This is the best gay website for Myanmar gay peoples.

Saturday, July 21, 2012

On 3:53 AM by Unknown in    1 comment
ဂီတသည်တစ်ခုခုကို အလိုမကျဖြစ်နေသည်။ သူစိတ်တွေသည် ရှုပ်ထွေးလျှက် ပြားပန်းခတ်နေသည်။ ဦးနှောက်သွေးကြောထဲတွင် အစိုင်အခဲကြီးတစ်ခု ပိတ်ဆို့နေသလို သူ့ခေါင်းတွေကိုက်ခဲနေ၏။ ရှင်းရှင်းဆိုရသော် သူစိတ်ညစ်နေပါသည်။ အခြေအနေက သူစိတ်ညစ်မည်ဆိုပါကလည်း စိတ်ညစ်စရာပါပင်။ ယခုသူရောက်နေသည့်နေရာက သူဘဝမှာတစ်ကြိမ်တစ်ခါမှ ရောက်လာရန်မမျှော်လင့်မိသော နေရာဖြစ်နေသည်။ ယခုသူအချုပ်ခန်းထဲတွင် ရောက်နေသည်လေ။


ညကြီးမင်းကြီးအချိန်မတော်မှ အိမ်သို့ရဲတွေရောက်လာသည်။ ရန်ဖြစ်ခဲ့သည့်အတွက်သူ့ကို စခန်းသို့ခေါ်လာကြခြင်းဖြစ်သည်။ အိမ်မှာသူ့အကိုရှိမနေ၍ တော်သေးသည်။ ရဲတွေကလည်းစုံစမ်းတာလဲ မြန်လိုက်ပါဘိ။ သူအိမ်ကိုရောက်ပြီး ဘာမှမကြာသေးပါ ချက်ချင်းရောက်လာကြသည်။ အိမ်ဖော်အဒေါ်ကြီးက သူ့ကိုကြည့်ပြီးမျက်ရည်တွေဖြင့် ကျန်ခဲ့သည်။ သို့ပေမယ့်ဘာမှမတတ်နိုင်တော့ ဖြစ်လေသမျှ အကောင်းဟုသာသတ်မှတ်ရတော့မည်။ မုန်တိုင်းအတွက်ပေးဆပ်ရသည်ပဲလေ တန်ပါတယ်။



စိတ်ညစ်ညစ်ဖြင့်အချုပ်ခန်းထဲသို့ ဝှေ့ဝိုက်ကြည့်နေမိသည်။ လေးဖက်လေးတန်လုံး သံတိုင်တွေဖြင့်သာကာရန်ထားသည်။ လူသားဆိုလို့သူတစ်ဦးထဲသာ ရှိသည်။ အနားတွင်တော့ အစောင့်ရဲတစ်ယောက်သာရှိသည်။ ထိုရဲကလည်း ကျောက်ရုပ်ဖြစ်နေသည်လားအောင့်မေ့ရသည် ရပ်နေသည်က တုတ်တုတ်မျှမလှုပ်။ ရာသီဥတု ပြောင်းခါနီး၍လားတော့မသိ ကိုယ်ထဲတွင် ရှိန်းတိန်းတိန်းဖြင့်နေရထိုင်ရသည်မှာ ပုံမှန်ကဲ့သို့မဟုတ်ပဲ အေးစိမ့်စိမ့်ဖြစ်နေသည်။


"ဝီ.....ဝီ......ဝီ........"


"ဖတ်......"



အနားတွင် တဝီဝီဖြင့်ပျံသန်းနေသော ခြင်တွေက ခွေးမောင်းသလိုမောင်းနေရသည်။ လူကိုပင်ချီတော့မည့်အလား နည်းသည့်ခြင်တွေမဟုတ်ပါ။ အချုပ်ခန်းထဲတွင် တစ်ယောက်ထဲထိုင်ရင်း ချမ်းစိမ့်စိမ်းဖြစ်လာသည်။ အိပ်လို့လဲပျော်မည်မထင်ပါ။ အိပ်ရအောင် လည်းစောင်မရှိခေါင်းအုံးမရှိနှင့် တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ သူ့လက်ဖဝါးတွေကို ဖြန့်ကြည့်လိုက်သောအခါ သွေးစသွေးနတစ်ချို့ ဖြင့်ပွန်းနေသည်ကိုတွေ့ရသည်။ သစ်သားချောင်းတုတ်က ရှသည်ထင်သည်။ ထိုအခိုက် အပြင်ဘက်မှ လူသံတစ်ချို့ ကြားရသဖြင့် သူခေါင်းမော့ကြည့်လိုက်သည်။







"ဆရာကြီး သူ့ကိုဟိုတစ်ယောက်နဲ့ အတူတူထည့်ထားလိုက်ပါ။ အခုတော့ညဉ်နက်နေပြီ မနက်ဖြန်မှပဲ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့"




"ဟုတ်ကဲ့ပါ ဆရာ"






သူအသံတွေကိုတော့ ပီပီပြင်ပြင်ကြားနေရသည်။ သို့ပေမယ်ရုပ်တွေကိုတော့ သည်းသည်းကွဲကွဲမမြင်ရပါ။ ထိုအခိုက်ရဲနှစ်ယောက်နှင့် လူတစ်ယောက် သူ့ဆီသို့လျှောက်လာကြသည်။ အနားရောက်၍ သည်းသည်းကွဲကွဲမြင်လိုက်ရသောအခါ သူထခုန်မတတ်ဝမ်းသာသွားသည်။ မုန်တိုင်းရောက်လာပြီလေ။




"ကျွီ............ဂျိမ်း........"






ခွေးတိုးပေါက်ကဲ့သို့ ပြုလုပ်ထားသော အချုပ်ခန်းတခါးကို ဖွင့်ပြီးမုန်တိုင်းကို ဝင်ခိုင်းသဖြင့် မုန်တိုင်းကလေးဘက်ထောက်ပြီး ဝင်လာလေသည်။ ထို့နောက်ရဲနှစ်ယောက်က တံခါးကိုဂျိမ်းကနဲ ဆွဲပိတ်ပြီးပြန်ထွက်သွားကြသည်။ မုန်တိုင်းက သူ့ကိုမြင်သောအခါ ကြောင်တောင်တောင်ဖြင့် ရပ်ပြီးငေးနေသည်။ သူမုန်တိုင်းကိုပြုံးပြလိုက်သည်။




"တွေ့ရတာဝမ်းသာပါတယ် မုန်တိုင်း"






မုန်တိုင်းက သူ့ကိုမဲ့ပြသည်။ ယခုမှအိပ်ယာထဲက ထလာသည့်ပုံစံပေါ်သည်။ ဆံပင်တွေက ထိုးထိုးထောင်ထောင်ဖြစ်နေသည်။ မုန်တိုင်းပုံစံက သူ့နားလာချင်သည့်ပုံမပေါ် ပေကပ်ကပ်လုပ်နေသည်။ သူအနားရှိနေရာလွတ် မေးငေါ့ပြလိုက်မှ မလာချင့်လာချင် ပုံစံဖြင့်အနားသို့ ရောက်လာသည်။ သူ့စိတ်ထဲမုန်တိုင်းကိုကြည့်ပြီး အူတွေယားလာသည်။ အတင်းဖက်ပြီးနမ်းပစ်လိုက်ရဟု တွေးနေမိသည်။






မုန်တိုင်းက သူ့အနားလာထိုင်သည်အထိ သူ့ကိုမကြည့်ပါပဲ မျက်မှောင်ကျုံ့ ပြီးအရှေ့တည့်တည့်ကိုသာ မျက်နှာမူထားသည်။ သူမုန်တိုင်းမျက်နှာကို ကုန်း၍ငုံ့ကြည့်လိုက်သည်။ မုန်တိုင်းက မျက်စောင်းထိုးပြီး သက်ပျင်းချကာ တစ်ဖက်သို့လှည့်သွားပြန်သည်။ ထို့နောက်မုန်တိုင်းထံမှ တောက်ခေါက်သံကြားလိုက်ရသည်။ မုန်တိုင်းဘာတွေအလိုမကျဖြစ်နေ တာပါလိမ့်။




"မင်းဘာတွေ မကျေမနပ်ဖြစ်နေတာလဲ မုန်တိုင်း"




"ရဲတွေမတရားဘူး ဟိုတရုတ်ကြီးနဲ့ သူ့လူတွေကိုကျတော့ မဖမ်းဘူး။ ငါတို့နှစ်ယောက်ကိုကျတော့ဖမ်းတယ်။ အဓိပ္ပါယ်ကိုမရှိဘူး"




"ရှုး........တိုးတိုးပြောပါ မုန်တိုင်းရာ ကြားသွားပါဦးမယ်။ မဖမ်းတာတော့မဟုတ်လောက်ပါဘူး ရှာမတွေ့သေးတာဖြစ်ပါလိမ့်မယ်"




"ကြားကြားကွာ........"






မုန်တိုင်းစိတ်ဆိုး၍ ထော်ထားသော နှုတ်ခမ်းတွေကိုမြင်တော့ ဂီတရယ်ချင်စိတ်ပေါက်သွားသည်။ ဒီလိုဂျစ်ကန်ကန် အမူအယာတွေကြောင့်ပဲ သူမုန်တိုင်းကို ချစ်မိခဲ့သည်လားမသိပါ။ သိပ်ပြီးသူစိမ်းဆန်တတ်သည့်သူ့စိတ်တွေ အကြင်နာတရား ပျောက်ဆုံးနေတဲ့ သူ့အပြုံးတွေ ကျောက်တုံးလိုအေးစက်နေတဲ့ သူ့နှလုံးသာတွေ ရည်ရွယ်ချက်ဆိတ်သုန်းပြီး အနာဂတ်ကင်းမဲ့နေသည့် သူ့ဘဝတွေ အားလုံး မုန်တိုင်းကြောင့် ပြောင်းလဲသွားသည်ပဲလေ။






အနာသိပြီးဆေးမရှိခဲ့သည့် သူ့ရင်ထဲက ဒဏ်ရာဟောင်းတွေသည် ယခုအခါ ပြန်လည်ထကြွလာသလို မုန်တိုင်းကိုမြင်လိုက်လျှင် သူ့စိတ်တွေစနိုးစနောင့် ဖြစ်ကာ မောဟိုက်နွမ်းလျလျှက်ရှိသည်။ ပြင်ပမှလေအေးတစ်ချို့ သံတိုင်တွေကြားထဲမှဖြတ်ကာ သူတို့ထံ ဝှီးကနဲတိုက်ခတ်သွားသည်။ သူ့တစ်ကိုယ်လုံးကျင်တက်သွားသလို အေးစိမ့်သွားသည်။ အအေးဓာတ်တွေက ပြောရသလောက်မ ပြင်းထန်ပဲ သူခိုက်ခိုက်တုန်အောင် ချမ်းနေမိသည်။ ချမ်းလွန်း၍ လက်နှစ်ဖက်ကိုပိုက်ကာ ဒူးခေါင်းကြားခေါင်းပု ပြီးထိုင်လိုက်၏။




"ဂီတ......"




"ဟင်......."




