This is the best gay website for Myanmar gay peoples.

Saturday, July 14, 2012

On 7:18 AM by Unknown in    No comments
သူတို့နှစ်ယောက်လစ်ပြေးလာကြသည်။ အနောက်တွင်တော့ ငနဲသုံးကောင်က ပွက်ကလောရိုက်ပြီးကျန်ခဲ့သည်။ ခြုံနွယ်တွေ ရွံ့စေးမြေတွေကိုဖြတ်ကျော်ပြီး တဖြေးဖြေးတံတားပေါ်သို့ရောက်လာကြသည်။ နေရောင်သည် စူးရှနေသေးသည်။ ထိုကောင်လေးဆွဲခေါ်ရာနောက်သို့ သူလိုက်ပါလာရင်း သန့်ရှင်းလတ်ဆတ်သောလေတွေကို တစ်ဝကြီးရှုရှိုက်နေမိသည်။ နုနယ်လွန်းသော လေပြေလေးတွေသည် သူတို့နှစ်ယောက်ကြားတွင် တွန့်လိမ်ဝှေ့ဝိုက်တိုက်ခတ်နေသည်။ ထို့အတူသူတို၏ဆံစတွေသည်လည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လေထဲတွင် နူးညံ့သည့်သံစဉ်စည်းချက်တွေလို လွန့်လူးကခုန်လှုပ်ရှားလျှက်ရှိသည်။ သူတစ်ချက်ချိုမြမြ ပြုံးလိုက်မိသည်။


"ဟောဟဲ ဟောဟဲ ဟောဟဲ သူတို့မျက်ခြေပျက်သွားလောက်ပြီထင်တယ်။ နားရအောင် မောလိုက်တာကွာ ဟောဟဲ ဟောဟဲ"


သူတစ်ချက်ရယ်လိုက်ရင်း ကောင်လေးကိုကြည့်လိုက်မိသည်။ ပုဇွန်ဆီရောင်နေရောင်အောက်တွင် မောဟိုက်နေသည့် သူ့နဖူးမှချွေးဥလေးများသည် တွဲလဲခိုကာမျက်နှာတစ်ဝိုက်တွင် စီးကျနေသည်။ အစိမ်းရင့်ရောင် စပွတ်ရှပ်အောက်ရှိ မွှေးညင်းနုလေးတွေပေါက်နေသော ဖြူနုနေသည့်အသားအရည်ထက်တွင်လည်း ချွေးစေးတွေဖြင့် ရွှဲနစ်နေသည်ကိုတွေ့ရသည်။


”ငါ့ကို အခုလိုကူညီတာ မင်းကိုကျေးဇူးတင်ပါတယ်။ ”


”ရပါတယ်။ ဒါနဲ့ မင်းဖိနပ်က ……………”


သူပြောလိုက်မှ ဂီနိုသတိထားမိသည်။ ဟုတ်သည်။ မစင်တွေတက်နင်းထားသည့် ဖိနပ်မှ အနံ့တွေထွက်နေသည်။ ဂီနိုဖိနပ်ကို ငုံ့ကြည့်ကာ ရှက်ရယ်ရယ်ပြီး ခေါင်းပြန်မော့လိုက်သည်။


”မင်းဒီမှာ ခဏစောင့်နေ မင်းကို ငါဖိနပ်တစ်ရံသွားဝယ်ပေးမယ်။ အဲံဒီဖိနပ်ကြီးကို ငါပြန်မလာခင် ဝေးဝေးကို လွှင့်ပစ်ထားလိုက်စမ်းပါကွာနော်။ နံလွန်းလို့”


သူခေါင်းညိတ်ပြလိုက်ရသည်။ ကောင်လေးက သူ့ကို တစ်ချက်မျှကြည့်ပြီး အနားမှကျောခိုင်းထွက်ခွာသွားသည်။ ကောင်လေးထွက်ခွာသွားသည်နှင့် သူခြေထောက်မှ ဖိနပ်ကိုချွတ်ကာ ခပ်လှမ်းလှမ်းသို့လွှင့်ပစ်လိုက်သည်။ သူ့အဖြစ်ကို သူကြည့်ပြီး ရယ်ချင်စိတ်ပေါက်နေသည်။ ခဏကြာတော့ ပါကင်ထုတ်တစ်ထုတ်နှင့် ကောင်လေး ပြန်ရောက်လာသည်။ ကောင်လေးသည် သူ့လိုပဲ အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ သို့ပေမယ့်သူ့ထက် အသားဖြူသည်။ နုသည်။ ၀တ်ပုံစားပုံမှာလဲ စတိုင်မိပြီး သပ်သပ်ရပ်ရပ်ရှိသည်။ အနည်းဆုံးတော့ ၀တ်နိုင်စားနိုင်သည့် အဆင့်တန်းထဲမှ ဖြစ်နိုင်သည်။ သူကတော့ ရှင်းသည်……………. ငမွဲ။


