This is the best gay website for Myanmar gay peoples.

Saturday, July 14, 2012

On 8:41 PM by Unknown in    No comments

ရေချိုးခန်းအတွင်းရှိ ကိုယ်လုံးတစ်ဝက်ပေါ်သည့် မှန်ကြီးရှေ့တွင် ဂီတ မိမိကိုယ်ကိုရပ်ကြည့်ရင်း သွေးဆိတ်နေသည်။ သူ့ခန္ဓာကိုယ်တွင်တော့ အဝတ်စားကင်းမဲ့လျက်။ မေးရိုးအနည်းငယ်ချွန်သည့် သူ့မျက်နှာသည် မှန်ထဲတွင် ကြည်လင်နုပျိုနေသည်။ အားကစားအနည်းငယ် လိုက်စားထားသောကြောင့် သူ့ခန္ဓာကိုယ်မှာ ဗလမရှိပေမယ့် ကြွက်သားများကတော့ တင်းရင်းလျှက်ရှိပြီး ရင်အုံအနည်းငယ်စွန့်ကား နေသည်။ မှန်ထဲတွင် မိမိကိုယ်ကို စိုက်ကြည့်နေရင်း ဘာရယ်မဟုတ်ပြုံးမိသေးသည်။ အနည်းငယ် နီညိုရင့်ရောင် သန်းနေသည့် သူ့ဆံပင်တွေက မျက်နှာရှေ့တွင် ကပိုကရိုဖြင့် ဝဲကျလျှက်ရှိသည်။



မှန်ရှေ့တွင် သူ့ခန္ဓာကိုယ်ကြီးက ငြိမ်သက်နေပေမယ့် မနောစိတ်အာရုံထဲတွင်တော့ အတွေးများဖြင့် ဆူညံကာပြားပန်းခတ်နေသည်။ သူ့တွင် အမြဲတမ်းလိုလို အထီးကျန်ချင်းဆိုသည့် ဝိညာဉ်အရိပ်ဆိုးကြီး ကကပ်ငြိနေသည်။ ဟုတ်သည် သူဘဝကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကတည်းကခြောက်ကပ်ကပ် နိုင်လွန်းခဲ့သည်။ ကလေးတစ်ယောက်အနေဖြင့် မိခင်ဖင်တို့၏ ရင်ခွင်တွင် နွေးနွေးထွေးထွေး တိုးဝှေ့ရမည့်အချိန်၌ သူသည် အိပ်ခန်းထဲတွင် တစ်ယောက်ထဲ အားငယ်ဝမ်းနည်းလျှက် ငိုကြွေးနေခဲ့ရသည်။ သူမူလတန်းကျောင်းသား ဘဝတွင် မိဘနှပါးက ကံဆိုးမိုးမှောင်ကျပြီး အလုပ်ကိစ္စအတွက် ခရီးတစ်ခုသို့အသွားတွင် ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားသည်။ ထိုအချိန်မှစ၍ ဘွဲ့တောင်မရသေးသော သူ့အကို မင်းမြတ်မောင်က အိမ်၏စီးပွားရေးတစ်ခုလုံး ကိုပုခုံးပြောင်းတာဝန်ယူလိုက် ရသည်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုလုံးကို စီမံဦးဆောင်နေသည့် သူ့အကိုက သူ့အတွက် လုံခြုံသည့်မေတ္တာ ကိုမပေးစွမ်းနိုင်ခဲ့ပါ။




သည်တော့ သူသည်လဲ တစ်ယောက်ထဲနေခဲ့ရသည့် အချိန်တွေကများ ခဲ့သည်ပေါ့။ နေကျင့်သားရလာသောအခါ သူသည်တစ်ခါတစ်ရံ လူတွေကိုဆက်ဆံရမည် ကိုပင်ဝန်လေးနေတတ်သည်။ ထို့အတွက် ပတ်ဝန်းကျင်က သူ့ကို ပေးအပ်သမုတ်ခဲ့သည်မှာ မာနကြီးသည်တဲ့။ အချိန်တန်လို့ တက္ကသိုလ်ရောက်လာပေမယ့် သူသည် အပေါင်းအသင်းဟူ၍ မယ်မယ်ရရမထားခဲ့ဖူးပေ။ သူ့အတွက်အဖော်တွေက စာအုပ်တွေနှင့် ရန်ဖံရန်ခါ ထွက်ပေါက်ရှာနေကြ အရက်ဆိုင်တွေဖြစ်နေခဲ့သည်။


သူတစ်ခါတစ်ရံ သွားသောက်တတ်သည့် စားသောက်ဆိုင်မှ သီချင်းဆိုသည့် မုန်တိုင်းဆိုသည့် နာမည်ခတ်ဆန်းဆန်းနဲ့ ကောင်လေးကိုတော့ သူခင်မင်ချင်ခဲ့သည်။ အခွင့်အရေးကြုံကြိုက်ပေမယ့် အကျင့်မရှိသော သူ့ပါးစပ်က လူတစ်ယောက်နားဝင်အောင် ချိုသာသည့်စကားလုံးများ ထွက်ဖို့ခဲရင်းနေသည်။ ထိုကဲ့သို့နှုတ်နည်းသောသူ့ကို မိန်းကလေးတစ်ချို့က ဆိုလျှင်လိုက်စရဲနေကြသည်။ မုန်တိုင်းချေထောက်ကို နင်းမိသည့်နေ့က သူကျောင်းကော်ရစ်တာမှ အလာခတ်ချွတ်ချွတ် မိန်းမအုပ်စုနှင့်တိုးသည်။



"ဟေ့ယူ...........လမ်းလျှောက်တာ မတ်တတ်ကြီးပါလားကွယ် ဟိဟိ"


"မိုက်တယ်ကွာ........ ကော်ပတ်ရုပ်ကလေးကျနေတာပဲ......"


