This is the best gay website for Myanmar gay peoples.

Saturday, July 14, 2012

On 7:05 AM by Unknown in    No comments
"ထိုးထားမယ်နော် ထိုးထားမယ် လေထိုးရင်လေရမယ် ငွေထိုးရင်ငွေရမယ် ရပ်ကြည့်လို့အမြတ်မရှိဘူး ထိုးထားမှအကျိုးများမယ်နော်"



လေးကောင်ဂျင်ဒိုင်မှ စကားများကို စက်သေနတ်ပစ်သလို တတွတ်တွတ်ရွတ်နေလေသည်။ လောင်းကစားဝိုင်းထဲတွင်လည်း လူများအုံခဲကာ စကားပြောသံများဖြင့် ကျွတ်ကျွတ်ညံနေတော့သည်။ အရှေ့တွင်ရှိသောထိုးသားများမှ ပိုက်ဆံများကိုလက်ထဲတွင် အလျားလိုက်အလယ်တစ်ခြမ်းချိုးကာကိုင်ထားကြပြီး မိမိထိုးလိုသည့်ဇယားပေါ်ရှိအကောင်များကို အာရုံစိုက်နေကြသည်။ အချို့ မှာမူ ထွက်ပြီးသားအကောင်များချိတ်ထားသည့် အလှူမီနီယံဘုတ်ကြီးပေါ်သို့ ကွမ်းတမြုံ့ မြုံ့ ဖြင့်ကြည့်နေကြသည်။



"ထိုးထားမယ် ထိုးထားမယ်။ ငါးရာတန်ခေါက်ထားတာလေးတွေ ပြန်ဖြန့်ပါ။ အနည်းဆုံးငါးရာဖြစ်သွားပါပြီ။ တိုင်ပင်သမားတွေနောက်ကိုနည်းနည်းဆုတ်ပါ လက်ကြီးတွေကိုဦးစားပေးပါ။ ကလေးမအေတွေဝေးဝေးသွားနေပါ ဒါလောင်းကစားဝိုင်းနော် ကလေးထိန်းကျောင်းမဟုတ်ဘူး။ ဆူညံနေတာပဲ။ သွား……….ဝေးဝေး သွားနေကြ”


”အမယ်လေးတော် ဒိုင်ကလည်း လူကျလာပြီ ဆိုဖင်ခေါင်းက ကျယ်ချင်လာပြီ။ ကျုပ်တို့ကလည်းပိုက်စံနဲ့ ထိုးနေတာပါနော်။ ”


ဂီနိုထိုမိန်းမကြီးကို ပြုံးပြီးကြည့်လိုက်မိသည်။ မကျေနပ်ချက်တွေဖြင့် ပွစိပွစိပြောကာ သူ့အနားမှထသွားသဖြင့် ဂီနိုလွတ်နေသော ထိုနေရာသို့ဝင်ထိုင်လိုက်၏။


လေးကောင်ဂျင်သီးတွင် အကောင်လေးကောင်ပါပြီး တစ်ကြိမ်လျှင်တစ်ကောင်သာ ပေါ်သည်။ လေးကောင်ထဲမှတစ်ကောင်သာ ပေါ်ခြင်းကြောင့် တစ်ကောင်တည်းထိုးလျှင် သုံးဆရသည်။ တစ်ကောင်တည်းအောသည် ဟုခေါ်သည်။ အကောင်နှစ်ကောင်ကို ခွပြီးတင်လိုက်ပါက ကြိုးတင်သည် ဟုခေါ်သည်။ ကြိုးတင်ထားသည့် နှစ်ကောင်ထဲမှ တစ်ကောင်ပါလာလျှင် တစ်ဆသာရသည်။ တိုင်ပင်ပစ်သည်ဆိုသည်မှာ လေးကောင်ရှိသည့်အနက် သုံးကောင်ကိုအောထားခြင်းဖြစ်သည်။ ထိုသို့အောထားပါက လေးကောင်ထဲမှ သုံးကောင်သည် မိမိအပိုင်ဖြစ်ပြီး ထိုသုံးကောင်ထဲမှ တစ်ကောင်ပါလျှင် သုံးဆရမည်။ သို့သော် ကျန်နှစ်ကောင်မှာ အစားခံရမည့်ဖြစ်သဖြင့် တစ်ဆသာမြတ်မည်ဖြစ်သည်။ ထိုသို့ထိုးသော ထိုးသားများကို တိုင်ပင်သမားဟုခေါ်သည်။ ပိုက်စံများများထိုးသော ထိုးသားကိုမူ လက်ကြီးဟုခေါ်သည်။



