3. 3 ko myan myan lay write par ko author
    ReplyDelete
  4. ဇာတ်​ရှိန်​တက်​​နေမှဖြတ်​ဖြတ်​သွား​တော့ဖတ်​ရတာ........
    ReplyDelete
  5. အပိုင်း(၃) အပိုင်း(၃) အပိုင်း(၃) * chanting * so awesome pls continue
    ReplyDelete