"ဟဲ့........ဘယ်မှာလဲကော်ပတ်ရုပ်က"


"မြောင်းထဲမှာလေ....... မတွေ့ဘူးလား ခစ်ခစ်"

"နင်တို့ကလဲဟယ်...... အဲ့တာကော်ပတ်ရုပ်မဟုတ်ပါဘူး"


"ဒါဆိုဘာလဲ ........."

"

" ကျောက်ရုပ်လေ.............. ကျောက်ရုပ်ကြီး ဟိဟိ"




ထိုမိန်းမနောက်ပိုးများကြောင့် သူသည်မျက်နှာကြီးထူပူကာ ခပ်သုတ်သုတ်လျှောက်ရင်း မုမုန်းတိုင်းချေထောက်ကို မြင်ဘဲတက်နင်းမိ ခဲ့ခြင်းဖြစ်သည်။ အမှန်တစ်ကယ်ပဲ သူသည်လူတစ်ဖက်သားကို တောင်းပန်ခယသည့် အလုပ်မျိုးမလုပ်ခဲ့ဖူးပါ။ ထို့အပြင်သူ့နုတ်မှ ထွက်သောစကားများသည် သူကသဘောရိုးဖြင့်ပြော သည်ဖြစ်ပေမယ့် အခြားသူတစ်ယောက်အတွက် နားဝင်ခါးနေမှန်းသူမသိပါ။



မိမိကိုယ်ကို မှန်ရှေ့မှခွာကာ ကြွေကမုတ်အထက်ရှိ စတီးလက်ရန်းကို ဆွဲလှဲ့လိုက်သည်။ ကြွေပြားနံရံနှင့်ကပ်လျှက်ရှိသည့် ရေပန်းထဲမှ အငွေ့တထောင်းထောင်းဖြင့် ရေပူများသူ့ခန္ဓာကိုယ်ပေါ် သို့လိမ့်ဆင်းလာသည်။ သူ့ကိုယ်ပေါ်မှစီးကျသွား သည့်ရေများက ရေချိုးခန်းထောင့်စွန်း ရှိအပေါက်လေးထဲသို့ စီးဝင်သွားသည်။ ရေချိုးခန်း မျက်နှာကျက်တွင်တော့ ရေခိုးရေငွေ့များ လှိုင်တက်နေသည်။ သူဒီညနေကျလျှင်တော့ မုန်တိုင်းဆီသွားမည်။ မုန်တိုင်းကို သူအကြွေးဆပ်ရန်ရှိသေးသည်လေ။



***********


နေရောင်ဖျော့ဖျော့အောက်တွင် ပုံမှန်သွားလာလှုပ်ရှားနေကြသည့် တွန်းလှည်းဈေးသည်များ၊ ပြေးလွှားနေကြသည့် ကလေးသူငယ်များ၊ဈေးခြင်းတောင်းတွေ နှင့်ဈေးမှပြန်လာဟန်တူသော မိန်မများဖြင့် ညနေင်းတစ်ခု၏ သဘာဝသည် လိုအပ်ချက်မရှိ ပြည့်စုံနေသည်။ သူကားကို ငြိမ့်ငြိမ့်လေးမောင်းလာရင်း မုန်တိုင်း၏အိမ်ရှိရာ လမ်းကြားထဲသို့ ချိုးဝင်လိုက်သည်။ မုန်းတိုင်းအိမ်ရှေ့ရောက်ခါနီးတွင် သူကားစက်သတ်လိုက်ပြီး ကားကိုဖြေးဖြေးချင်းရပ်လိုက်သည်။ ကားပေါ်မှဆင်းကာ ကားတံခါးကိုပြန်ပိတ်လိုက်ပြီး အိမ်ကလေးရှိရာသို့ ကြည့်လိုက်သည်။ သော့ခတ်ထားပါလား ဒီကောင်ဘယ်သွားနေပါလိမ့်။



အိမ်ရှေ့တည့်တည့်သို့ ရောက်သော် တခါးပေါက်ရှေ့တွင် ညှပ်ထားသောစက္ကူခေါက် ကလေးကိုတွေ့သဖြင့် ဆွဲယူပြီးဖွင့်ဖတ်ကြည့်လိုက်သည်။


"ဂီတ...... ခဏစောင့်ဦးငါဈေးသွားနေတယ်။ မင်းလာမယ်ဆိုတာငါသိတယ်"


သူလာမည်ကိုကြိုသိနေပါလား ဒီကောင်ဘယ်လိုကောင်ပါလိမ့်။ စာခေါက်လေးကို ပြန်ညှပ်ထားလိုက်ရင်းသဘောကျစွာရယ်လိုက်မိသည်။ လက်မှလက်ပတ်နာရီ ကိုကြည့်လိုက်တော့ ညနေခြောက်နာရီ ထိုးခါနီးနေပြီဖြစ်သည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ လျှိုလိုက်ပြီး လမ်းမလေးထဲသို့ ဟိုကြည့်သည်ကြည့် ဖြင့်လေညှင်းခံရန် ထွက်လာခဲ့သည်။


"ရှင့်ကိုမရှိဘူးလို့ပြောနေတယ်နော် "


"မိန်းမရယ်...... ငါးရာတည်းပဲပေးပါကွာနော်"


"ရှင်ကတော့လေ..........အဲ့ဒီ့အရည်မသောက်ရရင်သေတော့မှာလား"


"မင်းကလည်း......... အရက်သောက်ဖို့မဟုတ်ပါဘူးဆိုနေ"


"ဒါဆိုဘာလုပ်ဖို့လဲ .........အိမ်မှာဆန်ကုန်နေပြီသိရဲ့လား။ သေချင်းဆိုးရဲ့ သူ့ပြောနေရတာနဲ့ပဲ ငတ်မှန်းလူသိတယ်"