"မင်းဘာဖြစ်နေတာလဲ......"






မုန်တိုင်းက သူ့အဖြစ်ကိုမြင်သွားသည်ထင်သည် သူ့ကိုမေးလာ၏။ သူဘာပြန်ဖြေရမှန်းမသိတော့။ တော်တော်လေးချမ်းနေတာပဲ စိတ်ထဲမှာသိသည်။




"နည်းနည်းအေးလို့ပါကွာ ဘာမှမဖြစ်ပါဘူး"




"အေး.....ပြီးရော"






မုန်တိုင်းက တစ်ဖက်သို့ပြန်လှည့်သွားပြီး သူ့ကိုကျောပေးထားသည်။ သူမုန်တိုင်း၏ကျောပြင်ကိုသာ အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ ထိုအခိုက်သူ့ တစ်ကိုယ်လုံးတုံရီသွားကာ အချမ်းတက်လာပြန်သည်။ ထိန်းချုပ်ထားသည့်ကြားက ဣနြေ္ဒမဆည်နိုင်အောင် ခိုက်ခိုက်တုန်လာသည်။ သူ့နှုတ်မှယောင်၍ ညည်းသံသဲ့သဲ့ထွက်သွားမိသည်။




"..................."




"ဂီတ......မင်းအဆင်ပြေရဲ့လား"






သူခေါင်းပြန်မော့ကြည့်လိုက်တော့ မုန်တိုင်းကသူ့ကို မျက်ဝန်းစိုစိုတွေဖြင့်ကြည့်နေသည် ။မုန်တိုင်း၏အကြည့်မှရသော စိုးရိမ်မှုအငွေ့အသက်တို့သည် လွင့်ပျံလာကာ သူ့ရင်ခွင်တစ်ဝိုက်ပြန့်နှံ့လျှက် ရင်ဘတ်မှဖောတ်ကာ အသည်းနှလုံးထဲ တစ်စိမ့်စိမ့် စိမ့်ဝင်သွားသည်ဟုထင်ရသည်။ သူ့နှုတ်ခမ်းတွေသည် စကားပြောရမည်ကိုပင် အားနည်းနေသလိုဖြစ်လာကာ မုန်တိုင်းကိုစကားမဆိုပဲ ငေးကြည့်နေမိသ


ည်။




"ဂီတ.....ဂီတ....ငါပြောတာကော ကြားသေးလား။ မင်းဘာဖြစ်သွားတာလဲ ဟေ့ကောင်"




"ငါ.......ချမ်း......အရမ်းချမ်းနေတယ်.... .အီး....ဟီး.....ဟီး"






မုန်တိုင်းက သူ့စကားဆုံးသည်နှင့် သူ့နဖူးကိုလက်ဖြင့်စမ်းကြည့်သည်။ သူ့ခြေဖျား လက်ဖျားတွေကိုလက်ဖြင့် ဆုပ်ကိုင်ကြည့်သည်။ ထို့နောက်ငုံ့ထားသော သူ့ခေါင်းကိုမေးစိမှကိုင်ပြီး မော့ယူလိုက်ပြီး........




"ဂီတ မင်းကိုယ်တွေ ခြစ်ခြစ်တောက်ပူနေတယ်။ ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတာပဲ။ မင်းဖျားနေပြီ ဂီတ"




"အင်း.......ဟင်း........ဟင်း.....ငါချမ်းတယ်.....ချမ်းတယ်......မုန်တိုင်းငါအရမ်းချမ်းနေပြီ....."




"ဒုက္ခပါပဲကွာ ခဏလေး ငါအစောင့်ကိုပြောကြည့်ပြီး ဆေးတောင်းပေးမယ်။ ခဏလေးအောင့်ထား"






မုန်တိုင်းသူ့အနား မှထသွားသည်။ သူယောင်ရမ်းပြီးမုန်တိုင်းလက်ကို လှမ်းဆွဲထားလိုက်သည်။ သူ့မျက်လုံးတွေသည် မှုန်ဝါးချင်သလိုဖြစ်လာ၏။ သူ့အသားတွေသည် အေးစိမ့်အာ တဆတ်ဆတ်တုန်နေလေသည်။ သူ့နှုတ်ခမ်းတွေခြောက်ကပ်ကာ မှုန်တိုင်းကို တိုးညှင်းစွာစကားပြောလိုက်သည်။




"မုန်တိုင်း မုန်တိုင်း.......ငါ......ချမ်းတယ်"






မုန်တိုင်းက ရပ်တန့်နေရာမှ ဒူးခေါင်းကွေးကာထိုင်ချလိုက်ပြီး။ ဆွဲထားသည့်သူ့လက်တွေကို ဖြည်းညှင်းစွာဆုပ်ကိုင်ထားသည်။ ထို့နောက်နွေးနေသောသူ့ပါးပြင်တွေကို ယုယစွာပွတ်သပ်လာသည်။ မုန်တိုင်း၏မျက်နှာတွင် စိုးရိမ်မှုတွေ အထင်းသားတွေ့နေရသည်။ တညှင်းညှင်းတက်နေသည့်အဖျား နှင့်အတူ သူ့ရင်ထဲဝမ်းသာကြည်နူးချင်းတွေ ရောယှက်လျှက် အမျိုးအမည်မသိသော ခံစားချက်တွေဆို့နင့်ကာ သူ့ပါးပြင်တွင် မျက်ဝန်းအိမ်မှ မျက်ရည်ပူတွေ တဖြည်းဖြည်းချင်းလိမ့်ဆင်းလာသည်။






သူ့နှလုံးသားသည် ဓာတ်လိုက်သလိုကျင်တက်လာပြီး မီးလုံးကြီးတွေမျိုချနေရသလို လည်ချောင်းနှင့်ဝမ်းတွင်း၌ ပူလောင်ပြင်းပြလာသည်။ ဘာကြောင့်မှန်းမသိပါပဲ သူ့မျက်ဝန်းမှ ပူနွေးစိုစွတ်နေသည့်မျက်ရည်တွေ ကျလာသည်။ မုန်တိုင်းက သူ့ကိုစိတ်မကောင်းဟန်ဖြင့်ကြည့်ပြီး.......




"မငိုပါနဲ့ကွာ....... မင်းကလည်းယောကျာ်းမဟုတ်တဲ့အတိုင်းပဲ။ မင်းငိုတော့ငါ့ရင်ထဲမှာ တစ်မျိုးကြီးပဲ မငိုနဲ့တော့ကွာ.....ငါပြန်လာခဲ့မယ် ခဏလေးပဲစောင့် ဟုတ်ပြီလား"






စကားသံဆုံးသည်နှင့် သူ့အနားမှမုန်တိုင်းထွက်သွားပါသည်။ သူ့ရင်ထဲလစ်ဟာသွားသလို ကျန်ရစ်ခဲ့သည်။ တစ်ယောက်ထဲ တဟင်းဟင်းညည်းနေရင်း အဖော်မဲ့စွာအချုပ်ခန်းနံရံကို မှီထားလိုက်သည်။ ထို့နောက်သူ့မျက်လုံးတွေကို မှိတ်ထားလိုက်၏။ သူ့အမြင်အာရုံထဲတွင် အရာအားလုံးသည် မဲမှောင်နေလေ၏။ သူခဏတာမျှအနားယူပြီးမှေးနေလိုက်သည်။ သူအသိစိတ်တွေသည် ဝေဝါးလျှက်ပျံ့လွင့်နေသည်။ သူမလှုပ်မရပ်ငြိမ်သက်နေရင်း အမှောင်ထုကြီးထဲတွင် နက်မှောင်နေရင်း မဲနက်နေလေသည်။ တစ်အောင့်လောက်ကြာသောအခါ သူ့အနားသို့ခြေသံတစ်ခု ပြန်ရောက်လာသည်။






"ဂီတ လာထဆေးသောက်ရအောင်။ "




သူမျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။ မုန်တိုင်းက သူ့ရှေ့တွင်ဒူးထောက်ပြီးထိုင်ကာ သူ့ကိုပြူးကြောင်ကြောင်ဖြင့်ကြည့်နေသည်။ သူခေါင်းညှိတ်ပြလိုက်သည်။




"ရဲအစောင့်က သဘောကောင်းလို့တော်သေးတယ်။ မင်းအတွက်စောင်ပါးတစ်ထည်ပါ တောင်းလာခဲ့တယ်။ ကဲကဲ ဆေးအရင်သောက်လိုက်ဦး"




"အင်း......"






မုန်တိုင်းကသူ့ကိုထူပေးသည်။ သူအားယူပြီးမုန်တိုင်းကို ကိုင်ကာငုတ်တုတ်ထထိုင်လိုက်၏။ ထို့နောက်မုန်တိုင်းက ဆေးထုတ်ထဲမှ ဆေးတစ်ချို့သူ့လက်ထဲကိုထည့်ပေးသည်။ သူမုန်တိုင်းပေးသောဆေးတွေကို မော့ချလိုက်ပြီး ကမ်းပေးသောရေခွက်ကိုလှမ်းယူကာ ဆေးတွေကိုလည်ချောင်းထဲသို့ မျှောချလိုက်၏။ မုန်တိုင်းယူလာလို့သာသောက်ရသည် ဘာဆေးတွေမှန်းတော့ သူမသိပါ။ သို့ပေမယ့်လောလောဆယ် အဖျားသက်သာဖို့တကသာအရေးကြီးသည် မဟုတ်ပါလား။ သူဆေးသောက်ပြီးသွားသောအခါ မုန်တိုင်းကရေခွက်ကြီးကို သူ့လက်ထဲမှယူပြီးဘေးမှာချထား လိုက်၏။ ထို့နောက်အနားတွင်ရှိသော အညာစောင်ကိုသူ့ကျောမှပတ်ကာ သိုင်း၍ခြုံပေးသည်။






"မုန်တိုင်း ချမ်းနေသေးတယ်......အီးဟီး....ဟီး...."