”ရော့ မင်းစီးထားတဲ့ ဖိနပ်ပုံစံအတိုင်းပဲဝယ်ခဲ့တယ်။ စီးကြည့်လိုက် မတော်ရင်တစ်ခါတည်းသွားပြန်လဲ လို့ရတယ်။ ရော့ ဒါကတော့ ရေခဲမုန့်။ မင်းကြောင့် မစားလိုက်ရပဲ ကုန်သွားတဲ့ငါ့ရေခဲမုန့်ကို ပြန်ဝယ်ရင်း သတိရလို့ မင်းအတွက်ပါဝယ်လာတာ”


”ကျေးဇူးတင်ပါတယ်ကွာ။ ဒီဖိနပ်ဖိုးနဲ့ ရေခဲမုန့်ဖိုးတွေ ငါမင်းကို ပြန်ပေးမယ်လေ။ ဘယ်လောက်ကျခဲ့လဲ”


”ရပါတယ်ကွာ ဒီလောက်ပိုက်စံလောက်ကတော့ ငါ့အတွက်အပန်းမကြီးပါဘူး။ လမ်းကြုံတုန်း အကူအ

ညီလိုအပ်နေတဲ့သူ ကိုကူညီလိုက်တယ်လို့ပဲသဘောထားပါတယ်”


ကောင်လေးက သူ့ကိုပြောပြောဆိုဆိုဖြင့် လက်ထဲမှ ရေခဲမုန့်ကို စက္ကူခွာကာ စားနေသည်။ သူတစ်ချက် မခို့တရို့ပြုံးလိုက်မိသည်။ ထို့နောက်ကောင်လေး ၀ယ်လာသော ဖိနပ်ကို စီးကြည့်လိုက်သည်။ ဖိနပ်က သူနှင့်အတော်ပါပင်။


”ဒါနဲ့ မင်းက ဘယ်မှာနေတာလဲ”


”ငါက သီရိဈေး အနောက်ဘက်က ရှမ်းရွာထဲမှာနေတယ်”


”သြော်။ ကဲ …….ညနေစောင်းနေပြီ ခဏနေရင်မိုးချုပ်တော့မယ် ငါလဲသွားစရာရှိသေးတယ်။ မင်းအိမ်ပြန်ရင် သတိထားပြီးတော့သာပြန်ပေတော့”


”အင်းကောင်းပါပြီ”


ကောင်လေးက သူ့ကို တာ့တာ ပြကာ အနားမှ ထွက်ခွာပြီးတစ်ခြားလမ်းတစ်ဘက်သို့ကူးသွားသည်။ သူကောင်လေးပေးသော ရေခဲမုန့်ကို ငုံ့ကြည့်နေမိသည်။ ထို့နောက်ခေါင်းမော့ကာ ကောင်လေးကို တစ်ချက်မော့ကြည့်လိုက်သည် ။ ထိုအခိုက်ကောင်လေးကလဲ သမင်ပြန်လှည့်လာကာ သူနှင့်အကြည့်ချင်းဆုံသွားသည်။ သူလက်တစ်ဖက်ကို လေထဲမှာ ဝှေ့ယမ်းပြလိုက်သည်။ ကောင်လေးက သူ့ကိုရပ်ပြီးပြန်ကြည့်နေသည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ကိုအော်ပြောသည်။


”ဟေ့ကောင်မင်းနာမည် ဘယ်လိုခေါ်လဲ”


”ဂီနို……………………”


”ဟင်……………….”


”ဂီနိုလို့ပြောတာ……………ဂီနို……….”



ဒုတိယအခါအော်လိုက်မှ သူရှင်းရှင်းလင်းလင်းကြားသွားပုံပေါ်သည်။ ထို့နောက် ကောင်လေးက လက်နှစ်ဖက်ကို ပါးစပ်နားသို့ကပ်ကာ သူ့ကိုပြန်အော်ပြောသည်။


”အေး..ဂီနို………….ငါ့နာမည်……………………………….”


”ဘာလဲကွ……………………..”