"မိန်းမရယ် ဟိုကောင်နိုင်လင်းလေ ဒီရပ်ကွက်ထဲမှာတဲ့ ဗညားဟန်သီချင်းကို သူ့လောက်ပိုင်တဲ့လူမရှိဘူးတဲ့လေ ။ မင်းသိပါတယ် ဒီကောင်မောင့်ကို တမင်ကျောတာဆိုတာ ဗညားဆိုရင်မောင့်လောက်ကောင်းတဲ့လူ ဘယ်မှာရှိလို့လဲ"


"ဘာအဲ့ဒီတောက်တဲ့ လှည်းနင်းတဲ့အသံ နဲ့ကောင်ကဒီလိုပဲပြောသလား"


"ဟုတ်ပါတယ်ဆို"


"ဒါဆိုဒီအတိုင်းငြိမ်မနေနဲ့ သူ့ကိုနိုင်အောင်ဆိုခဲ့။ ရော့ငါးရာ ဆန်မလောက်ရင်ကျူပ်ချေးငှားပြီဲး ချက်ထားလိုက်မယ်"


"အေးအေး စိတ်ချ"


"သေချင်းဆိုးကြီးနိုင်အောင်ဆိုခဲ့နော်"


"အေးပါဆိုကွာ"



သူမရယ်ပဲမနေနိုင်တော့ပါ။ သူ့ရှေ့မှလင်မယားနှစ်ယောက်ပြောသော စကားများကိုကြည့်ပြီး စိတ်ထဲကြည်နူးသလိုလိုရှိလာသည်။ ဪ ဆင်းရဲပေမယ့် သူတို့ဘဝတွေက အဓိပ္ပာယ်ရှိလိုက်တာ။


"ဟေ့ကောင်.......... ဂီတဘာတွေပြုံးနေတာလဲ"


အသံကြားရာလှည့်ကြည့်လိုက်တော့ ဈေးခြင်းတောင်းကြီးကို ကိုင်ထားသော မုန်တိုင်းတွေ့ရသည်။


"လာ လာ အိမ်ထဲဝင်ရအောင်။ ငါမရှိတုံးမင်းရောက်နေမှာ စိုးလို့စာထားခဲ့တာတွေ့လား"


"အင်း တွေ့တယ်။ မင်းကငါလာမယ်မှန်း ဘယ်လိုသိလဲ"


"ဘယ်လိုမှသိတာမဟုတ်ဘူး မင်းပဲလာမယ်ပြောထားတာလေ ဒါကြောင့်ငါက လာသည်ဖြစ်စေမလာသည်ဖြစ်စေ စာကပ်ထားခဲ့တာမမှားဘူး ဆိုပြီးကပ်ခဲ့တာ"


"ဟားဟားဟား.................. မင်းတော်တော်ဦးနှောက်ပြေးတာပဲ"


မုန်တိုင်းကအရှေ့မှနေ၍ အိမ်တံခါးဖွင့်ပြီးဝင်သည်။ သူပါအနောက်ကနေ လိုက်ဝင်လိုက်သည်။ အိမ်ထဲသို့ရောက်သော်


"မင်းဒီမှာ ခဏထိုင်ဦး ငါမီးမွှေးလိုက်ဦးမယ်"


"အင်း"


မုန်တိုင်းမီးဖိုခန်းထဲ ဝင်သွားတော့ သူအိမ်ထဲကို လျှောက်ပတ်ကြည့်နေမိသည်။ အိမ်ခန်းတွင် ဧည့်ခန်းမရှိဘဲ ပလတ်စတစ်ထိုင်ခုံ နှစ်လုံးသာရှိသည်။ တစ်ယောက်ထဲ နေသည်ဆိုတော့လည်း သည်လောက်တော့ရှိမည်ပေါ့လေ။ အခန်းထဲမျက်စိကစားကြည့်ရင်း သူ့အကြည့်တို့က မုန်တိုင်းကုတင်ခေါင်းရင်းတွင် ကပ်ထားသောစာရွက်တွေဆီ အကြည့်ရောက်သွားသည်။ ဘာတွေကပ်ထားတာပါလိမ့်။



ကုတင်နားသို့ရောက်သော် ခေါင်းရင်းရှိစက္ကူတစ်ရွက်ကို လှမ်းဖြုတ်ပြီးကြည့်လိုက်သည်။ ဟာ... ဒီကောင်မိန်းမဖင်တုံးလုံးပုံတွေဆွဲ ထားတာပဲ။ ပုံတွေက အသက်ဝင်လှသည် မိန်းမတစ်ယောက်၏ ဝတ်စလစ်ပုံတွေကို ရှုထောင့်အမျိုးမျိုးကနေ ဆွဲထားခြင်းဖြစ်သည်။ သူပုံတွေကိုကြည့်ပြီးသဘောကျကာ အမှတ်တမဲ့ ကုတင်ပေါ်သို့ထိုင်ချလိုက်သည်။


"အား..............."


"ဟေ့ကောင်.......... ဂီတဘာဖြစ်တာလဲ"


"မုန်တိုင်း.......... လာပါဦး စူးတယ် စူးတယ်................ အား.........."