"မင်းကတော့အသည်းအသန်ပဲ ဂီတရာ ။ ငါကတော့ချွေးပြန်နေပြီ မင်းချမ်းနေသေးရင်တော့ အဲ့ဒီ့စောင်ထဲကိုငါပါဝင်ပြီးခြုံပေးမယ်။ လူငွှေ့နဲ့ဆိုရင်တော့ မင်းအချမ်းပေါ့သွားမှာပါ။"






သူ့ပခုံးပေါ်မှစောင်စကိုဆွဲကာ မုန်တိုင်းကဆွဲခြုံလိုက်သည်။ ထို့နောက် သူ့ကိုသိုင်းဖက်ပြီးရင်ခွင်ထဲသို့ ဆွဲထည့်လိုက်၏။ သူအလိုက်သင့်လေးနေလိုက်ရင်း ပျော်နေမိသည်။ မုန်တိုင်းရင်ခွင်ထဲသို့ ရောက်သွားသောအခါ ကိုယ်ငွှေ့ ဖြင့်နွေးသွားသလိုရှိသည်။ မုန်တိုင်း၏ရင်အုပ်ထဲတွင် မှီနေသဖြင့် မုန်တိုင်း၏အသက်ရှုသံ နှလုံးခုန်သံတို့ကိုအတိုင်းသားကြားနေရသည်။ တစ်ခါတစ်ရံ မုန်တိုင်းဆီမှ တံတွေးမျိုချသံ တို့ထွက်ပေါ်လာ၏။




မုန်တိုင်းမျက်နာကို သူမော့ကြည့်လိုက်သောအခါ မျက်နှာကိုတစ်ဖက်သို့ လွှဲထားသည်ကိုတွေ့ရသည်။ မုန်တိုင်းရယ် မင်းနဲ့ဒီလိုအတူရှိနေရတဲ့အချိန်တွေက ငါ့အတွက်တန်ဖိုးမဖျက်နိုင်တဲ့ အရာတွေပါပဲကွာ။ ငါ့နှလုံးသားမှာ မင်းကိုတဆစ်ဆစ်နာနေအောင် ချစ်နေပေမယ့် မင်းငြိုငြင်သွားမှာစိုးလို့ ငါထုတ်မပြောတာပါ။မင်းကြောင့်ငါ့ရဲ့ ဘဝကြီးကပိုအဓိပ္ပါယ်ရှိသွားတယ် မုန်တိုင်း ဒါပေမယ့်မင်းအတွက်တော့ ငါဟာအဓိပ္ပါယ်မရှိတဲ့ လူသားတစ်ယောက်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ အချစ်ဆိုတဲ့အရာကို လူတွေကဘယ်လိုပဲသတ်မှတ်သတ်မှတ် ငါကတော့ အချစ်ဆိုတာချစ်နေဖို့ပဲလို့သတ်မှတ်ထားတယ် မုန်တိုင်းရာ။






ဒါပေမယ့် မတူညီတဲ့အချစ်အမျိုးအစားတွေကြားထဲ ရလဒ်တွေအချိုးကျလာတာတော့ ကွဲပြားနေမှာပေါ့။ လူ့ဘဝမှာ ဆန္ဒတစ်ခုကိုထုတ်ဖော်ချင်လျက်နဲ့ မြိုသိပ်ထားရတာလည်း ငရဲတစ်ခုလိုပါပဲမုန်တိုင်းရာ။ အချစ်ဆိုတဲ့အက်ဆစ်မီးနဲ့ တွေ့မှတော့ သံမဏိလိုမာနေရင်လည်း ငါ့နှလုံးသားက အရည်ပျော်မှာပါပဲ။ မင်းဆီက ငါမျှော်လင့်တဲ့အချစ်တစ်ခု မရနိုင်ဘူးဆိုရင်တောင် ငါ့ရင်ထဲကမင်းအတွက်လင်းနေတဲ့ ရင်ဝှက်လမင်းလေးကို မင်းမြင်အောင်ပြသခွင့်ရပါရစေ။






***********




မုန်တိုင်းမျက်လုံးနှစ်လုံးကိုဖွင့်ကြည့်လိုက်သည်။ မိုးလင်းနေခြေပြီ။ သူ့ရင်ခွင်ထဲတွင်ဂီတက အိပ်ပျော်နေဆဲပင် ဖြစ်သည်။ ရဲအစောင့်ပေးသည့် အညာစောင်ပါးပါးလေးဖြင့်သာ သူတို့နှစ်ယောက်ညကိုဖြတ်သန်းခဲ့သည်။ ဂီတသည် သူ့ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လိုအပြစ်ကင်းစွာ အိပ်ပျော်နေသည်။ သူ့လက်မောင်းတစ်ဖက်မှာလဲ ဂီတကိုဖက်ထားနေဆဲပင်။ ဂီတသနားပါသည် မနေ့ညကအဖျားတွေတက်ပြီး တဟီးဟီး ချမ်းနေရှာသည်။ သူ့ရင်ထဲတစ်ခါမှ မဖြစ်ပေါ်ဖူးခဲ့တဲ့ ထူးဆန်းတဲ့သနားတဲ့စိတ်တွေ ဖြစ်ပေါ်လာသဖြင့် မိမိကိုယ်ကိုတောင် အံ့သြမိသေးသည်။




ဂီတကရယ်ဖို့တော့အကောင်းသား နည်းနည်းလေးနေမကောင်းဖြစ်သည်ကို ငိုတော့သည်။ သူ့နှင့်အတူရန်ဖြစ်တုန်းကတော့ တစ်ကယ့်ယောကျာ်းရင့်မကြီး တစ်ယောက်လိုပါပင်။ သူတောင်မနိုင်သည့် လူသုံးယောက်ကို ခဏလေးနဲ့မှောက်သွားအောင် ရိုက်ပစ်လိုက်သည်။ ဒီကောင်တော်တော်လက်သံပြောင်သည်။ ယခုကျတော့လည်း မိန်းကလေးတစ်ယောက်လို နူးညံ့နေပြန်သည်။ မင်းကိုငါဘယ်လိုနားလည်ရမှာလဲ ဂီတရယ်။






"ဂြီ.....ဂြီ....."






အင်း....ဗိုက်ဆာလာပြီ။ မနေ့ညကတည်းက အစားအသောက်ဆိုလို့ ဘာမှမယ်မယ်ရရမစားခဲ့ရ။ ယခုတော့ ဗိုက်ထဲမှသံစုံတီးဝိုင်းတွေ မြည်နေချေပြီ။ ဆာသည်ဆိုမှ ရုတ်တရက်ကြီးပင် ထဆာလာသည်။ အနားတွင်စားစရာနှင့်တူတာဆိုလို့ ဂီတအတွက်တောင်းထားသည့် ဆေးထုပ်နှင့်ရေခွက်ကြီးသာရှိသည်။ ဘယ်လိုလုပ်ရမှာပါလိမ့်။




" ♪♫ ♪♫ oh.......ho...ho.....oh...... ♪♫ ♪♫…....oh....oh....oh.....o.....o............"






ရုတ်တရက် သူတို့နှစ်ယောက်ကြားထဲမှ အသံထွက်လာသဖြင့် သူလန့်သွားသည်။ ဖုန်း ringtone သံဖြစ်မည်ထင်သည်။ အသံကြောင့် ဂီတပါနိုးလာသည်။ သူ့ရင်ခွင်ထဲမှထလာက သူ့ကိုပြုးကြောင်ကြောင်မျက်လုံးတွေဖြင့် ကြည့်နေသည်။ သူလည်းဂီတကိုကြည့်ကာ ringtone သံထွက်နေသည့် သူတို့နှစ်ယောက်ကြားထဲသို့ လက်ညိုးထိုးပြလိုက်သည်။ ဂီတကအိပ်ချင်မူးတူးဖြင့် သူပြသည့်နေရာကို ဟိုစမ်းသည်စမ်းလုပ်သည်။ ခဏကြာတော့ ဘောင်းဘီအိတ်ကပ်ထဲမှ အသံမြည်နေသော mobile လေးထွက်လာသည်။ ဂီတကဖုန်း ခလုတ်ကိုနှိပ်ကာဖုန်းထူးလိုက်သည်။




"ဟယ်လို"




"............. ............ ................"




"ဟုတ်တယ် အကို"




“............ .. .............”




"အင်း အခုလာခဲ့ပါလား(.......) ကရဲစခန်းမှာ"




“.............. ............. ............”




"အင်း အဲ့ဒါဆိုဒါပဲနော်"






ဖုန်းပြောလို့ပြီးသွားသောအခါ ဂီတကသူ့ကိုကြည့်လာသည်။




"ငါ့အကို ရဲစခန်းကိုလာခဲ့မယ်တဲ့"




***********




နေရောင်ခြည်သည် မွန်းတည့်နေဆိုပေမယ့် မပြင်းလွန်းပါ ခပ်လွှာလွှာလေးလောကကြီးကို လွှမ်းခြုံထားပြီး ပတ်ဝန်းကျင်ကိုသာယာနေစေရုံကလွဲလို့ မိမိ၏ကိုယ်ပိုင်အပူဓာတ်တွေကို သိမ်းဆဲထားလေသည်။ ထိုနေရောင်ခြည်သည် စိမ်းမြသောမြက်ပင်ရှည်တွေကို ဖုံးအုပ်ထားလေသည်။ ထိုမြက်ပင်ရှည်များသည် မြေပင်မှအထက်သို့ တစ်ပေခန့်သာရှိပြီး ဦးခေါင်းတွေကိုင်းညွတ်လျှက် အအုပ်လိုက်အအုပ်လိုက် ဖြစ်နေသည်။ ပင်ကိုယ်သဘာဝအရ အစိမ်းဓာတ်ရှိပေမယ့် နေရောင်ခြည်နှင့်ပေါင်းစပ်တွဲဖက်လိုက်သောအခါ အစိမ်းရောင်မှာ အရောင်တောက်ကာ လေ၏ဆော့ကစားမှုကြောင့် လှချင်တိုင်းလှနေလေတော့သည်။




မုန်တိုင်းခြေလှမ်းတွေ ဖြေးဖြေးချင်းနှင့်ညင်ညင်သာသာလေးလျှောက်လာသည်။ မျက်စိပဒေသာကျစရာမြင်ကွင်း ဖြစ်သောကြောင့်သူငေးမောနေမိသည်။ လှလိုက်သည့်မြက်ပင်တွေ မျက်စိကိုကြည်လင်ပြီး အေးမြသွားစေသည်။ သူ့လက်ထဲတွင် လမ်းမှဝယ်လာသော ရေခဲမုန့်ကိုလျှာဖြင့် တို့ကာလျှက်ကြည့်လိုက်၏။ အရသာရှိလိုက်သည့်ဖြစ်ချင်း။ တစ်ခါတစ်လေတော့လည်း ဟန်ဆောင်မှုတရားတွေ မာန်မာနတရားတွေ အတ္တ္တတွေကင်းစင်တဲ့ ကလေးဘဝကိုသူပြန်သွားချင်မိသည်။ လောကကြီးမှာလူဖြစ်နေရခြင်းသည် ပျော်စရာမကောင်းတော့ဟု သူထင်သည်။






လူ့ဘဝကြီးသည် တိရိစ္ဆာန်တွေလို စားခြင်း၊အိပ်ခြင်း နှင့်ကာမပြုဖို့သာ လိုအပ်မယ်ဆိုရင်လည်း ကောင်းတော့အကောင်းသား။ တစ်ခါတစ်ရံတွင် အသက်ရှင်ရန်အတွက် မိမိခန္ဓာကိုယ်ကြီးကိုထိန်းကျောင်းမွေးမြူနေရခြင်းကိုပင် အလုပ်ပိုတစ်ခုဟုသူမြင်လာသည်။ သူ့စိတ်တွေ သုံးမရတော့တဲ့ ဓားအတုံးလိုသံချေးတွေတက်နေခဲ့သည်။ ထို့အတူသူ့ဦးနှောက်သည်လည်း အဆီတွေပိတ်ကာ ခဲနေပြီးစဉ်းစား၍မရခဲ့သည်မှာ ကြာလေပြီ။ လူတစ်ချို့ပြောတာသူကြားဖူးသည် လောကမှာဖြစ်ချင်သည့်ဘဝကို ဖြစ်ခွင့်မရသည်ထက် ဖြစ်နေသည့်ဘဝကို အကျိုးရှိအောင်အသုံးမချတတ်ခြင်းက သာလွန်များပြားစွာ ကံနိမ့်ခြင်းဟုဆိုကြသည်။