လောင်းကစားလောကတွင် အထာနပ်နေသော ထိုးသားများကိုမူ ”ကျား” ဟုခေါ်သည်။ လောင်းကစားဒိုင်အများစုသည် ထို ကျားများကိုကြောက်ကြသည်။ ကျားများသည် ဒိုင်များထက်ပင် လောင်းကစားလောကကို ပိုမိုကျွမ်းကျင်ကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် ၀ါရင့်သမ္ဘာရင့်များဟုဆိုနိုင်သည်။ ထိုကျားများသည် မိမိတို့ပြောသောစကားများကို သူတစ်ပါးနားမလည်စေရန် ကျားစကားဟူ၍ လည်းထွင်ထားသေးသည်။ ထိုးကျားစကားများကို ကျားအချင်းချင်းသာနာလည်နိုင်ပြီ ကျန်သည့်လူများနားထောင်ပါက နားထဲတွင်ကိုးလို့ကန့်လန့်ဖြင့် ဘာမှနားလည်မည် မဟုတ်ပေ။ လောင်းကစားဝိုင်းများသည် မြန်မာနိုင်ငံအရပ်ရပ်တွင် ဘုရားပွဲများဖြစ်စေ ဘာသာရေးပွဲများတွင်ဖြစ်စေ ရိုးရာပွဲများတွင်ဖြစ်စေ ပါလာတတ်သည်။



ဂီနိုတို့နေသည့်မြို့တွင်တော့ လောင်းကစားဝိုင်းများက ဆယ့်နှစ်ရာသီ အပြည့်ရှိသည်။ နယ်စပ်ဒေသဖြစ်သည်က တစ်ကြောင်း စီးပွားရေးအချက်အချာကျသည့် ဒေသဖြစ်သည်က တစ်ကြောင်းကြောင့် ငွေဖြုန်းတီးရန်နေရာများပေါများသည်။ ဤမြို့တွင် မကောင်းမှုဒုစရိုက်လုပ်ငန်းဖြင့် ချမ်းသာနေကြသူများ လည်းရှိသလို မကောင်းမှုကြောင့် ဘ၀ပျက်သွားသူများလည်း ဒုနဲ့ဒေးပင်။



”ဟရေး……ကုလားနော် လူကောင်းသူကောင်း။ လောင်းကစားမလုပ်ဘူး။ ကုလားနော် နင်တို့ကိုမြင်တယ်။ အားကြီးအားကျတယ်။ ပိုက်စံတွေ အများကြီကိုင်ထားကျတယ်။ ကုလားနော် အရမ်းသဘောကျတယ်။ ကုလားနည်းနည်းထိုးမယ်။ ရိုးရိုးသားသားပဲကစားမယ်။ နိုင်နိုင်ရှုံးရှုံး ကံတရားပဲ ဟုတ်ဘူးလား”


”ဘာဘူကြီး ခင်ဗျားထိုးမှာဖြင့် ထိုး။ အပိုတွေပြောမနေနဲ့။ ခင်ဗျားအကြောင်းမသိရင်ခက်နေဦးမယ်။”



ဒိုင်ဘက်မှလူ၀၀ကြီးသည် ၄င်း၏ နဖူးမှ ပြန်နေသော ချွေးတွေကို ရေခဲစိမ်တာဝါဖြင့်သုတ်ကာ အရှေ့တွင်ရှိသော ဘာဘူကြီးခေါ်ကုလားကြီးအား မာန်မဲနေလေသည်။ ထိုဘာဘူကြီးသည် မျက်နှာရှုံ့မဲသွားကာ ၄င်း၏ကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးကိုမှ အားမနာပဲ ဂီနို့အနားတွင် လာထိုင်ချလိုက်လေသည်။

”အား…………..ဟေ့လူ ဒီမှာဒီလောက်ကျပ်နေတာ ခင်ဗျား မျက်စိကန်းနေလား”


”ဟရေး………………..ဒီကန်လေး အားကြီးစွာတယ်ကော။ ကုလားထိုင်စရာနေရာ မရှိလို့ပါ။ ထိုးသားအချင်းချင်း ရိုင်းပင်းမှပေါ့။ ကန်လေးရယ်”


”ဘာကန်လေးလဲ…….ကောင်လေးလုပ်စမ်းပါ။ ပူရအိုက်ရတဲ့အထဲ ခင်ဗျားက တစ်မှောက်ဗျာ”


ဆူညံနေသည့်လူအုပ်ကြားထဲမှ ထိုဘာဘူကြီး ၏ချိုင်းချွေးနံ့ ပြင်းပြင်ကြီးကြောင့် ဂီနိုသေချင်စိတ်ပေါက်သွားသည်။



”ကဲ………..ထိုးထားကျ ထိုးထားကျ………………………….”