”ငါ့နာမည်……………….နီယွန်………………………ဟား………ဟား……….သွားပြီဟေ့ကောင် တာ့တာ”


”အေး……….တာ့တာ”



*****************


ခပ်ဝေးဝေးမှ ဖားအော်သံလေးတွေ ထွက်ပေါ်နေသည်။ ခြုံတွေ မြက်တွေထူနေသည့် လမ်းကျဉ်းကလေးမှ သူလျှောက်လာခဲ့သည်။ သူတို့နေထိုင်သည့် ဆင်းရဲသား ရပ်ကွက်လေးသည် နုံခြာစုတ်ပဲ့လွန်းသည်။ တစ်နေ့လုပ်မှ တစ်နေ့စား သုမုဒ္ဒရာဝမ်းတစ်ထွာကို နဖူးမှချွေး ခြေမကျအောင် ရုံးကန်နေရသူတွေချည်းသာ။ ယိုင်နဲ့နဲ့ အိမ်ကလေးတွေကလည်း သူတို့၏ဘ၀ တစ်စိတ်တစ်ဒေသကို ဖော်ပြလျှက်ရှိသည်။ တစ်ကယ်ဆိုလျှင် လောကကြီးက မတရားပါ။ ကမ္ဘာကြီးပေါ်တွင် အသက်ရှင်နေကြသည့် လူသားချင်းအတူတူ ဆင်းရဲသူကျတော့လဲ ကုန်းကောက်စရာမရှိအောင် ဆင်းရဲလွန်းသည်။ ချမ်းသာသူများကျတော့လဲ ငွေပုံပေါ်မှာ အခန့်သင့်ထိုင်ပြီး လက်ညိုးညွှန်ရာရေဖြစ်နေတော့သည်။ တကယ်တော့ ဆင်းရဲသည် ဆိုသည့် စကားက ဆင်း ဆိုသည့် စကားနှင့် ရဲဆိုသည့် စကားလေးနှစ်လုံးသာရှိသည်။ သို့သော် သူ၏အဓိပ္ပါယ်အတိုင်း ဖြစ်ပျက်နေသော လူသားများအဖို့ အနှစ်သာရတွေ အများကြီးကို ခါးစည်းပြီးခံနေကျရသည်ချည်းသာ။



လမ်းလယ်ခေါင်ရှိ ရေအိုင်အသေးစားလေးထဲသို့ ခြေကြွကာလျှောက်လာရင်း ဂီနိုဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိသည်။ သည်အချိန်ဆိုလျှင် သူတို့ရပ်ကွက်လေးထဲတွင် အလုပ်သမား ပြန်ချိန်ဖြစ်သည်။ အိမ်တိုင်းအိမ်တိုင်းတွင် မိသားစုစုံညီနေသည့် ဆည်းလည်းသံလေးများကိုလည်း ကြားနေရသည်။ တစ်ခါတစ်ရံ စူးစူးဝါးဝါးထွက်ပေါ်လာသော ကလေးငိုသံများကြောင့် ဂီနို ပင့်သက်ချမိသည်။ သူ့လက်ထဲတွင် လမ်းမှ ၀ယ်လာသော ခေါက်ဆွဲကြောင်ပါဆယ်ထုတ်တွေကို ကိုင်ကြည့်လိုက်ရင်း ခြေလှမ်းကို ခပ်သွက်သွက်လေးမြှင့်တင်လိုက်သည်။ ထမင်းစားချိန်ကျော်မှ သူအိမ်ပြန်ရောက်လို့ မဖြစ်သေးပါ။


အိမ်ရှေ့ရောက်တော့ လျှပ်စစ်မီးအ၀ါလေးဖြင့် ခပ်မှိန်မှိန်လေး လင်းနေသော သူတို့အိမ်လေးကို ကြည့်ရင်း အိမ်ထဲသို့ လှမ်းအကဲခတ်ကြည့်လိုက်၏။


”အမေ အမေ………………..သားပြန်လာပြီ”


သူအမေ့ကို လှမ်းခေါ်လိုက်သည်။


”အေးအေးလာခဲ့………………”


