Tuesday, July 24, 2012
On 9:13 AM by Unknown in gay love story 7 comments
မနက်မိုးလင်းကာစဖြစ်၍ ကမ္ဘာကြီးတစ်ခုလုံးသည် ငြိမ်သက်နေရာမှ နိုးထစပြုလာသည်။
ဆောင်းတွင်းဖြစ်သည်ကတစ်ကြောင်း နေမပွင့်သေးသည်က တစ်ကြောင်းကြောင့် အအေးဓာတ်တို့သည်
စိမ့်ကာစိမ့်ကာအကဲပိုနေလေသည်။ စိုစွတ်သောမိုးနှင်းလေးများကလည်
လေတခွေ့တွင်ဝေ့ကာဝေ့ကာ ပါလာတတ်သည်။ ညမိုးများဖြန်းပက်ထားသောကြောင့်
လမ်းဘေးတွင်ပေါက်နေသော မြက်ပင်များသည်လည်းကောင်း ခိုတွေနားတတ်သည့်
ဓာတ်တိုင်မှဓာတ်ကြိုးများသည်လည်းကောင်း မိုးဥမိုးစက်လေးတွေ တွဲလည်းခိုကာ
စိုစွတ်နေလေသည်။
မှုံဝါးဝါးဖြစ်နေသော မျက်လုံးတွေဖြင့် ဂီတကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
ပြာအုံ့အုံ့ဖြစ်နေသည့်ကောင်းကင်ကြီးတွင် လွင့်မြောနေသည့် တိမ်ငွေ့ ဖြူဖြူတစ်ချို့မှ
လွဲ၍ကျန်တာဘာမှမရှိပါ။ အအေးဓာတ်ပိုစိမ့်လာသည်နှင့်အမျှ
သူ့တစ်ကိုယ်လုံးထုံကျင်အေးကိုက်လာသည်။ သူ့လက်ချောင်းတွေလည်း
ခြောက်ကပ်နေသောသွေးစီးကြောင်းတွေဖြင့် တောင့်တင်းအေးခဲနေသည်။
တစ်ညလုံးမအိပ်ထားသည့် သူ့မျက်လုံးတွေသည်လည်း မျက်ခွံများလေးလံကာ
အားအင်ဆုတ်ယုတ်နေလေသည်။ သူ့နှုတ်ခမ်းသားတွေလည်း ကွဲရှကာခြောက်ကပ်
တင်းမာနေသည်။
ခြံတခါးရှေ့အရောက်တွင် သူခြေစုံရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို
သူမသယ်ချင်တော့လောက်အောင် အားအင်တွေချီ့နဲ့နေ၏။ အေးစက်ပြီးစိုစွတ်နေသည့်
သံဘာဂျာတခါးမကြီးကိုကိုင်ကာ ခေတ္တမျှငြိမ်သက်နေသေးသည်။
အသက်ရှုလိုက်တိုင်း ရှုလိုက်တိုင်း ပါးစပ်ထဲမှအခိုးအငွေ့ တွေထွက်လာကာ
ခိုက်ခိုက်တုန်အောင်ချမ်းနေ၏။ သူအားယူလိုက်ပြီး သံတံခါးပေါက်တွေကို
ကိုင်၍လူခေါ်ဘဲတပ်ထားသည့် နေရာရောက်အောင်တစ်လှမ်းချင်းသွားနေသည်။
ဘဲခလုတ်ကိုလက်ဖြင့်စမ်းမိသောအခါ အားထည့်ပြီးအသားကုန် ဖိချလိုက်သည်။
"တီ..................."
ဘဲသံကအဆက်မပြက်ထွက်လာသည်။ သူမျက်လုံးတွေကိုမှိတ်ထားမိ၏။ လက်ကိုမလွှတ်ပဲ
ဖိထားသောကြောင့် ဘဲသံစူးစူးကြီးကိုနားထဲတွင် ကြားနေရသည်။ ထို့နောက်ဖိထားသော
သူ့လက်တွေကိုလွှတ်ချလိုက်၏။ လူခြေသံသံတွေသူ့ဆီလှမ်းလာနေသည်ကို သူကြားနေရသည်။
ထို့အတူနားထဲတွင်လည်း စကားပြောသံတစ်ချို့ကို ဝေဝေဝါးဝါးကြားနေရသည်။
"အကိုကြီးရေ...........ဂီတလေးပြန်လာပြီ"
"ဟုတ်လား
သူ့ကိုတခါးဖွင့်ပေးလိုက်ပါဦး မငြိမ်းရယ်"
"အမယ်လေး......အကိုကြီးရယ် လာပါဦး
ဂီတလေးကိုလာကြည့်ပါဦး။ ဂီတ......ဂီတသားလေး အန်တီခေါ်နေတယ်လေ
ဂီတ......."
"ဂီတ......ညီလေး
ဘာတွေဖြစ်လာတာလဲ။ တစ်ညလုံးလဲပြန်မလာဘူး....ဟင်........မင်းတစ်ကိုယ်လုံး
မိုးရေတွေရွှဲနေပါလား။ ဘယ်တွေသွားပြီးဘာတွေဖြစ်လာတာလဲ
လက်မှာလည်းသွေးတွေနဲ့.......ဂီတ..........ဂီတ အကိုခေါ်နေတယ်လေ ဂီတ...."
"အကိုကြီးရယ်လုပ်ပါဦး
ဂီတ.....ခေါ်လို့မရတော့ဘူး။"
သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။
မှုန်ဝါးနေသောလူပုံသဏ္ဌာန်နှစ်ခုကို တွေ့ရ၏။ သူ့နှုတ်ခမ်းတွေမှ ခြောက်ကပ်စွာ
အားထည့်ပြီးစကားပြောကြည့်လိုက်သည်။
"အကို......."
ထို့နောက်လောကကြီးတစ်ခုလုံး
ခေတ္တမျှငြိမ်သက်မဲမှောင်သွားပါတော့သည်။
***********
မလှပသော အတွေးစတွေ
သူ့အတွေးထဲ တဝဲဝဲတလည်လည်ဖြင့် ရစ်သီနေလေသည်။ သူရင်ထဲတွင်လည်း
တောမီးလောင်နေသလို အပူစတွေအရှိန်ပြင်းပြင်းဖြင့် တဟုန်းဟုန်းတောက်လောင်နေသည်။
သူစဉ်းစား၍မရခဲ့ပါ မိမိကိုယ်ကိုတို့ထိကြည့်သည်။ သေချာသည် အိမ်မက်မဟုတ်ပါ။
သည်လိုအမှန်တစ်ကယ်ဖြစ်ပျက်ခဲ့သည်ပေါ့ ။ တွေးရင်းကြက်သီးတွေတဖျန်းဖျန်းထလာသည်။
ပါးပြင်တွေပူနွေးလာ၏။ လေကကြီးကိုသူက နားမလည်သည်လား သို့မဟုတ်လောကကြီးကပဲ
သူ့ကိုနားမလည်သည်လား။ သေချာသည်က သူသည်လည်းလောကကြီးကမွေးဖွားထားသော
လူသားတစ်ဦးဖြစ်သောကြောင့် လောကကြီးကိုနားလည်အောင်ကြိုးစားရပေမည်။
အကြမ်းပန်းကန်လုံးလေးထဲတွင် လက်ဖက်ခြောက်ဖတ်လေးတွေ ဝါကျင့်ကျင့်ရေနွေးရောင်ထဲတွင်
အထက်မှအောက်သို့ ဝေ့လည်ဝေ့လည်ဖြစ်နေသည်ကို သူစိုက်ကြည့်နေမိသည်။
ထို့နောက်သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းကိုတွင်တွင်ခါအောင်ရမ်းပစ်လိုက်သည်။
သူ့စိတ်တွေဂဏာမငြိမ်ဖြစ်နေသည်လား။ ဖြစ်နိုင်သည်။ သူ့စိတ်တွေဆောက်တည်ရာမရ
အထိန်းကွပ်မဲ့ လေလွင့်နေပါသည်။ ဖမ်းဆုပ်လို့မရတဲ့ အခိုးအငွေ့တွေလို
ခြေမငြိမ်ဖြစ်နေသည်။ ဖြစ်နိုင်လျှင် လွင့်မြောနေသည့်သူ့စိတ်တွေကို
ဖမ်းပြီးသေတ္တာထဲထည့်ကာ သော့ခတ်ထားလိုက်ချင်သည်။
သူသည်ယောကျာ်းလေးတစ်ယောက်ဖြစ်ပါ၏။ ယခုတော့ယောကျာ်းလေးတစ်ယောက်က
သူ့ကိုချစ်စကားပြောတာသူခံလိုက်ရသည်။ သူ့ဘဝတွင်ထို့သို့ဖြစ်လာလိမ့်မည်ဟု
သူမမျှော်လင့်ခဲ့ပါ။ "မုန်တိုင်း မင်းကိုငါချစ်တယ်" ထိုစကားသံသည်
သူ့နားထဲတွင်ပဲ့တင်သံတွေလို ထပ်ခါထပ်တလဲလဲကြားယောင်နေ၏။ အဘယ်ကြောင့်မှန်းမသိ
ထိုစကားသံကိုကြားယောင်မိတိုင်း သူ့နှလုံးသားနေရာက ဆစ်ကနဲဆစ်ကနဲစူးအောင့်သွားသည်။
မြူခိုးတွေဝေနေသည့် တောင်ကဘမ်းယံတွေကြား မှောင်မှောင်မဲမဲဖြင့်ပြေးလွှားနေရသလို
ခြောက်ကပ်ထိတ်လန့် မောပန်းနေသည်။ ရင်မောသည်ဆိုတာ ဒါကိုပြောတာဖြစ်မည်။
ခန္ဓာကိုယ်အတွင်းရှိ အပူတွေကိုစုပေါင်းကာ ခပ်ငွှေ့ငွှေ့သက်ပြင်းတစ်ပုဒ်
အဖြစ်ပြင်ပသို့ထွေးမှုတ်ပစ်လိုက်သည်။
"အဲ့ဒါ
နတ်ကသိုင်းရှုနေတာ...."
"မဟုတ်ဘူး
ဝင်လေထွက်လေနဲ့ ဝိပတ်ဿနာတရားမှတ်နေတာနေမှာ"
"ကျွတ်စ် ကျွတ်စ်
ကျွတ်စ် ငါကတော့ဒီကောင်ချောင်သွားပြီလို့ပဲထင်တယ်။ သူ့ပုံစံကိုသေချာကြည့်
ဆံပင်ကလည်းအိပ်ယာထကတည်းက ဖြီးထားတဲ့ပုံမပေါ်ဘူး၊ င်္အကျီကလည်း ပိုသီဘတ်သီနဲ့၊
ဖိနပ်ကိုလည်းကြည့် ကျွဲတစ်ဖက်နွားတစ်ဖက်။ နောက်ပြီး........"
"နောက်ပြီး
ဘာဖြစ်လဲ....."
ရုတ်တရက်သူ့အမေးကြောင့်
ထက်အောင်ပါးစပ်ပိတ်သွားသည်။ ခင်မောင်ငြိမ်းကလည်း
သူ၏ပါဝါထူမျက်မှန်ကြီးကိုပင့်တင်လိုက်ပြီး စပ်ဖြဲဖြဲလုပ်နေသည်။
စာမေးပွဲနီးနေပြီဖြစ်သဖြင့် သူအိမ်တွင်စာကျက်ရန်လုပ်နေစဉ်
ဒီကောင်တွေရောက်လာကြခြင်းဖြစ်သည်။ ရောက်ကတည်းက သူ့ပုံစံကိုကြည့်ပြီးတီးတိုးဝေဖန်နေ
သည်မှာနားတွေမခံနိုင်လောက် အောင်ပင်နားငြီးလာသည်။
"ဖြေးဖြေးပြောပါမုန်တိုင်းရာ ရန်သူကြီးတွေကျနေတာပဲ
မင်းကလည်း"
"ဟုတ်သားပဲ
မင်းဘာတွေဖြစ်နေတာလဲ ငါတို့ကိုပြောပြပါလား။ ဒါမှငါတို့လည်းမင်းဝေဒနာတွေကို
မျှဝေခံစားပေးလို့ရမှာပေါ့ ဟုတ်ဖူးလား"
ခင်မောင်ငြိမ်းပြီးတော့ ထက်အောင်ကလည်း
ထုံစံအတိုင်းလေကြောရှည်ရှည်ဖြင့် ဝင်ပြီးပြောသည်။ တင်းမာနေသော သူ့မျက်နှာကို
အသာဖြေချလိုက်၏။ သူတို့ပြောသည်ကလည်းမမှားပါ။ သူပြောပြလိုက်လျှင်ကောင်းမလား။
မဖြစ်သေးပါဘူး ဒီကောင်တွေသူ့ကို ဝိုင်းဟားကြလိမ့်မည်။ မဖြစ်ဘူး မဖြစ်ဘူး။
"ဘာလည်းမုန်တိုင်း
ဆောင်းကမင်းကို ပြန်ပေါင်းထုပ်မယ်လို့ ပြောလိုက်လို့လား"
"သွားစမ်းပါ ငငြိမ်းရာ
အဲ့ဒီသစ္စာမရှိ ငွေမြင်ရင်ငမ်းငမ်းတက်နေတဲ့ မိန်းမအကြောင်းမပြောစမ်းပါနဲ့
နားခါးတယ်။"
"ဒါဖြင့်မင်းက
ဘာတွေကိုဘယ်လို ခံစားနေတာလဲ။ အခုတလောမင်းမျက်နှာကြီးကိုကြည့်ရတာ
မျောက်အိုကြီးကျနေတာပဲ သုန်သုန်မှုံမှုံနဲ့။ ကျောင်းမှာလည်း အခန်းတွေမှားဝင်လို့ဝင်
တစ်ယောက်ထဲလည်းစကားတွေ ပြောလို့ပြောနဲ့ မင်းကိုသိပ်မသင်္ကာတာနဲ့
ငါတို့ဒီနေ့မင်းအိမ်ကိုလာကြည့်တာ တော်ကြာအိမ်မှာတစ်ယောက်ထဲ ရူးကြောင်ကြောင်နဲ့
တစ်ခုခုဖြစ်နေမှာစိုးလို့"
သူ့ကိုခင်မောင်ငြိမ်းနဲ့ ထက်အောင်ကစိတ်ဝင်စားစွာကြည့်နေကြသည်။
ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့ သူဘယ်လိုပြောရမှာပါလိမ့်။ ခက်တော့ခက်နေပါပြီ။
"မုန်တိုင်း
မင်းအဖြေကိုစောင့်နေတာ ငါတို့မျက်နှာမှာ ပင့်ကူမျှင်တွေတက်တော့မယ်။
ဖြေလေကွာ"
"ဟို.....ငါစဉ်းစားနေတာပါကွာ"
"ဘာကိုလည်း
စဉ်းစားတာလေးက အဲ့သလောက်ဖြစ်စရာလိုလို့လား။ ငါတို့က အလကား
ကြောင်ရေချိုးကတုံးသန်းရှာ လုပ်ပြီးမင်းကိုမေးနေတာမဟုတ်ဘူးနော်။
ရှင်းရှင်းပြော။"
"အေးပါကွာ
မင်းတို့နှစ်ယောက်လုံး ခဏလောက်ပါးစပ်ပိတ်ပြီး နားထောင် ငါပြောပြမယ်။"
သူ့စကားဆုံးတော့ နှစ်ကောင်လုံးငြိမ်သွားကြသည်။ သူအဖြစ်အပျက်တွေကို အစကနေအဆုံး
ထိခရေစေ့တွင်းကျ ဇာတ်လုံးပေါ်အောင်ပြောပြလိုက်သည်။ နှစ်ကောင်လုံးမျက်လုံးတွေက
အရောင်တွေဖိတ်ဖိတ်တောက်နေပြီး သူပြောသည်ကို မျက်စိမမှိတ်မျက်တောင်မခတ်ဖြင့်
နားထောင်နေကြသည်။ သူပြောလို့ပြီးသွားတော့ နှစ်ကောင်လုံးကျောက်ရုပ်တွေလို
ငြိမ်သက်သွားကြသည်။ ပါးစပ်တွေအဟောင်းသားဖြင့် အသက်မှရှုကြသေးရဲ့လားမသိပါ။
"အဲ့ဒါပဲ ပြီးပြီ။
ဒီလောက်ဆိုမင်းတို့ သဘောပေါက်လောက်ရောပေါ့။"
"မုန်တိုင်း......"