”နေဦး…………နေဦး………………ကုလား ဖားနဲ့ကြက်ကို ကြိုးတင်မယ်။”


အုပ်ဆောင်းလှပ်တော့မည် ဖြစ်သောကြောင့် ဂီနိုလည်း မိမိလက်ထဲရှိ ငွေစက္ကူများကို ဇယားပေါ်သို့ ချထိုးလိုက်သည်။


”ကျုပ်က ဘာဘူကြီးနဲ့ ဆန့်ကျင်ဘက် ၀က်ကိုအောတယ်ဗျာ။ တစ်ကောင်တည်းပဲ”


”ကန်လေး နင်နော် တစ်ကောင်တည်းထိုးတယ်။ စားသွားမှာ မကြောက်ဘူးလား။ အားကြီးသတ္တိရှိတယ် ဟစ်ဟစ်ဟစ်”


”ကဲ…………ကဲ…………ကဲ……..လက်ရှောင် အသံတိတ် ပေါက်ကောင်ဖွင့်မယ်”


လူအုပ်ကြီး၏အသံများ ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်…………………


”၀က်ကုန်း………………………………..”


”အို…….”


”ဟယ်တော်…………၀က်တဲ့အဝေးဆုံးကောင်ကြီး”


”ဟုတ်ပါ့ဗျာ။ ဖားနှစ်ပင် ကြက်တစ်ပင် ပုံမှန်သွားနေတာ။ စံကော်ချောက မလာပဲနဲ့ အဝေးဆုံးကောင်ကြီးထွက်လာတယ်။ ခါးပြီဗျို့”


”ခါးပြီ……….ခါးပြီ……………သွားပါပြီ”


”ဟမရေး… ကုလားလဲ ပါသွားပြီ။ အီး…….ဟီး…………..ဟီး…….”


ဒိုင်မှ ရှိရှိသမျှ ဇယားပေါ်က ပိုက်စံတွေကို သိမ်းကျုံးယူသွားသည်။ အားလုံးနှင့်မတူပဲ ၀က်ကိုသာတစ်ကောင်တည်းထိုးထားသည့် ဂီနို့၏ပိုက်စံများကိုတော့ မစားပဲ သုံးဆလျော်လိုက်ရသည်။ သုံးဆလျော်ရသဖြင့် ဒိုင်ကတော့ သိပ်မျက်နှာမကောင်းချေ။ ဂီနို ဟန်ပါပါပြုံးလိုက်ပြီး မိမိပိုက်စံတွေကို ကျုံးယူလိုက်၏။


”စိတ်တော့မကောင်းပါဘူးဗျာ။ ကျုပ်စိတ်ထဲမှာ ၀က်ကိုအသေကြိုက်နေတာဗျ။ အဝေးဆုံးကောင်တွေဘာတွေတောင် မစဉ်းစားမိပါဘူး။ တစ်ခါတစ်လေ ကြွေကပ်နေရင်တောင် ကျုပ်က အဝေးဆုံးကောင်ထိုးချင်ထိုးတာဗျ ဟဲဟဲဟဲ”


”ယူတော့ ယူတော့ ဒီဇယားတစ်ခုလုံး နင်ပဲယူတော့ ကန်လေး”


ဂီနို ဘာဘူကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ထဲရှိ ကွမ်းဝါးဖက်လက်ကျန်များကို ထွေးခံထဲသို့ ထွေးထုတ်လိုက်သည်။ ထို့နောက် အနားရှိရေသန့်ဘူးထဲမှ ရေကိုမော့ကာ ပလုပ်ကျင်းလိုက်ပြီး ထွေးထုတ်ပစ်လိုက်သည်။


”ကဲ……………ထိုးထားမယ် ထိုးထားမယ်။ ဂီနိုတို့တော့ ဒီနေ့ တိုက်နေတယ်။ “


”ဂျင်တိုက်တာပဲဗျာ။ ခါတိုင်းနေ့တွေက ကျုပ်ခါးထားတာ မနည်းတော့ဘူးလေဗျာ။ အခုတောင် အိမ်က မမေ့နားကပ်ကို မသိအောင် ခိုးပြီး ရေဖန်လာတာ။ အမေသိရင်ကွိုင်လိမ့်မယ်။ ၀မ်တိန်ခေါ်ပြီဗျာ။ ဒီတစ်ပင်နောက်ဆုံးပဲ။ ကျုပ်လစ်ရတော့မယ်”


”ကဲ…………အချင်းမများနဲ့ အငြင်းမပွားနဲ့ ထိုးစရာရှိတာထိုး အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့။ အခုညနေစောင်းတော့မယ် အခွန်မကျေသေးဘူး ထိုးထားကျ ထိုးထားကျ”