သူလည်းထို့သိုသောကံနိမ့်မှုတွေကြားထဲက ကံနိမ့်သူလူသားတစ်ဦးဖြစ်နေပြီလား မသိပါ။ သို့မဟုတ်ပါက ပန်းတိုင်မရှိဘဲ ပြေးနေရသည့် တာဝေးအပြေးသမားတစ်ဦးလို ရောင်ချာချာနိုင်နေသည်လား မပြောတတ်ပါ။ ဤသို့ဆိုလျှင် အရူးထောင်ထဲတွင် အပိတ်ခံထားရသည့်အရူး ကမှ အသက်ရှင်နေရသည်မှာသူ့ထက်ပိုပြီး အဓိပ္ပါယ်ရှိပါလိမ့်မည်။ တစ်ကယ်တော့ သူ့ဘဝကြီးသည် အဆံကျွတ်နေသည့် ပင်လယ်ကျောက်ဆောင်ကြားက ခရုခွံကြီးလိုပါပင် ဟိုဘက်သည်ဘက်ဟောင်းလောင်းပေါက်ကာ ခြောက်သွေ့လျှက် အစွန့်ပစ်ခံထားရသည်ပဲလေ။






တွေးလက်စသူ့စိတ်ကူးအပိုင်းအစတွေကို သက်ပြင်းနှင့်အတူမှုတ်ထုတ်လိုက်ကာ အဝေးမှပြေးလာသော လေပြေလေနုလေးတွေကို စောင့်ပြီးတစ်ဝကြီးရှုသွင်းပစ်လိုက်သည်။ ထို့အတူလက်နှစ်ဖက်ကိုလည်း ဆန့်တန်းကာ မျက်လုံးတွေကိုလည်းစုံမှိတ်ထားလိုက်၏။ လတ်ဆတ်ခြင်းတွေ နုပျိုခြင်းတွေ အပြုံလိုက်အငွေ့အသက် အဖြစ်လွင့်ပျယ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ပြီးဝင်ရောက်လာသလို ရင်ထဲပေါ့ပါးလန်းဆန်းသွားလေသည်။ အရည်ပျော်လုနီးနေသော သူ့လက်ထဲမှရေခဲမုန့်ကို ကြည့်ရင်းစိတ်ရှိလက်ရှိ ကိုက်ပစ်လိုက်သည်။ ရေခဲခရင်တွေအများကြီး သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာ၏။ လမ်းပေါ်ရှိကောင်မလေးတစ်ချို့ သူ့ကိုကြည့်ရင်းပြုံးစိစိလုပ်သွားကြသည်။ သူယောင်ရမ်းပြီး နှုတ်ခမ်းကိုသုတ်လိုက်မိ၏။ ထင်သည့်အတိုင်းပါပင် ရေခဲမုန့်နှစ်တစ်ချို့ သူ့လက်ထဲပါလာသည်။ သူ့နှုတ်ခမ်းတွင်ရေခဲမုန့်တွေပေနေလေသည်။






မိမိဖာသာရယ်မိလိုက်၏။ ဒီနေ့ကျမှ ရေခဲမုန့်ကိုဘာစိတ်ကူးပေါက် ၍လည်းမသိ တော်တော်စားချင်စိတ်ပေါက်နေသဖြင့် ဝယ်လိုက်ခြင်းဖြစ်သည်။ မနေ့က ဂီတအကိုရဲစခန်းကိုရောက်လာပြီး အာမခံပေးသဖြင့် သူတို့နှစ်ယောက် အချုပ်ခန်းထဲမှလွတ်လာခဲ့သည်။ အမှုမှာစားသောက်ဆိုင်မှ တိုင်တန်းထားသဖြင့် ကျေနပ်အောင်လျော်ပေးခဲ့ရသည်။ ကိစ္စတွေအားလုံးဂီတ၏အကိုကသာ လုပ်ပေးသွားလေသည်။ ဂီတကိုသူ့အကိုက တော်တော်ချစ်ပုံရသည် သူ့မှာလည်းအဲ့လိုဂရုစိုက်မည့် အကိုတစ်ရောက်လောက်ရှိရင်တော့ အကောင်းသား။ ရန်ဖြစ်ထားသောကြောင့် မျက်နှာတွင်အနည်းငယ်ရောင်နေသဖြင့် သူကျောင်းမသွားတော့ပါ။ ထို့အတွက်သူဒီနေ့အားနေသည်။ အိမ်တွင်တစ်ယောက်ထဲ ပျင်းပျင်းရှိသဖြင့် အပျင်းပြေလမ်းလျှောက်ထွက်လာရင်း တိုက်တွေဆောက်ရန်လွတ်နေသည့် မြက်ခင်းပြင်ကြီးကိုကြည့်ကာ ငေးမောနေမိခြင်းဖြစ်သည်။




သူလမ်းဆက်လျှောက်လာရင်း သူ့ရှေ့တွင်ကောင်လေးနှစ်ယောက် ရပ်တန့်နေသည်ကိုတွေ့ရသည်။ ကောင်လေးနှစ်ယောက်လုံးသည် ငြိမ်သက်လျှက်ရှိနေကြပြီး တစ်ဦးနှင့်တစ်ဦးစိုက်ကြည့်နေကြသည်။ သူတို့ချင်းကြည့်နေကြသည့် မျက်ဝန်းတွေတွင် ဝမ်းနည်းမှုအရိပ်တွေ ယှက်သန်းလျှက် စိုစွတ်နေသည်။ အရပ်အနည်းငယ်မြင့်သော ကောင်လေးထံမှ အရင်ဆုံးစကားသံတွေ ကွဲအက်စွာထွက်ပေါ်လာသည်။




"မင်းငါ့ကိုမချစ်ဘူးလား မင်းငါနဲ့ခွဲပြီးနေနိုင်လို့လား အမှန်တိုင်းဖြေ မင်းညာဖို့မကြိုးစားနဲ့။ ငါတို့နှစ်ယောက်ကြားထဲက သံယောဇဉ်ကို မင်းလစ်လျုရှုပစ်လိုက်တော့မှာလား။ မင်းငါ့ကိုထားပြီး ဟိုးအဝေးကြီးကို ထွက်သွားတော့မယ်ပေါ့လေ ဟုတ်လား"




"ငါမင်းကိုသံယောဇဉ် မရှိလို့မဟုတ်ပါဘူး။ မင်းကိုမချစ်လို့လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ငါမင်းကိုမထားချင်လည်း ထားခဲ့ရမှာပဲ။ ငါ့မိဘတွေရဲ့ဆန္ဒကို ငါမှမလွန်ဆန်နိုင်တာ။ ငါမင်းကိုထားပြီး ငါ့မိဘတွေနောက်ကိုလိုက်သွားရလိမ့်မယ်။ "




"ဟင့်အင်း မဟုတ်ဘူး မင်းငါ့ကိုမချစ်လို့ပဲနေမှာ။ ငါသိတယ် မင်းငါ့ကိုမချစ်လို့ ။ မင်းအစတည်းက ငါ့ကိုမချစ်ပဲနဲ့ချစ်ဟန်ဆောင်ခဲ့တာ မဟုတ်လား"




ထိုကောင်းလေး၏ စကားဆုံးသောအခါ ဒုတိယကောင်လေး၏ မျက်ဝန်းမှ မျက်ရည်တွေတလှိမ့်လှိမ့်စီးကျလာလေသည်။ ထိုနောက်တုန်ရီကွဲအက်နေသော အသံတွေဖြင့်......




"လင်းရယ် မင်းငါ့ကိုသတ်ချင်သတ်သွားပါ ဒီစကားကြီးနဲ့တော့ ငါ့ကိုမနှိပ်စက်ပါနဲ့ကွာ။ ငါ့နှလုံးသားက အဲ့ဒီ့လောက်ခံနိုင်ရည်မရှိလို့ပါကွာ။ ငါတောင်းပန်ပါတယ်နော် အဲ့လိုတော့မပြောပါနဲ့"




"မသိဘူး မင်းကိုမယုံဘူး မင်းငါ့ကိုမချစ်လို့ပဲ။ "




"ငါ့ဖက်ကိုလည်းစာနာပေးပါဦးကွာ ငါ့မှာရွေးစရာလမ်းမရှိတော့လို့ပါကွာ"




"တော်တော့ ငါဘာမှမသိချင်တော့ဘူး ။ ငါ့အသည်းနှလုံးလည်း တစ်စစီစုတ်ပျက်သက်သွားပြီ။ အဲ့ဒါမင်းကြောင့်…………… အဲ့ဒါမင်းကြောင့်"






ထိုကောင်လေးသည် သူပြောချင်တာပြောပြီးသည်နှင့် လမ်းတစ်ဖက်သို့ထွက်ပြေးသွားလေသည်။ ကျန်ခဲ့သည့်ကောင်လေးမှာ ပူဆွေးကြေကွဲလျှက် တကြော်ကြော်အော်ပြီးကျန်ခဲ့လေသည်။ ကောင်းကင်ကြီးသည် စောစောကလို ပွင့်လင်းမနေတော့ပဲ ပြာရီဝေလျှက်ရှိလာသည်။ ပတ်ဝန်းကျင်သည် မိုးအုံ့သကဲ့သို့ ညို့မှိုင်းသွားသည်။ လေတွေတဟူးဟူး တိုက်ခတ်လိုက်သောအခါ လမ်းဘေးရှိစိမ်းစိုနေသော သစ်ပင်များသည် ဘယ်ညာယိမ်းနွဲ့ကာ လှုပ်ရှားနေလေသည်။ ထိုကောင်လေးသည် လမ်းမကြီးပေါ်တွင် တောင့်တင်းစွာရပ်တန့်လျှက်ရှိပြီး ငြိမ်သက်နေလေသည်။ သူ၏လက်နှစ်ဖက်တွင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား သည်ကိုတွေ့ရသည်။






မုန်တိုင်းလက်ထဲမှ ရေခဲမုန့်သည် အရည်ပျော်ကာ တစ်ဝက်ကျိုးပြီးအောက်သို့ ပြုတ်ကျသွား၏။ သူငုံ့ကြည့်လိုက်သောအခါ သူ့ဘိုးဖိနပ်ထိပ်တွင် ရေခဲမုန့်တွေပေနေလေသည်။ မုန်တိုင်းပါးစပ်အဟောင်းသားဖြစ်နေသည်။ သူဘာဖြစ်သွားတာပါလိမ့်။ အံ့ဩနေသည်လား။ စိတ်မကောင်းဖြစ်နေသည်လား။