"မင်းရဲ့ဂေးဒရမ်မာ
ဇာတ်လမ်းကို နားထောင်ရတာ မျက်ရည်ကျချင်လာပြီ။ ဒီလိုဆိုဂီတကမင်းကိုတော်တော် ချစ်တာပဲ
သနားပါတယ်ကွာ"
"မုန်တိုင်း
ထက်အောင်ပြောတာ ဟုတ်သလိုလိုပဲ။ ယောကျာ်းနဲ့မိန်းကလေး
ချစ်တာကိုမှအချစ်စစ်လို့ခေါ်တာမဟုတ်ဘူး ငါလည်းကမ္ဘာကျော်
ဂေးအချစ်ဇာတ်လမ်းတွေကြည့်ခဲ့ဖူးတယ်။ Broke Back Mountain လိုဇာတ်ကားမျိုးတွေပေါ့။
သိပ်သနားဖို့ကောင်းတယ်။ ငါကငါကိုယ်တိုင်ဂေးမဟုတ်ပေမယ့်
ကိုယ်ချင်းစာတတ်ပါသေးတယ်"
သူ့ခေါင်းတွေနောက်ကျိသွားပြန်သည်။ ဒီကောင်တွေ ကသူ့ထက်ပင်ပိုသိပိုတတ်နေကြသည်။
"နေကြပါဦးကွာ
မင်းတို့ပြောသလို ဂီတကငါ့ကိုတစ်ကယ်ချစ်တယ်ပဲထားဦး ငါကသူ့ကိုယ်ဘယ်လို
ပြန်ချစ်ရမှာလဲ။ မင်းတို့ပဲစဉ်းစားကြည့်လေ ဖြစ်မှမဖြစ်နိုင်တာ။
ငါကြောင့်တစ်စုံတစ်ယောက် ထိခိုက်နစ်နာသွားတာမျိုးလဲ ငါမလိုလားဘူး။
အဲ့ဒါကြောင့်ငါသူ့ကို ကျောင်းမှာရှာကြည့်သေးတယ် ဒါပေမယ့်မတွေ့တော့ဘူးကွ
ငါလည်းရူးချင်သလိုလိုဖြစ်နေတယ်။"
"အေးလေ
မင်းစိတ်ကသေချာတယ်ဆိုရင်တော့ မင်းသူ့ကိုနားလည်အောင်ရှင်းပြပေါ့။
လူ့စိတ်ဆိုတာပြောရခက်တယ် မုန်တိုင်းရ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အမှန်တစ်ကယ်
လိုချင်တောင်းတမှု လိုအပ်နေမှုကို သိစိတ်နဲ့တားမြစ်ထားပေမဲ့ မသိစိတ်က
လိုအပ်နေတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုမသိကြဘူးကွ။ စိတ်အတည်တကျ မဖြစ်သေးဘဲနဲ့တော့
ဇွတ်မလုပ်စေချင်ဘူး ဘာဖြစ်လို့လဲဆိုတော့ မှားမှန်းသိတဲ့အချိန်ကျမှ
ပြန်ပြင်ဖို့အခွင့်အရေး မရတော့ရင် ပိုပြီးခံစားရလိမ့်မယ်။ မင်းပြောပုံနဲ့
မင်းဖြစ်နေတဲ့ပုံစံကို ငါလေ့လာကြည့်ရမယ်ဆိုရင် မုန်တိုင်း မင်းစိတ်ထဲမှာဂီတရှိနေတယ်
မင်းသိလား"
"မဖြစ်နိုင်ပါဘူး
ထက်အောင်ရာ မင်းကလေပေါက်ကရပြောရမယ်ဆို နှစ်ယောက်မရှိဘူး။ ဂီတကိုသနားရင်
မင်းယူလိုက်"
"လူတစ်ချို့က
ကိုယ့်စိတ်ကိုယ်သိရဲ့သားနဲ့ ညာတတ်ကြတယ်မုန်တိုင်း။ အဲ့ဒီထဲမှာမင်းလည်းပါနေတယ်
ဒါပေမယ့်တပ်အပ်ကြီးတော့ ငါမပြောလိုပါဘူး မင်းစိတ်ကိုမင်းပဲအသိဆုံးလေ။ နောက်ပြီး
ပတ်ဝန်းကျင်နဲ့ အခြေအနေရယ်အချိန်အခါရယ်က ရှိသေးတော့ မင်းသာသူ့ကိုမချစ်ဘူးဆိုရင်
အကောင်းဆုံးပေါ့ကွာ။ ငါတို့လိုနားလည်တဲ့လူဆိုတာကလည်း
တစ်ရာမှာဆယ်ယောက်ပြည့်ဖို့မသေချာဘူး။ ဒါပေမယ့် အဲ့ဒါတွေက အဓိကပြဿနာမဟုတ်ပါဘူး
မင်းသာမင်းကိုမင်းဘာဆိုတာ သိဖို့လိုတယ်။ တစ်ချို့gayတွေကျတော့
ကိုယ့်ကိုယ်ကို gayမှန်းမသိပဲ straight
လို့ထင်နေကြတာတွေရှိတယ်။english လိုဆိုရင်တော့ closet gay
လို့ခေါ်တယ်။ မင်းကိုငါက closet gay လို့စွပ်စွဲနေတာမဟုတ်ဘူးနော်။ ဖြစ်နေမှာစိုးလို့
ပြောတာ။"
"ထက်အောင်
မင်းစကားတွေနားထောင်ရတာ ခေါင်းတွေမူးလိုက်တာကွာ။ "
"ငါက NGO အဖွဲ့တွေမှာ
လုပ်အားပေးဝင်လုပ်ဖူးတယ်လေကွာ အဲ့ဒါကြောင့်နှံ့နှံ့စပ်စပ်သိနေတာ။
အခုချိန်မှာမင်းစိတ်တွေ သိပ်ရှုပ်ထွေးနေတယ်မုန်တိုင်း။ မင်းကိုဖိအားပေးတာတော့
မဟုတ်ပါဘူး စာမေးပွဲလည်းလကုန်ရင် ဖြေရတော့မယ်
သိပ်ပြီးစိတ်ရှုပ်မခံနဲ့ပေါ့ကွာ"
ခင်မောင်ငြိမ်းက သူတို့နှစ်ယောက်စကားတွေကို နားထောင်ပြီးခေါင်းတစ်ညိတ်ညိတ်
လုပ်နေသည်။ ထက်အောင်နှင့် ခင်မောင်ငြိမ်းကိုသူတွေဝေစွာ
တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်တွေသူ့ကိုဘယ်လို ထင်ကုန်ကြပြီတော့သူမသိပါ။ ခက်သည်က
သူ့စိတ်တွေကိုပင် သူကိုယ်တိုင်နားမလည်နေခြင်းပင်။ သူသည်မိမိကိုယ်ကို gay
မှန်းမသိသည့် closet gay တစ်ယောက်တဲ့လား။ သူတို့ပြောသလို သူတစ်ကယ်ပဲဖြစ်နေပြီလား။
သူစိတ်တွေဂယောက်ဂယက် ဖြစ်လာသည်။ သူတစ်ခုခုကိုစိုးရိမ် လာသည်။ သူ့အတွေးထဲတွင်
ဘာမှန်းမသိသော အကြောင်းအရာတွေ ရစ်ကာဝဲကာဖြင့် ပတ်လည်ရှုပ်နေသည်။
"ထက်အောင်
မုန်တိုင်းကိုကြည့်ရတာ တော်တော်ညစ်နေတဲ့ပုံပဲ။ ငါတို့လစ်ရအောင် သူ့ဖာသာတစ်ယောက်ထဲ
အေးအေးဆေးဆေးနေပါစေ"
"အေး
မုန်တိုင်းငါတို့သွားတော့မယ်နော် ဘာမှစိတ်ညစ်စရာတွေတွေးမနေနဲ့တော့။
စာကိုပဲတတ်နိုင်သလောက် အာရုံစိုက်ပေါ့ကွာ။"
"အေးပါကွာ
မင်းတို့ငါ့အပေါ်မှာ အခုလိုစေတနာထားတာ ငါအရမ်းဝမ်းသာပါတယ်။ ငါမင်းတို့ကို အိမ်ရှေ့ထိ
လိုက်ပို့ပေးမယ်နော်"
အိမ်ရှေ့ရောက်တော့ ထက်အောင်နှင့်ခင်မောင်ငြိမ်းက
သူ့ကိုလက်ပြနှုတ်ဆက်ပြီးပြန်သွားကြသည်။ သူရင်ထဲတွင်မောပန်းလစ်ဟာကာ ကျန်ခဲ့သည်။ မင်း
ငါ့ကို ရင်မောအောင်လုပ်နေပြီ ဂီတရယ်........
**********
နံရံပေါ်ရှိတိုင်ကပ်နာရီသံသည် တစ်ချက်ချက်ဖြင့်
အခန်းထဲတွင်လွင့်ပြယ်နေသည်။ စက္ကန့် တံလေး ရွေ့၍ရွေ့၍ သွားသည်ကို
ဂီတစူးစိုက်စွာကြည့်နေမိသည်။ ထို့အတူ လက်ဖျန်တွင်ချိတ်ထားသော ဆေးထိုးအပ်ဆီသို့
ဆေးပုလင်းမှဆေးရည်များ တစ်စက်ချင်းတစ်ဆက်ချင်းကျလာသည်ကိုလည်း မော့ကြည့်လိုက်သည်။
အခန်းထဲတွင် တိတ်ဆိတ်ခြင်းအတိပြီးလျှက် အပ်ကျသံမျှပင်ကြားရလောက်အောင်
ခြောက်ကပ်နေသည်။ ပြတင်းပေါက်ရှိ ခန်းဆီးစလေးကတော့ ပြင်ပမှလေတစ်ချို့ကြောင့်
တဖျတ်ဖျတ်လူးခပ်နေသည်။ သည်လိုခြောက်ကပ်နေမှုမျိုးကို သူနဲနဲမှသဘောမကျ
ဘဝင်မတွေ့ပါ။
တွယ်တက်စရာ မြက်တစ်ပင်သာရှိသည့် တောင်တက်လမ်းကို သူရွေးချယ်မိခဲ့သည်က
မှားများမှားယွင်းသွားလေပြီလား။ သူရင်ထဲတွင် ဒဏ်ရာမိုးတွေ
တစ်စိမ့်စိမ့်ရွာသွန်းခဲ့သည်။ မာကျောနေတဲ့ကျောက်သားနံရံတွေပေါ် တွယ်တက်နေရသလို
ခက်ခဲကြမ်းတမ်းပင်ပန်းစွာ သူထိုမိုးစက်တွေကို ရင်ဆိုင်ခဲ့ရသည်။ ယခုတော့သူသည်
ဘုတ်တစ်ကောင်လို တစ်အီအီအော်မြည်ရမည်လား ချိုးတစ်ကောင်လို
တစ်ကူးကူးဟုအော်မြည်ရမည်လား မသိတော့ပါ။ ဥပက္ခာပြုခြင်းခံရသည့်
လိပ်ပြာငယ်လေးတစ်ကောင်လို သူအားငယ်စွာ စိုးရွံ့ကြောက်လန့်နေ၏။
မဆုံးနိုင်ခြင်း သင်္ကတတွေကြားထဲမှာ အရာရာဟာပြီးဆုံးသွားခဲ့ပြီ။
အသစ်ပြန်စလို့မရတော့သလို ဇာတ်သိမ်းလည်းမလှခဲ့ပါ။ ကံကြမ္မာကိုယ်တိုင်က
ဇာတ်ဆရာလုပ်သောဤဇာတ်လမ်းတွင် သူသည်လည်းရုပ်သေးရုပ်တစ်ရုပ် ဖြစ်မှန်းမသိဖြစ်ခဲ့သည်။
လောကကြီး၏ ကြိုးဆွဲရာကခဲ့ရသည့်သူ အခုတော့အရုပ်ကြိုးပြက်
ဖြစ်နေခဲ့သည်။ သူရှေ့တွင်ဆက်လျှောက်စရာ လမ်းလည်းမမြင်တော့ပါ အရာရာသည်
ဝေဝေဝါးဝါးဖြင့် မြူတွေလိုဖမ်းဆုပ်မရ လွင့်ပြယ်သွားသည်။ သူဘာလုပ်ရမည်နည်း
သူ့ဘဝ၏အနာဂတ်ကြီးသည် အဓိပ္ပါယ်မရှိတော့ချေ။ သွေးထွက်သံယိုဖြစ်နေသည့်
သူ့နှလုံးသားကိုလည်း ဝေဒနာတွေဆက်မပေးရက်တော့ပါ။ ခါးသီးခြင်းတွေပြည့်နှက်နေတဲ့အချစ်
ပေါက်ကွဲသံတွေကိုသာယာနာပျော်ဖွယ်အသံတွေဖြင့် ဖုံးအုပ်ဟန်ဆောင်ထားတဲ့အချစ်
ကြေကွဲခြင်းအနှပညာလက်ရာမြောက်စွာ ပုံဖော်ထုဆစ်ထားသည့်အချစ်
အဆိပ်ပန်းတစ်ပင်လိုအညွှန့်တွေတလူလူတက်နေသည့်အချစ် ဤမျှလောက်
ကြောက်စရာကောင်းသောအချစ်သည် သူ့ဘဝတစ်ခုလုံးကို ဝါးမြိုစားသောက်ပစ်ခဲ့သည်။
ထို့ကြောင့် သူအချစ်ကိုမုန်းသည်။ ခါးခါးသီးသီးမုန်းသည်။ နာနာကျည်းကျည်းမုန်းသည်။
သွေးထွက်အောင်မုန်းသည်။ မုန်းသည်ဆိုသောစကားထက် အဆပေါင်းများစွာမုန်းသည်။ သူ့ဘဝထဲမှ
အချစ်ကိုအိပ်ယာလိပ်ဖြင့် အပြီးအပိုင်မောင်းထုတ်ပစ်လိုက်ပြီ ဖြစ်သည်။
စိမ်းစိမ်းကားကားကြီးကို နှင်ချခဲ့ခြင်းဖြစ်သည်။ သူ့ဘဝ၏ လွတ်မြောက်ရာလမ်းစကို
သူလိုက်ရှာရမည်။ ဤအဓိပ္ပါယ်မရှိသော အချစ်နွံထဲတွင် အဘယ်ကြောင့်မိမိဘဝကို
အနစ်မွန်းခံရပါမည်နည်း။
ညစ်ပေနေသည့် သူ့နှလုံးသားကို လျှော်ဖွပ်သန့်စင်ပစ်ရမည်။ ဟုတ်သည်
နောက်ထပ်ဘယ်နည်းဘယ်ပုံမျိုးနှင့်မှ အစွန်းအထင်းမခံတော့ပါ။ အလွမ်းတွေကိုသောက်သုံး
ဒဏ်ရာမိုးစက်ပေါ်က တိမ်တိုက်ခါးတွေနှင့်ဆော့ကစားခဲ့သည့်သူ အကြင်တွေကိုထွေးပိုက်
ဆူးပန်းခင်းမွှေ့ယာပေါ်မှာ အိပ်မောကျနေတဲ့သူ သစ်စိမ်းရနံ့မုဒိတာကို သုခဟုထင်ကာ
မြင်းလုပ်စီးခဲ့သည့်သူ ယခုတော့လွတ်မြောက်ဖို့ အတောင်တစ်စုံသူ့ဆီမှာ ရှိနေခဲ့ပြီ။
သူလွတ်မြောက်တော့မည် သူပျံသန်းတော့မည် အချစ်နဲ့ဝေးတဲ့ကမ္ဘာ အလွမ်းမရှိတဲ့နေရပ်
ပူလောင်ခြင်းကင်းမဲ့တဲ့ ဒေသသစ်တစ်ခုဆီ သူသွားပါတော့မည်။
************
လှပသောတံတားကြီးပေါ်တွင် ဖြစ်သည်။ တံတာကြီးသည်ကြိုးတံတားကြီးဖြစ်ကာ
ဟိုဖက်ကမ်းနှင့်သည်ဖက်ကမ်းကို ခိုင်ခန့်တောင့်တင်းသည့် ဧရာမသံမဏိကြိုးကြီးတွေဖြင့်
သွယ်တန်းထားခြင်းဖြစ်သည်။ တံတားကြီးသည် အနီရောင်ဖြစ်သည်။ စူးရှရှနေရောင်အောက်တွင်
တံတားကြီးသည်လှပနေသလို ခပ်ဝေးဝေးမှ စိမ်းအုပ်အုပ်သစ်တောကြီးသည်လည်း အရွက်အခက်စုံသော
ပင်စည်ထွားထွားသစ်ပင်ကြီးတွေ ဖြင့်သာယာလှပနေသည်။ ထိုတံတားကြီးပေါ်တွင်
လေအေးလေးတွေတဖြူးဖြူး တိုက်ခတ်လျှက်ရှိသည်။
"မုန်တိုင်း
ငါတို့နှစ်ယောက် ဟိုဖက်ကမ်းကိုရောက်တာနဲ့ လွတ်မြောက်ပြီကွ။
အဲ့ဒီနေရာလေးကို အချစ်ရဲ့အခြားတစ်ဖက်က
လွတ်မြောက်ခြင်းနယ်မြေလို့ခေါ်တယ်။ ငါတို့နှစ်ယောက်
အဲဒီနေရာလေးကိုရောက်သွားပြီဆိုတာနဲ့ ငါတို့တွေငြိမ်းချမ်းသွားပြီကွ။"
စကားတွေတတွတ်တွတ်ပြောနေသော ဂီတကိုသူတစ်ချက်ကြည့်ရင်း ပြုံးလိုက်သည်။
အချစ်ရဲ့အခြားတစ်ဖက်က လွတ်မြောက်ခြင်းနေမြေတဲ့။ ထိုနေရာလေးကို ယခုသူနှင့်ဂီတ
အတူတူသွားကြမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး နွေးထွေးသောနှလုံးသားဖြင့် သူတို့လက်တွေ
ခိုင်ခိုင်မြဲမြဲတွဲထားကြသည်။
"ဂီတရာ ငါသိပ်ပျော်တာပဲ။
ငါ့ဘဝမှာလေ တစ်ခါမှဒီလိုပျော်ရွှင်မှုမျိုး မရခဲ့ဖူးဘူး။
ငါမင်းကိုသိပ်ကျေးဇူးတင်တယ်"
"မုန်းတိုင်းကလည်း
မင်းနဲ့ငါနဲ့က ချစ်သူတွေလေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ကျေးဇူးတင်တယ်ဆိုတဲ့စကားမျိုး မပြောပါနဲ့ သိပ်ပြီးသူစိမ်းဆန်လွန်းရာကျတယ်"
ဘုရားဘုရား ဂီတနှင့်သူက ချစ်သူတွေတဲ့လား။ ဘယ်လိုလုပ်ပြီး
ချစ်သူတွေဖြစ်ခဲ့ကြတာပါလိမ့်။ သူစဉ်းစားကြည့်သည်။ သို့ပေမယ့် အဖြေကမရ။
နောက်ဆုံးစဉ်းစားလို့မရသည့် အခါတွင်တော့ သူဆက်ပြီးမစဉ်းစားတော့ပါ။
ချစ်သူတွေဆိုတော့လည်း ချစ်သူတွေပေါ့ သူလည်းဂီတကို ချစ်သည်ပဲလေ။
ရုတ်တရက်တွေဝေသွားပြန်သည်။ သူဂီတကို ချစ်သည်တဲ့ ဘယ်တုန်းကများ ချစ်ခဲ့သည်ပါလိမ့်။
သူစိတ်က ဘာလို့များချစ်သည်ဟု တွေးလိုက်မိပါလိမ့်။ သူခေါင်းရှုပ်သွားပြန်သည်။
ထို့နောက်ကောင်းကင်ကြီးကို သူမော့ကြည့်လိုက်သည်။
အလို.........မိုးတွေမဲမှောင်လို့ပါလား။ စောစောကနေပွင့်နေသည် မဟုတ်ပါလား။
ယခုတော့လောကကြီးတစ်ခုလုံးသည် ရုတ်ချည်းဆိုသလိုမဲမှောင် သွားခဲ့သည်။
သူအရမ်းအံသြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွား၏။ ဘေးပတ်ဝန်းကျင်ကို
သူလှည့်ပတ်ကြည့်လိုက်သည်။ လေတွေသည် မုန်တိုင်းအသေးစားလေးလို တဟူးဟူးတိုက်ခတ်ရာမှ
တစ်စတစ်စပိုမိုပြင်းထန်လာသည်။ နက်မှောင်နေသော လောကကြီးတစ်ခုလုံး
ကြောက်စရာကောင်းလောက်အောင် မိုးချိမ်းသံတွေမြည်ဟီးလားသည်။ လျှပ်စီးတွေ
တဖျတ်ဖျတ်လက်လာသည်။
"ဂျိမ်း..........ဂျိမ်း...........ဂျိမ်း.........."