”ဟဲဟဲဟဲ ခင်ဗျားတို့ ဒိုင်တွေကလည်း ရဲတို့ စသုံးလုံးတို့ ထောက်လှမ်းရေးတို့ မူးယစ်တို့ကို လုပ်ကျွေးနေတာကိုးဗျ”


”ဟုတ်တယ်ဂီနိုရေ တစ်ခါတစ်လေကျရင် မော်တော်ပီကယ်တွေတောင်ပါသေး အဟေးဟေး။ လ၀ကကိုလည်း ပူဇော်ရသေးတယ်။ တစ်နေ့တစ်နေ့ ခုံနားမှာ လာရစ်သီရစ်သီနဲ့ညှော်နေကျတာကိုးကွ”


”ဟား…………….ဟား………….ဟား………..”


”ကဲ…………………….လက်ရှောင် ပေါက်ကောင်ဖွင့်မယ်။”



ဒိုင်မှအော်နေပြီ ဖြစ်သောကြောင့် ဂီနို သူထိုးချင်သော အကောင်ပေါ်သို့ ပိုက်စံတွေကို ချထိုးလိုက်၏။ အသံတွေ တိတ်ဆိတ်သွားပြန်သည်………………………


”ဖားမလေး……………………..”


”ဟာ………….”


”စံပြီဟေ့…………….စံကောင်ဖားလာတယ်……….. ဟား………….ဟား……………….ဟား……..”


”ဂီနိုချည်းတိုက်နေပါလားကွဟေ………….”


”တိုက်ဆို ဒီနေ့ တစ်မြို့လုံးမှာ ရှိတဲ့နတ်စဉ်တွေကို ပတ်ပြီးဆုတောင်းလာတာဗျ။ တစ်စဉ်မကယ် တစ်စဉ်ကယ်အောင်လို့ဆိုပြီး ဟီးဟီးဟီး”


”ဟား…………………ဟား…………………….ဟား………………….ဟား………………….”



ဂီနိုသူ့ပိုက်စံတွေကို ဇယားပေါ်ကကောက်ယူကာ လွယ်အိတ်ထဲသို့ ထည့်လိုက်ပြီး ထရန်ပြင်လိုက်သည်။ တော်ရုံတန်ရုံရလျှင် ကျေနပ်ပြီ။ လောင်းကစား လောကတွင် ဆိုးရိုးစကားရှိသည် ”လောဘကြီးလျှင် (…)လောက်သာရသည်တဲ့”။ ထို့ကြောင့် ဂီနိုနည်းနည်းတော့ လန့်သည်။ ဒီကပြန်လျှင် အပေါင်ဆိုင်မှ အမေ့နားကပ်ကို ၀င်ရွေးရမည်။ ပြီးလျှင်…………..အင်းပြီးလျှင် ညီလေးနဲ့ညီမလေးအတွက် တစ်ခုခုဝယ်ရမည်


”ကန်လေး ဘာဘူ့ကို ဖောင်ဖောင်ပေးခဲ့ဦး”


”ရော့…………..ငါးရာ”


”အွမ်………..ငါးရာတည်းလား ကန်လေးရဲ့”


”ငါးရာပဲပေါ့ဗျာ။ နည်းရင် မယူနဲ့။ ပေး…………….ပြန်ပေး”


”ဟီး……………အလကားပြောတာ။ ယူမယ် ။ ငါးရာလည်း ကွမ်းဖိုးရတာပေါ့။ ”


ဂီနိုဘာဘူကြီးကို သဘောကျစွာ ပြုံးလိုက်ပြီး ပုခုံးကို တစ်ချက်ပုတ်ခဲ့ကာ ဂျင်ဝိုင်းမှထလာခဲ့သည်။



******************


ညနေစောင်းခါနီးနေက ဖျော့တော့တော့လေးဖြင့် လောကကြီးတစ်ခုလုံးကို ဖြန့်ကျက်ထားသည်။ လမ်းမကြီးပေါ်တွင် လူတွေလှုပ်ရှားသွားလာလျှက်ရှိသည်။ သုံးဘီးဆိုင်ကယ်များကလည်း အနားမှ ရိပ်ကနဲရိပ်ကနဲ ဖြတ်မောင်းသွားကြသည်။ အထုတ်အပိုးတွေဖြင့် မနိုင်မနင်းလမ်းလျှောက်နေသော တရုတ်ကုန်သယ်တွေကိုလည်း မြင်နေရသည်။ ကုန်ပစ္စည်းတွေ သယ်နေချနေကျသော ဆယ်ဘီးကားကြီးများကိုလည်း လမ်းနဘေးတွင် တွေ့မြင်နေရသည်။ တရှုးရှုးတရှဲရှဲ ကြော်လှော်နေသော စားသောက်ဆိုင်များကလည်း လမ်းမကြီးဘေးတွင် အပြိုင်အဆိုင်။ သီချင်းသံ အချို့ကလည်း လွင့်လွင့်လေး ထွက်ပေါ်နေသည်။ သူတဖြေးဖြေးလျှောက်လာခဲ့၏။