သို့မဟုတ်ပါက ထူးဆန်းသည့်မြင်ကွင်းကြောင့် မှင်သက်စွာတွေဝေနေမိသည်လား။ ထိုကောင်လေးနှစ်ယောက်ကိုကြည့်ပြီး သနားကာဝမ်းနည်းနေသလိုဖြစ်လာသည်။ ထို့အတူ ဂီတ၏မျက်နှာသည် သူ့အတွေးထဲတွင် ပေါ်လာလေ၏။ ဂီတနေရောကောင်းရဲ့လားမသိပါ။ ဟူး.........သူဘာဖြစ်နေတာပါလိမ့် ဂီတကိုတွေ့ချင်နေသည်လား။






မေးခွန်းပေါင်းသောင်းခြောက်ထောင်လောက် သူ့ဦးနှောက်ထဲတွင် စဉ်းစားမရအောင် ပြည့်ကြပ်လာ၏။ သူခေါင်းထဲတွင် အတွေးများစွာလှိုင်းဂယက်ထပြီး တွန့်လိမ်ကောက်ကွေးကာ ရှုပ်ရှပ်ခတ်နေလေ၏။ သူ့မျက်လုံးထဲတွင် ပုံရိပ်တစ်ချို့ဝေဝါးစွာ ထင်ဟပ်လာသည်။ ဆောင်းနှင့်သူထိုင်ခုံတန်းလျား ပေါ်တွင်ထိုင်နေကြသည်။ ထို့နောက်ဆောင်းက သူ့ပခုံးပေါ်သို့မှီထားလေသည်။ ထိုပုံရိပ်နှစ်ခုသည်တစ်ဖြေးဖြေးဖြင့် ဝေဝါးလာပြန်သည် ထိုဝေဝါးနေသည့်ပုံရိပ်တွေပေါ်မှ နောက်ထပ်ပုံရိပ်တစ်ခု ထင်ဟပ်လာပြန်သည်။ မိုးတွေအရမ်းရွာနေသောည ဖြစ်သည်။ တက္ကစီကားပြတင်းပေါက်ထဲမှ ဂီတပုံကိုမြင်ယောင်လာသည်။ ထို့နောက် သူနှင့်ဂီတ ကုတင်ပေါ်တွင် တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်း ကုတင်အောက်သို့ပြုတ်ကျသွားသည်။ သူ့အပေါ်သို့ဂီတက ရောက်နေကာ ဂီတနှုတ်ခမ်းတွေသည် သူ့နှုတ်ခမ်းတွေဖြင့်နီးလာလေ၏။ တောင်ကုန်းမြင့်တစ်ခုပေါ်ကနေ အသူရာချောက်နက်ထဲ ပြုတ်ကျသွားသလို သူ့အသည်းတွေအေးကနဲဖြစ်သွားသည်။ ဂီတ၏ နှုတ်ခမ်းကသူ့နှုတ်ခမ်းနှင့် ထိခါနီးအလိုမှာတော့ သူ့ရင်ဘတ်ကြီးတစ်ခုလုံး ကျင်တက်သွားသလို စူးနင့်ကာအောင့်လာသည်။ သူ့နှုတ်ဖျားမှ စကားလုံးတစ်ချို့သဲ့သဲ့လေးထွက်လာသည်။




"ဂီတ.........."




ခြောက်ကပ်စွာရေရွတ်မိလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အကြောအချင်တွေသည် တောင့်တင်းကား သွေးလည်ပတ်စီးဆင်းမှုမရှိတော့သလို အေးခဲနေလေသည်။ သူ့ရှေ့မှကောင်လေးနည်းတူ သူလည်းငြိမ်သက်စွာ ရပ်တန့်နေမိသည်။ သူ့ခန္ဓာကိုယ်ကြီးကမလှုပ်မယှက် ရပ်တန့်နေပေမယ့် သူ့အာရုံတွေကထွေပြားစွာ ရှုပ်ရှုတ်ခတ်လျှက် အရှိန်အဟုန်ဖြင့် ပြေးလွှားနေလေ၏။ သူ့အာရုံထဲတွင် ဂီတ၏မျက်နှာများကိုသာ မြင်ယောင်လာသည်။ သူဂီတကိုလွမ်းနေသည်လား။ သူဂီတကိုတွေ့ချင်နေသည်လား။ ဒီလိုဆို သူဂီတကို......ချစ်....နေ.....မိ......သည်.......လား။




သူခေါင်းကိုတွင်တွင်ခါပြီး ရမ်းလိုက်သည်။မဖြစ်နိုင်ပါ လုံးဝမဖြစ်နိုင်ပါ။ သူအတွေးလွန်သွားတာပဲဖြစ်မည်။ ထိုနေရာမှ သူချာကနဲလှည့်ပြန်ခဲ့သည်။ အိမ်ရောက်တော့ ကုတင်ပေါ်စိတ်ရှိလက်ရှိ ပစ်လှဲချလိုက်သည်။ ဟူး..............














************






ကောင်းကင်ပေါ်ရှိ တိမ်လွှာတွေသည် လမင်းကြီးနှင့်အတူ ပန်းချီအဆွဲခံရန် အသင့်ဖြစ်နေသလို လှပကျော့ရှင်းနေလေ၏။ လမင်းကြီးသည်လည်း ပြုံးပြုံးကြီးလုပ်နေကာ ကောင်းကင်ပေါ်တွင် မိန့်မိန့်ကြီး အခန့်သားတည်ရှိလျှက်ရှိသည်။ ထို့အတူနို့နှစ်ရည်နှင့်တူသော လရောင်ဖွေးဖွေးလေးသည်လည်း လောကတခွင်ကို လွှမ်းခြုံထားလေသည်။ ထိုနို့နှစ်ရည်လရောင်တို့သည် နှင်းဆီဖြူများပေါ်တွင် ဖြန်းပတ်လျှက်ရှိပြီး တစ်ချက်ချက်သယ်ပွေ့လာသော လေအေးနုတစ်ချို့ နှင့်အတူရနံ့တွေ ထုံအီဆွတ်ပျံ့လျှက် ပတ်ဝန်းကျင်တစ်ခုလုံး ယဉ်ယဉ်လေးသင်းနေလေသည်။






ထိုနှင်းဆီပင်များအနီးတွင်တော့ ပြာလဲ့နေသောရေအပြည့်နှင့် ရေကူးကန်ကြီးရှိသည်။ ထိုရေကူးကန်၏အနားဘောင်တွေသည် အင်္ဂတေကြွေပြားတွေဖြင့် ဖြင့်ပြုလုပ်ထားသည်။ ထိုကြွေပြားတွေအထက်တွင်တော့ ဖိနပ်မပါဘဲ ဖြူနုနေသောခြေစစ်ခြေဖမိုးတို့ဖြင့် ခြေဗလာလမ်းလျှောက်နေသော လူသားတစ်ဦးရှိသည်။ ရေကန်ကြီး၏ပြာလဲ့ကြည်လင်နေသော ရေပြင်ပေါ်သို့ ကျရောက်နေသော မီးရောင်တစ်ချို့သည် လျှပ်တံထပြီးအလင်းပြန်ကာ လမ်းလျှောက်နေသော ထိုလူသား၏ မျက်နှာပေါ်သို့ တလက်လက်သွားရောက်ထင်ဟပ်နေလေသည်။






ညသည်ခြောက်ကပ်နေလေသည်။ လွမ်းမောဖွယ်ရာတွေ ပြည့်ဆွတ်လျှက် ကြေကွဲခြင်းအနုပညာ လက်ရာမြောက်သည့် မှန်ပြတင်းပေါက်တစ်ချပ်လို ဂီတ၏မျက်နှာသည် ဆွေးစစနိုင်လွန်းနေသည်။ ထုံးစံအတိုင်း ဘောင်းဘီရှော့ပင်လေးထဲကို လက်ထိုးထည့်ပြီး သူလဆာလှုံနေမိသည်။သူ့ဘဝကြီးသည် ရှုံးဖို့သက်သက်ပဲ သူ့ကိုမွေးဖွားထားသလားမသိပါ။ သူအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ပါ၏။ အကြိမ်ကြိမ်လဲကျခဲ့ပါ၏။ ဒဏ်ရာတွေလည်း ရင်နှင့်မဆန့်အောင် အကြိမ်ကြိမ်ရရှိခဲ့ပါသည်။ သူ့နှလုံးသားသည်လည်း အားမရှိတော့သလို ချိနဲ့ကာဖြူဖတ်ဖြူရော် ဖြစ်နေချေပြီ။ နာကျင်ခါးသီးစရာကောင်းတဲ့ အထီးကျန်ခြင်းအနာဂတ်တွေကို သူရင်ဆိုင်ရမှာကိုလည်း စက်ဆုပ်နေမိ၏။






အချစ်လေရိုင်းသည် ငြိမ်သက်နေသော သူ့နှလုံးသားလယ်ကွင်းပြင်ကို တခွေ့ခွေ့တိုးဝှေ့တိုက်ခတ်ခဲ့၏။ ထန်းပင်လိုလေဒဏ်မခံနိုင်သော သူသည် လေပြင်းကြောင့် အစအနပျောက်ကာ လူသူမရှိသော မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေကြားမှာ ပုံးကွယ်နေမိ၏။ တငွေ့ငွေ့ပျံနေသောဖန်ခွက်ထဲမှ ရေကြည်တစ်ပေါက်လို သူသည်အခိုးအငွေ့ မြူလေးတစ်ခုလို လွင့်မြောနေရင်း ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲနေ၏။ မိုးခါးရေသောက်နေရသလို သူ့ရင်ထဲ အနည်ထိုင်ဂျိုးကပ်နေသော ဝိရောဓိမရှိသည့် အလှမဲ့အကြင်နာရိုင်းတွေသည် တရစ်ရစ်သူ့လည်မျိုထိတက်ကာ သူ့ဝမ်းတွင်းသားတွေကိုဖောက်စားပစ်ခဲ့သည်။






သူသည် သစ်ခြကောင်တွေစားသောက်ပစ်လိုက်လို့ သုံးမရတော့သည့် ထင်းတုံးကြီးတစ်တုံးလို ဦးတည်ရာမရှိ အနာဂတ်မရှိ လောကမြစ်ပြင်ကျယ်ကြီးထဲတွင် နိမ့်ချည်ပေါ်ချည် တအိအိမျောလျင့်နေသည်။ ဒဏ်ရာတွေကိုက်စားလို့ ဗရာပွအပေါက်တွေဖြင့် သူ့အသည်းသည်လည်း သစ်ရွက်ခြောက်အနွမ်းတွေလို အမှိုက်တောင်းထဲတွင် မီးရှို့ခံရဖို့အဆင်သင့်စောင့်ဆိုင်းနေလေ၏။ တစ်ဘောတစ်ဘာသမှ ဝင်ပြောခွင့်မရသည့် တရားရုံးရင်ခွင် တရားခံတစ်ယောက်လို သူ့အချစ်တွေသည် ရေငုံနှုတ်ပိတ်ကာ အိပ်ဆေးသောက်အိပ်ရန် ကြိုးစားနေသည်ကို သူလက်မခံပါ။ ဟုတ်သည်။ တစ်ခါတစ်ရံတွင် ကံကြမ္မာနှင့် ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ မိမိလိုရာသို့ တရွတ်တိုက်ဆွဲသင့်လျှင်ဆွဲရမည်။ မတရားတာမရှိသည့် အထဲတွင် အချစ်နဲ့စစ်ပါသည်လေ မတရားသူတစ်ယောက်အဖြစ် အပြောခံရလျှင်လည်း သူဟားတိုက်ရယ်မောပြလိုက်မည်။