"ဝေါ..............."
မိုးတွေသည်းထန်စွာရွာသွန်းလာသည်။
သူအမှတ်တမဲ့ နဘေးကိုကြည့်လိုက်တော့ ဂီတသူ့အနားမှာမရှိတော့။ ဂီတဘယ်ရောက်သွားပါလိမ့်။
သူလှည့်ပတ်ပြီးရှာကြည့်သည်။ မတွေ့။ မိုးစက်တွေမြေပြင်ပေါ်သို့
တစ်စတစ်စပိုမိုများပြားစွာ ကျဆင်းလာသည်။ သူ့ဆံပင်တွေလည်းမိုးရေတွေ ရွှဲနေချေပြီ။
သူ့နှုတ်ခမ်းတွေလည်း တဆတ်ဆတ်တုန်ကာ ပြာနှမ်းလာသည်။ သူတစ်ကိုယ်လုံးလည်း
ရွှဲရွှဲစိုနေလေပြီ။ မိုးတွေကတော့ သည်းသည်းထန်ထန် ရွာနေဆဲပင်။
"ဂီတ.........."
"ဂီတ.........မင်းဘယ်မှာလဲ"
သူအာခေါင်ခြစ်၍အော်ပစ်လိုက်သည်။ သူ့အသံတွေသည် တစ်တောလုံးတစ်တောင်လုံး
တစ်လောကလုံးကို ဟိန်းထွက်ကာ ပဲ့တင်သံတွေဆက်တိုက် ထွက်လာသည်။ ခဏကြာတော့
အသံတွေတိတ်ဆိတ်သွားသည်။ ဂီတဆီမှ မည်သည့်ပြန်ထူးသံမှမကြားရပါ။
သူ့စိတ်တွေပူလောင်လာသည်။ ဂီတကိုစိုးရိမ်လာ၏။ သူတံတားကြီးပေါ်သို့
ဟိုပတ်ပြေးသည်ပတ်ပြေးဖြင့် ရှာကြည့်သည်။ မတွေ့။
"ဂီတ...................."
"ဂျိမ်း.................ဂျိမ်း"
"ဂီတ................................"
မည်သည့်ပြန်ထူးသံမျှ မကြားရချေ။ သူတစ်ယောက်ထဲ ချာချာလည်ရင်းဂီတကို ရှာဖွေနေမိသည်။
သူ့ရင်ထဲတွင်လည်းမောဟိုက်ကာ ဝမ်းနည်းလာသည်။ သူ့ပါးပြင်တွင် မျက်ရည်တွေစီးကျလာသည်။
သူစို့နင့်ကြေကွဲစွာ လက်နှစ်ဖက်ကိုမျက်နှာပေါ်သို့ အုပ်ရင်းငိုကြွေးနေမိသည်။
ထိုအခိုက်........
"မုန်တိုင်း.............."
ဟင်
............ဒါ ........ဒါ.......... ဂီတအသံပဲ။
"ဂီတ...........
ဂီတ.......... မင်းဘယ်မှာလဲ"
"မုန်တိုင်း
.........ငါဒီမှာ ငါ့ကိုကယ်ပါဦး.......... မုန်တိုင်း........"
အသံတွေက
ပဲ့တင်ထပ်ကာ နေရာတိုင်းဆီမှကြားနေရသည်။ သူပြေးလွှားရင်း ဂီတအသံလာရာကို ရှာဖွေနေသည်။
မိုးတွေကလည်း သည်းသည်ထက်ပိုသည်းလာသည်။
"မုန်တိုင်း
ငါ့ကိုကယ်ပါဦး"
"ဟင်........ ဂီတ
ငါလာပြီ ခဏလေး"
တွေ့ပါပြီ။ သူဂီတကိုတွေ့လိုက်ရပါပြီ။ ဂီတသည် တံတားဘောင်ကို
လက်နှစ်ဖက်ဖြင့်ခိုတွဲနေကာ အောက်ရှိ ခြောက်ကြီးထဲသို့ကျလုဆဲဆဲ
တန်းလန်းကြီးဖြစ်နေသည်။ ဂီတ၏ခန္ဓာကိုယ် အောက်ပိုင်းသည် လေထဲတွင်ဝဲနေလေသည်။
အောက်ရှိခြောက်ကမ်းပါးကြီးမှာလည်း မကောင်းဆိုးဝါးကြီးတစ်ကောင်
ပါးစပ်ကိုအဆင်သင့်ဟထားသလို ဂီတကိုဝါးမျိုရန် အဆင်သင့်စောင့်ဆိုင်းနေလေသည်။
သူဂီတနားကို အလောတကြီးပြေးသွားလိုက်သည်။
"ဂီတ မင်းလက်တစ်ဖက်ကို
အသာလေးကြွပြီးတော့ ငါ့ကိုပေး။ ငါဒီကနေ မင်းကိုဆွဲပြီးတင်မယ်"
ဂီတသည်
သူခိုင်းသည့်အတိုင်း လက်တစ်ဖက်ကြွလာလေသည်။ ကျန်လက်တစ်ဖက်ကတော့
တံတားဘောင်ကိုကိုင်ထားသည်။သူအနားရှိသံဘောင်ကို အားပြုဆွဲကိုင်ထားရင်း
ကျန်လက်တစ်ဖက်ဖြင့် ဂီတလက်ကိုလှမ်းဆွဲလိုက်သည်။ မိသည်။ သို့သော်ဂီတလက်မှာ
ချွေးတွေဖြင့်ချော်နေသဖြင့် ဖမ်းဆုပ်မိသော်လည်း ဆွဲတင်ဖို့ရန်ခက်ခဲနေသည်။
"ဂီတ........အားတင်းထားနော် ရတော့မယ်"
သူဂီတလက်ကို အတင်းဆွဲကာတင်သည်။ ဂီတက တံတားဘောင်ကို ဆွဲထားသောကျန်လက်တစ်ဖက်ကို
လွှတ်ကာ လက်နှစ်ဖက်လုံးဖြင့်သူ့ကို ဖမ်းဆုပ်လိုက်သည်။ သူရှိသမျှအားအင်တွေ
ဖြစ်ညှစ်ပြီးဂီတကို ဆွဲတင်သည်။ သို့သော် ဂီတခန္ဓာကိုယ်ကြီးသည် အပေါ်သို့အနည်းငယ်သာ
တက်လာသည်။ သူချွေးတွေ တပြိုက်ပြိုက်ကျလာသည်။ ရင်တွေလည်း
တဆတ်ဆတ်တုန်လာသည်။ လေတွမိုးတွေကလည်း သူ့မျက်နှာကို
ကြမ်းကြမ်းတမ်းတမ်းရိုက်ခတ်နေ၏။
ထိုစဉ်သူ့ကိုဆုပ်ကိုင်ထားသော ဂီတ၏လက်တွေသည် တဖြည်းဖြည်း
ချော်ကာအောက်သို့လျော့ကျလာသည်။ သူ့လက်တွေသည် အကြောတွေ ပြက်ထွက်တော့မည့်အလား
နာကျင်လာသည်။ သူဂီတကိုငုံ့ကြည့်လိုက်သည်။ ဂီတသည် လေထဲတွင်ဝဲနေလေသည်။ ဂီတ၏အောက်တွင်
ချောက်ကြီးက ကျောစိမ့်ဖွယ်ရာ ကြောက်စရာကောင်းလှသည်။
"မုန်တိုင်း
မင်းလက်တွေအရမ်းနာနေပြီမိုလား။ ငါ့ကိုလွှတ်လိုက်တော့ မုန်တိုင်း"
"ဂီတ မင်းရူးနေလား
ဘာလို့လွှတ်ရမှာလဲ။ ငါမင်းကိုမရ ရအောင်ဆွဲတင်မယ်"
"မုန်တိုင်း
ကြာရင်မင်းလက်တွေ ပြက်ထွက်ကုန်လိမ့်မယ်။ ငါ့ကိုလွှတ်လိုက်တော့။"
"မလွှတ်ဘူး လုံးဝမလွှတ်ဘူး
ပြက်ရုံမကလို့ဘာပဲဖြစ်ဖြစ် မင်းကိုငါရအောင်ကယ်မယ်။"
"မင်းမလွှတ်ရင်
ငါလွှတ်ရလိမ့်မယ် မုန်တိုင်း"
"ဂီတ မင်းရူးနေလား။
ဟာ..........ဂီတ မလုပ်နဲ့နော် ဂီတ............"
ဂီတကသူ့ကို ဆုပ်ကိုင်ထားသည့်လက်တွေကို လွှတ်လိုက်သည်။ သူအတင်းဖမ်းဆုပ်ထားပေမယ့် ဂီတ၏
လက်တွေကိုမမိတော့။ ဂီတသည်လေထဲတွင် လွင့်မြောသွားသည်။ ဂီ၏ခန္ဓာကိုယ်ကြီးသည်
လေထဲတွင်ခြာခြာလည်နေသည်။ သူ့မျက်လုံးတွေဝိုင်းစက်သွားသည်။ ဂီတသည်
တဖြည်းဖြည်းချောက်နက်ကြီးထဲသို့ ကျကာစုံးစုံးမြုပ်ပျောက်ကွယ်သွားသည်။
"ဂီတ..........................................."
ကမ္ဘာမြေကြီးသည် အိုထိန်းစက်ကဲ့သို့ သွက်သွက်ခါအောင်ခြာခြာလည်လာသည်။
သူ့ခေါင်းတွေမူးနောက်လာသည်။ အာရုံတွေရှုပ်ထွေးကာ ပြားပန်းခတ်လာသည်။
အမြင်တွေဝေဝါးလာ၏။ ရင်တွေစူးအောင့်ကာ လေထဲတွင်လွင့်မြောနေသလို အေးစက်နေသည်။
သူသည်လေထဲတွင် ပျံသန်းနေပါသည်။ထို့နောက် ကမ္ဘာကြီး၏အပြင်ဖက်ထိ ထိုးဖောက်သွားသည်။
သူမျက်လုံးထဲတွင် မြင်ကွင်းတစ်ချို့ မြင်ယောင်လာပြန်၏။ ဘာတွေမှန်းသူမသိပါ။
ရှုပ်ထွေးယောက်ယက်ခတ်နေသည်။ ထို့နောက်သူသည် တောင်ကုန်းတွေပေါ်တွင်ပြေးလွှားနေပြန်သည်။
ပင်လယ်ရေပြင်ထက်မှ လှိုင်းလုံးများသည် အလိပ်လိုက်အလိပ်လိုက်တက်လာကာ
သူ့ကိုရောထိုတောင်တန်းတွေကိုပါ လွှမ်းခြုံဖုံးအုပ်သွားသည်။
သူသည်
မိုးများသည်းထန်စွာရွာသွန်းနေသော ညတွင် တက္ကစီတစ်စီးကိုလှမ်းတားလိုက်သည်။
"ဟို......ကားကြုံလိုက်ချင်လို့ပါ တာမွေထိပါပဲ။
ကားခလဲပေးပါ့မယ် မိုးတွေအရမ်းရွာနေလို့ပါ။"
"မရဘုး
တခြားကားရှာငှားပါ"
"မြန်မာလူမျိုး
အချင်းချင်းတွေပဲ ကူညီပါကွာနော်"
"ဦးလေကြီးမြန်မြန်မောင်းပါ နောက်ကျနေပြီ"
ထို့နောက်ထိုမြင်ကွင်းတွေသည် အငွေ့
ပြန်ကာပျောက်ကွယ်သွားပြန်သည်။ ထို့နောက်သူနှင့်ဂီတ
သူအိမ်ထဲတွင်ရောက်နေကြသည်။
"အား..............."
"ဟေ့ကောင်..........
ဂီတဘာဖြစ်တာလဲ"
"မုန်တိုင်း..........
လာပါဦး စူးတယ် စူးတယ်................ အား.........."
"ဟာ....ငါကုတင်ပေါ်မှာ
ကြယ်သီးတုပ်ရင်း အပ်ကြီးချထားတာ။ မင်းတက်ထိုင် လိုက်ပြီနဲ့တူတယ်"
ထို့နောက်စကားသံပေါင်းများစွာကို
သူကြားလာရသည်။
"ရပါတယ် စကားမစပ်
မင်းတင်ပါးကြီးက ဖြူပြီးနုနေတာပဲနော် ဟိဟိ"
"မင်းသွားတော့ ဂီတ
ငါမင်းကို ရင်မဆိုင်ချင်တော့ဘူး မင်း ......မင်း မင်းကဂေးပဲ ဂီတ"
"မုန်တိုင်း ငါ....ငါ
တောင်းပန်ပါတယ်"
"တော်ပြီ
မင်းသွားတော့ကွာ .............. တောက် "
"တိတ်စမ်းမုန်တိုင်း
နင်ဟာလေ ငါ့ကိုချစ်တယ်လို့ပြောပြီးတော့ ဘာမဟုတ်တဲ့ နှင်းဆီပွင့်ကိုစွဲလမ်းနေတယ်။
နင်ငါ့ကိုမချစ်ဘူး။ နင်ညာတယ်။ နင်ဟာသစ္စာမရှိတဲ့ကောင်"
"ဆောင်း.........
ဆောင်း.......... မဟုတ်ဘူးဆောင်း........ မောင်ရှင်းပြပါရစေ"
"ဘာကိုရှင်းပြမှာလဲ
ဘာမှရှင်းစရာမလိုဘူး။ သစ္စာမရှိတဲ့နင်လိုကောင်စားမျိုးကို အရှင်ထားမယ်များထင်နေလား
ဟင်းဟင်း"
"အဟတ်.....ကျွန်တော့်မျက်နှာကိုသေချာကြည့်စမ်းပါ
ဒေါ်ဆောင်းနှင်းမြူ။ အခုလိုပြောလိုက်တဲ့ အတွက်များ ဝမ်းနည်းသွားလိမ့်မယ်လို့
ထင်နေသလား။ မင်းလိုသစ္စာမရှိတဲ့မိန်းမ တစ်ယောက်အတွက်
ငါ့မှာကျစရာမျက်ရည်မရှိဘူးဆောင်း။ မင်းဟာမိန်းမယုတ် မိန်းမညံ့
ငါမင်းကိုမုန်းတယ်............"