အိမ်ထဲမှ အမေ့ပြန်ထူးသံကိုကြားရသည်။ အမေဘယ်အချိန်ကတည်းကရောက်နေသည် မသိပါ။ ဒီလိုဆိုလျှင်တော့ အမေမသိအောင် ယူခဲ့သည့် အမေ့နားကပ်လေးကို လူလစ်မှပဲ နေရာမှန်ကို ပြန်ထားရမည်။ အမေက ထိုနားကပ်လေးကို မိဘတွေပေးသောမင်္ဂလာဦးလက်ဖွဲ့ဖြစ်သောကြောင့် အလွန်တန်ဖိုးထားသည်။ စားစရာမရှိလျှင်တောင် ထိုနားကပ်ကိုတော့ မထိပါ။ ယခုသူဒီလိုလုပ်တာသာ အမေသိလျှင် သူ့ကိုသတ်လိမ့်မည်။ သူအိမ်ထဲသို့ ၀င်လာခဲ့သည်။ အိမ်ထဲတွင် ညီမလေးက စားပွဲပေါ်တွင် စာကျက်နေသည်။ သုံးနှစ်သာသာ သာရှိသေးသော အငယ်ဆုံးကောင်လေးက ခပ်စုတ်စုတ်ကုတင်လေးပေါ်တွင် ကွေးကွေးလေး အိပ်ပျော်နေချေပြီ။ အမေကတော့ ဆေးပေါ့လိပ်ကြီးကို ဖွာကာသူ့ကိုမကြည့်ပဲ ဘာတွေစဉ်းစားနေသည် မသိပါ။


”နင့်ကို ထမင်းစားမလို့စောင့်နေကြတာ။ အချိန်နဲ့အခါနဲ့ ပြန်မလာဘူး။ အခုတော့ နင်တစ်ယောက်ပဲ ကျန်တော့တယ်။ ထမင်းစားချေ”


သူအမေ့ကို ကြည့်လိုက်မိပြန်သည်။ ထို့နောက် အမေ့နားက အုပ်ဆောင်းအုပ်ထားသည့် ထမင်းစား စားပွဲလေးကို ကြည့်လိုက်မိပြန်သည်။ သူဘာမှမပြောတော့ပဲ စားပွဲအနားသို့ သွားထိုင်ကာ အုပ်ဆောင်းကိုလှပ်လိုက်၏။ အုပ်ဆောင်းထဲတွင် သူ့အတွက် ကြိုခူးထားသော ထမင်းလေးမှာ ယောကျာ်းကြီး လက်တစ်ဆုပ်ခန့်သာရှိသည်။ နဘေးတွင် ဘဲဥလေးတစ်ခြမ်းနှင့် သရက်ချဉ်သုပ်လေးတွေကို ပုံထားသည်။


”အမေက စားပြီးပြီလား”


”ပြီးပြီ”


အမေက သူ့ကို ခပ်ပြက်ပြက်ပင်ပြန်ဖြေသည်။


”အငယ်နှစ်ကောင်ကော စားပြီးတာသေချာရဲ့လားအမေ”


သည်တစ်ခါတော့ အမေကသူ့ဖက်ကိုလှည့်ကြည့်ပါသည်။ ထို့နောက် ပြောင်းဖူးဆေးပေါ့လိပ်ကြီးကို တစ်ဖွာဖွာလိုက်သည်။


”စောစောစီးစီး ဆာလို့တဲ့လေ ခူးကျွေးထားလိုက်တယ်။ နင်စားစရာရှိတာသာ စားစမ်းပါ ဂီနိုရယ် မရှည်စမ်းပါနဲ့”


သူသဘောပေါက်လိုက်သည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း သူဝယ်လာသည့် အထုတ်တွေကို စားပွဲနားတွင် ချထားကာ အမေ့နားသို့ ကပ်ထိုင်လိုက်၏။


”အမေ ထမင်းမလောက်ဘူးမဟုတ်လား။ ဘယ်လိုဖြစ်တာလဲ”


အမေက သူ့ကို ဘာမှပြန်မဖြေပါ။ အမေ တစ်ခုခုကို စိုးရွံ့နေသည်။ သူမကို တာဝန်မကျေသည့် မိခင်တစ်ယောက်အဖြစ် သူမသားသမီးတွေ မြင်သွားမှာကို မလိုလားသည့်ဟန်ဖြစ်သည်။ သူ့အမေ့ လက်မောင်းကို လှုပ်ကိုင်လိုက်ရင်း ထပ်မေးလိုက်သည်။


”အမေ …………သားပြောနေတယ်လေ။ ထမင်းမလောက်ဘူးမဟုတ်လား”


”အေးသားရယ်။ အစကတော့ အမေက ဆန်ကွက်တိ တွက်ထားတာ။ အဲ့ဒါ ကုန်စိမ်းသည် ဒေါ်ညိုကြီးက သူ့ဆန်အချေး နှစ်ဘူးပြန်ယူချင်တယ်ဆိုလို့ပေးလိုက်ရတယ်။ အမေကလည်း ဒီနေ့ အ၀တ်လျှော်တဲ့ အိမ်တွေက အကုန်အကြွေးလုပ်ထားတော့ ပိုက်စံက ပြက်နေတယ်။ နင့်ညီလေးကို တောင် မုန့်မကျွေးရသေးဘူး။ ”