အတွေးထဲက ဒဏ်ရာတွေကိုစာကျက်သလို တွတ်တွတ်ရွတ်နေရင်း သူ့မျက်နှာသည်ပြုံးရောင်သန်းလာသည်။ သူ့နှုတ်ခမ်းထောင့်လေးသည် ကွေးညွှတ်သွားလေ၏။ သူ့လက်နှစ်ဖက်သည်လည်း အားအင်တွေပြည့်ဝလာကာ ကျစ်နေအောင်ဆုပ်ထားလိုက်၏။ သူ့မျက်လုံးတွေလည်း မြွေတစ်ကောင်လို စူးရှလာသည်။ ဝိုင်းစက်နေသော သူ့မျက်ဆံသားတွေသည် မဲနက်လျှက်လင်းလက်တောက်လောင်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောမျှင်တန်းလေးတွေမှ တစ်ဆင့်အားအင်တို့သည် တမျှင်းမျှင်းတက်လာကာ နှလုံးသားအလည်ဗဟိုတည့်တည့်သို့ စူးမြုပ်နစ်ဝင်သွားလေသည်။




"ဂီတရေ ......အပြင်မှာလေစိမ်းတွေတိုက်တယ် အကြာကြီးမနေနဲ့ အိမ်ထဲဝင်ခဲ့တော့"






အိမ်ထဲမှသူ့အကိုခေါ်နေပြီ ဖြစ်သောကြောင့် နောက်ကြောင်းလှည့်ကာ အိမ်မကြီးဘက်သို့ ခြေလှမ်းတွေကိုဦးတည်လျှောက်လာခဲ့သည်။ လာမည့်မနက်ဖြန်ညသည် သူ့အတွက်အဓိပ္ပါယ်တစ်ခု မွေးဖွားပေးနိုင်လိမ့်မည်ဟု သူယုံကြည်လိုက်သည်။








*************




မြို့ ပြလို့ပြောလည်းပဲ----- အိုတကယ်တမ်းတော့ တောနက်ကြီးတစ်ခုလိုပါပဲ----------ရေး---------




အိုး--------ဟိုး----------ဟိုး----------




အမဲလိုက်က-------စဉ်မြင့်ထက်က ရှုံးတဲ့သူလဲကျမယ် ရေးဟေး-------




အမဲလိုက်က-----ခွန်အားရှိမှ ဆုတံဆိပ်တွေရလိမ့်မယ်------




ဟေ---------ဟေး----------------






ဂီတသံတွေ ပေါက်ကွဲမတတ်ဆူညံနေလေသည်။ မိန်းမတစ်ချို့ နှင့်ယောကျာ်းတစ်ချို့ သည်ဦးခေါင်းတွေဆိုင်ပြီး ခပ်ကြမ်းကြမ်း music အောက်တွင် ဝုန်းဒိုင်းကြဲကနေကြသည်။ စတိတ်စင်ပေါ်မှ အဆိုတော်နှင့် တီးခတ်သူတွေသည်လည်း ဂီတတွင်နစ်မြောကာ မြူးကြွနေကြသည်။ မိန်းမတစ်ချို့သည် အရက်ခွက်ကိုကိုင်မြှောက်ကာ အဆိုတော်ကိုပန်းကုံးတွေ စွပ်ကြလေသည်။ လူတွေအားလုံးသည် မြူးထူးကာ ကိုယ်ကိုယိမ်းနွဲ့နေကြသည်။






အမဲလိုက်က-------စဉ်မြင့်ထက်က ရှုံးတဲ့သူလဲကျမယ် ရေးဟေး-------




အမဲလိုက်က-----ခွန်အားရှိမှ ဆုတံဆိပ်တွေရလိမ့်မယ်------




ဟေ---------ဟေး----------------




အိုး--------ဟိုး----------ဟိုး----------






စားသောက်ဆိုင်ထဲမှ အချို့သူတွေကတော့ မိမိစားပွဲတွင် အေးအေးဆေးဆေးထိုင်နေကြသည်။ စားပွဲထိုးများသည်လည်း အလုပ်ရှုပ်ကာ ဟိုသည်လူးလား ခေါက်တုန့်ခေါက်ပြန်လျှေက်နေကြလေ၏။ ဤအချိန်တွေသည် အရက်ဘားနှင့်စားသောက်ဆိုင်တွေ၏ အစည်ကားဆုံးအချိန်ဖြင်သည် မဟုတ်ပါလား။ ထိုစဉ်စတိတ်စင်ပေါ်မှ တီးလုံးသံတွေပြီးဆုံးသွားလေသည်။




"ဝူး ...........ဟူး..............."




"ရွှီး........ဖြောင်း.........ဖြောင်း.........ဖြောင်း"






ကခုန်ထားသဖြင့် ချွေးတွေဖြင့်ရွှဲနစ်နေသော မုန်တိုင်း စတိတ်ခုံအောက်ရှိ ပရိတ်သတ်တွေကို ဦးညွှတ်ပြလိုက်ပြီး ဂီတာကိုလည်ပင်းမှ ပတ်ဖြုတ်ကာ အနားရှိကောင်လေးတစ်ယောက်ကိုပေးလိုက်၏။ ထို့နောက်စတိတ်စင်ပေါ်မှ ဆင်းကာ နောက်ဖေးရှိသန့်စင်ခန်းထဲသို့ မျက်နှာသစ်ရန်ဝင်လာခဲ့သည်။ သူအလှည့်ပြီးပြီဖြစ်သောကြောင့် အိမ်ပြန်ရုံသာရှိတော့သည်။ ဒီနေ့သည် သူသီချင်းဆိုသည့် နောက်ဆုံးနေ့ဖြစ်သည်။ စားမေးပွဲနီးနေပြီဖြစ်သောကြောင့် သူခွင့်တစ်လယူထား ခြင်းဖြစ်သည်။






သန့်စင်ခန်းထဲသို့ရောက်သောအခါ ကြွေကမုတ်ရှိရေပန်းခရားကို လှည့်လိုက်သည်။




"ဝေါ............."




ကြွေခွက်ဖြူဖြူထဲသို့ ရေတွေထွက်ကျလာသည်။ သူလက်နှစ်ဖက်ဖြင့်ခံကာ မျက်နှာကိုငုံ့ပြီးသစ်လိုက်သည်။ သူ့ဆံစတစ်ချို့ကို ရေဖြင့်သပ်ကာအပေါ်သို့ လှန်တင်လိုက်လေသည်။ သူ့ရှေ့ရှိမှန်ကြီးထဲတွင် ရေသီးရေပေါက်တွေ ခိုကပ်နေသော သူ့မျက်နှာနုနုလေးကိုတွေ့ နေရသည်။ သူကျေနပ်စွာ တစ်ချက်ပြုံးလိုက်မိ၏။ ထို့နောက်ပါးစပ်ထဲတွင် ငုံထားသောရေတစ်ချို့ကို ကြွေကမုတ်ထဲသို့ ပလုတ်ကျင်းပြီးထွေးထည့်လိုက်သည်။ ပြီးနောက်လက်ဆေးပြီး သူပြန်ထွက်လာခဲ့သည်။ အိမ်ပြန်တော့မည်........






လမ်းမကြီးပေါ်တွင် သူတစ်ယောက်ထဲသာရှိနေပါသည်။ သည်လိုညမျိုးတွေသည် သူအမြဲတမ်းဖြတ်သန်းနေကျ ဖြစ်သဖြင့်သူ့အတွက် ရိုးအီနေသော သင်္ချာပုစ္ဆာတစ်ပုဒ်လိုဖြစ်နေသည်။ သည်လိုညတွေထဲမှမှ မှတ်မှတ်ရရ ညလေးတစ်ညကို သူမှတ်မိပါသေးသည်။ သူနှင့်ဂီတစတွေ့ခဲ့သည့်ညလေ။ ထိုညက မိုးတွေမဲမှောင်နေခဲ့သည်။ ယခုညကတော့ ကောင်းကင်ကြီးက ရှင်းလင်းလို့နေပါသည်။ သူသက်ပြင်းတစ်ချက်ကို လေးတွဲတွဲကြီးချမိလိုက်၏။ ဘာကြောင့်များ ဂီတအကြောင်းကိုပဲ စဉ်းစားနေမိသည်မသိပါ။




လမင်းကြီးသည် ထိန်ထိန်သာနေရာမှ တိမ်ဆုပ်တိမ်လိပ်တစ်ချို့ ကွယ်လိုက်သောကြောင့် အရောင်မှိန်ကာ တိမ်တွေကြားထဲရောက်သွား၏။ ကောင်းကင်နဘယံသည် ခဏလေးအတွင်း တိမ်လိပ်တွေဖြင့်ပြည့်လာသည်။ ထိုတိမ်လိပ်တွေသည် ညို့ညို့မဲကာ အင်တိုက်အားတိုက် စိုးမိုးလာကြသည်။ စောစောက ထွန်းလင်းနေသောလမင်းနှင့် မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်လေးတွေသည် တိမ်မဲကြီးတွေ၏ ဝါးမြိုမှုအောက်တွင် ပျောက်ချင်းမလှပျောက်ကုန်ကြသည်။ မိုးရာသည်ကုန်ဆုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့ပေမယ့် ရာသီဥတုသည်လည်း အစိုးမရသောကြောင့် ထပ်၍ရွာချင်လည်းရွာနိုင်သည်ပဲလေ။






ပတ်ဝန်းကျင်တွင် ကားနောက်ဆုတ်သံတစ်ချို့ ကြားနေရသည်။ ပရစ်အော်သံ ကင်းအော်သံများကိုလည်းကြားနေရသည်။ လမ်းဘေးရှိ ရေမရှိသောမြောင်းကြီးထဲတွင် ဖားတစ်ချို့ခုန်စွခုန်စွဖြင့် သွားနေသည်ကိုလည်းတွေ့ရသည်။ လေသည်တိုက်ခတ်မှုမရှိဘဲ ငြိမ်သက်နေသည်။ လမ်းဘေးရှိသစ်ပင်တစ်ချို့ သည်လည်းတုတ်တုတ်မှမလှုပ်ပဲ ဆိတ်ငြိမ်နေကြသည်။ ထိုအခိုက် ကားတစ်စီးမုန်တိုင်းနားမှ ဖြတ်၍အရှိန်ပြင်းပြင်းဖြင့်မောင်းသွားသည်။




"တီ.............ဝှီး........."