"ငါ့ကိုနားမလည်တာထက်
မင်းကိုမင်းနားမလည်ဖြစ်နေတာပါ။ မင်းသာမင်းကိုယ်မင်း နားလည်သွားရင်သိပ်ကောင်းမှာပဲ
မုန်တိုင်း။ ငါကတော့လောကကြီးကို ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပဲမြင်တယ်။
ကမ္ဘာပေါ်မှာလူသားတွေ တစ်ဦးနဲ့တစ်ဦးချစ်ကြတယ်။ ချစ်တာအပြစ်မဟုတ်တဲ့
အတွက်သူတို့မှာ အပြစ်မရှိဘူး လွတ်လပ်စွာချစ်ခွင့်ရှိသင့်တယ်။ အချစ်ဟာ
လျှပ်စစ်မီးမဟုတ်တဲ့ အတွက်အဖိုတွေအမတွေ မရှိဘူး။ အချစ်ဟာအချစ်ဖြစ်တဲ့အတွက်
အချစ်နဲ့အချစ်ကိုချစ်လို့ရတယ်။ အချစ်မှာဘာကန့်သတ်ချက်မှ မရှိတဲ့အတွက်
အချစ်ဟာလွတ်လပ်နေတယ်။ အချစ်မှာအချစ်ပဲရှိတယ် အချစ်မှာအပြစ်မရှိပါဘူး
မုန်တိုင်း။"
"ဂီတ မင်းစကားတွေက
သိပ်ပြီးအနှောင့်အသွားမလွတ်သလိုပဲ။ မင်းကငါ့ကိုပါဆွဲထည့်နေတဲ့ သဘောလား"
"မင်းက မဟုတ်ဘူးပေါ့။
သေချာတယ်ပေါ့"
"ဂီတ မင်း........မင်း
"
"မုန်တိုင်း
မသိရင်မှတ်ထား မြွေမြွေချင်းခြေမြင်တယ်တဲ့ကွ။ ဟား
.....ဟား.....ဟား.......ဟား"
"ဂီတ မင်းကိုယ်တွေ
ခြစ်ခြစ်တောက်ပူနေတယ်။ ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတာပဲ။ မင်းဖျားနေပြီ
ဂီတ"
"မုန်တိုင်း
မုန်တိုင်း.......ငါ......ချမ်းတယ်"
"မငိုပါနဲ့ကွာ.......
မင်းကလည်းယောကျာ်းမဟုတ်တဲ့အတိုင်းပဲ။ မင်းငိုတော့ငါ့ရင်ထဲမှာ တစ်မျိုးကြီးပဲ
မငိုနဲ့တော့ကွာ.....ငါပြန်လာခဲ့မယ် ခဏလေးပဲစောင့် ဟုတ်ပြီလား"
"မင်းကတော့အသည်းအသန်ပဲ
ဂီတရာ ။ ငါကတော့ချွေးပြန်နေပြီ မင်းချမ်းနေသေးရင်တော့
အဲ့ဒီ့စောင်ထဲကိုငါပါဝင်ပြီးခြုံပေးမယ်။ လူငွှေ့နဲ့ဆိုရင်တော့
မင်းအချမ်းပေါ့သွားမှာပါ။"
"မုန်တိုင်း
မင်းငါ့ကိုမသိခင်ကတည်းက ငါမင်းကိုသိနေခဲ့တယ်။ ငါမင်းကိုရင်းနှီးခွင့်ရအောင်
ကြိုးစားဖို့ငါမဝံ့ရဲခဲ့ဘူး။နဂိုကတည်းက ခတ်ထန်နေတဲ့ငါ့စိတ်တွေကြောင့်
ငါ့ရဲ့ဆန္ဒတွေကိုဖုံးကွယ်ထားသလိုဖြစ်ပြီး မင်းကိုငါမောက်မောက်မာမာဆက်ဆံမိသွားတယ်
ဒါပေမယ့်ကံအားလျှော်စွာနဲ့ မင်းနဲ့ငါရင်းနီးခွင့်ရခဲ့တယ်။ မင်းသိရဲ့လားမုန်တိုင်း
ငါစိတ်ညစ်တဲ့အခါတိုင်း အထီးကျန်တဲ့အခါတိုင်း မင်းသီချင်းဆိုတာကိုလာကြည့်နေတတ်တယ်။
မင်းမသိအောင် ဒီနှင်းဆီအဖြူတွေကို မင်းဆီပို့ပို့ပေးနေမိတယ်။ အရင်ကတော့
မရည်ရွယ်ပဲလုပ်ခဲ့မိပေမယ့် အခုချိန်မှာတော့ ငါ့နှလုံးသားက စကားပြောလာတယ်။
မုန်တိုင်း ငါမင်းကိုချစ်တယ်.........ဒီနှင်းဆီပန်းလေးနဲ့
ငါမင်းကိုချစ်ခွင့်ပန်ပါတယ် မုန်တိုင်း။ ငါမင်းကို အရမ်းချစ်....ပါတယ်"
"ဂီတ.......ဂီတ.......မဖြစ်နိုင်ဘူး ဟုတ်တယ်
လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။ ငါ.......ငါ.......ဂေးမဟုတ်ဘူး ငါဂေးမဟုတ်ဘူးဂီတရယ်
ငါမင်းကိုဘယ်လိုလုပ်ချစ်မှာလဲ။ မင်းရူးနေပြီဂီတ မင်းရူးနေပြီ............"
"မုန်တိုင်း
မင်းငါ့အပေါ်မှာ နည်းနည်းလေးမှစိတ်ခံစားမှု မရှိဘူးလားမုန်တိုင်းရယ်။ မင်းကိုမင်း
မညာပါနဲ့ မင်းငါ့ကိုချစ်ပါတယ် ငါသိတယ် မင်းငါ့ကိုချစ်ပါတယ်…………
ဟုတ်တယ်မိုလားဟင်"
"မဟုတ်ဘူး……..ငါမင်းကိုမချစ်ဘူး
မင်းရူးနေပြီဂီတရဲ့ မင်းဟာအရူးပဲ မဖြစ်နိုင်တာတွေကိုပြောနေတယ် ဟား…ဟား……ဟား
….မင်းရူးသွားပြီဂီတ မင်းသိရဲ့လား……. မင်းရူးသွားပြီ။"
"မုန်တိုင်းရယ်."
စကားသံတွေတိတ်ဆိတ်သွားသည်။ သူ့မျက်လုံးထဲတွင် အမှောင်ထုကြီးသာ ကြီးစိုးထားသည်။
ထို့အတူ ရင်တွေလှိုက်မော တုန်ရီနေသည်။ ခွန်အားမရှိတော့သလို သူမောဟိုက်နွမ်းလျနေသည်။
သူ့စိတ်တွေ တစ်စထက်တစ်ပိုမို မွန်းသိပ်ကြပ်ငြပ်လာသည်။ သူအသက်ရှု၍မရတော့။ ဟုတ်သည်
သူအသက်ရှု၍မရတော့ပါ။ သူ့အဆုတ်ကြီးသည် လေရှုရှိုက်ခွင့်မရသောအခါ တင်းသထက်တင်းလာသည်။
လေတင်းနေသည့်ပူဖောင်းကြီး ပေါက်ခံနီးနေသလို သူခန္ဓာကိုယ်ကြီးသည်
ပေါက်ကွဲသွားတော့မည်လား သူမသိတော့။ သူအမှောင်ထဲတွင် မွန်းကြပ်မှု
ဒဏ်ကိုမခံနိုင်တော့သည့် အဆုံးရှိသမျှအားကိုး ထည့်၍ရုန်းပစ်လိုက်သည်။
"ဝုန်း......................"
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ မနက်မိုးလင်းနေချေပြီ။ အခန်းထဲတွင်
အလင်းရောင်သိပ်မဝင်သေး သဖြင့်အနည်းငယ်မှောင်နေသေးသည်။ သူ့မျက်နှာတွင်လည်း
ချွေးတွေစို့နေသည်။ သည်လိုဆိုသူအိမ်မက် မက်နေသည်ပေါ့။ တော်ပါသေးသည်။
အိမ်မက်အကြောင်း ပြန်စဉ်းစားကြည့်မိသည်။ ဘာတွေမှန်းမသိပါ ရှုပ်ရှုပ်ခတ်နေသည်။
သူထိုအိမ်မက်ကို ကြိမ်ဆဲပစ်လိုက်သည်။ မုန်းလည်းမုန်းသည်။ အမြင်ကပ်သည်။
**********
ဘတ်စ်ကားပြတင်းပေါက်မှ
ပြင်ပရှုခင်းတွေကိုသူငေးကြည့်နေမိသည်။ အပြင်ဘက်တွင် မီးရောင်စုံလူရောင်စုံ
လှုပ်ရှားသွားလာနေသည်ကိုတွေ့ရသည်။ ညဖြစ်သောကြောင့် ဘတ်စ်ကားမှအတွင်းမီးထွန်းထားသည်။
ထို့ကြောင့်သူကြည့်နေသော ပြတင်းပေါက်မှန်ချပ်ထဲတွင် သူ့မျက်နှာလေးကိုပါရောပြီး
မြင်နေရသည်။ ဂျင်းဘောင်းဘီ အိပ်ကပ်ထဲမှ ပိုက်ဆံအိတ်ကိုထုတ်ကာ ဇစ်ကိုဖွင့်လိုက်သည်။
ထို့နောက်အထဲမှ လိုင်စင်ဓာတ်ပုံလေးတစ်ပုံထွက်လာ၏။ သူထိုဓာတ်ပုံလေးကိုကိုင်ကာ
မျက်နှာနားသို့အနီးကပ်တိုးကာ ယူကြည့်လိုက်သည်။ ဂီတ၏ဓာတ်ပုံလေးဖြစ်သည်။
သူ့အိမ်ကိုဂီတ စရောက်သည့်နေ့က ထွက်ကျန်ခဲ့တာဖြစ်မည်ထင်သည်။
နောက်နေ့သူတံဗြက်စည်းလှည်းတော့ ကောက်တွေ့သည်။
ဘဝသည် ချိုမြိန်ခြင်းတွေဖြင့် တည်ဆောက်ထားသည့် အသိုက်ငယ်လေးတစ်ခုလား
သို့မဟုတ် အညတရနှလုံးသားကို အချစ်တွေဖြင့်အစာသွတ်ထားသည့်
စာဘူးတောင်းငယ်လေတစ်ခုပေးလား။ သူစဉ်းစားကြည့်သည်။
လူတွေအားလုံးအချစ်ကြောင့် ရူးကြသည်။ ဒီစိတ်နှင့်စား ဒီစိတ်နှင့်သွား
ဒီစိတ်နှင့်အသက်ရှင်နေကြသည် လားမသိပါ။ သူကိုယ်တိုင်လည်း တိတိကျကျတော့နားမလည်ခဲ့ပါ။
အဝေးသို့ရောက်နေသော အကြည့်တွေကိုပြန်ရုပ် ကာကားထဲသို့ပြောင်းလိုက်၏။
ကားပေါ်တွင်
လူသိပ်မရှိတော့ချေ။ ညမိုးချုပ်နေပြီဖြစ်သောကြောင့် သွားသူလာသူနည်းပါးသွားသည်ထင်သည်။
ဂီတဓာတ်ပုံကို ပိုက်ဆံအိတ်ထဲပြန်ထည့်ထားလိုက်ရင်း သူစဉ်းစားကြည့်သည်။
ဂီတနှင့်သူမတွေ့သည်မှာ ယခုဆိုဆယ်ရက်ကျော်သွားပြီဖြစ်သည်။ သူ့ရင်ထဲတွင်လွမ်းသလိုလို
ဂီတကိုတွေ့ချင်သလိုလို ဘာလိုလိုညာလိုလိုဖြင့်မသည်းကွဲပါ။
ဂီတနေရောကောင်းရဲ့လားမသိပါ။ သူနှင့်နောက်ဆုံးတွေ့သည့်ညက မိုးရာကြီးထဲတွင်
အကြာကြီးနေခဲ့သည်မဟုတ်ပါလား။ ထိုညက သူဂီတအပေါ်သိပ်ပြီးရက်စက်လွန်းရာ
ကျသွားသည်လားမသိပါ။ တွေးရင်းသူဂီတကို စိုးရိမ်လာပြန်သည် ဘုရားဘုရား ထိုညကသူဂီတကို
တွန်းလှဲပစ်ခဲ့သေးသည်။ ဂီတ တစ်ခုခုများဖြစ်...........ဟာ။
မုန်တိုင်းမင်းစိတ်ထဲမှာ
ဂီတရှိနေတယ်။ မင်းသူ့ကိုလွမ်းနေတယ်မိုလား။ ဒါဆိုရင်သေချာတယ် မင်းသူ့ကိုချစ်နေပြီ။
မင်းသူ့ကိုချစ်နေပြီ မုန်တိုင်း။
မဟုတ်ဘူး မဟုတ်ဘူး
မဖြစ်နိုင်ဘူး။ မင်းမှာမိန်းကလေးရည်းစားရှိခဲ့ဖူးတယ်လေ။ မင်းမေ့နေပြီလား။
မင်းကဘယ်လိုလုပ် ယောကျာ်းလေးတစ်ယောကိုချစ်တယ် ဆိုတာဖြစ်နိုင်မှာလည်း။
မုန်တိုင်းအချစ်ဆိုတာ
အဖိုအမ မရွေးဘူးချစ်လို့ရတယ်။ အဖိုအမဆိုတာ တစ်ကယ်တော့သဘာဝကြီးရဲ့
ကန့်သတ်ချက်တစ်ခုပါပဲ။ တစ်ကယ်တော့ အားလုံးဟာလူသားတွေချည်းပါပဲ။
လူသားအချင်းချင်းချစ်တာ အပြစ်မှမဟုတ်တာ။
မုန်တိုင်းယောကျာ်းအချင်းချင်း
ချစ်တယ်ဆိုတာဂေးတွေရဲ့ အလုပ်ကွ။ မင်းကဂေးမှမဟုတ်တာ ကိုယ့်ကိုကိုနားလည်စမ်းပါ။
ယောကျာ်းအချင်းချင်းချစ်ရင် မင်းကိုလူတွေက ဘာပြောကြမယ်ထင်သလဲ။
မင်းကိုဝိုင်းဟားကြလိမ့်မယ် မုန်တိုင်းရဲ့။ မင်းအဲဒီဒဏ်တွေကို
ခံနိုင်လို့လား။
မုန်တိုင်းပတ်ဝန်းကျင်ဆိုတာ ကဲ့ရဲ့ ခုနှစ်ရက်
ချီးမွန်းခုနှစ်ရက်တဲ့။ အချိန်တန်ရင်လေကုန်ပြီး ပါးစပ်တွေပိတ်သွားကြလိမ့်မယ်။
မင်းတစ်ကယ်ပဲ ကိုယ်ချစ်တဲ့သူကို ချစ်လျှက်နဲ့ စွန့်လွှတ်တော့မလို့လား။
မင်းစွန့်လွှတ်နိုင်လို့လား။ ဂီတမရှိဘဲမင်းနေနိုင်လို့လား။
မင်းအခုတောင်သူ့ကိုလွမ်းနေတာ မဟုတ်ဘူးလား။
မုန်တိုင်းရေ
သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိတဲ့။
မင်းလည်းအဲ့လိုဖြစ်နေဦးမယ်။ မဖြစ်နိုင်တာကို သိပ်ပြီးစိတ်ကူးမယဉ် စမ်းပါနဲ့။
ဘဝကိုအဓိပ္ပါယ်ရှိရှိလက်တွေ့ ကျကျနေစမ်းပါ။ လူဆိုတာကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ။
မင်းမြဲမြဲမှတ်ထား။
နောင်တဆိုတာ
နောင်မှရတာတဲ့ မုန်တိုင်း။ ဘဝမှာအဆုံးအဖြတ်မမှားဖို့က အရေးကြီးဆုံးပဲ။
အချိန်မှီသေးတယ် မင်းဂီတကိုချစ်တယ်လို့ပြောသင့်တယ်။ မင်းသူ့ကိုချစ်နေတယ်
မုန်တိုင်း။ မင်းကိုမင်းမညာနဲ့။
မဟုတ်ဘူးမင်းဂေးမဟုတ်ဘူး
မုန်တိုင်း။ မင်းသူ့ကိုချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။
မင်းသူ့ကိုချစ်နေတယ်မုန်တိုင်း။
မဟုတ်ဘူးမုန်တိုင်း
မင်းဂေးမဟုတ်ဘူး။
မင်းသူ့ကိုချစ်တယ်လို့ပြောသင့်တယ်။
မပြောနဲ့မုန်တိုင်း
အဓိပ္ပါယ်မရှိတာတွေ။
မင်းဂီတကိုချစ်မိနေပြီ။
မဟုတ်ဘူး။
မင်းသူ့ကိုမချစ်ပါဘူး။
ဟုတ်တယ်။
မဟုတ်ဘူး။
ဟုတ်တယ်။
မဟုတ်ဘူး။
ဟုတ်တယ်။
"ကောင်လေးဘာတွေ
စဉ်းစားနေတာလဲ။ ဘတ်စ်ကားဂိတ်ဆုံးပြီလို့ မင်းကိုပြောနေတာ သုံးခါတောင်ရှိပြီ"
"ဗျာ"
"ဘတ်စ်ကားဂိတ်ဆုံးပြီ
ကားပေါ်ကဆင်းလို့ရပြီ"
"ဪ ဟုတ်ကဲ့။
ကျွန်တော်တာမွေမှာ ဆင်းမှာလေအကို တာမွေကိုရောက်ပြီလား။"
"ဟာ ဒီကောင်လေးကတော့
အူကြောင်ကြောင်နဲ့။ တာမွေက ကျော်ခဲ့ပြီကွ။ အခုဆူးလေတောင်ရောက်နေပြီ။
မိုးလည်းချူပ်ပြီ။ ဂိတ်လည်းဆုံးပြီ။ မင်းလည်းကားပေါ်ကဆင်းတော့။
ငါတို့လည်းကားသိမ်းတော့မယ်"
သူပတ်ဝန်းကျင်ကိုအကဲ ခတ်ကြည့်သည်။ ဟုတ်သည်။ ကားပေါ်မှာ လူတစ်ယောက်မှမရှိတော့။
ဘယ်အချိန်ကတည်းက သူဆင်းမည့်မှတ်တိုင်ကို ကျော်သွားသည်မသိပါ။ ကားစပယ်ရာကို
စပ်ဖြဲဖြဲလုပ်ပြပြီး ကားပေါ်မှဆင်းလာခဲ့သည်။ မတက်နိုင်တော့ တက္ကစီငှါးပြီးတော့ပဲ
အိမ်ပြန်ရတော့မည်။ အနောက်မှ ကားစပယ်ရာက
သူ့ကိုတီးတိုးပြောဆိုသံကြားလိုက်ရသည်။
"ဂေါက်နေလားမသိပါဘူး"
တဲ့။
**********
စာမေးပွဲဖြေချိန်.........