"ဟာ....ငါကုတင်ပေါ်မှာ ကြယ်သီးတုပ်ရင်း အပ်ကြီးချထားတာ။ မင်းတက်ထိုင် လိုက်ပြီနဲ့တူတယ်"



သူ့တင်ပါး အတွင်းသို့အပ်ကတော်တော်လေး နစ်ဝင်သွားသည်ထင်သည်။ တင်ပါးကြွက်သား ထဲတွင်စိမ့်ခဲ့နေအောင် နာကျင်လာသည်။ အပ်ကိုလဲမကိုင်ရဲ နာလဲနာနှင်သူ့မှာ ကုံးကုံးကွကွဖြစ်နေသည်။ မုန်တိုင်းက အနားသို့ရောက်လာသော်


"ငါဆွဲနုတ်ပေးမယ် ငြိမ်ငြိမ်နေ"


"စွပ်..........အား ........... နာတယ်"


"နာတာအရေးမကြီးဘူး .........မင်းအခုလောလောဆယ် ဘောင်းဘီချွတ်မှရမယ်"


"ဟာ............................... မချွတ်ပါဘူး"


"ဟေ့ကောင်မချွတ်လို့မရဘူး အပ်မှာသွေးတွေစွန်းနေတယ်။ မင်းတင်ပါးကို အရက်ပြန်နဲ့ဆေးရမယ် နို့မိုဆိုရင် မေးခိုင်ပိုးဝင်ပြီးဂန့်နေလိမ့်မယ်"


"ဟို....................... ငါရှက်"


"ဟေ့ကောင်............... ယောင်္ကျင်္ားအချင်းရှက်မနေနဲ့ ခဏပဲဟာကို"


"ဟို"


"ကဲ ချွတ်လေ........... ငါအရက်ပြန်ဘူးသွားယူလိုက်ဦးမယ်။"


သူမတတ်နိုင်သည့် အဆုံးမုန်တှိင်းစကားအတိုင်း လိုက်နာ၍ ဘောင်းဘီခါးပါတ်ခေါင်းကို လျှော့ပြီးဘောင်းဘီကို တင်ပါတစ်ဝက်ခန့်ရှောပေးလိုက်သည်။ မုန်တိုင်းက အရက်ပြန်ဘူးယူလာပြီး ဝါဂွမ်းစတွင် အရက်ပြန်နဲနဲစွတ် သည်။


"ကဲ ဟိုဘက်လှည့်။ အတွင်းခံဘောင်းဘီ တောင်ချွတ်မထားဘူး။ ရတယ်ငါ့တာဝန်ပေါ့ကွာ"


"စပ်လားမုန်တိုင်း"


"မစပ်ပါဘူး ...............မင်းဟာကအပ်ပေါက်ရာလေးပဲကို ပွန်းတာပဲ့တာမှမဟုတ်တာ။ ကဲ ငါသိပ်မမြင်ရဘူး လက်နဲ့စမ်းကြည့်မယ် ဘယ်နားလဲပြော"


မုန်တိုင်းက သူ့လက်အေးစက်စက်ကြီးဖြင့် တင်ပါးတွေကိုစမ်းသည်။ သူမနဲတွန့်မသွားအောင် ထိန်းထားရသည်။ ခဏခန့်စမ်းပြီးတော့ ဒဏ်ရာကိုတွေ့သွားဟန်တူသည်။ အေးအေးရှိန်းရှိန်း အရက်ပြန်စွတ်ထားသည့် ဂွမ်းစဖြင့်တို့တို့ပေးသည်။ ထို့နောက် လေဖြင့်ပါမှုတ်ပေးလိုက်သေးသည်။


"ဖူး ................. ဖူး"


"မင်းဘာလုပ်တာလဲ မုန်တိုင်း"


"အရက်ပြန်ခြောက်အောင် မှုတ်ပေးနေတာလေ။ ဖူး ........... ကဲရပြီ။ မင်းဘောင်းဘီပြန်ဝတ်တော့။"


"အင်း.................... ကျေးဇူးပဲကွာ"


"ရပါတယ် စကားမစပ် မင်းတင်ပါးကြီးက ဖြူပြီးနုနေတာပဲနော် ဟိဟိ"


"ခွေးကောင်......................"


မုန်တိုင်းက သူ့ကိုကြည့်ပြီး ရယ်ကျဲကျဲလုပ်နေသည်။ မုန်တိုင်းကရယ်လိုက်တော့ ချစ်ဖို့ကောင်းသည်။ ပါးနှစ်ဖက်တွင်ပါးချိုင့်လေးက အပြိုင်ထွက်လာသည်။ မုန်တိုင်းကိုကြည့်ပြီး သူ့ရင်ထဲ ပြောမပြတတ်သော ခံစားမှုကြီးတစ်ခု လှိုင်တက်လာသည်။ ခပ်နွေးနွေးကြီးဖြစ်သည်။သူ့ကိစ္စပြီးတော့ မုန်တိုင်းကမီးဖိုထဲ ပြန်ဝင်သွားသည်။


ညနေခုနှစ်နာရီ ထိုးခါနီးတွင် မုန်တိုင်းဟင်းချက်သည့် ကိစ္စပြီးဆုံးသွားသည်။သ သူကတော့ဘာမှ ဝင်ကူပြီးမလုပ်ပေးမိပါ။ လုပ်ခိုင်းရင်တောင် သူဘာမှမလုပ်တတ်ပါ။ မုန်တိုင်း စားပွဲပေါ်သို့ လာလာချနေသော ဟင်းခွက်များကို သူစိတ်ဝင်တစားကြည့်မိသည်။ ဟင်းရနံ့တွေက အငွေ့တထောင်းထောင်းဖြင့် သင်းပျံ့မွှေးကြိုင်လျှက်ရှိနေသည်။


"မုန်တိုင်း ဒါတွေက ဘာဟင်းတွေလဲ"


"ဝက်သနီချက်ရယ်၊ကင်ပွန်းချဉ်ရွက်နဲ့ မန်ကျည်းသီးကြော်ရယ်၊ သီးစုံပဲကလားဟင်းရယ်အဲ့ နောက်ပြီးတော့ ငပိရည်နဲ့အတို့အမြုတ်ပါသေးတယ်။ မင်းကိုမြန်မာဟင်းစစ်စစ်တွေ ချက်ကျွေးနေတာ"