မုန်တိုင်းထိုကားသမားကို ကြည့်ပြီးလှမ်းကြိမ်ဆဲပလိုက်၏။ မူးနေသည်လားမသိပါ ကားကိုတရကြမ်းဇွတ်မောင်းသွားသည်။ ကားအရှိန်ဟပ်ပြီး လွင့်ကျန်ခဲ့သည့် သစ်ရွက်ခြောက်တစ်ချို့ နှင့်ကြွတ်ကြွတ်အိတ်တစ်ချို့ လမ်းပေါ်သို့ပြန်ကျလာသည်။သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို မကျေမနပ်ရေရွတ်ရင်း လမ်းကိုဆက်လျှောက်လာခဲ့သည်။ မိုးရွာခါနီးလာ၍လားမသိ လမ်းလျှောက်ရသည်မှာ အိုက်စပ်စပ်ကြီးဖြစ်လာသည်။ မိုးရွာလျှင်တော့ မိုးရေထဲတွင်ပျော်ပျော်ကြီး လမ်းလျှောက်ပစ်လိုက်မည်ဟု စိတ်ကူးလိုက်သည်။






သူတဖြေးဖြေးဖြင့် သူတို့လမ်းထိပ်သို့ ရောက်လာခဲ့သည်။ ဤလမ်းထဲသို့ချိုးဝင်ပြီး နည်းနည်းလျှောက်လိုက်လျှင် သူ့အိမ်သို့ရောက်တော့မည်ဖြစ်သည်။ သူအေးအေးဆေးဆေးသာ လျှောက်လာခဲ့သည်။ လမ်းဘေးရှိ အစိုးရလမ်းမီးများသည်လည်း ထိန်ထိန်လင်းနေတုံးပင်။ မိုးကုတ်စက်ဝိုင်းကြီးသည်လည်း လုံးဝန်းလျှက်ရှိသည်။ တစ်ခါတစ်ရံလမ်းဘေးရှိ တိုက်ခန်းတစ်ချို့မှ လူတစ်ချို့၏စကားပြောသံ သဲ့သဲ့ကိုလည်းကြားနေရသည်။




"မုန်တိုင်း........"




သူခြေလှမ်းတွေရပ်တန့်သွားသည်။ အသံသည်ဩဇာအာဏာရှိရှိ စေခိုင်းလိုက်သလို သူရပ်တန့်သွားမိ၏။ သူ့မျက်လုံးတွေသည် ရီဝေလျှက်အနောက်သို့ လှည့်ကြည့်လိုက်သည်။




"ဂီတ........."




သူ့နှုတ်မှရေရွတ်လိုက်သည်။ သူကျောက်ရုပ်လိုရပ်တန့် လျှက်ဂီတကိုငေးကြည့်နေမိသည်။ ဂီတနှင့်မတွေ့သည်မှာ တစ်ပတ်ရှိပြီဖြစ်၏။ ဂီတသည်သူပြန်လှည့်ကြည့်သည်နှင့် သူ့ကိုပြုံးပြသည်။ ဂီတ၏အပြုံးသည်နှစ်လိုဖွယ်ရာ ရှိပါသည်။ ဂီတသည်ဓာတ်တိုင်ကိုကျောမှီထားရာမှ သူ့ထံတဖြေးဖြေးလျှောက်လာသည်။ သူရင်တွေ တဒိန်းဒိန်းမြည်လာသည်။ သူ့နှလုံးသွေးတွေ ဆူပွတ်လာ၏။ ဂီတခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ဗုံးတစ်လုံးကိုတက်နင်းလိုက်ရသလို သူ့ရင်ထဲပေါက်ကွဲပြင်းထန်မှုတွေ အစုလိုက်အပြုံလိုက် သောင်းကျန်းလာသည်။ ဂီတသူ့ရှေ့တည့်တည့် ရောက်သောအခါရပ်တန့်လိုက်သည်။ သူခေါင်းငုံ့ထားပါသည်။ သူဂီတ၏စူးရှသည့် မျက်လုံးတွေကိုရင်ဆိုင်ပြီး မကြည့်ရဲတော့ပါ။






သူ့နှလုံးသားသည် တဆတ်ဆတ်တုန်ရီလာသည်။ စကြာဝဠာအပြင်ဖက်သို့ လွင့်စင်ပြုတ်ကျသွားသလို သူ့နှလုံးသွေးတွေအေးစက်နေလေ၏။ ထို့အတူအာခေါင်တွေ ခြောက်ကပ်နေ၏။ အသက်ရှုရန်ပင်ခက်ခဲလာသလို သူ့အဆုတ်တွေသည် လေဝင်လေထွက်မကောင်းတော့ဘဲ မွန်းကြပ်လာ၏။ ခေါင်းငုံ့ထားပေမယ့် သူ့မျက်လုံးတွေသည် ဂနာမငြိမ်ဘဲ ရှုပ်ရှတ်ခပ်လာသည်။ သူ့မျက်စိထဲတွင်မြင်ရသည်က ဂီတ၏ခြေထောက်အောက်ပိုင်းကိုသာ ဖြစ်သည်။ ဂီတဆီမှမည်သည့်စကားသံထွက်လာမည်ကို သူမသိဘဲရင်ခုန်စွာစောင့်ဆိုင်းနေသည်။




"မုန်တိုင်း........."






ဒုတိယအကြိမ်ခေါ်သံ ဖြစ်သည်။ ထို့အတူ ဖြူနုနေသောလက်ချောင်းလေးတွေက သူ့ပခုံးပေါ်ကို လာဆုပ်ကိုင်လေသည်။ သူတဖြေးဖြေးခေါင်းမော့ကြည့်လိုက်၏။ ဂီတမျက်နှာသည်လည်း မီးရောင်အောက်တွင် သူ့ကိုစိတ်ဝင်စားစွာကြည့်နေသည် ကိုတွေ့ရသည်။ သူတို့နှစ်ဦးလုံးတစ်ဦးနှစ်တစ်ဦး စိုက်ကြည့်နေမိသည်။ ဂီတ၏အကြည့်တွေထဲတွင် သူနစ်မြောနေ၏။ ဂီတ၏ရွှန်းလဲ့သော မျက်ဝန်းတွေကို သူအဓိပ္ပါယ်ဖော်နေ၏။ မွှေးညင်းနုလေးတွေ ပေါက်နေသော ဂီတ၏ပါးပြင်တွေသည် ချောမွတ်နေလေ၏။ ထို့အတူ ပန်းဆီယောင်သန်းနေသော ဂီတ၏နှုတ်ခမ်းရဲရဲလေးသည် တင်းတင်းစေ့ထားသည့်ကြားမှ တုန်ရီလာသည်ကိုတွေ့ရသည်။






သူတို့နှစ်ဦးလုံးတစ်ယောက်နှင့်တစ်ယောက် မည်သည့်စကားမျှမဆိုကြပဲ လှိုက်မောမှု နှလုံးခုန်သံတွေအောက်တွင် အေးခဲနေကြသည်။ သူ့ပခုံးတစ်ဖက်တွင် ဆုပ်ကိုင်ထားသော ဂီတ၏လက်တစ်ဖက်သည် တဖြေးဖြေးရွေ့ရှားသွားကာ ကုတ်င်္အကျီအဖြူ၏ အလည်တည့်တည့်တွင်ရပ်တန့်သွားသည်။ ထို့နောက် ဖြေးညှင်းစွာဖြင့် င်္အကျီအတွင်းထဲမှ တစ်စုံတစ်ခုကိုနိုက်လိုက်ကာ တဖြေးဖြေးခြင်းဆွဲထုတ်လာ၏။ သူ့မျက်လုံးတွေကို မျက်တောင်မခတ်တော့ဘဲ တစိုက်မတ်မတ်မမှိတ်မသုံ စိုက်ကြည့်နေမိသည်။ သူ့ရင်ထဲဟာတာတာ အိုက်စပ်စပ်ဖြစ်လာကာ အသက်ရှုဖို့ကိုပင်မေ့လျော့နေသည်။ ဟုတ်သည်သူလုံးဝအသက်မရှုမိတော့။






ဖြူဖွေးနေပြီးမွှေးညှင်းနုလေးတွေ ပေါက်နေသောလက်ကလေးသည် တဖြေးဖြေးအပြင်သို့ရောက်လာ၏။ ထိုလက်ကလေးထဲတွင် ရိုးတန်စိမ်းစိမ်း ပွင့်ဖတ်ဖြူဖြူနှင့် အဆူးလေးတွေဝန်းရံနေသော နှင်းဆီဖြူတစ်ပွင့် ပါလာသည်။ မုန်တိုင်းမျက်လုံးတွေ ဝိုင်းစက်သွားသည်။ သူ့အသားတွေသည်တဆတ်ဆတ် တုန်လာသည်။ သူဂီတမျက်နှာကိုမော့ကြည့်လိုက်သည်။ ဂီတမျက်ဝန်းအိမ်သည် စိုစွတ်နေလေ၏။ ဂီတ၏အကြည့်တွေသည် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ မြူခိုးတွေရစ်သိုင်းနေသည်။ သူ့လည်ချောင်းသည် စကားပြောရန်အားမရှိတော့သလို ထစ်အနေလေသည်။ သူ့ရင်ထဲအမျိုးအမည်မသိသော ခံစားမှုကြီးတွေဆို့တတ်လာသည်။ ခြေတွေလက်တွေအေးစက်လာပြီး သူ့နှုတ်မှညည်းသံမထွက်အောင် သတိထားနေရသည်။ သူ့တစ်ကိုယ်လုံးထုံကျင်နေပါ၏။ ပူကျစ်နေသောလည်မျိုကို အားယူလိုက်ကာ ကွဲရှရှစကားတစ်ချို့ သူနှုတ်မှ ကဗျာမဆန်စွာထွက်လာ၏။




"ဂီ...တ.....ဒီ.......ဒီ...............နှင်းဆီပန်း.........က......မင်း......."




"မုန်တိုင်းရာ........."




သူ့မျက်လုံးတွေပြူးကြောင်ကြောင် ဖြစ်နေသည်။ သူ့နှုတ်တွေအာဆေးတွေ ထည့်ထားသလို ချိတုံချိတုံဖြင့်ဆွံ့အနေသည်။ သူ့နှုတ်ခမ်းတွေလည်း ကတုန်ကရင်ဖြစ်လာသည်။ သူ့မျက်ဝန်းတွေနာကျင်လာ၏ သူပါးပြင်တွေသည်လည်း ပူးနွေးလာ၏။ သူ့ဝမ်းထဲရှိအူတွေအသည်းတွေ နှလုံးတွေကျောက်ကပ်တွေလည်း ဗြောင်းတိဗြောင်းပြန်ဖြစ်ကုန်သည်။ သူရူးသွပ်သွားပြီလား။ ကမ္ဘာမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်လာသည်။ သူ့အမြင်အာရုံတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်သည်။






သူဂီတကိုဘာမှမပြောနိုင်တော့ဘဲ တွေတွေကြီးငေးကြည့်နေမိသည်။ ဂီတ၏လက်ချောင်းလေးတွေသည် သူ့မျက်နှာနားသို့ကပ်လာကာ သူ့ပါးပြင်ကိုနူးညံ့စွာပွတ်သပ်လာသည်။ သူတစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေစီးဝင်သွားသလို ပူနွေးစိုစွတ်သော အခိုးတွေ ရှိန်းမြမြဖြင့်တဖြေးဖြေး မျှင်း၍မျှင်း၍တက်လာသည်။ ဂီတ၏လက်သည် သူ့ပါးပြင်တွေကိုပွတ်သပ်နေရင်းမှ လည်ပင်းမှသိုင်းကာ သူ့ကိုဆွဲဖက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် လေထဲတွင်အေးကနဲဖြစ်သွားပြီး ဂီတ၏ရင်ခွင်နွေးနွေးထဲသို့ရောက်ရှိသွားလေသည်။




"ဂျိမ်း.................ဂျိမ်း............"