ကျောင်းဝန်းအတွင်း တွင်ကျောင်းသူကျောင်းသားများ ဟိုတစ်စုသည်တစ်စု
စုပြုံနေကြသည်။ ကျောင်းဝရံတာကိုမှီနေရင်း စကားပြောနေကြသူများလည်း
ရှိသလို သစ်ပင်အောက်တွင်အဖွဲ့ကျနေကြသူများ လည်းရှိသည်။ တစ်ချို့ကတော့
ကျောင်းcanteen တွင်ထိုင်ရင်း အချိန်ဖြုန်းနေကြသည်။ ၄င်းတို့အားလုံးသည်
စာမေးပွဲဖြေရမည့်အချိန်ကိုစောင့်ဆိုင်းနေကြ ခြင်းဖြစ်သည်။
"မုန်တိုင်း
အဆင်ပြေပါတယ်နော်"
"ပြေပါတယ် "
"မင်းကိုကြည့်ရတာ
ဂနာမငြိမ်သလိုပဲ"
စားပွဲဝိုင်းနားတွင်
ပတ်ပြီးခေါက်တုန့်ခေါက်ပြန် လျှောက်နေသော မုန်တိုင်းကိုထက်အောင်က
အမြင်ကပ်သည့်မျက်နှာဖြင့်မေးသည်။
"စာဖြေခန်းထဲမှာ
အကြာကြီး ထိုင်ရမှာမိုလို့ အညောင်းအညာပြေအောင် လမ်းလျှောက်နေတာပါ။ ငါအေးဆေးပါ
။"
"အေး အေး
ပြီးရော"
"အင်း"
"မုန်တိုင်း "
"ဟင်"
"မင်းဘာတွေရွတ်နေတာလဲ
မင်းပါးစပ်ကိုကြည့်ရတာ တစ်ခုခုရွတ်နေသလိုပဲ"
"ဟို......ဟိုဒင်း
စာ.......စာ မေ့သွားမှာစိုးလို့ပါကွာ"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆိုနေကွာ"
"နေပါဦး
မင်းမျက်လုံးတွေက ဘာကိုရှာနေတာလဲ ဟိုကြည့်ဒီကြည့် ကျီးကန်းတောင်မှောက်နဲ့"
"ဟို.....ခင်..ခင်မောင်ငြိမ်းလေကွာ
ငငြိမ်း.....ငငြိမ်း ဒီကောင်မလာသေးလို့လေ"
"လာပါလိမ့်မယ်။
အခုမှအစောကြီးရှိသေးတယ် ။ကဲကဲ လက်ဖက်ရည်တွေအေးကုန်တော့မယ် လာသောက်ချေ။"
"အင်း"
မုန်တိုင်း စားပွဲခုံ
တွင်ပြန်ဝင်ထိုင်လိုက်ပြီး မှာကတည်းကနဲနဲမှမတို့ရသေးသည့်
လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းဖျားလေးဖြင့်တို့ကြည့်လိုက်သည်။
"မုန်တိုင်း"
"ဘာလဲကွာ......."
သည်တစ်ခါတော့
ဒီကောင်နဲနဲလွန်လာပြီဟု မုန်တိုင်းထင်သည်။
"ဟိုမှာ.....ငငြိမ်းလာနေပြီလို့"
"ဒီကောင်လာတာ
ဘာထူးဆန်းလို့လဲ"
"ဟင် မင်းပဲသူမလာသေးလို့
စောစောက မျှော်နေတာမဟုတ်ဘူးလား"
"ဪ........အေး
ဟုတ်သားပဲ"
"မင်းစိတ်ကောမှန်ပါသေးတယ်နော်"
သူထက်အောင်ကို တစ်ခုခုပြောရန်ပြင်လိုက်စဉ် ခင်မောင်ငြိမ်းက အနားသို့ရောက်လာကာ
ဝင်ထိုင်လိုက်သဖြင့် ဘာမှမပြောတော့ပဲငြိမ်နေလိုက်သည်။
"မုန်တိုင်း
မင်းဂီတကိုတွေ့သေးလား"
ရောက်ရောက်ခြင်းဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်သော
ခင်မောင်ငြိမ်းစကားကြောင့် မုန်းတိုင်းသောက်ဟန်ပြင်နေသည့် လက်ဖက်ရည်ခွက်ကို
ပြန်ချထားလိုက်သည်။ ထို့နောက်ခင်မောင်ငြိမ်းဖက်သို့ စိတ်ဝင်စားစွာ ကြည့်လိုက်၏။
သူစိတ်ဝင်စားသည့် ဂီတဆိုသည့်နာမည် ပါနေသည်မဟုတ်ပါလား။
"ဟင့်အင်း
အခုတစ်လောမတွေ့တာကြာပေါ့"
"အေးငါလည်းအဲ့ဒါပဲပြောမလို့ မနေ့က
ငါကျူရှင်ကအပြန်မှာ ဂီတတို့အခန်းထဲက ကောင်မလေးနှစ်ယောက် ပြောသွားတာကြားလိုက်တယ်ကွ
ဘာတဲ့ ဂီတကျောင်းထွက်သွားပြီဆိုလားပဲ။ ပြီးတော့ နိုင်ငံခြားသွားဖို့ ဆာကူယာတာဝါမှာ
လေယာဉ်လက်မှတ်လာဝယ်တာ တွေ့လိုက်တယ်တဲ့"
"ဘာ.......မင်းဘာပြောလိုက်တယ်"
ခင်မောင်ငြိမ်းစကားက
သူ့ရင်ကိုအမြစ်မှဆွဲနှုတ်လိုက်သလို အသည်းခိုက်မတက်နာကြင်သွားစေသည်။
သူ့မျက်နှာသည်လည်း ဟန်ဆောင်၍မရအောင်ပင် ပျက်ယွင်းသွားလောက်ပြီိထင်သည်။
ခင်မောင်ငြိမ်းက သူ့ရုတ်တရက်ပြောလိုက်သည်ကို လန့်သွားသည်ထင်သည်
အနောက်သို့အနည်းငယ်ဆုတ်သွားသည်။ သူခင်မောင်ငြိမ်း၏ င်္အကျီကော်လန်စကို လှမ်းဆွဲပြီး
အနားသို့ဆွဲလိုက်ကာ......
"မင်းပြောတာသေချာလား
ငငြိမ်း ငါ့ကိုမင်းတို့နှစ်ကောင် ဝိုင်းနောက်မလို့မိုလား"
"မုန်တိုင်း
လက်.....လက်ကြီးကိုလွှတ်ဦးလေကွာ။ "
"ဆောရီး ဆောရီး "
"မင်းကိုအရေးထဲနောက်နေရဦးမှာလားကွာ တစ်ကယ်ပြောနေတာ
တစ်ကယ် တစ်ကယ်"
"ဒါဆို
ဂီတနိုင်ငံခြားသွားတော့မှာပေါ့"
"ဟုတ်မှာပေါ့"
သူ့ရင်ထဲဗလောင်ဆူသွားသည်။
ဂီတနိုင်ငံခြားသွားတော့မည်တဲ့။ ကျောင်းလဲထွက်သွားသည်တဲ့ သူကြောင့်
အားလုံးသူ့ကြောင့်သာဖြစ်သည်။ ဂီတရယ် မင်းဘာဖြစ်လို့ဒီလိုတွေလုပ်ရတာလဲ။ ငါကမင်းကို
အဲ့သလောက်တောင် နာကျင်စေခဲ့သလားကွာ။ ငါ့ကြောင့်တော့ မင်းဟိုးအဝေးကြီးကို
ထွက်သွားဖို့မလိုဘူးလို့ငါထင်တယ်။
"မင်းဘယ်လိုလုပ်မှာလဲ
မုန်တိုင်း"
ထက်အောင်ဆီမှ
စကားသံထွက်လာသဖြင့် သူမော့ကြည့်လိုက်သည်။ ထက်အောင်ရော ခင်မောင်ငြိမ်းပါ
မေးခွန်းပေါင်းများစွာဖြင့် သူ့ကိုကြည့်နေကြသည်။ သူခေါင်းရမ်းပြလိုက်သည်။
"ငါမသိဘူး"
"ခဏနေကျရင်စာမေးပွဲဖြေရတော့မယ်
ဂီတကဘယ်နေ့သွားမယ်မှန်းမသိဘူး။ ငငြိမ်း မင်းမမေးကြည့်ခဲ့ဘူးလား"
"ဟင့်အင်း မမေးခဲ့မိဘူး။
အဲ့ဒီကောင်မလေးတွေက အရင်ကငါတို့စလို့ ငါတို့နဲ့ကွိုင်တက်ထားဖူးတယ်ကွ။ အဲ့ဒါကြောင့်
သူတို့ပြောတာပဲနားထောင်ခဲ့တယ်"
"ဒုက္ခပါပဲ မုန်တိုင်း
မင်းဘာလုပ်မယ်စိတ်ကူးလဲ"
"စာမေးပွဲဖြေရတော့မယ်ကွ
ငါလည်းဘာမှမတက်နိုင်တော့ဘူး"
"ကလင် ကလင် ကလင်
ကလင်"
သူ့စကားပြောလို့မှမဆုံးသေးပါ
အချက်ပေးခေါင်းလောင်းထိုးသံက မြည်လာသည်။ ကျောင်းသူကျောင်းသားတွေ အားလုံး
ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။ တစ်ချို့က ကျောင်းခန်းရှိရာသို့သွားကုန်ကြသည်။
"မုန်တိုင်း
ခေါင်းလောင်းထိုးနေပြီ သွားကြရအောင်"
ခင်မောင်ငြိမ်းကပြောလိုက်ချင်းဖြစ်သည်။ သူအသာခေါင်းညိတ်ပြလိုက်သည်။
စာဖြေခန်းထဲသို့ဝင်ရမှာ သူ့ခြေထောက်တွေ မရွေ့ချင်သလိုဖြစ်နေ၏။ ရင်ဘတ်ထဲတွင်လည်း
ကတုန်ကယင်ဖြစ်နေသည်။ သူဘာကိုလိုချင်နေသည်လဲ သူလိုချင်နေသည်က ဂီတများဖြစ်နေလား
သူမသိပါ။ အခုလောလောလတ်လတ်တွင်တော့ အခြေအနေက တို့လို့တန်းလန်းကြီးဖြစ်နေသည်။ ဂီတက
ဘယ်အချိန်သွားမယ်မှန်းမသိ စာမေးပွဲကလည်းယခုပင် ဖြေရတော့မည်။
နောက်ဆုံးတော့သူစိတ်ကိုလျှော့ပြီး စာဖြေခန်းထဲသို့သာ
တစိုက်မတ်မတ်ဝင်လာခဲ့တော့သည်။
***********
အခန်းကြီးတစ်ခုလုံး
တိတ်ဆိတ်လျှက်ရှိသည်။ ကျောင်းသူကျောင်းသားတွေ အားလုံးစားပွဲကိုယ်စီတွင်ထိုင်ကာ
ငြိမ်သက်နေကြသည်။ ငြိမ်သက်နေသည်ဆိုသော်လည်း ကျောက်ရုပ်ကဲ့သို့
ငြိမ်နေခြင်းတော့မဟုတ်။ စာဖြေစားပွဲပေါ်တွင် မေးခွန်းစာရွက်ကိုကြည့်ပြီး
အဖြေလွှာစာရွက်ထဲတွင် စာများရေးနေကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော်
စာမေးပွဲဖြေနေကြခြင်းသာ ဖြစ်သည်။ ထိုကျောင်းသူ ကျောင်းသားများအနီးတွင်တော့
အခန်းစောင့်ဆရာတစ်ယောက်နှင့် ဆရာမတစ်ယောက်က သွားလိုက်လာလိုက်ဖြင့်
စောင့်ကြပ်လျှက်ရှိသည်။
စာဖြေနေကြသူများတွင်
စဉ်းစားသူကစဉ်းစား ဖြေသူကဖြေဖြင့် ကိုယ်စီကိုယ်စီ တိတ်ဆိတ်နေကြသည်။
စာဖြေစားပွဲအလယ်တန်းရှိ အရှေ့ဘတ်သုံးခုံမြောက်တွင်တော့ မုန်တိုင်းထိုင်နေသည်။
သူ့မျက်နှာတွင်ဇောချွေးတွေ ပြန်လျှက်ရှိသည်။ မေးခွန်းစာရွက်ကြီးကိုထောင်ထားကာ
မျက်နှာကိုပုထားသည် ယခုအချိန်ထိသူ့အဖြေလွှာ စာရွက်ထဲတွင် စာတစ်လုံးမျှမရေးရသေးပါ။
ဖြေဆိုချိန်တစ်နာရီတိတိ ရှိပြီဖြစ်သည်။ အခန်းစောင့်ဆရာက တဖြေးဖြေးလျှောက်ရင်း
သူ့အနားသို့ရောက်လာပြန်သည်။ သူစိတ်အိုက်သွားပြန်၏ သူ့အဖြေလွှာစာရွက်ကို
ဆရာတွေ့မည်စိုး၍ မေးခွန်းစာရွက်ဖြင့် ကဗျာကရာဆွဲဖုံးလိုက်သည်။ ထိုအခိုက် အမှတ်မထင်
သူ့တစ်တောင်ဆစ်ဖြင့်တိုက်မိပြီး စားပွဲခုံပေါ်ရှိဘောပင်လေးသည်
အောက်သို့လျောကျသွားလေသည်။
ထိုင်နေသောစားပွဲမှထ၍ ဘောပင်ရှိရာသို့ လက်လှမ်း၍သူပြန်ကောက်မည်အပြု
အခန်းစောင့်ဆရာက လက်ဦးကာ သူ့ကိုကောက်ပေးလိုက်သည်။ ထို့နောက်ဘောပင်ကို
စားပွဲပေါ်သို့တင်ပေးကာ အရှေ့သို့ဆက်လျှောက်သွားသည်။ သူဘာမှမပြောပဲ