ဂျင်းဘောင်းဘီ ခပ်စုတ်စုတ်ကို ၀တ်ထားပြီး ဖလံထည် င်္အကျီအကွက်လက်ရှည်ကိုဝတ်ဆင်ထားကာ လွယ်အိတ်တစ်လုံးကို လွယ်ထားရင် ဂီနိုဖြည်းဖြည်းချင်းလမ်းလျှောက်လာသည်။ သူ့မျက်နှာတွင် ပြုံးရိပ်ပြုံးယောင်လေးက ထင်ဟပ်နေသည်။ သူ့ရင်ထဲတွင်လည်း အနည်းငယ် ကြည်နူးနွေးထွေးနေပါသည်။ သူ့လက်ထဲတွင် စိမ်းနေသော ငွေစက္ကူတစ်ထောင်တန်များကို ဆုပ်ကိုင်ထားသည်။ ထို့နောက် ထိုငွေများကို သူရေတွက်ကြည့်သည်။ စုစုပေါင်း ခြောက်သောင်းကျော်ရှိသည်။ သူပြုံးလိုက်ပြီ ပိုက်စံတွေကို လွယ်အိတ်ထဲသို့ပြန်ထည့်ထားလိုက်သည်။ လမ်လျှောက်နေရင်း သူ့ရှေ့တွင် တစ်စုံတစ်ခုက ပိတ်ရပ်ထားသဖြင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ထို့နောက် ခေါင်းကိုပြန်မော့လိုက်သည်။


”ကောင်လေး………….မင်းအကိုတွေကို မုန့်ဖိုးလေး ဘာလေးမပေးချင်ဘူးလား ဟဲဟဲ”



သူ့ရှေ့တွင် မိုက်တိမိုက်ကန်းပုံစံဖြင့် လူသုံးယောက်ပိတ်ရပ်ထားသည်။ သူ့မျက်နှာတင်းကနဲ ဖြစ်သွား

သည်။


”ဘာမုန့်ဖိုးလည်း ခင်ဗျားတို့ အရွယ်က မုန့်ဖိုးတောင်းရမယ့်အရွယ်လား။ မရှက်ဘူးလား”


သူ့စကားကြားတော့ ငနဲသုံးကောင်က သူ့ကိုဝိုင်းဟားကြသည်။


”ဟား…………….ဟား…………………..ဟား”


”ကောင်လေးက မြွေဟောက်လေးပါလား။ တော်တော်စွာတာပဲ။ မှန်းစမ်း……….အစွယ်တွေဘာတွေပေါက်နေပြီလားလို့”


”သွားစမ်းပါဗျာ………..”


”ဟား…………….ဟား……………….ဟား…………………”


ငနဲတစ်ကောင်က သူ့မေးစိကိုလာကိုင်သဖြင့် သူလက်ကိုပုတ်ချလိုက်သည်။ ဒီကောင်သုံးကောင်က သူ့ကို အရုပ်လေးများမှတ်နေလားမသိပါ။ သူ့ဒေါသတွေ လည်ချောင်းထိပ်သို့ရောက်လာသည်။


”ဒီမှာကောင်လေး။ မင်းဂျင်ဝိုင်းက မလာတာ ငါတို့တွေ့တယ်။ အခုမင်းကို အလှူခံနေတာ နည်းနည်းလောက် လုပ်စမ်းပါဦးကွာ။ လိမ္မာပါတယ်”


”ဟား…….လွယ်သလား။ အဲ့လောက်လွယ်သလား။ စံပယ်တွေသာ လွယ်လွယ်နဲ့ပွင့်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပန်းတွေနဲ့ ဝေေ၀ဆာကုန်မှာပေါ့ဗျာ”


”ဟေ့ကောင် မင်းကိုပိုက်စံတောင်းနေတာ။ ကဗျာရွတ်ခိုင်းနေတာမဟုတ်ဘူး။ မြန်မြန်ပေးစမ်းကွာ။”


သူမဲ့ပြုံးပြုံးလိုက်သည်။ သူ့နှုတ်ခမ်းလေး ကွေးညွတ်သွားမည်ထင်သည်။


”မပေးဘူးဆိုရင်ကော………..”