မုန်းတိုင်းပြောပြီးတော့ သူခံတွင်းတွေစိုလာသည်။ အိမ်ကနေလဲ ဘာမှမစားခဲ့သောကြောင့် ဝမ်းဗိုက်ထဲက တကြုတ်ကြုတ်မြည်လာသည်။ မုန်တိုင်းက သူ့ရှေ့ကိုလက်ဆေးဇလုံကြီးလာချပေးသည်။သူ လက်ကိုဇလုံထဲသို့ နှစ်ကာဆေးလိုက်သည်။ ထိုအခိုက် ဇလုံထဲဆေးနေသော သူ့လက်တွေကို မုန်တိုင်းကစိုက်ကြည့်နေသည်။ဒီကောင်ဘာတွေ ကြည့်နေတာပါလိမ့်။


"စား.......... ဟေ့ကောင်အားမနာနဲ့ ခါတိုင်းဆိုငါတစ်ယောက်တည်း ထမင်းစားရတာ ပျင်းခြောက်ခြောက်နဲ့ စိုစိုပြေပြေကိုမရှိဘူး"


"အင်း.......... မင်းလဲထည့်စားလေ"


သူဝက်သားဖတ်တွေကို မုန်တိုင်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။ဧည့်သည်က အိမ်ရှင်ကိုပြန်ပြီးလော ကွတ်ပြုသည်ပေါ့လေ။


"မင်း ကိုဟင်းချက်ဘယ်သူသင်ပေးတာလဲ မုန်တိုင်း"


"ငါ့အမေ......... "


"ဪ မင်းမိဘတွေက နယ်မှာလား"


"မဟုတ်ဘူး အခုချိန်လောက်ဆို နတ်ပြည်ကိုရောက်နေလောက်ပြီ ဆုံးသွားကြပြီကွ။ ငါကိုးတန်းမှာ အမေက ပန်းနာရင်ကြပ်နဲ့ဆုံးတယ်။ ငါ့အဖေက အရက်ဂျိုးကြီးလေ သိပ်မကြာဘူး အမေ့နောက်ကောက်ကောက်ပါ အောင်လိုက်သွားတာပဲ။ သူ့မိန်းမကိုတော်တော် ချစ်ပုံရတယ်ကွ"


"မင်းကလည်း ကိုယ့်အဖေကိုကွာ။ ငါလည်းမင်းလိုပဲ မိဘတွေမရှိတော့ဘူး ကားအက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားကြတာ။ ငါ့မှာငါ့ထက် အသက်ဆယ်နှစ်ကျော်ကြီးတဲ့ အကိုတစ်ယောက်ပဲရှိတော့တယ်"


"ဟုတ်လား.......... ဒါဆိုမင်းနဲ့ငါနဲ့က ဘဝတူတွေပေါ့"




သူ့တို့နှစ်ယောက်စားပြီးသွားသော အခါမုန်တိုင်းက ပန်းကန်တွေကိုသိမ်းရန် အထဲပြန်ဝင်သွားသည်။ ခဏကြာတော့ပြန်ထွက်လာသည်။


"ငါအလုပ်သွားရတော့မယ် ဂီတ"


"ငါလိုက်ပို့ပေးမယ် ငါ့မှာကားပါလာတယ်"


"ဟုတ်လား မင်းကားဘယ်ကပြန်တွေ့လဲ"


"စားသောက်ဆိုင်မှာထားခဲ့တာကွ ကားသော့က စားပွဲထိုးလေးကကောက်ထား လို့ပြန်ပေးတယ်လေ"

"ဟက် ဟက် ဟုတ်လား"

"ကဲလာကားပေါ်တက် သွားကြမယ်"




***************



လောကတွင် သူမလုပ်ချင်ဆုံးနှင့် အမုန်းကိုပြောပါဆိုလျှင် စောင့်ရတဲ့အလုပ်ဟု အော်ဟစ်ပြောလိုက်ချင်သည်။ သူကိုယ်တိုင်ကလည်း စိတ်မရှည်ပါ။ တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေမည့် အစား ပြေးလွှားခုန်ပေါက်နေသည်ကမှ စိတ်ချမ်းသာဦးမည် ဟုသူထင်သည်။ တစ်ခါတစ်ကျတော့ မုန်တိုင်း စိတ်မရှည်တတ်သည့် ကိုယ့်ကိုယ်ကို အံ့သြမိသေးသည်။ သို့ပေမယ့် ယခုထက်ထိတော့ သူစိတ်ရှည်ရှည်ထားလျှက် စောင့်ဆိုင်းနေပါသေးသည်။ သက်မှတ်ထားချိန်ထက် နာရီဝက်စွန်းနေသည့်တိုင်အောင် ဆောင်းတစ်ယောက်ပေါ်မလာသေးပါ။ အအေးဆိုင်အတွင်းရှိ တိုင်ကပ်နာရီလေးကို တစ်ချက်လှမ်းကြည့်ရင်း လေးတွဲတွဲကြီးသက်ပျင်း ချမိလိုက်သည်။ ဘာတွေလုပ်နေလို့ အခုထိမလာနိုင်သေးတာလဲ ဆောင်းရယ်။


"မောင် ဆောရီး ဆောင်းနောက်ကျသွားတယ်"


"ရောက်လာသေးသားပဲ"


"ဆောင်းရေချိုးနေတာနဲ့ နဲနဲနောက်ကျသွားတယ် မောင်ရယ်။"


"ကဲ ဟုတ်ပါပြီ အခုဆောင်းမောင့်ကိုချိန်းထားတာ မောင်တို့ဘယ်သွားကြမှာလဲ"