ပြန်ထိုင်နေလိုက်၏။ ထို့နောက်မေးခွန်းစာရွက်တွေကို လှန်လှောကြည့်နေမိသည်။
သူရသည့်စာတစ်ပုဒ်မှမပါပါ။ စာမပါသည်ဆိုသည်ထက် စာကျက်၍မရသောကြောင့်
ဆိုလျှင်ပိုမှန်လိမ့်မည်ထင်သည်။ ဟုတ်သည်။ စာကျက်ချိန်တွေတွင် သူစာကျက်၍မရခဲ့ပါ။
စာကျက်မည်လုပ်တိုင်း သူ့ခေါင်းထဲသို့ ရောက်ရောက်လာသည်က
ဂီတဟူသောနာမည်ဖြစ်သည်။
စာအုပ်ကြီးကိုကိုင်ပြီး ဂီတအကြောင်းသာတွေးနေခဲ့သည့် ညပေါင်းကမရေတွတ်နိုင်တော့။
တစ်ခါတစ်လေတွင် အတွေးလွန်ပြီးဘယ်အချိန် အိပ်ပျော်သွားမှန်းပင်ကိုယ့်ကိုယ်ကို
မသိလိုက်ချေ။ ယခုဆိုလျှင် ဂီတမျက်နှာမမြင်ရ ဂီတအသံမကြားရသည်မှာ
တစ်လပင်ရှိပါတော့မည်။ ဂီတကိုကျောင်းထဲတွင် နှံ့နှံ့တက်အောင်သူလိုက်ရှာပါသေးသည်
မတွေ့ပါ။ ဂီတပျောက်ချင်းမလှပျောက်သွားခဲ့သည်။ ဂီတသူ့ကိုမုန်းတီးသွားပြီလား
ဂီတသူ့ကိုနာကျည်းသွားပြီလားမသိပါ။ ယခုဂီတနိုင်ငံခြားကိုထွက်သွားတော့မည်တဲ့။
သူနဲ့အဝေးဆုံးနေရာသို့ ဂီတထွက်သွားတော့မည်။
သည်လိုဆို သူဂီတနှင့်တစ်သက်လုံးမဟုတ်ရင်တောင် ပြန်တွေ့ချင်မှတွေ့တော့မည်။
ဂီတသူ့ကိုခွဲသွားတော့မည်။ သူဂီတနှင့်ဝေးရတော့မည်။ သူ့ရင်ထဲတွင်
ဂီတနှင့်ဝေးသွားမည်ကို စိုးရွံ့ထိတ်လန့်လာသည်။ ပူစပ်ပူလောင် ရင်ခုန်သံတွေဖြင့်
သူရင်တွေ တဒိတ်ဒိတ်လှုပ်ရှားကာ အသက်ရှုသံတွေကျယ်လောင်လာသည်။ စိတ်မရှည်စွာဖြင့်
ခေါင်းကိုတဗျင်းဗျင်းကုတ်ပစ်လိုက်၏။ ထို့နောက်အကြည့်ကို အခန်းပြတင်းပေါက်ရှိ
အပြင်ဘက်သို့လွှဲလိုက်၏။ အပြင်ဘက်တွင်နေသာလျှက်ရှိပြီး
လေတဖြူးဖြူးတိုက်လျှက်ရှိသည်။
ကျောင်းဝန်းထဲရှိ သစ်ပင်တစ်ချို့သည် လေအေးအေးအောက်တွင်
တအိအိဘယ်ညာယိမ်းထိုးလျှက်ရှိသည်။ သူထိုသစ်ပင်တွေကိုကြည့်ကောင်းကောင်း
ဖြင့်ကြည့်နေမိသည်။ထိုအခိုက်လေပွေအသေးစားလေး တစ်ခုထိုသစ်ပင်တွေကြားထဲသို့
ဝင်မွှေ့သွားသည်။ လေပွေအမွှေ့ခံလိုက်ရသောအခါ သစ်ပင်အုပ်စုထဲမှ သစ်ရွက်တွေသည်
လေမှာလွင့်ကနဲဖြစ်သွားကာ ပျံတက်သွားကြသည်။ သစ်ရွက်လေးတွေသည်
လေတွင်ဝေ့ကာ့ဝေ့ကာတက်သွားပြီး ပတ်ဝန်းကျင်တစ်ဝှိက်တွင် ပြန့်နှံ့သွားသည်။
ထိုပြန်တက်နေသော သစ်ရွက်လေးများထဲမှ သစ်ရွက်လေးတစ်ရွက်သည် တဖြေးဖြေး
လေတွင်လူးလိုက်လိမ့်လိုက်ဖြင့် ပျံသန်းလာရင်း သူကြည့်နေတုန်းမှာပင်
ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းကာ စာဖြေခန်းထဲတွင်ဝဲနေသည်။ ထို့နောက်တဖြေးဖြေး
ကလည်ကလည်ဖြင့် သူ့စားပွဲခုံပေါ်သို့လာကျလေသည်။
သူထူးဆန်းအံ့သြစွာ သစ်ရွက်လေးကို ကြည့်လိုက်မိသည်။ သစ်ရွက်လေးသည်
တစ်ပိုင်းမှာခြောက်နေပြီး တစ်ပိုင်းမှာ စိမ်းဖန့်ဖန့်အရောင်ရှိနေသေးသည်။
သစ်ရွက်လေးမှာ ယူကလစ်ရွက်လေးဖြစ်သည်။ သူလက်ဖျားလေးဖြင့် ကောက်ကိုင်ကာ
စိမ်ပြေနပြေကြည့်နေလိုက်သည်။ ထို့နောက်သစ်ရွက်လေးကို ရှုရှိုက်ကြည့်လိုက်သည်။
သစ်စိမ်းရနံ့သင်းအုပ်အုပ်လေး သူ့နှာခေါင်းထဲသို့ဝင်လာ၏။ ထိုရနံ့နှင့်အတူ
သူမျက်လွှာလေးချထားလိုက်သည်။ သူ့နားထဲတွင် စကားသံတစ်ချို့ကြားယောင်လာ သည်။
"……..ငါမင်းကိုမချစ်ဘူး
မင်းရူးနေပြီဂီတရဲ့ မင်းဟာအရူးပဲ မဖြစ်နိုင်တာတွေကိုပြောနေတယ် ဟား…ဟား……ဟား
….မင်းရူးသွားပြီဂီတ မင်းသိရဲ့လား……. မင်းရူးသွားပြီ။"
သူခေါင်းကိုခါရမ်းပစ်လိုက် ၏။ ထို့နောက် ဂီတ၏
အသံသဲ့သဲ့လေးကိုကြား ယောင်လာပြန်သည်။
"မုန်တိုင်း.......မင်းကိုငါချစ်တယ်"
အား..........သူ့ရင်ထဲစူးနင့်ကာ အောင့်တက်သွားသည်။
သူ့မျက်လုံးတွေ ပြာဝေလာသည်။ သူ့လက်သီးတွေကို တင်းကြပ်စွာ ဆုပ်ထားမိသည်။ သူနှုတ်မှ
ဆွံအစကားသံတစ်ချို့ အထစ်ထစ်အငေါ့ငေါ့ဖြင့်ထွက်လာသည်။
"ချစ်.........ချစ်.........ဂီတ
မင်းကို.......မင်းကို......ငါချစ်နေပြီ"
ထို့နောက်
ထိုင်နေရာမှ သူဝုန်းကနဲထရပ်လိုက်သည်။ သူ့မျက်လုံးတွင်မျက်ရည်တွေ
စီးကျလာပြီဖြစ်သည်။
"ကျောင်းသား
ဘာလိုအပ်လို့လဲပြောပါ"
အခန်းစောင့်ဆရာဆီမှ
အသံထွက်လာသည်။ တစ်ခန်းလုံးရှိသမျှလူတွေ လည်းသူ့ကိုဝိုင်းကြည့်လာကြ၏။ သူဂရုမစိုက်ဘဲ
စားပွဲခုံမှ အခန်းတံခါးပေါက်ရှိရာသိှု့ တစ်လှမ်းချင်းလျှောက်ခဲ့သည်။
"ကျောင်းသား
ကိစ္စမရှိဘဲအပြင်ကိုထွက်လို့မရပါဘူး။ ဘာလိုအပ်လို့လဲ ဆရာတို့ကိုပြောပါ။"
သူ့ခြေလှမ်းတွေကို
မရပ်တန့်မိတော့ချေ။
"ကျောင်းသား "
တံခါးပေါက်ရှေ့သို့ရောက်သောအခါ
သူနဘေးကိုငဲ့စောင်းကြည့်လိုက်သည်။ ထက်အောင်ဖြစ်သည်။ သူနှင့်တစ်ခန်းထဲတွင်
အတူတူကျသည့်ထက်အောင်။ ထက်အောင်က သူ့ကိုအံ့သြသည့်မျက်လုံးတွေဖြင့်
ကြည့်နေသည်။ သူမျက်နှာကိုပြုံးလိုက်သည်။
"ကျေးဇူးပဲထက်အောင်
မင်းစာကိုကောင်းကောင်းဖြေပါ"
ထက်အောင်က
သူ့ကိုကြည့်ပြီး ထိုင်ရမလို ထရမလိုဖြစ်နေသည်။သူအားလုံးကိုကျောခိုင်းပြီး
ထွက်လာခဲ့သည်။ သူအချစ်ကိုရှာဖွေတွေ့ရှိသွားပြီလေ။
*************
"ဦးလေးဒီ့ထက်နည်းနည်း
မြန်လို့မရတော့ဘူးလား ကျွန်တော်အရမ်းအရေးကြီးနေလို့ပါဗျာ"
"ဒါအမြန်ဆုံးမောင်းနေတာပဲ ကောင်လေးရ။
မြို့တွင်းမှာဆိုတော့ သတ်မှတ်ထားတဲ့စံနှုန်းအတိုင်းပဲ မောင်းရတယ်
အဲ့ဒီထက်ပိုမောင်းရင် ဒဏ်ငွေရိုက်ခံရလိမ့်မယ်"
"ဒုက္ခပါပဲဗျာ "
ကားလေးသည်
ကတ္တရာလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးလျှက်ရှိသည်။ သူကပဲစိတ်စောနေသည်လား
ကားကပဲအမှန်တစ်ကယ်နှေးနေသည်လား မသိပါ။ ကားဆရာမောင်းနေပုံကိုကြည့်ပြီး
အားမလိုအားမရဖြစ်မိသည်။ သူယခုဂီတအိမ်ရှိသည့် ဗဟန်းကိုသွားနေခြင်းဖြစ်သည်။
တစ်ခါမှမရောက်ဖူးသဖြင် လိပ်စာအတိုင်းစမ်းတဝါးဝါးဖြင့်သာ သွားရတော့မည်။
ဂီတနှင့်တွေ့လျှင် သူဂီတကိုတောင်းပန်မည်။ ပြီးလျှင်ဂီတကိုခေါ်ပြီး
သူ့ရင်ထဲကစကားတွေအများကြီးပြောမည်။ တွေးလိုက်ရုံနှင့်ပင်သူ့ရင်ထဲ
တသိမ့်သိမ့်နွေးထွေးသွားသည်။
ဂီတရယ်ငါလေအခု
ငါ့ကိုယ်ငါနားလည်သွားပါပြီ ဂီတရယ်။ ငါကိုယ်တိုင်ငါ့ရဲ့
ရင်ခုန်သံတွေကိုနားမလည်ခဲ့လို့ မင်းကိုဒဏ်ရာပေးသလိုဖြစ်သွားတယ်။ ဒါပေမယ့်လေ ငါအခု
မင်းကိုတွေ့ရင်ငါ့အမှားတွေအတွက် တောင်းပန်မယ် ပြီးရင်မင်းကိုပြောစရာတွေ
အများကြီးရှိတယ်။ ငါအခုချိန်မှာမင်းကိုလိုအပ်နေပြီ ဂီတ
မင်းကိုမွတ်မွတ်သိပ်သိပ်ကိုတွေ့ချင်နေပြီ။ တစ်ချိန်ကအတူပျော်ဖူးခဲ့တဲ့
ငါတို့နှစ်ယောက်ရဲ့ နေ့ရက်တွေကို ငါပြန်လိုအပ်နေပြီ။ ငါပြန်တောင်းတနေပြီ။ ငါမင်းကို
သိပ်ချစ်နေမိပြီ ဂီတရယ်။
"ကောင်လေးမင်းပြောတာ
ဒီလမ်းပဲ ကောင်လေး"
"ဟုတ်ကဲ့ ဦးလေး
လမ်းထဲကိုဝင်လိုက်ပါ"
"အေး အေး"
ကားလေးသည်
စက်သံဖြေးဖြေးလေးဖြင့် လမ်းထဲသို့ချိုးဝင်လာသည်။ မုန်တိုင်းကားပေါ်မှနေ၍
အိမ်နာပါတ်တွေကိုတစ်ခုချင်းစီ လိုက်ကြည့်နေသည်။ လေးခြံမြောက်တွင်တော့
သူ့မျက်လုံးတွေ အရောင်တောက်သွားသည်။ ဂီတပြောသည့် အိမ်ကိုတွေ့
လိုက်ရပြီဖြစ်သည်။
"ဦးလေး ရပ်
ရပ် ရောက်ပြီ ဒီအိမ်ပဲ"
ကားရပ်သည်နှင့်
သူကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်သည်။ ဂီတနှင့်တွေ့ရတော့မည်
သူရင်တွေခုန်လျှက်ရှိသည်။ ခြံရှေ့ရောက်သည်နှင့် လူခေါ်ဘဲကို နှိပ်လိုက်၏။
"တီ..............တီ..............တီ"
ဘဲသံကြားတော့
အိမ်ထဲမှမိန်းမကြီးတစ်ဦး ကဗျာကရာဖြင့်ထွက်လာသည်။ ခြံတံခါးနားရောက်တော့
သူ့ကိုစူးစမ်းသလိုတစ်ချက်ကြည့်ပြီး.........
"ဘာကိစ္စရှိလို့လဲကောင်လေး"
"ဟို ဒါ
ဂီတသံစဉ်တို့အိမ်လားမသိဘူးဗျ"
"ဟုတ်ပါတယ်"
"ဟုတ်ကဲ့
ဟို ကျွန်တော်သူနဲ့တွေ့ချင်လို့ပါ။"
"ဂီတလေးမရှိဘူးကွဲ့
ဒီမနက်ပဲနိုင်ငံခြားကိုသွားဖို့ လေဆိပ်ကိုသွားတယ် "
"ဗျာ......."