”ကြိုက်တယ်…………ကြိုက်တယ်။ ဘုန်းမောင်တို့ကလည်း အဲ့လိုဇမျိုးကို ကြိုက်တာ။ မပေးဘူးဆိုရင်…………………ဒီမှာတွေ့လား”


”ဖြောက်……………”


သူတို့အထဲမှ ငနဲတစ်ကောင်က ခါးကြားထဲမှ ဓားမြောင်ကို ဖြောက်ကနဲ သူ့ကိုထုတ်ပြသည်။ အခြေအနေက မပေးရင်လုမယ့်ပုံပေါ်လာသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိသော အခါ သူရောက်နေသည့်နေရာက လူနည်းနည်းပြတ်နေမှန်းသတိထားမိသွားသည်။ ဒီကောင်တွေက သူ့ကိုကြိုစောင့်နေကျတာဖြစ်မည်။ သူဘာလုပ်ရပါ့မည်လိမ့်။ ငွေတွေကိုတော့ အပါခံလို့မဖြစ်ပါ။


”ကြာတယ်………….မြန်မြန်ပေးကွာ”


ငနဲသုံးကောင်က သူ့နားသို့တဖြေးဖြေးတိုးလာသည်။ သူ့ခြေလှမ်းတွေ နောက်ကို နည်းနည်းတွန့်ဆုတ်သွားသည်။ တကယ်လုပ်မယ့်ပုံပေါ်သည်။ တွေးရင်းသူကြက်သီးတွေ တဖြန်းဖြန်းထလာသည်။ ဒီပတ်ဝန်းကျင်တစ်ဝိုက်တွင် သူတို့အုပ်စုက မကြာခဏ ဗိုလ်ကျလေ့ရှိသည်။ ယခုတော့ သူ့အလှည့်ရောက်လာပြီထင်သည်။ သူချွေးတွေပျံလာသည်။ ငနဲသုံးကောင်က သူနှင့်နီးသထက်နီးလာသည်။


”ဟိုအနောက်ကိုကြည့်စမ်း မင်းမေလင်ကုလားကြီးလိုက်လာပြီ”


”ဟင်………..”


”ဘယ်မှာလဲ………ဘယ်မှာလဲ”


ငနဲသုံးကောင် အာရုံပြောင်းပြီး အနောက်ကို လှည့်ကြည့်ခိုက် သူအလစ်ကို အခွင့်အရေးယူကာ ထွက်ပြေးလာခဲ့သည်။ သူ့ခြေလှမ်းတွေကို မြန်နိုင်သမျှ မြန်အောင်သုတ်ချေတင်လိုက်၏။


”ဟာ…………ဟေ့ကောင်တွေ ပြေးပြီ…………….ပြေးပြီ………လိုက်……………လိုက်”


”ဟေ့ကောင်……….မပြေးနဲ့…………”


”မင်းတော့ မိရင်တော့လား………………………….”


သူပြေးလွှားလာရင်း မောဟိုက်လာသည်။ အနောက်မှ ငနဲသုံးကောင်ကလည်း ထပ်ချက်မကွာလိုက်လာသည်။ ဒီငနဲသုံးကောင်က ဒီနယ်မြေတွင် နာမည်ကြီးလူမိုက်တွေဖြစ်သည်။ သူတို့သုံးယောက်ဆိုလျှင် မည်သူကမှ ရင်မဆိုင်ချင်ကြ။ ထိုသည်ကို အခွင့်ရေးယူကာ ငနဲသုံးကောင်က မိုက်ချင်တိုင်းမိုက်နေတော့သည်။ သူအကူအညီတောင်း၍လည်းရမည် မထင်ပါ။ သူတို့မြို့မှ လူများသည် မိမိနှင့်မဆိုင်လျှင် ၀င်မပါတတ်ကြချေ။ တစ်နည်းအားဖြင့်ဆိုရသော် လူမှုရေးသိပ်နားမလည်ကြချေ။


”ဟေ့ကောင်………………………………မပြေးနဲ့”


”ဟောဟဲ………..ဟောဟဲ……………..ဟောဟဲ”


သူအနောက်ကို လှည့်ကြည့်လိုက်သည်။ ငနဲသုံးကောင် သူ့ကို တဖြေးဖြေးမှီလာသည်။ သူရှိသမျှအားကို ထည့်ကာ သုတ်ချေတင်၏။ သို့သော် သူ့အနောက်မှ အသံတွေက နီးသထက်နီးလာသည် ဟုထင်သည်။ သူလမ်းလျှောက်ရခက်သည့် ခြုံကြားများ ထဲမှဖြတ်ပြေးလာခဲ့သည်။ နဘေးတွင်တော့ လူတစ်ရပ်ခန့်ရှိသည့် ပြောင်းဖူးခင်းကြီးများရှိသည်။ သူထိုပြောင်းဖူးခင်းကို ကျော်ကာ ကမူများ ရွှံ့စေးမြေများပေါ်မှ ဖြတ်ပြေးလာသည်။ တဖြေးဖြေးပြေးလာရင်းမှ သူရောက်နေသည့်နေရာက မြစ်ကမ်းနဘေးမှန်းသတိပြုလာမိသည်။