"ရှော့ပင်ထွက်မယ်လေမောင်ရယ် သမီးရည်းစားဖြစ်ကတည်းက အတူတူတောင်မလည်ရသေးဘူး။ ။ပြီးရင် နေပြည်တော်မှာ ကားသစ်တင်တယ် သွားကြည့်ကြမယ်။"


"ကဲဒါဆိုလည်း သွားရအောင်ညနေကျရင် မောင်အလုပ်ရှိသေးတယ်"



သူအအေးဖိုးပိုက်ဆံ ကိုစားပွဲပေါ်သို့တင်ထား ခဲ့ပြီးဆောင်းလက်ကိုဆွဲကာ အအေးဆိုင်ထဲမှထွက်လာခဲ့သည်။ ဆောင်းက ဒဂုံစင်တာသွားချင်သည် ဆို၍သူတို့နှစ်ယောက် ဒဂုံစင်တာဘက်ကိုရှေ့တည် ထွက်လာခဲ့ကြသည်။ ဒဂုံစင်တာရောက်တော့ ဆောင်းက အလှပြင်ပစ္စည်းတွေ အရင်ဝယ်မည် ဟုပြောသဖြင့် Revlon အလှကုန်ကောင်တာ ရှိသည့်ဆိုင်ရှေ့တွင် ရပ်လိုက်ကြသည်။ ဆောင်းက နှုတ်ခမ်းနီတောင့်သေးသေးလေးသာ ယူပါသည်။ ဒါပေမယ့်သူကတော့ ငွေတစ်သောင်းကျော်ထွက်သွားသည်။

ထို့နောက် အပေါ်ထပ်သို့ တက်ကာဖိနပ်တွေကြည့်ကြသည်။ ဆောင်းက ဒေါက်ဖိနပ်လှလှလေး တစ်ရံလိုက်သည်ဟု ဆိုကာရွေးလိုက်သည်။ ငါးသောင်းကျော် ရှင်းလိုက်ရသည်။ ဆောင်းကြိုက်သည့် label တွေ band တွေက ကြောက်ခမန်းလိလိ ဈေးကြီးနေသည်။ သူ့ပိုက်ဆံအိတ်ထဲသို့ ကြည့်လိုက်သော် ငွေစက္ကူများများစားစား မကျန်တော့ပါ။ မင်းကိုချစ်ရတာ မလွယ်ပါလားဆောင်းရယ်။




ဒဂုံစင်တာမှ ဆောင်းကိုမနည်းရအောင် ဆွဲခေါ်ခဲ့ရသည်။ ဒါတောင်မှ င်္အကျီလေးတွေအဆင်လှတယ် လုပ်နေသဖြင့်အချိန်နောက်ကျနေပြီဟု လှည့်ပတ်ပြီးခေါ်ခဲ့ရသည်။ ထို့နောက် သူတို့နှစ်ဦးနေပြည်တော် ရုပ်ရှင်ရုံသို့ရောက်သည်။ ရုပ်ရှင်ပြီးတော့ ဆောင်းကိုအိမ်ပြန်ပို့ပေးကာ ပြန်လာခဲ့သည်။ ဒီနေ့အတွက်ရလဒ်က သူ့အတွက်ပျော်ရွှင်မှုများဖြစ်မနေပဲ လစာသုံးပုံပုံ တစ်ပုံလောက်ပြောင်သွားချင်းပင် ဖြစ်သည်။ ဟူး..........



*************





စားသောက်ဆိုင်ထဲတွင် သီချင်းသံမျာဖြင့်ဆူညံနေသည်။ သူဆိုရမယ့်အလှည့်ပြီးသွားတော့ မုန်တိုင်းစတိတ်စင်ပေါ်မှ ဆင်းလာခဲ့သည်။ အချိန်က ဆယ်နာရီကျော်နေပေမယ့် ဆိုင်ထဲတွင်တော့ လူမကွဲသေးပါ။ စတိတ်စင် အနောက်ဘက်ရှိ နားနေခန်းထဲသို့သူဝင်လာသည်။ အခန်းထဲသို့ရောက်သော် ထောင့်တွင်ထောင်ထားသော သူ့ဂစ်တာလေးကို လက်လှမ်းရန်ပြင်လိုက်စဉ်။



ဟင်...,.သူ့ဂစ်တာလေးနဘေးတွင် ချထားသောနှင်းဆီဖြူလေးတစ်ပွင့်။ သူ့နှလုံးသားတွေ လှိုက်ခုန်သွားသည်။ ကြည်နူးချင်းရေကြည်တွေက အမျိုးအမည်မသိသော လှိုက်မောဖွယ်ရာ ခံစားချက်ကြီးတစ်ခုနှင့် ပေါင်းစပ်ရောနှောကာ သူ့သွေးကြောထဲသို့ တစိမ့်စိမ့် မျှဉ်း၍စီးဝင်လာသည်။ ယခုတော့ သူ့စိတ်ဝင်စားနေခဲ့သည့် နှင်းဆီပွင့်လေးက သူ့ရှေ့တည့်တည့်တွင် လာရောက်ခစားနေချေပြီ။ သူနှင်းဆီပွင့်လေးကို ကောက်ကိုင်လိုက်ပြီး နှာခေါင်းတွင်တည့်ကာ မက်မက်မောမောနမ်းရှိုက်လိုက်သည်။



ထုံအီမွှေးနေသည့် နှင်းဆီပန်းရနံ့က သူ့နှာခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ဝင်ရောက်ကာ စိတ်ကိုလန်းဆန်းသွားစေသည်။ သူ့ရင်ထဲတွင်ပေါ့ပါး လတ်ဆတ်သွားပြီး အမောတွေပြေသွားသည်။ နှင်းဆီပန်းလေးကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး ဂစ်တာကိုလွယ်ကာ ဆိုင်နောက်ဖေးမှပတ်၍ ထွက်လာခဲ့သည်။ ဆိုင်ပြင်သို့ရောက်သည်နှင့် ညဥ့်လေအေးတစ်ချို့က သူ့ကိုတိုးဝှေ့ပွတ်သပ် တိုက်ခတ်သွားသည်။