"မင်းကသူ့သူငယ်ချင်းလား
ဂီတကဘာမှမင်းကိုပြောမထားဘူးလား"
"ဟုတ်ကဲ့ ဟို အဒေါ်
လေယာဉ်က ဘယ်နှစ်ရီထွက်မှာလည်းဟင် "
"အဲ့ဒါတော့အဒေါ်လည်းမသိဘူးကွဲ့
သူတို့ထွက်သွားတာကတော့ သိပ်မကြာသေးဘူး နာရီဝက်လောက်ပဲရှိဦးမယ်"
"ဟို
ဒါဆိုကျွန်တော်လိုက်သွား ကြည့်မယ် ကျေးဇူးပဲနော်အဒေါ်"
"အေး အေး
ကံကောင်းပါစေသားရယ်"
သူတက္ကစီကားရှိရာသို့
ချာကနဲလှည့်ပြန်လာခဲ့သည်။ ကားဆရာကြီးက သူ့ကိုပြူးကြောင်ကြောင်ဖြင့်ကြည့်နေသည်။
သူကားတံခါးကို ဖွင့်ပြီးဂျိမ်းကနဲပိတ်ကာ အထဲသို့ဝင်ထိုင်လိုက်သည်။
"ဦးလေး
မင်္ဂလာဒုံလေဆိပ်ကိုမောင်းပါ"
ကားဆရာက
သူ့အသံကြားမှကားစက်နှိုးကာ ကားကိုမောင်းတော့သည်။ သူရင်တွေပူလျှက်ရှိသည်။
ဂီတကယခုသူနဲ့ဝေးသည့်နေရာသို့ ထွက်သွားရန်ကြိုးစားနေချေပြီ။
ဂီတသူ့ကိုမချစ်တော့ဘူးလား။ ဂီတသူ့ကိုမုန်းများသွားပြီလား။
သူ့ကိုပစ်ပြီးအဝေးကိုရှောင်ထွက်သွားတော့မည်။ သူဂီတကိုလက်လွှတ်ဆုံးရှုံးရတော့မည်။
မဖြစ်ဘူး မဖြစ်ဘူး သူဂီတကိုဆုံးရှုံးလို့မဖြစ်ပါ။ သူရင်ထဲတွင်ကိုဂီတကို
နှစ်နှစ်ကာကာကြီးကိုချစ်နေမိပါပြီ။ သူဂီတကိုဆုံးရှုံးရမည်ဆိုလျှင်
သူရူးသွားနိုင်လောက်သည်။
သူစိတ်တွေဣနြေ္ဒမရတော့
စိုးရိမ်မှုတွေလှိုက်ခတ်ကာ ရင်ခုန်သံတွေရေစီးကြမ်းနေသည်။
ရင်ထဲတွင်ဖွဲမီးလိုတမြည့်မြည့်လောင်ကျွမ်းနေသည့် ဗျာပါသောကက
သူ့ကိုရက်ရက်စက်စက်ညှင်းပန်း နှိပ်စက်နေချေပြီ။ သူ့လက်တွေလည်း အေးစက်ကာနားရွက်တွေ
ပူကျစ်နေသည်။ ရင်ဘတ်ကြီးတစ်ခုလုံးလည်း မီးဟုန်းဟုန်းတောက်ရဲရဲထနေသည့်
ထင်းစကြီးနှင့်အထိုးခံထားရသလို အူတွေအသည်းတွေ ပြုတ်ကျတော့မည့်အလား
နာကျင်ထုံတက်ကိုက်ခဲနေသည်။
"ဦးလေးမြန်မြန်မောင်းပေးပါလားဗျာ
အရမ်းအရမ်းကိုအရေးကြီးနေလို့ပါ"
"ဟုတ်ပြီ ဟုတ်ပြီ
မောင်းပေးမယ်"
ဖမ်းဆုပ်မရသည့်သူ့စိတ်တွေ
မိုးတိမ်တွေလိုလွင့်မြောနေသည်။ ညဉ်နက်သန်းခေါင်ယံရဲ့ ကြောက်ရွံ့ထိတ်လန့်ခြင်းမျိုးက
သူ့နှလုံးသားကို အကြီးအကျယ်ညှင်းဆဲနေသည်။ ကားလေးသည်တဖြေးဖြေးဖြင့် မြို့
ပြင်ဘက်သို့ရောက်လာခဲ့ပြီဖြစ်သည်။ ထင်းနေသည့်နေရောင်အောက်တွင်
မိုးကုတ်စက်ဝိုင်းကြီးကလည်း ကြည်ပြာရောင်လျှက်သန်းလျက်
ကောင်းကင်တစ်ခုလုံးရှင်းလင်းတောက်ပနေသည်။ လမ်းတစ်ဘက်တစ်ချက်တွင် လူနေအိမ်တစ်ချို့
ကျို့တို့ကျဲတဲ လေးတွေကိုမြင်တွေ့နေရသည်။ လွတ်နေသောမေပြောင်ပြောင် တစ်ချို့တွင်လည်း
ကလေးတစ်စုစွန်လွှတ်နေကြသည်ကိုတွေ့ရသည်။ ကားသည်မြင်ကွင်းအားလုံးကို
တစ်ခဏရေးအတွင်းမှာပင် ရိပ်ကနဲရိပ်ကနဲဖြတ်သန်းသွားခဲ့သည်။ ထို့အခိုက်
ကားသည်တဖြေးဖြေးပြေးနေရင်းမှ စက်သံကွဲကွဲကြီးပေါ်လာကာ
ဖွတ်ချက်ဖွတ်ချက်ဖြစ်ပြီးလမ်းဘေးတွင်ထိုးရပ်သွားလေသည်။
"ဟာဦးလေး
ဘာဖြစ်သွားတာလဲ"
"မသိဘူးကောင်လေး
ဆင်းကြည့်ရဦးမယ်"
ကားဆရာကကားပေါ်မှ
တံခါးဖွင့်ပြီးဦးအောင်ဆင်းသွားသည်။ သူလည်းအနောက်မှလိုက်ဆင်းလိုက်သည်။
သူအောက်ကိုရောက်တော့ ကားဆရာက ကားစက်ဖုံးကိုဖွင့်ပြီး
ဟိုနှိုက်သည်နှိုက်လုပ်နေ၏။
"ကားက
ဘာဖြစ်သွားတာလည်းဦးလေး"
"ဘာဖြစ်သွားမှန်းမသိလို့ပေါ့ကွာ
ဆီပိတ်တာလည်းမဟုတ်ဘူး ငါ့ကားလေးတော့ပျက်ပြီနဲ့တူပါရဲ့"
"အရေးထဲဗျာ
ခင်ဗျားကားကလည်း ဒုက္ခပါပဲ မှီမှမှီပါတော့မလားမသိဘူး"
"ကားကတော့
အခုချက်ချင်းပြင်လို့ကောင်းနိုင်မယ်မထင်ဘူး ကောင်လေး"
"အဲ့ဒါဆိုကျွန်တော်သေမှာဗျ မဖြစ်ဘူးမဖြစ်ဘူး
လေဆိပ်ရောက်ဖို့တော်တော်လိုသေးလား"
"မလိုတော့ဘူး
၂ဖာလုံလောက်ပဲကျန်တော့တယ် "
"ဒါဆိုကျွန်တော်
ဒီအတိုင်းပဲခြေကျင်ပြေးတော့မယ်။ ရော့ဒီမှာ ခင်ဗျားအတွက်ကားခ"
သူကားသမားကြီးကို
ပိုက်ဆံပေးခဲ့ပြီး ပြေးထွက်လာခဲ့သည်။ နေကလည်း ခြစ်ခြစ်တောက်ပူနေသည်။
ကတ္တရာလမ်းမကြီးပေါ်တွင် အားသွန်ခွန်စိုက်၍ ပြေးလာခဲ့သည်။ ချွေးတွေကလည်း နေပူပူတွင်
နဖူးမှနေ၍သူ့မျက်နှာပေါ်စီးကျလာခဲ့သည်။ အသားတွေလည်း နီမြန်းကာစပ်လာသည်။
ပြေးရင်းမောဟိုက်လာသဖြင့် လမ်းပေါ်တွင်ခဏ နားလိုက်သည်။
ထို့နောက်ဆက်ပြေးလာခဲ့သည်။
"ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်"
မောဟိုက်နေသည့်ကြားက
အဝင်မုခ်ဦးဆိုင်းဘုတ်ကြီးကို ကြည့်ပြီးသူကြည်နူးစွာရေရွတ်လိုက်မိသည်။
ထို့နောက်ဂိတ်ပေါက်ဝမှနေ၍ အတွင်းသို့အလောတကြီးပြေးဝင်လာခဲ့သည်။
လေဆိပ်ခန်းမကြီးထဲတွင် ခရီးသည်များ နိုင်ငံခြားသားများ
လေဆိပ်ဝန်ထမ်းများဖြင့်ပြည့်နေသည်။ သူမျက်လုံးတွေရှာဖွေနေသည်။
ယခုချိန်ထိဂီတကိုမတွေ့သေးပါ။ လေဆိပ်ခန်းမကြီးထဲတွင်
သူအရူးတစ်ယောက်လိုပြေးလွှားနေမိ၏။ ခရီးသည်များနားနေသည့် waiting area
သို့ရောက်သောအခါလူ တစ်ယောက်ချင်း၏ မျက်နှာတွေကိုသူလိုက်ကြည့်နေသည်။ သူကြည့်တာခံရသော
လူတစ်ချို့က သူ့ကိုပြူးကြောင်ကြောင်ဖြင့် ပြန်ကြည့်နေကြသည်။ waiting area
တွင်ထိုင်နေသောလူတွေသာကုန်သွားသည်။ ဂီတကိုကား အရိပ်အယောင်လေးပင်မမြင်ရပါ။
သူ့စိုးရိမ်စိတ်တို့က
တစ်စတစ်စငယ်ထိပ်ကိုရောက်လာသည်။ ခန်းမကြီးထဲတစ်ပတ်ပတ်၍ ရှာကြည့်ပြန်သည်။ မတွေ့။
သူအားငယ်လာသည်။ ရင်ထဲတွင် ဂီတကိုဆုံးရှုံးရတော့မည်ဟူသော အသိစိတ်ကြောင့်
တရိပ်ရိပ်ကြေကွဲလျှက်ရှိသည်။ လူဝင်မှုကြီးကြပ်ရေးမှ ခရီးသည်များအား
ပတ်စ်ပို့စစ်နေသည့် နေရာသို့ရောက်သော် သူခြေကုန်လက်ပန်းကျကာ မောဟိုက်ပြီးခေတ္တမျှ
ရပ်တန့်နေလိုက်သည်။ ထို့အခိုက် လေဆိပ်ခန်းမအတွင်းမှ လေယာဉ်ထွက်တော့မည်ဖြစ်ကြောင်း
ခရီးသည်များအားကြေညာသည့် အသံထွက်လာသည်။ ခရီးသည်တစ်ချို့သည်
အသံကြားသည်နှင့်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
သူခြေထောက်တွေလည်းမသယ်ချင်လောက်အောင် ညောင်းကိုက်နေသည်။ လူတွေကြားထဲတိုးကာ
ဂီတကိုဆက်ရှာကြည့်သည်။ ခရီးဆောင်အိတ်တွေ သည်လာသည့်ခရီးသည်တစ်ချို့က သူ့ရှေ့မှက
ကာစီးကာစီးလုပ်နေကြသဖြင့် စိတ်မရှည်စွာအတင်းတိုးထွက်လာခဲ့သည်။ ဂီတရယ် မင်းဘယ်မှာလဲ
မင်းဘယ်မှာလဲ မင်းဘယ်မှာလဲ။ သူခန်းမကြီးထဲသို့
ကြည့်ရှုရှာဖွေနေရင်းတစ်နေရာ အရောက်တွင် သူ့မျက်လုံးတွေဝိုင်းစက်သွားသည်။
သူ့နှုတ်ခမ်းတွေကို ယောင်ရမ်းပြီးဖိကိုက်ထားမိလိုက်သည်။
"ဂီတ................."
သူဖြေးညှင်းစွာရေရွတ်မိလိုက်၏။
အဖြူရောင်အနောက်တိုင်းဝတ်စုံကို ကျနစွာဝတ်ဆင်ထားပြီး
တစ်လှမ်းချင်းလမ်းလျှောက်နေသောဂီတ။ တဖြည်းဖြည်းဖြင့်
လေယာဉ်ရှိရာသို့သွယ်တန်းထားသည့် jetbridge ထဲသို့ချိုးကွေ့ ပြီးဝင်သွားသည်။
သူနှုတ်ဆွံအနေခြင်းမှ သတိပြန်ဝင်ကာ လူတွေကြားထဲတွင်
အကျယ်ကြီးအော်ခေါ်လိုက်သည်။
"ဂီတ.................................................."
သူအော်သံကြောင့်ခရီးသည်
တွေအားလုံးလန့်ဖျတ်ကာ သူ့ကိုဝိုင်းကြည့်လာကြသည်။ သူဂရုစိုက်မနေတော့ပဲ ဂီတရှိရာသို့
အလျင်အမြန်ပြေးသွားလိုက်သည်။ ဂီတဝင်သွားသည့် jetbridgeနားသို့ရောက်သောအခါ
လေဆိပ်ဝန်ထမ်းတစ်ယောက် သူ့ရှေ့သို့အလောတကြီးရောက်လာသည်။
"သည်းခံပါ ဒီနေရာကို
ခရီးစဉ်မှာလိုက်ပါမယ့်ခရီးသည်ကလွဲပြီး ဘယ်သူမှဝင်လို့မရပါဘူးရှင်"
"ကျွန်တော်အရမ်းအရေးကြီးနေလို့ပါ လူတစ်ယောက်ကို
ရှာရုံလေးပါပဲ။ ခဏလေးပါပဲ မကြာပါဘူး"
"မရပါဘူးရှင်
လေယာဉ်ထွက်တော့မှာပါ သွားခွင့်မရှိတော့ပါဘူး"
ထိုလေယာဉ်မယ်လိုလို
စကပ်အတိုဖြင့်ယူနီဖောင်းဝတ်ထားသောအမျိုးသမီးသည် သူ့ရှေ့မှ
လက်နှစ်ဘက်ကိုဆန့်ထားပြီးကာထားသည်။ သည်အမျိုးသမီးကိုပြော၍မရနိုင်တော့မှန်း သူသိသည်။
ထို့ကြောင့်ထိုအမျိုးသမီးကို ရှောင်ပြီးအတွင်းသို့အတင်းတိုးဝင်လိုက်သည်။ သို့သော်
ထိုအမျိုးသမီးက သူလက်ကိုဆွဲထားပြန်သည်။ နှုတ်မှလည်းစကားတွေ
တတွတ်တွတ်ပြောနေသည်။
"သည်းခံပါရှင် သည်းခံပါ။
လုံးဝဝင်လို့မရပါဘူး"
သူဘာမှမပြောတော့ဘဲ
ထိုအမျိုးသမီးဆွဲထားသောလက်ကို ခါချထဲ့လိုက်သည်။
ထို့နောက်အတွင်းသို့ဝင်ရန်ပြင်လိုက်သည်။ သို့သော်ထိုအမျိုးသမီးက
အရှေ့မှလက်တန်းပြီးထပ်ကာထားပြန်သည်။ သူအတင်းတိုးမည်အပြု အနောက်မှ
လုံခြုံရေးနှစ်ယောက်ရောက်လာကာ သူ့ကိုလာချုပ်ကြသည်။ သူအတင်းရုံးသည်။ မရ။
"ကျွန်တော့်အတွက်
သေရေးရှင်ရေးလောက်အရေးကြီးလို့ပါဗျာ။ ဝင်ပါရစေဗျာ။"
"မရပါဘူး
လေယာဉ်ထွက်ဖို့မိနစ်ပိုင်းပဲကျန်ပါတော့တယ် လုံးဝဝင်လို့မရတော့ပါဘူး"
"မလုပ်ပါနဲ့ဗျာ
ကျွန်တော်တောင်းပန်ပါတယ် ခဏလေးပဲဝင်ပါရစေ။ ခဏလေးပါပဲ
ကျွန်တော်တစ်ကယ်ကို အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ လုပ်ပါဗျာ"
"ခင်ဗျားကိုလည်းကျွန်တော်တို့က တောင်းပန်ပါတယ်
ဝင်လို့မရပါဘူး။ မဟုတ်ရင်ခင်ဗျားကို
ဝတ္တရားနှောင့်ယှက်မှုနဲ့တရားစွဲရပါလိမ့်မယ်"
လုံခြုံရေးနှစ်ယောက်က
သူ့ကိုအတင်းတရွတ်တိုက်ကာ ဆွဲခေါ်လာကြသည်။ လေဆိပ်တစ်ခုလုံးသူ့ကြောင့်
ရုံးရင်ဆန်ခတ်ဖြစ်ကုန်ကုန်သည်။ သူရုံးနေတုန်းမှာပင်လေယာဉ်ကြီးသည်
အချက်ပေးသံများအော်မြည်ကာ စတင်ရွေ့ရှားလာပြီဖြစ်သည်။
သူ့မျက်လုံးတွေပြူးကျယ်ဝိုင်းစက်သွားသည်။ လေယာဉ်ထွက်တော့မည်။
လေယာဉ်ထဲတွင်ဂီတရှိနေသည်။ သူလုံခြုံရေးနှစ်ယောက်ကို ပြောမရသည့်အဆုံး
မျက်နှာကိုလက်သီးဖြင့်ထိုးချလိုက်သည်။
"ခွပ်....."
"အွမ့်...."
"ခွပ်"
ထို့နောက်နှစ်ယောက်လုံးကိုတွန်းလှဲပစ်ကာ
သူပြေးထွက်လာခဲ့သည်။ လေယာဉ်ကြီးသည်တဖြေးဖြေးပြေးလမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပန်ကာများလည်းမွတ်နေအောင် လည်ပတ်နေသည်။ သူထိုလေယာဉ်ကြီးကို တားမြစ်ရမည်။ မရ
ရအောင်တားမြစ်ရမည်။ သူလေဆိပ်ခန်းမထဲမှပြေးထွက်လာကာ လေယာဉ်ပြေးလမ်းရှိရာသို့
ရောက်လာခဲ့သည်။ ထို့နောက်ပြေးနေသောလေယာဉ်နောက်သို့မှီအောင် လိုက်သည်။ သို့သော်
သူလိုက်လို့မမှီတော့ချေ။ လေယာဉ်ကြီးသည် လေထုထဲသို့တစ်ဖြေးဖြေးဦးမော့ကာ
ပြန်တက်နေပြီဖြစ်သည်။ ထို့နောက် လေထုထဲမှတစ်ဆင့်တိမ်ထုထဲသို့ တဖြည်းဖြည့်မြင့်ကာ
မြင့်ကာ တက်သွားပြီး ပြန်တက်သွားလေသည်။ လေယာဉ်လမ်းမကြီးပေါ်တွင် သူတစ်ယောက်ထဲ
ကျန်ရစ်ခဲ့သည်။ တဖြေးဖြေးတိမ်ကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော
လေယာဉ်ကြီးကိုမော့ကြည့်နေရင်း သူငြိမ်သက်နေမိသည်။ နေရောင်စူးစူးကြီးသည်
သူ့မျက်လုံးကိုစူးရှနေစေကာ သူ့ခေါင်းတွေကို မီးဟုန်းဟုန်းတောက်နေစေသည်။
သူသိပ်ချစ်ရပါသော ဂီတသည် ယခုသူ့ကိုထားခဲ့ကာ ဟိုးအဝေကြီးသို့ထွက်ခွာသွားချေပြီ။
သူဘာလုပ်ရပါတော့မည်နည်း။ ကိုယ်ချစ်တဲ့သူကိုချစ်သည်ဟုပင်ပြောခွင့်မရလိုက်သော
သူ့အဖြစ်သည် မည်မျှပင်ဆိုးဝါးလိုက်ပါသနည်း။ သွားပြီ။ အခုတော့အရာအားလုံးဟာ
အဖက်ဆယ်လို့မရအောင် နောက်ကျသွားပြီ။ ယခုအချိန်တွင် သူရရှိလိုက်သည်က နောင်တဟူသော
စကားလုံးနှစ်ခုသာဖြစ်တော့သည်။ လေယာဉ်ပြန်ကြီးသည် တဖြေးဖြေးမြင်ကွင်းထဲမှ
ပျောက်ကွယ်သွားသည်။ သူ့ပါးပြင်တွင်မျက်ရည်စတွေက တစ်စတစ်စလိမ့်ဆင်းလာသည်။
သူနာကျင်စွာငိုကြွေးနေမိသည်။
ယခုတော့သူနှလုံးသားသည် အရှင်လတ်လတ်ကြီး ရင်ဘတ်ထဲမှဆွဲနှုတ်ခံလိုက်ရပေပြီ။
ကောင်းကင်ကြီးကို သူမော့ကြည့်နေမိ၏။ လွင့်မြောနေသော တိမ်ထုကြီးသည်
သူ့ကိုလှောင်ပြောင်သရော်နေသည်။ တဟူးဟူးတိုက်နေသောကွင်းပြင် ကျယ်ကြီးမှ
လေသံတွေနှင့်အတူ သူ့ရဲ့ ရှိုက်သံတစ်ချို့သည်လည်း ပတ်ဝန်းကျင်သို့
လွင့်ပြယ်ရိုက်ခတ်သွားသည်။ သူမေးရိုးကြောကြီးတွေ
ထောင်နေအောင်ပင်အံကိုကြိတ်ထားလိုက်သည်။ မိမိကိုယ်ကိုယ်လည်း
ကမ္ဘာပေါ်တွင်အပြစ်အရှိဆုံး လူသားတစ်ဦးအဖြစ်ထင်ယောင်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ကုန်လေသည်။
သူ့နားထဲတွင် ဘာဆိုဘာမှပင်မကြားရတော့။ ထို့အတူသူ့မျက်လုံးတွေ လည်းဖွင့်ထားသည်လား
ပိတ်ထားသည်လားမသိတော့ အမြင်အာရုံတွေ ပြာနှမ်းဝေရီကာ တဖြည်းဖြည်းမဲနက်လာသည်။
ထို့နောက် သူ့ခန္ဓာကိုယ်ကြီး လေထဲတွင်စိမ့်ကနဲဖြစ်သွားကာ မာကျောသော
သံမန်တလင်းပေါ်သို့လဲကျသွားသည်။ ဇိုးစက်စက်နင့်ကနဲနာကျင်မှုကို ခံစားလိုက်ရသည်။
ထို့နောက်သူဘာမှမသိတော့။ သူ့ရဲ့လောကကြီးသည် မှောင်မဲခြင်း တိတ်ဆိတ်ခြင်း
ငြိမ်သက်ခြင်းတွေ လွှမ်းခြုံသွားပါတော့သည်။
အချစ်ကိုဆာလောင်ရင်း
အချစ်ကိုငတ်မွတ်ရင်း
တစ်ယောက်ကတစ်ယောက်ကိုလွမ်း
မြတ်နိုးဖွယ်အချိန်တွေ
မြတ်နိုးမိဆဲ
အလွမ်းရယ်
အလွမ်းဆီလာခဲ့ပါတော့
ရင်ခွင်ခါးခါးတစ်ပုဒ်နဲ့
အချစ်ခါးသံစဉ်တစ်ပုဒ်ကို
သီကျူးညည်းဆို
လတ်လတ်ဆတ်ဆတ်ကြီးဝေးခဲ့ကြ
ဘယ်လိုမှမဖြေရှင်းနိုင်ပါဘူးတဲ့...........