”အမေရယ်…………..ဒါဆို အမေမစားရသေးဘူးပေါ့ ဟုတ်လား”


”ငါ့သားပဲ ၀အောင်စားပါ။ အမေ မြူရွက်တွေသုပ်တွေ စားပြီးရေနွေးကြမ်းသောက်ထားတယ် မဆာပါဘူး”


သြော် မိခင်မေတ္တာ။ မိခင်မေတ္တာ သားသမီးတွေ ၀၀လင်လင် စားနိုင်ဖို့ သူမကိုယ်တိုင် အငတ်ခံပြီး ကျွေးရှာတဲ့ အမေပါလား။ သူ့ရင်ထဲအမေ့စကားကြောင့် ဆို့နင့်နင့်ကြီးဖြစ်သွားသည်။ သည်လိုမှန်းသိရင် သူအိမ်ကိုစောစောပြန်လာပါသည်။


”အမေ သားခေါက်ဆွဲကြော်တွေ ၀ယ်လာတယ်။ အမေရော ညီမလေးရော ညီလေးကိုပါနှိုးပြီး အတူတူစားရအောင် နော်”


အမေသည်သူ့ကိုဘာမှ မေးမြန်းခြင်းမပြုတော့ပဲ ခေါင်းညိတ်ပြပါသည်။ ထို့နောက် ထမင်းစားပွဲသို့ ထိုင်ကာ သူတို့မိသားစု ပျော်ပျော်ရွှင်ရွှင် စားလိုက်သောက်လိုက်ကြသည်။


သူသည် အိမ်မှာ အကြီးဆုံးသား သားကြီးသြရသ ဖြစ်သည်။ အဖေမရှိတော့ အမေကသာ အဖေနေရာရော အမေနေရာကို ပါမနိုင်မနင်းဖြင့် မိသားစုကို တာဝန်ယူခဲ့သည်။ အဖေဆုံးတုန်းကဆိုလျှင် သူရှစ်တန်းသာ ရှိဦးမည်။ အမေကတော့ သူ့အပေါ်တာဝန်ကျေရှာပါသည်။ သူ့ကိုဆယ်တန်းထိရောက်အောင်ထားပေးသည်။ သို့သော် ကျူရှင်မတက် ကျောင်းစာကိုလည်းသိပ်စိတ်မ၀င်စားသော သူ့အဖို့ ဆယ်တန်းအောင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့်အရာကို မရမှန်းသိလျှက်နဲ့ ရူးသွပ်နေသလိုဖြစ်နေသည်။ လူ့လောက ကြီးကခက်ခဲပင်ပန်း ကြမ်းတမ်းလွန်းပါသည်။ အသူရာ တမျှနက်ရှိုင်းသည့် ချောက်ကမ်းပါးက ကျောက်သားနံရံတွေကို တွယ်တက်နေရသလို အဖုအထစ် ခလုတ်ကသင်းတွေ များလွန်းသည်။


အမေရယ်၊ ညီမလေးရယ်၊ ညီလေးရယ်ကိုသူ ချမ်းချမ်းသာသာဖြင့် လူတန်းစေ့နေနိုင်အောင် ထားချင်သည်။ ဒီ့အတွက် သူဘယ်လိုကြိုးစားရမှာပါလိမ့်……………………..



******************


“ကဲ နင်တို့တွေ ဘာအချိုး ချိုးနေကြတာလဲ ငါ့ကိုပြောစမ်းပါဦး။ နင်တို့ဘ၀တွေကို နင်တို့သိပါတယ်နော်။ စားရမဲ့မဲ့သောက်ရမဲ့မဲ့ဘ၀ကနေ အခုလို လူလိုသူလိုနေနိုင်လာတာ ဘယ်သူ့ကျေးဇူးကြောင့်လဲဆိုတာ။ ဘ၀င်မြင့်ပြီး ဘ၀မေ့မနေနဲ့ နင်တို့အချိုးတွေကိုပြင်။ ကြားကြလား”


တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်စွာ မိုးမြင့်၏စကားကို နားထောင်နေကြသည်။ မိုးမြင့်ဆိုသူက “ယောကျာ်းလှကျွန်း” ဆိုသည့် အမျိုးသားသီးသန့် အနှိပ်ခန်းကို ဖွင့်ထားသည့် မိန်းမလျာတစ်ယောက်။ မိန်းမလျာဆိုသည့်အတိုင်း အပြောအဆိုပက်စက်သည်။ သူစိတ်ထဲမထင်လျှင် မထင်သလို သူတစ်ပါးအပေါ် ထိခိုက်နစ်နာအောင်ပြုလုပ်တတ်သေးသည်။ သူ့အနှိပ်ခန်းတွင် ရှိသည့် ကောင်လေးတွေအားလုံး သူဆူသည်ကို တစ်နေ့တစ်ကြိမ်တော့ အနည်းဆုံးခံရမည်ဖြစ်သည်။ ဤသည်ကား ယောကျာ်းလှကျွန်း၏ နိစ္စဓူဝဆည်းလည်းသံလေးများပင်။


“နေပါဦး ကိုမိုးမြင့်ရယ်။ အခုသူတို့က customer တွေစေတနာရှိလို့ပေးသွားတာလေးကို ပဲယူကြတာပါ။ ပေးတဲ့သူက စေတနာရှိလို့ပေးတယ် ယူတဲ့သူကလည်း ပေးတဲ့သူကပေးလို့ယူတယ်။ ဒါပဲလေ။ ဒါကို ခင်ဗျားက ဘာတွေထဖြစ်နေရတာလဲ။ “


“ဟဲ့ကောင် နီယွန် ငါ့ကို ကိုလို့တပ်မခေါ်နဲ့။ လူကိုသတ်ချင်သတ်ပလိုက် အဲ့ဒီ့ယောကျာ်းကြီးတစ်ယောက် လိုဆက်ဆံခံရတာကို အသည်းနာဆုံးပဲ။ ငါပုံစံကိုလည်းကြည့်ပါဦးဟယ်။ အေးနင်တို့ဘာပဲပြောပြော ဘယ်ဧည့်သည်ပေးတဲ့ မုန့်ဖိုးကို မယူရဘူး။ ဒါငါ့စည်းကမ်းပဲ။ မနေချင်တဲ့သူ ထွက်သွားကြ။


နီယွန် ကမိုးမြင့်ကို ဂရုမစိုက်ပဲ သူ့၏သောက်လက်စ စီးကရက်ကိုဆက်ပြီးဖွာနေသည်။ ထို့နောက် မီးခိုးတွေကို မျက်နှာကျက်ပေါ်သို့ ထွေးမှုတ်လိုက်သည်။


“ခင်ဗျားကြီးဟာလေ တော်တော်လေးကိုမနာလို စိတ်ပွားတဲ့သူပဲဗျ။ မစားရတဲ့အမဲကို သဲနဲ့ပတ်ချင်နေတယ်။ အင်းပေါ့လေ အခုချိန်မှာ ခင်ဗျားက စင်ပေါ်ဆိုတော့ ခင်ဗျား လုပ်ချင်သလိုလုပ်ဦးပေါ့။”


မိုးမြင့်က နီယွန်ကို မဲ့ကာရွဲ့ကာဖြင့်ကြည့်သည်။ နီယွန်က နည်းနည်းခေါင်းမာပြီး ဂျစ်ကန်ကန်နိုင်သည်ကို မိုးမြင့်သိသည်။ မိုးမြင့်တို့ကလည်း ဒီလိုကောင်မျိုးတွေ အကောင်တစ်သိန်းလောက် ကြုံလာခဲ့ဖူးသည်ပဲ မဖြုံပါ။ ယခုလက်ရှိ အခြေအနေတွင် မိုးမြင့်၏ အသိုင်းအ၀ိုင်း မိုးမြင့်၏နာမည်ဖြင့်သာ သူတို့လှုပ်ရှားနေရသည်မဟုတ်လား။ မိုးမြင့်တို့ ယောကျာ်းလှကျွန်းကို လာသည်က မိန်းမတွေထက် မိန်းမလျာတွေ ယောက်ျားချင်းကြိုက်သူတွေများသည်။ အနှိပ်အပြင် လိင်ဝန်ဆောင်မှုကိုပါ တိတ်တဆိတ်လုပ်နေသည့် မိုးမြင့်၏ လုပ်ငန်းသည် ဤမြို့တွင် မိန်းမလျာများ၏ အနားယူ အပန်းဖြေရာ ပျော်တော်ဆက်နေရာတစ်ခု ဖြစ်နေခဲ့သည်။ သည်လိုအခြေအနေထိရောက်အောင်လဲ မိုးမြင့် ရင်းနီးခဲ့ရသည့် ငွေတွေ အချိန်တွေမနည်းပါ။ ယခုလိုအောင်မြင်လာတော့ မိုးမြင့်ကသူ၏ အောင်မြင်မှုအကျိုးရလဒ်တွေကို အခြားသူကို မျှဝေခွဲပေးရမည်ဆိုလျှင် မိုးမြင့်သူ့ကိုသူ အရမ်းနစ်နာသည်ဟု ခံယူထားသည်။