"ဟေ့ကောင်............ မုန်တိုင်း"


အသံလာရာဘက်သို့ သူသမင်လည်ပြန်လှည့်ကြည့်လိုက်သည်။ ဂီတ ပါလား။


"မင်းအလုပ်ပြီးပြီလား ငါမင်းကိုစောင့်နေတာကြာပြီ"


"အင်း အခုပဲပြီးတယ်။ "


"ဒါဆိုလာ ကားပေါ်တက် မင်းအိမ်ကိုလိုက်ပို့ပေးမယ်"


သူကားခေါင်းရှေ့မှပတ်ကာ တစ်ဖက်ရှိပြတင်းပေါက် ကိုဖွင့်ပြီးတက်လိုက်သည်။ ဂစ်တာကိုအနောက်ခန်းထဲသို့ ထားလိုက်ပြီး ထိုင်ခုံပေါ်တွင် ပက်လက်မှီချလိုက်သည်။ ထိုအခိုက် သူ့င်္အကျီအိတ်ကပ်ထဲတွင် ထိုးထားသည့် နှင်းဆီဖြူလေးက ထွက်လာသည်။ ဂီတက သူ့ကိုအဲ့ဒါဘာလဲ ဆိုသည့်မျက်လုံးမျိုးဖြင့်ကြည့် နေသဖြင့် ခပ်မြန်မြန်ကောက် သိမ်းလိုက်သည်။


"မောင်းလေကွာ"



ညအေးအေး လသာသာအောက်တွင် သူတို့ကားလေးက တရိပ်ရိပ်ပြေးနေသည်။ အရှေ့မှမြင်ကွင်းတွေကိုတော့ ကားမီးရောင်ထိုးလိုက်သည် နှင့်ထင်းထင်းလင်းလင်း တွေ့ရသည်။ သူတို့နှစ်ဦးလုံးကားထဲတွင် ငြိမ်သက်လျှက် စကားမပြောဖြစ်ပါ။ ကားအတွင်းမီး အရောင်ကြောင့် စတီယာတိုင်ကို ကျွမ်းကျင်စွာ လှည့်နေသော ဂီတလက်နုနုလေးကိုမြင်နေရသည်။ ထိုလက်ကလေးတွေကို သူအတန်ကြာအောင် စိုက်ကြည့်နေမိသည်။



တဖြည်းဖြည်းဖြင့်ကားလေးသည် သူတို့လမ်းကြားထဲသို့ရောက်လာသည်။ သူ့အိမ်ရှေ့ရောက်တော့ ဂီတကကားစက်ကို အရှိန်လျော့ပြီးရပ်တန့်လိုက်သည်။ ကားမီးပိတ်သွားပြီး စက်သေသွားသည်နှင့် သူလည်းကားတံခါးဖွင့်ကာ ကားပေါ်မှဆင်းလိုက်သည်။ ဂီတကတော့ ဆင်းမလာပါ။


"ဟေ့ကောင် အိမ်ထဲဝင်ရအောင်လေကွာ"


"ငါမဝင်တော့ဘူး မုန်တိုင်း မင်းကိုလိုက်ပို့ချင်လို့ပဲစောင့်နေတာ။ ပြန်တော့မယ်။


"မင်းကလဲ စတွေ့တုန်းကတော့ တက္ကစီလေးတောင် ငါ့ကိုစီးခွင့်မပေးဘူး အခုမှတကူးတက စောင့်နေရတယ်လို့။ ကဲလာစမ်းပါကွာ မိုးလဲချုပ်နေပြီ ပြန်မနေနဲ့ငါ့အိမ်မှာပဲ အိပ်လိုက်တော့"


သူ့စကားဆုံးသည် အထိကားပေါ်မှမဆင်းသေးပဲ အင်တင်တင်လုပ်နေသေးသည်။ နဂိုဗီဇအရ သိပ်ပြီးစိတ်ရှည်သည် မဟုတ်သဖြင့် ကားပြတင်းပေါက်နားသို့ ကပ်သွားလိုက်ပြီး


"ဂီတ မင်းဆင်းမှာလာ မဆင်းဘူးလား။ မဆင်းရင်လည်းပြန်တော့ကွာ"


သူချာကနဲလှည့်ပြီး အိမ်ရှေ့သို့လျှောက် လာကာ တံခါးဖွင့်ပြီး လှည့်မကြည့်တော့ဘဲ အိမ်ထဲသို့ဝင်လာခဲ့သည်။


"မုန်တိုင်းနေပါဦး ဟေ့ကောင်ငါမင်းနဲ့ပဲ အိပ်တော့မယ် ဟေ့ကောင်"



သူအိမ်ထဲရောက်မှ ဂီတအသံက အပြင်ထွက်လာသည်။ အိမ်ထဲတွင် တစ်ယောက်ထဲ ကြိတ်ပြီးရယ်ချင် စိတ်ပေါက်လာသည်။ ဒီကောင် ငါစိတ်ဆိုးမှာတော့ ကြောက်သားပဲ။