ခပ်လှမ်းလှမ်းတွင် တသွင်သွင်စီးနေသော မြစ်ရေတစ်ချို့ကိုလှမ်းမြင်နေရသည်။ ထိုအထက်တွင်တော့ မြစ်ကိုဖြတ်ဆောက်ထားသည့် တံတားကြီးရှိသည်။ သူတဖြေးဖြးပြေးရင်း တံတားအောက်နားသို့ရောက်လာသည်။ တံတားအောက်ရောက်တော့ သူကံဆိုးသွားသည်။ မြေကြီးပေါ်ရှိ သစ်ငုတ်ကြီးကို မမြင်ပဲခလုတ်တိုက်ကာ လဲလေသည်။ သူပြန်ထရန်ပြင်လိုက်သည့် အခါမှာတော့ ငနဲသုံးကောင်က သူ့အနားသို့ရောက်နေကြချေပြီ။



”ဟင်း……….ဟင်း…………ဟင်း……….မင်းဘယ်ပြေးမလဲ မိချိုသဲ”


”ပြေးဦးလေကွာ………………..”


”ဘုန်း…………………”


ငနဲတစ်ကောင်က သူ့ကိုလာကန်ထဲ့လိုက်သည်။ သူမြေကြီးပေါ်သို့ ပြန်ပစ်လဲသွားပြန်သည်။


”ဟား……………ဟား…………ဟား”


”သူရဲကောင်းကြီး မင်းသတ္တိတွေ ဘယ်ရောက်သွားသလဲကွဟေ…………….”


”တောက်……………..”


သူတောက်ခေါက်ပြီး မတ်တပ်ပြန်ရပ်လိုက်သည်။ ငနဲသုံးကောင်က သူ့ကိုဝိုင်းပြီးအနားကပ်လာကြသည်။ သူခြေလှမ်းတွေ တဖြေးဖြေးနောက်သို့သာ ဆုတ်နေမိသည်။ နောက်သို့ဆုတ်ရင်း ဆုတ်ရင်းအမှတ်မထင် ပျော့စိစိ အရာကြီးတစ်ခုကို သူတက်နင်းမိသွားသည်။ သူငုံ့ကြည့်လိုက်၏

”အား……………..ဟား……ဟား……..ဟား ချေးပုံကြီး။ ဟေ့ကောင်တွေကြည့်ကြစမ်း ချေးပုံကြီးကို တက်နင်းမိသွားပြီတွေ့လား”


”ဟား…………….ဟား……………..ဟား……………ကောင်းတယ် ကောင်းတယ်”


”ရွံလိုက်တာကွာ………..ဝေါ့ထွီ………”


”ဟား………………..ဟား……………….ဟား………………..”



သူစိတ်ပျက်သွားသည်။ အရေးထဲ ချေးပုံက တက်နင်းမိနေသေးသည်။ ထိုအခိုက် သူရုတ်တရက်အကြံရသွားသည်။ ချေးပုံနင်းမိထားသော သူ့ဖိနပ်ကိုချွတ်ကာ ကောက်ကိုင်လိုက်၏။


”အနားမကပ်နဲ့နော် ။ ကပ်လာလို့ကတော့ ချေးနဲ့တို့ပစ်မယ်။ တွေ့လား”


”ဝေါ့……………ဟေ့ကောင် မင်းလက်ထဲက ချေးပေနေတဲ့ ဖိနပ်ကြီးကိုချထားစမ်း။ နံလိုက်တာ ”


”ဘယ်ရမလဲ…………။”


ငနဲသုံးယောက်က အလျော့မပေးပါ။ သူ့ကို ၀ိုင်းပြီးချုပ်ရန် ကြိုးစားလာကြသည်။ တဖြေးဖြေးဖြင့် သူ့နား နီးသထက်နီးလာသည်။ သူ့ချေးပေနေသည့် ဖိနပ်ကြီးကို ကိုင်ကာ သတိကြီးစွာထားနေသည်။


”ယား……………………”


ရုတ်တရက်သူ့အနောက်မှ ငနဲက သူ့ကို ၀င်လုံးသည်။ သူအငိုက်မိသွားကာ ထိုငနဲက သူ့ကို အနောက်မှ သိုင်းချုပ်ထားသည်။ ထိုစဉ် အရှေ့မှ ငနဲတစ်ကောင်ကလည်း သူ့ရှေ့သို့တိုးဝင်လာသည်။ သူရုတ်တရက်တိုးဝင်လာသော့ အရှေ့မှငနဲကို ဗိုက်တည့်တည့်သို့ ကန်ထည့်လိုက်သည်။


”ယား……………………”


”ဘုန်း……………..”