“ဟင်းဟင်းဟင်း နီယွန် နင်ကငါ့ကို စိန်ခေါ်နေတာလား။ အရင်တုန်းက ငါးရုံမှာ ငါးကြေးခွံခွာနေရတဲ့ နင့်ဘ၀ကို နင်သိပါသေးတယ်နော်။ နင်အခုလို လူတစ်လုံးသူတစ်လုံး တစ်သွေးတစ်မွေးဖြစ်လာတာ ဘယ်သူ့ရဲ့ပံ့ပိုးမှုကြောင့်လဲ။ နင့်ကို မျက်နှာသာပေးထားလို့ ရွှေအေးပန်းကန်မတက်နဲ့။ ဘာပဲဖြစ်ဖြစ် နင်တို့မှတ်ထားရမှာက ငါက ပေးရင်ယူ ငါကကျွေးရင်စား ငါကခိုင်းရင်လုပ် ။ နင်တို့ကိုလည်း ပေးသင့်ပေးထိုက်သလောက်ငါပေးထားပြီးသား ဒါကိုကျေနပ်ရမယ်။ အေး….အဲ့လိုမှ မဟုတ်ရင်တော့ အိပ်ယာလိပ်ပြီး…..ဂျောင်းပဲ”

မိုးမြင်၏ စကားကို ကြားရတော့ နီယွန်အပြင်အခြားကောင်လေးတွေပါ မကျေမနပ်ဖြစ်ကုန်ကြသည်။ သို့သော် မိုးမြင့်ကတော့ စိုးစဉ်မျှ ဂရုမစိုက်ပါ။ မိုးမြင့်လိုချင်သည်က ငွေ။ ငွေရဖို့ဆိုလျှင် မည်သူ့မျက်နှာကိုမှ မိုးမြင့်ထောက်ထားမည်မဟုတ်ပါ။ လောကတွင် ငွေကဒုတိယ ဘုရားသခင်ပဲလေ။



“ကလင် ….ကလင်…..ကလင်………..”


“ဟယ်လို အမိန့်ရှိပါ”


“သြော် ဟုတ်ကဲ့ပါ။ ရပါတယ် ရှိပါတယ်။ “


“…………………………………………………………………….”


“ဟုတ်ကဲ့ စိတ်ချ စိတ်ချ။ အလန်းလေးတွေ ရွေးထားပေးမယ်”


“…………………………………………………………………….”


“ကောင်းပါပြီ.။ ဟုတ်ကဲ့ “


“ဟုတ်ကဲ့ပါ”


တယ်လီဖုန်းချလိုက်ပြီးသော အခါမိုးမြင့်က နီယွန်တို့ဘက်ကို လှည့်လာသည်။


“နီယွန်၊ သစ္စာ၊ အငယ်လေး နင်တို့သုံးယောက်အသင့်ပြင်ထား ကြ။ ခဏနေရင် ကားနဲ့လာခေါ်မယ်တဲ့”


“တောက်………………….”


တောက်ခေါက်လိုက်သော နီယွန်ကိုကြည့်ပြီး မိုးမြင့်က မထီသလိုလုပ်ကာ အခန်းထဲသို့ဝင်သွားသည်။




********************



ည၏မီးရောင်စုံအောက်တွင် လူတွေစည်ကားလျှက်ရှိသည်။ လမ်းလေးတစ်ခုလုံးလဲ တွန်းလှည်းဈေးသည်တွေ မုန့်သည်တွေ ဖြင့် ကျိပ်ကျိပ်တိုးနေသည်။ လူသံတွေကလဲ စုံလင်စွာ ဆူညံနေသည်။ ဂီနိုတစ်ယောက်လမ်းလျှောက်လာရင်း လူများကိုငေးနေမိသည်။ ဒီနေ့သူရည်ရွယ်ချက် မပြည့်မြှောက်သေးပါ။ ဟုတ်သည်။ တစ်နေကုန်တစ်နေခမ်းသူအလုပ်ရှာနေသည်မှာ ယခုဆိုလျှင် မိုးစုန်းစုန်းချုပ်နေချေပြီ။ သူအလုပ်ရမှဖြစ်မည်။ အလုပ်ရမှ ပိုက်စံရမည် ပိုက်စံရမှ သူ့ညီမလေးနဲ့ သူညီလေး ပြီးတော့ သူ့အမေ ကိုသူကောင်းကောင်းစောင့်ရှောက်နိုင်မည်။ ခက်သည်က အလုပ်က ရှားနေခြင်းပင်။