************



နံနက်ခင်း၏ ဖျော့တော့တော့နေခြည်လေးသည် ပြတင်းပေါက် ကုလားကာ ကြားထဲမှနေ၍ ကုတင်ပေါ်ရှိ သူတို့နှစ်ဦးပေါ်သို့ထိုးကျလျှက်ရှိသည်။ သူ့တစ်ကိုယ်လုံး ရုံးမရဘဲ လေးလံတောင့်တင်းလျှက်ရှိသည်။ နဘေးရှိမုန်တိုင်းကို ကြည့်လိုက်တော့ အိပ်နေဆဲပင်။ ခြေထောက်တစ်ဖက်က ကားကားကြီးသူ့ခါးကိုခွထားသည့် အပြင်လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ပေါ်ကိုတင်ထားသေးသည်။ မုန်တိုင်း၏မျက်နှာက နေခြည်နုနုအောက်တွင် နူးညံ့လျှက်ပါးပြင်တဝိုက်တွင်တော့ အဆီလေးများအနည်းငယ် လက်ပြီးပြောင်ပြောင်လေး ဖြစ်နေသည်။ စင်းနေသော နှာရိုးအောက်တည့်တည့်တွင်တော့ ပန်းနုရောင်နှုတ်ခမ်းလေးက တင်းတင့်စေ့လျက် ရင်သပ်ရှုမောဖွယ်ရာ နမ်းချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုမအရှိလွန်းနေသည်။





ထိုမှတဆင့် နုနေသည့်သည့် လည်ပင်းတစ်လျှေက်တွင်တော့ အနည်းငယ် အရှေ့သို့ငေါထွက်နေသော လည်ဇလုတ်ကြီး ၏အောက်တွင်တော့ လည်ပင်းအရည်ပြားတွေက တင်းတင်းရင်းရင်းရှိနေပြီး အမွှေးနုကလေးတွေပေါက်နေသည်။ မုန်တိုင်းက ညကပုဆိုးဖြင့်ဝတ်အိပ်သည် ယခုမနက်မိုးလင်းတော့ ပုဆိုးကခါးမှာမရှိတော့ဘဲ လည်ပင်းအောက်ပိုင်းတွင် ပတ်နေသည်။



မုန်းတိုင်း၏ပေါင်တံကြီးက တောင့်တင်းသံမာပြီးသူ့ ကိုခွထားသည့် ပေါင်အရင်းပိုင်းတွင်တော့ အမွှေးတွေဖြင့်အသည်းယား ချင်စရာကောင်းလှသည်။ သူ့တစ်ကိုယ်လုံးလည်း တောင့်တင်းနေပြီဖြစ်သောကြောင့် မုန်တိုင်း၏ပေါင်ကြီးကို အသာမကာအောက်သို့ချလိုက်သည်။




ထို့နောက်သူကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်ရန် အားပြုလိုက်စဉ် မုန်တိုင်းဆီမှညည်းသံသဲ့သဲ့ ထွက်လာပြီး သူ့ကိုပြန်ပြီးသိမ်းကြုံးခွယူလိုက်ပြန်သည်။ မုန်တိုင်းကခွထားရုံဖြင့်အားမရဘဲ သူ့ခါးလည်တစ်ဝက်ရောက်ခါနီးထိ တက်ပြီးဖိထားသည်။ သူနှင့်မုန်တိုင်ကြားတွင် ခိုးလိုးခုလုပစ္စည်းနှစ်က နွေးတေးတေးကြီး ထိမိနေသောအခါ သူ့စိတ်ထဲမရိုးမရွဖြင့် ယားကျိယားကျိဖြစ်လာသည်။



သူ့တစ်ကိုယ်လုံး အကြောအချဉ်တွေတောင့်တင်းသွားပြီး လည်ချောင်းထဲတွင် ဟာတာတာကြီးဖြစ်လာကာ တံတွေးမျိုချလိုက်သည်။



"ဂလု............"



ရင်ဘတ်ပေါ်တွင် တင်ထားသောမိမိ လက်ဖြင့်ရင်ကိုစမ်းကြည့်သောအခါ တစ်လှပ်လှပ်လှုပ်ခုန်နေသော သူ့ရင်ခုန်သံက စီးချက်ညီညီပင်မီးရထားကြီး ခုတ်မောင်းသလို ဆူညံနေသည်။ ဘုရားဘုရား ငါရင်ခုန်နေတာလား။


ထိုအခိုက်မုန်တိုင်း ဆီမှတအင်းအင်းတအဲအဲ အသံကြားသဖြင့်လှည့်ကြည့်လိုက်တော့ မျက်စိနှလုံးပွင့်နေသည်ကိုတွေ့ရသည်။ မုန်တိုင်း၏လက်တစ်ဖက်က သူ့ဘယ်ဘက်လက်ကလေးကို လှမ်းဆုပ်လိုက်ပြီဲး ပွတ်သပ်ပေးနေသည်။ ဒီကောင်ဒီကောင် ငါ့ကိုဘာလုပ်နေတာလဲ ။


သူ့ကိုယ်ပေါ်ရှိအုပ်မိုးထားသော မုန်တိုင်းခန္ဓာကိုယ်ကြီးကို တွန်းချပစ်လိုက်သည်။သူ့ရင်ထဲ လှိုက်ဖိုနေသော စိတ်တို့က ဂနာမငြိမ်ဘဲ ယောက်ရပ်ခတ်နေသည်။ သူကုတင်ပေါ်မှ ဝုန်းကနဲခုန်ဆင်းပစ်လိုက်သည်။


"ငါပြန်တော့မယ်.............. မုန်တိုင်း"



မုန်တိုင်းက အံသြနေသောမျက်နှာအထင်း သားဖြင့်သူ့ကိုကြည့်ကာ ဘာမှမပြောဘဲ စွံ့အကာငြိမ်သက်နေသည်။ သူဖိနပ်ကို မြန်မြန်ပြင်စီးလိုက်ပြီး စားပွဲပေါ်ရှိကားသော့ ကိုယူကာ အိမ်ထဲမှ ထွက်ပြေးလာခဲ့သည်.............



                                                                                                     ဆက်ရန်ရှိသေးသည်

                                                                                                          lovealone:P

0 comments:

Post a Comment