”အွတ်………….”


အရှေ့မှငနဲ လဲကျသွားသောအခါ သူ့ကိုအနောက်မှသိုင်းချုပ်ထားသည့် ငနဲ၏မျက်နှာကို ချေးတွေပေနေသည့် ဖိနပ်ဖြင့် ကပ်ထည့်လိုက်သည်။



”အား…………………………..”


”ချေးတွေ……………..ချေးတွေ…………..အမယ်လေး……………………..နံလိုက်တာ……….ဝေါ့”


ထိုငနဲသည် သွေးရူးသွေးတန်းဖြင့်အော် ကာ သူ့ကိုချုပ်မထားတော့ပဲ မြစ်ဘေးသို့ပြေးသွားကာ မြစ်ရေထဲသို့ဗွမ်းကနဲ ခုန်ချသွားလေသည်။ ထိုစဉ် သူ့ကို ကျန်ရှိနေသေးသည့် ငနဲတစ်ကောင်က ခုန်အုပ်လာသည်။ သူရှောင်တိမ်းချိန်မရလိုက်ပဲ။ ထိုငနဲ၏ တံတောင်ဆစ်ကြောင့် မျက်နှာကြီးပူထူသွားသည်။ ထို့နောက်ထိုငနဲက သူ့ကိုဗလကြီးဖြင့် လာညှစ်ထားသည်။ သူအတင်းရုန်းသည်။ သို့သော်မရ။ ထိုအခိုက် သူကန်လိုက်၍လဲနေသေ ငနဲက ပြန်ထလာကာ ဓားမြောင်ကို ဖြောက်ကနဲ ထုတ်ကာ သူ့ရှေ့သို့ရောက်လာသည်။


”သေဖို့သာပြင်ပေတော့…………..”


သူ့နားသို့တဖြေးဖြေးကပ်လာသည်။ သူသေရတောမည်ထင်သည်။ သူမျက်လုံးမှိတ်ထားမိသည်။


”အိုးဟိုးဟိုး………..အီးဟီးဟီး……….အားဟားဟား…………….အိုးဟိဟိ…………အိုး…..ယား……ယားတယ်……..။ အေးတိအေးစက်ကြီး……………..အိုးဟိုးဟိုး”


ရုတ်တရက်ထွက်ပေါ်လာသည့် အသံကြောင့် သူအံ့သြသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ သူ့အနားသို့ကပ်လာသော ငနဲမှာ င်္အကျီထဲသို့ ရေခဲချောင်းကြီးထိုးထဲ့ခံလိုက်ရသဖြင့် တီကောင်ကိုဆားနဲ့တို့လိုက်သလို ဘရိတ်ဒန့်ဆွဲနေသည်။ ပါးစပ်မှလဲ ပေါက်ကရတွေပြောကာ သူ့င်္အကျီထဲမှ ရေခဲချောင်းကြီးကို လိုက်စမ်းနေသည်။ ထိုစဉ် သူ့ရှေ့တည့်တည်သို့ ယောကျာ်းလေးတစ်ယောက် ဘွားကနဲပေါ်လာသည်။


”ခေါင်းငုံ့………………………”


သူယောင်ရမ်းပြီးခေါင်းငုံ့လိုက်သောအခါ ထိုကောင်လေးက သူ့အနောက်ရှိ ငနဲ၏မျက်နှာကို လက်သီးဖြင့်ခွပ်ကနဲထိုးချလိုက်သည်။ ငနဲက အားကနဲ အော်ပြီး သူ့ကို လွှတ်လိုက်သည်။ သူကြောင်ပြီးကြည့်နေမိသည်။



”လာဟေ့ကောင်………………ပြေးမယ်လေ”


”အန်………………”


”ဟာ မင်းကလည်း ကြောင်တောင်တေင်နဲ့။ ပြေးမယ် လာ။ အချိန်မရှိဘူး”


ထိုကောင်လေးက သူ့ကိုစိတ်မရှည်ဟန်ဖြင့် လက်ကိုဆွဲပြီးပြေးလေသည်။ သူကြောင်အမ်းအမ်းနှင့်ပါလာခဲ့သည်။ ဒီကောင်လေးက ဘယ်ကနေဘယ်လိုရောက်လာတာပါလိမ့်။


                                                                                                     ဆက်ရန်ရှိသေးသည်

                                                                                                           lovealone:P

                                                                                             boytheboy.sept@gmail.com

0 comments:

Post a Comment