"ဝေါ......................"






မိုးတွေရုတ်တရက်ရွာချလာသည်။ လေတွေတဟူးဟူးတိုက်ခတ်လာသည်။ အာကာတစ်ခုလုံးမှိုင့်အုံ့လျှက် မဲမှောင်နေသည်။ မိုးသီးမိုးပေါက်တွေများပြားစွာ မြေပြင်ကိုဆင်းသက်လာ၏။မိုးပေါက်တွေ မုန်တိုင်း၏ပခုံးပြင်ပေါ်သို့ ကျဆင်းလာလေသည်။ ဂီတသည်သူ့ကို တင်းကြပ်စွာဖက်ထားလေ၏။ မိုးရေတွေထဲတွင် သူတို့နှစ်ယောက် တောင့်တောင့်ကြီးရပ်တန့်နေကြသည်။ ဆံပင်တွေမှတစ်ဆင့် စီးကျလာသောမိုးရေတွေသည် မျက်နှာပေါ်ရှိပါးပြင်ပေါ်သို့ ဖြတ်သန်းပြီး တဖြေးဖြေးလိမ့်ဆင်းကာ မေးစိအောက်မှတွဲလည်းခိုပြီး မြေပြင်ပေါ်သို့ဆင်းသက်သွားလေသည်။ ထို့အတူသူ့မျက်ဝန်း အိမ်တွင်လည်း မကျတာကြာပြီဖြစ်သည့် မျက်ရည်ပူတွေထွက်လာသည်။ ထိုမျက်ရည်ပူတွေသည် ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာပြီးမိုးရေတွေနှင့် ရောယှက်ကာ ပျောက်ကွယ်သွားသည်။






ဂီတသည် သူ့ကိုတင်းကြပ်စွာဖက်ထားနေရင်းမှ ခွာလိုက်သည်။ ဂီတ၏မျက်ဝန်းတွင်လည်း မျက်ရည်တွေ တွဲလဲခိုနေကာ မိုးရေတွေဖြင့်ရောထွေးနေလေသည်။ ဂီတ၏နှုတ်ခမ်းတွေသည် ပြာနှမ်းကာ တဆတ်ဆတ်တုန်နေလေသည်။ သူတို့အချင်းချင်းငေးကြည့်နေရင်း ဂီတသည် ဒူးခေါင်းကွေးကာ သူ့ရှေ့တွင် ဒူးထောက်ချလိုက်သည်။ ထို့နောက်လက်တစ်ဖက်တွင် တင်းတင်းဆုပ်ထားသော နှင်းဆီပန်းကိုကိုင်မြှောက်လာသည်။ နှင်းဆီပန်းကိုတင်းတင်းဆုပ်ထားသော ဂီတ၏လက်တွေတွင် သွေးတွေရဲရဲနီကာ လက်မှတစ်ဆင့်ခိုတွဲစီးကျလာပြီး မြေပြင်ပေါ်သို့ မိုးစက်တွေနှင့်အတူ ရောထွေးကာပျောက်ကွယ်သွားသည်။ ဂီတ၏နှုတ်မှ စကားသံတွေထွက်လာသည်။






"မုန်တိုင်း မင်းငါ့ကိုမသိခင်ကတည်းက ငါမင်းကိုသိနေခဲ့တယ်။ ငါမင်းကိုရင်းနှီးခွင့်ရအောင် ကြိုးစားဖို့ငါမဝံ့ရဲခဲ့ဘူး။နဂိုကတည်းက ခတ်ထန်နေတဲ့ငါ့စိတ်တွေကြောင့် ငါ့ရဲ့ဆန္ဒတွေကိုဖုံးကွယ်ထားသလိုဖြစ်ပြီး မင်းကိုငါမောက်မောက်မာမာဆက်ဆံမိသွားတယ် ဒါပေမယ့်ကံအားလျှော်စွာနဲ့ မင်းနဲ့ငါရင်းနီးခွင့်ရခဲ့တယ်။ မင်းသိရဲ့လားမုန်တိုင်း ငါစိတ်ညစ်တဲ့အခါတိုင်း အထီးကျန်တဲ့အခါတိုင်း မင်းသီချင်းဆိုတာကိုလာကြည့်နေတတ်တယ်။ မင်းမသိအောင် ဒီနှင်းဆီအဖြူတွေကို မင်းဆီပို့ပို့ပေးနေမိတယ်။ အရင်ကတော့ မရည်ရွယ်ပဲလုပ်ခဲ့မိပေမယ့် အခုချိန်မှာတော့ ငါ့နှလုံးသားက စကားပြောလာတယ်။ မုန်တိုင်း ငါမင်းကိုချစ်တယ်.........ဒီနှင်းဆီပန်းလေးနဲ့ ငါမင်းကိုချစ်ခွင့်ပန်ပါတယ် မုန်တိုင်း။ ငါမင်းကို အရမ်းချစ်....ပါတယ်"






မုန်တိုင်းခြေထောက်တွေ မခိုင်သလိုဖြစ်လာသည်။ သူကြောက်ရွံ့စွာနဲ့ နောက်ကိုတဖြေးဖြေးဆုပ်နေမိသည်။ ထို့နောက်သူ့ခေါင်းတွေကို ခါရမ်းပစ်လိုက်သည်။




"ဂီတ.......ဂီတ.......မဖြစ်နိုင်ဘူး ဟုတ်တယ် လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။ ငါ.......ငါ.......ဂေးမဟုတ်ဘူး ငါဂေးမဟုတ်ဘူးဂီတရယ် ငါမင်းကိုဘယ်လိုလုပ်ချစ်မှာလဲ။ မင်းရူးနေပြီဂီတ မင်းရူးနေပြီ............"




"မုန်တိုင်း မင်းငါ့အပေါ်မှာ နည်းနည်းလေးမှစိတ်ခံစားမှု မရှိဘူးလားမုန်တိုင်းရယ်။ မင်းကိုမင်း မညာပါနဲ့ မင်းငါ့ကိုချစ်ပါတယ် ငါသိတယ် မင်းငါ့ကိုချစ်ပါတယ်………… ဟုတ်တယ်မိုလားဟင်"




"မဟုတ်ဘူး……..ငါမင်းကိုမချစ်ဘူး မင်းရူးနေပြီဂီတရဲ့ မင်းဟာအရူးပဲ မဖြစ်နိုင်တာတွေကိုပြောနေတယ် ဟား…ဟား……ဟား ….မင်းရူးသွားပြီဂီတ မင်းသိရဲ့လား……. မင်းရူးသွားပြီ။"




"မုန်တိုင်းရယ်."




ဂီတသူ့ကိုထိုင်ရာမှ ထကာလာဖက်သည်။ သူတဒင်္ဂငြိမ်သက်နေမိ၏ ထို့နောက်သတိဝင်လာကာ ဂီတကို တွန်းလှဲပစ်လိုက်သည်။ သူအရှိန်ထဲ့ပြီးတွန်းလိုက်သောကြောင့် ဂီတမိုးရေထဲသို့ ပက်လက်လန်ကာပစ်လဲသွားသည်။ ဂီတသည်သူ့ကိုအံ့ဩသော မျက်လုံးတွေဖြင့်ကြည့်ကာ ငိုကြွေးလာသည်။ မိုးတွေကားသည်းသည်းမဲမဲရွာနေတုန်းပင်။




"မင်းအရူးကောင်……… တောက်"




သူဂီတကိုထားပြီးပြေးထွက်လာခဲ့သည်။ မိုးတွေကြားထဲသူဖြတ်ပြေးနေလေ၏။ သူ့အသက်ရှုသံတွေသည် လှိုက်မောကာ ပင်ပန်းနွမ်းနယ်လာသည်။ အမှောင်ထုကြီးထဲတွင် မဲမှောင်လျှက် မိုးစက်များကလွဲ၍ မည်သည့်အရာကိုမှ သည်းသည်းကွဲကွဲ မမြင်တော့။ သူလေထုထဲကို အေးမြသောအရှိန်တွေဖြင့် ထွင်းဖောက်ကာပြေးလွှားနေမိသည်။ သူဘယ်ဆီကိုပြေးနေမှန်း ဘယ်ထိပြေးလွှားမှန်းသူမသိတော့ပါ။ သူ့မျက်လုံးထဲတွင် ဘာမှမမြင်တော့ အဝေးမှဂီတ၏အော်ခေါ်သံကို သူကြားလိုက်ရသည်။




"မုန်တိုင်း……………….. ငါမင်းကိုချစ်တယ်……………..”










အချစ်သည် ပထမပိုင်း၌ချိုမြိန်တတ်လေသည်......




နောက်ပိုင်းတွင် အချိုဓာတ်လျော့ကာ အခါးဓာတ်ဝင်လာလေသည်….




ထိုအခါ အချစ်သည် ခါးသက်သွားလေသည်…………




တစ်ခါတစ်ရံ၌ အချစ်သည် ပထမဦးဆုံး၌ပင် ခါးသက်နေတတ်သေး၏………….




သို့ပေမယ့် နောက်ပိုင်းတွင် ချိုမြိန်ဖို့တော့ မသေချာပါ…………...




အချစ်သည် ဘီလူးတစ်ကောင်လို ကြောက်စရာကောင်း၏……………




အချစ်သည် ပန်းတစ်ပွင့်လိုလဲ နူးညံ့နေတတ်သေး၏…………




အချစ်တွင် အဆိပ်မရှိအခါးဓာတ်သာရှိသည်………….




ထိုအခါးဓာတ်ကို စားသုံးမိလျှင် အဆိပ်ဖြစ်ကာရူးတတ်၏……………..




ထို့ကြောင့်လူတွေသည် အချစ်ကြောင့်ရူးသွပ်ကြလေသည်…………….




အချစ်သည် တိမ်လွှာတွေမဟုတ်..................




အချစ်သည် ပြိုင်ပွဲဝင်မြင်းတွေမဟုတ်..............




အချစ်သည် လမ်းပျောက်နေသည့် ဖိနပ်စုတ်တစ်ရံမဟုတ်………....




အချစ်သည် မှိုတက်နေသည့် ထော်လာဂျီမဟုတ်……......




အချစ်သည်…....




အခါးထဲမှ အခါးစိမ့်ကာ ခါးတူးနေသော…........




ခါးချင်တိုင်းခါးနေသော……...




ခါးပြီးရင်းခါးနေသော..........




အမြဲတမ်းခါးနေသည့်.....




ကော်ဖီတစ်ခွက်သာဖြစ်လေသည်......










                                                                                                   ဇာတ်သိမ်းပိုင်းမျှော်


                                                                                                      lovealone:P


1 comment:

  1. ဆောက်ကလေးလေး ရေးတတ်တယ် lovealone ဟားဟား

    ReplyDelete