တစ်နေ့သာကုန်ပြီး ခြေထောက်တွေသာညောင်းခဲ့သည်။ သူ့အတွက်တော့ အလုပ်ရှာသည့်အစီအစဉ်က ဘာမှ ထူးခြားမလာခဲ့ပါ။ ညဈေးတန်းထဲ သူလျှောက်လာရင်း ကျိပ်ကျိပ်တိုးနေသော လူများကို ကြည့်ပြီး သက်ပြင်းချမိသည်။ သူ့ဘ၀ကြီးသည် ရင်မောစရာကောင်းလောက်အောင် ရှေ့ဆက်ပြီးဘာတွေဖြစ်လာဦးမည်မသိပါ။ ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းသလို နူးညံ့ချောမွေ့သည့်အခါလည်း ရှိဦးမည်ထင်သည်။ ထိုနေ့ရက်တွေက သူနှင့်လားလားမှမသက်ဆိုင်ဘူးတဲ့လား။ သူဘာကြောင့် ဒီလောက်မွဲနေရပါသနည်း။ သူစဉ်းစားနေတုန်း နဘေးရှိ မိန်းမလျာသုံးလေးယောက်ခန့်က သူ့ကို ကြည့်သွားကြသည်။


သူစိတ်ပျက်လက်ပျက်ဖြင့် လမ်းဆက်လျှောက်လာခဲ့သည်။ တဖြေးဖြေးဖြင့် ညဈေးတန်းလေးကိုကျော်လာခဲ့ပြီး သူတို့နေသည့် ရပ်ကွက်ထိပ်သို့ရောက်လာသည်။ ညကတော့ တိတ်ဆိတ်နေပြီး တစ်ခါတစ်ရံတွင် မိုးသက်လေ စိမ့်စိမ့်လေးတွေ တိုက်ခတ်လာသည်။


သူလျှောက်လာရင်း တစ်နေရာသို့ရောက်သော် ဓာတ်တိုင်တစ်ခုတွင် ကြော်ညာစာရွက်တစ်ခု ကပ်ထားသည်ကိုတွေ့သဖြင့် ရပ်တန့်ကာ သွားကြည့်လိုက်သည်။ ဓာတ်တိုင်နားသို့ရောက်သောအခါ ကပ်ထားသည့်ကြော်ညာစာရွက် ကိုဖြုတ်ကြည့်လိုက်သည်။ စာရွက်ထဲတွင် အောက်ပါအတိုင်းရေးထားးသည်ကို တွေ့ရသည်။




ဝန်းထမ်းအလိုရှိသည်


ယောကျာ်းလှကျွန်း အမျိုးသားသီးသန့်အနှိပ်ခန်းတွင် ခန့်အပ်ရန် အောက်ပါဝန်ထမ်းများအား အလိုရှိပါသည်။


၁။ အသက် ၁၈ နှစ်မှ ၂၈ နှစ်အတွင်း ကျန်းမာသန်စွမ်းသော အမျိုးသားဖြစ်ရမည်။


၂။ အရပ်အမြင့် အနည်းဆုံး ငါးပေကိုးလက်မရှိရမည်။


၃။ ရုပ်ရည်ပြေပြစ် သင့်တင့်မှုရှိရမည်။


၎။အိမ်ထောင်မရှိသူ လူပျိုဖြစ်ရမည်။ ဆက်ဆံရေးကောင်းမွန်ရမည်။


အဆိုပါအရည်အချင်းနှင့် ပြည်စုံသူမည်သူမဆို လူကိုယ်တိုင် မှတ်ပုံတင်နှင့်တကွ လာရောက်လျှောက်ထားနိုင်သည်။ လစာ ကောင်းမည်။ အလုပ်နှင့်ပက်သက်သည့် ညှိနှိုင်းစရာကိစ္စ များကို လူကိုယ်တိုင်မေးမြန်းညိုနှိုင်းမည်ဖြစ်သည်။ စိတ်ဝင်စားသူများ အမှတ် (….)။ အင်္လကာလမ်း၊ ရှားလားလား KTV အနီး။ ရွှေမေတ္တာရပ်ကွက်သို့ လာရောက်စုံစမ်းနိုင်သည်။



စာရွက်လေးကို ကြည့်ပြီး ဂီနိုပြုံးလိုက်မိသည်။



                                                                                                     ဆက်ရန်ရှိသေးသည်
                                                                                                          lovelaone:P
                                                                                        boytheboy.sept@gmail.com

0 comments:

Post a Comment