အမြဲတမ်းနောက်ကျသူ
ဘူတာအိုကြီးလို
ကုန်းဘောင်ခေတ်က
နာရီအိုကြီးရယ်
လေတွေဖိနပ်စီးပြီးထွက်သွားမှတော့
သောကြာနေ့ဟာ
တိမ်လွှာတွေကို
မွေးဖွားမပေးနိုင်တော့ပါဘူးတဲ့
မြွေတွေတွင်းဝင်ဖြောင့်သလို လောကဓံတရားဟာ
ဂျပ်ခုတ်ပုဆိုးထယက်နေလေရဲ့
အဲ့ဒါကိုချစ်သည်ပေါ့လေ.........
ပျောက်ဆုံးမှုတွေမွမွတက်
ဆုံးရှုံးခဲ့ရ
ဒဏ်ရာတွေဟောင်းလောင်းပေါက်နဲ့ နှလုံးသားသည်
ပျောက်ချင်းမလှ ပျောက်ရှသွား
ဘယ်မှာလဲ------အစရှာမရခဲ့
ဘယ်မှာလဲ------သဲလွန်စမတွေ့တော့
ဘယ်မှာလဲ------သူပျောက်ဆုံးသွားပြီ
ဘယ်မှာလဲ-------သူမရှိတော့
ဘယ်မှာလဲ-------ခြေရာကောက်လို့မရ
အိုး....လွင့်မြောနေလိုက်တာ
ဟား.......ဟား........ဟား
ဘယ်သူ့ကိုမေးမေး
တစ်လုံးတဲဆင်တူဖြေကြတယ်
မရှိတော့ပါဘူးတဲ့..............
***********
(၃)နှစ်ခန့်ကြာသော်...........
နံနက်ခင်းတစ်ခုတွင်
မိုးတွေသည်းသည်းမည်းမည်းရွာသွန်းလျှက်ရှိသည်။ မုန်တိုင်းမျက်စိနှစ်လုံးကို
ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပထမဦးဆုံးမြင်လိုက်ရသည်က
မျက်နှာကျက်ပေါ်ရှိ ရှုပ်ထွေးနေသော ပင့်ကူမျှင်တွေဖြစ်သည်။ တစ်မျှင်နှင့်တစ်မျှင်
ရှုပ်ရှပ်ခတ်နေအောင်သွယ်တန်းထားသော ပင့်ကူမျှင်များသည် အိမ်ကိုမရှင်းမလင်းပဲ
သည်အတိုင်းပစ်ထားသည်မှာ ကြာပြီဖြစ်ကြောင်းသက်သေပြနေသည်။
"ဝုန်း....................
ဝုန်း"
"ဝေါ................"
အနားတွေစုတ်နေသော
ပြတင်းပေါက်တံခါးအပျက်ကြီးမှ လေနှင့်မိုးရောပြီးရိုက်ခတ်လိုက်သည့် အခါထွက်ပေါ်လာသော
အသံဖြစ်သည်။ တံခါးများသည်အလွန်စုတ်ပျက်သက်နေကာ ပတ္တာတွေကျွတ်ကျခါနီးနေပြီး
သံချေးတွေအလိမ်းလိမ်းတက်နေသည်။ ထိုပြတင်းပေါက်သို့ ပြင်ပမှရွာသောမိုးများ
တဖြန်းဖြန်းပက်လေရာ ပြတင်းပေါက်အနီးတဝိုက်ရှိ ကြမ်းပြင်ပေါ်တွင်
မိုးရေတွေရွှဲရွှဲစိုနေလေသည်။ ထိုမိုးရေရွှဲနေသောကြမ်းပြင်ပေါ်သို့
တစ်ခါတစ်ခါတွင်မဲနက်နေသော အိမ်ကြွက်ကြီးများက ဖြတ်ပြေးသွားသည်။
ညစ်ပေနေသောအိပ်ယာထဲတွင်
မုန်တိုင်းတစ်ချက်အပျင်းကြောဆန့်လိုက်၏။ ထို့နောက် ငုတ်တုတ်ထထိုင်ကာ
ခေါင်းရင်းတွင်ထောင်ထားသော အရက်ပုလင်းတွေကို တစ်လုံးခြင်းစီမ မပြီးလှုပ်ကြည့်သည်။
သူကံကောင်းပါသည်။ သုံးလုံးမြောက်ပုလင်းတွင် အရက်တစ်ချို့ရှိနေသေးသည်။
သူထိုအရက်ပုလင်းကိုမကာ နှုတ်ခမ်းတွင်တေ့လိုက်ပြီး မော့ချလိုက်သည်။ ခါးသက်သက်အရက်၏
ပြင်းရှရှအရသာက လည်မျိုမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ပူနွေးပြီးဆင်းသက်သွာ၏။
ထိုင်ရာမှထကာ
ကုတင်ခြေရင်းတွင်ရှိသော သူ့တာရာဖိနပ်အစုတ်ကို ပြင်စီးလိုက်သည်။
ထို့နောက်မတ်တတ်ရပ်လိုက်ပြီး မိမိ၏အိပ်ယာကိုပြန်ကြည့်လိုက်၏။
သူအိပ်သည့်မွေ့ယာကြီးသည် နဂိုအဖြူရောင်ပျောက်ပြီး မဲညစ်ညစ်အရောင်ထနေကာ
ဂျီးတွေအရစ်လိုက်အရစ်လိုက်တက်နေပြီး အချို့နေရာများတွင် ဆေးလိပ်မီးပေါက်များဖြင့်
မသတီစရာကောင်းလှသည်။ သူထိုအိပ်ယာကြီးကို ကြည့်ပြီးတစ်ချက်ပြုံးလိုက်သည်။
ထို့နောက်ခြေတစ်လှမ်းနှစ်လှမ်း လှမ်းကာ တိုင်တွင်ကပ်ထားသည့်မှန်အကွဲစလေးကို
အာငွေ့ဟားကနဲပေးလိုက်ပြီး လက်ဖြင့်ပွတ်သပ်ကာ ကြည့်လိုက်သည်။ မှန်ထဲမှသူ့ရုပ်သွင်သည်
ဆံပင်ကဖို့ရို့ဖားရား မှုတ်ဆိတ်မွှေးရှည်ရှည် နှုတ်ခမ်းမွှေးထူထူဖြင့်
အိုမင်းရင့်ရော်နေသည့် အဖိုးအိုတစ်ဦးပုံစံပေါက်နေသည်။ သူထိုမှန်ရှေ့မှခွာကာ
အရက်ပုလင်းကိုပြန်ကောက်ယူလိုက်ပြီး နောက်တစ်ကျိုက်ထပ်မော့ လိုက်သည်။
အရက်ပုလင်းကိုရင်ခွင်ထဲတွင်ပိုက်ကာ
သူ့ခြေလှမ်းတွေက ပြထင်းပေါက်ရှိရာသို့တရွေ့ရွေ့သွားနေသည်။
ပြတင်းပေါက်ဆီသို့ရောက်သောအခါ ဘောင်ပေါ်သို့လက်တင်လိုက်ပြီး
ပြင်ပကိုလှမ်းမျှော်ကာကြည့်ရင်း ငေးနေမိ၏။ မိုးတွေကတော့သည်းထန်စွာရွာသွန်းနေဆဲပင်။
ရင်ခွင်ထဲတွင်ပိုက်ထားသောအရက်ပုလင်းကို မော့ကြည့်လိုက်သည်။ သို့သော်အရက်တစ်စက်မှ
ထွက်ကျမလာတော့ချေ။ သူစိတ်ပျက်လက်ပျက်ဖြင့် ပုလင်းကိုပြတင်းပေါက်ဘောင်ပေါ်
သို့တင်ထားလိုက်၏။ ထို့နောက်သူ့အကြည့်တွေကို မိုးရေတွေထဲတွင် နှစ်မျောနေလိုက်သည်။
မိုးစက်တွေက လေထဲတွင်ဝှေ့ကာ ပါလာတတ်ပြီး သူ့မျက်နှာပေါ်သို့
လာရောက်ထိမှန်လေသည်။
ထိုမိုးတွေကိုကြည့်ရင်း သူ့ရင်ထဲဝမ်းနည်းရိပ်တို့ တဖြည်းဖြည်းလျှံတက်လာသည်။
သူမျက်ဝန်းအိမ်မှမျက်ရည်စ တို့သည်တွဲလည်းခိုကာ ပါးပြင်ပေါ်သို့တဖြည်းဖြည်း
လိမ့်ဆင်းလာပြီး မေးစိအောက်သို့ဝှက်ဆင်းသွားသည်။ သူ့ရင်ထဲမှ ဒဏ်ရာဟောင်းတို့သည်
ရုပ်လုံးပေါ်ကာပြန်လည်နိုးကြွလာ၏။ အချိန်တွေကြာခဲ့ပေမယ့် မပြောင်းလဲနိုင်သေးသည့်
ဆွတ်ပျံ့လွမ်းမောဖွယ်ရာ အတိတ်ကမြူခိုးအရိပ်တွေသည် လည်းအငွေ့
ပြန်ကာသူ့အမြင်အာရုံတွေကို ရစ်သိုင်းချည်နှောင်လာ၏။ နင့်နင့်သီးသီး ခံစားခဲ့ရသည့်
မမေ့နိုင်သေးတဲ့ ကြေကွဲစရာသူ့အဖြစ်တွေကို တွေးမိတိုင်းရင်ထဲ ယူကျုံးမရဖြစ်မိသည်။
ဪ.......အချိန်တွေကြာခဲ့ပါပြီလေ။
ဟုတ်သည်။
ယခုသုံးနှစ်ဆိုသောအချိန်ကာလသည် တမဟုတ်ချင်းရောက်ရှိနေလေပြီ။ သည်သုံးနှစ်အတွင်း
သူဘာတွေဖြစ်ခဲ့ပါလိမ့်။ စဉ်းစားကြည့်သည်။ သူ့ဘဝကြီးက
မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားခဲ့သည်။ သူ့စိတ်ဓာတ်တွေသုံးစားလို့မရအောင်
ပျက်စီးသွားခဲ့သည်။ သူ့အခြေနေတွေအားလုံး ယိမ်းယိုင်ကာဇောက်ထိုးမိုးမျှော်
ဖြစ်သွားသည်။ အချစ်ကိုယုံကြည်ကိုးကွယ်မိသော သူသည် ယခုတော့အချစ်ကြောင့် သူ့ဘဝကြီးက
လူတစ်ကာနှာခေါင်းရှုံ့ ချင်ကြသည့် အရက်သမားဟူသော ယစ်ထုပ်ကြီးဘဝကို
ရောက်ရှိခဲ့သည်။ ခါးသီးလွန်းတဲ့ အချစ်ဒဏ်ရဲ့ ရက်စက်ညှင်းပန်းနှိပ်စက်မှုကို
သူတောင့်ပြီးမခံနိုင်ခဲ့။
နေ့စဉ်ရက်ဆက် ငရဲတွင်းထဲသူကျနေခဲ့သည်မှာ ယခုဆိုလျှင်
ရာသီတွေအလီလီပြောင်းလာခဲ့ပြီဖြစ်သည်။ အချိန်သည် မြန်ဆန်လွန်းလှသည်။ အဖြစ်အပျက်တွေက
မနေ့တနေ့ကလိုပါပင် ယခုချိန်ထာသူ့ရင်ထဲတွင် ထိုကိစ္စနှင့်ပက်သက်၍
လောလောလတ်လတ်ခံစားထားရသလို ပူပူနွေးနွေးကြီးရှိနေဆဲပင်။
မေ့ပျောက်ဖို့ကြိုးစားခဲ့ပေမယ့် ရင်နင့်အောင်ချစ်ခဲ့ရသူမို့ ဂီတသည်
သူ့ကိုလက်ရှိအချိန်ထိတိုင်အောင် လွှမ်းမိုးချုပ်ကိုင်ထားနေဆဲပါပင်။
ထိုအကြောင်းတွေသူစဉ်းစားမိတိုင်း ယောကျာ်းတန်မဲ့ မျက်ရည်ကျခဲ့ရသည်ချည်းသာ။
ပျင်းခြောက်ခြောက်နွေရပ်တွေတွင်
သူဂီတကို သစ်ရွက်တွေဖြုတ်ဖြုတ်ကြွေနေသည့် သစ်ပင်ကြီးအောက်တွင် ထိုင်စောင့်ခဲ့သည်။
မိုးတွေသည်းထန်စွာရွာသွန်းနေသည့် မိုးညတွေတွင် သူသည်ဂီတကိုထီးတစ်ချောင်းအောက်တွင်
စောင့်နေခဲ့သည်။ ခိုက်ခိုက်တုန်အောင်ချမ်းပြီး နှင်းပွင့်တွဝေဝေသီနေသည့်
ဆောင်းနေ့များတွင်တော့ အေးခဲနေသည့်ရေခဲမြစ်နဘေးတွင် သူထိုင်ကာ
ဂီတကိုစောင့်နေခဲ့သည်။ စောင့်ဆိုင်းနေရင်းနှင့်ပင် သူအချိန်တွေကုန်ခဲ့သည်။
ဘဝကြီးကိုလည်း ဂရုမစိုက်အားတော့ဘဲ ဖြစ်သလိုပစ်စလတ်ခတ် ပစ်ထားလိုက်မိသည်။
ကြာတော့သူ့ဘဝကြီးလည်း သုံးစား၍မရတော့ဘဲ စုတ်ပြက်သတ်သွားခဲ့သည်။ ယခုတော့သူသည်
အမိမဲ့သားရေနည်းငါး ပမာ ချွတ်ခြုံကျကာ နုံချာစုတ်ပဲ့နေသည်။
မိုးများသည်တဖြေးဖြေးစဲသွားလေ၏။ မိုးစဲသွားသောအခါ ကလေးတစ်ချို့လမ်းမပေါ်ထွက်လာကြသည်။
မြေသင်းရနံ့တစ်ချို့ သင်းကြိုင်နေပြီး မပွင့်တစ်ပွင့်နေရောင်အောက်တွင်
သစ်က်ပင်ပေါ်ရှိသစ်ရွက်သစ် များ၌တွဲလည်းခိုနေသည့် မိုးစက်မိုးဥလေးတွေက
မြေပြင်ပေါ်သို့ တပေါက်ပေါက်ကျကာဆင်းသက်နေသည်။ ယခုသူလမ်းပေါ်တွင်ရောက်နေသည်။
ကလေးတစ်ချို့က သူ့ကိုမြင်သောအခါ အရူးတစ်ယောက်ပမာ
စနောက်ပြောင်ပြကာထွက်ပြေးသွားကြသည်။ သို့ပေမယ့် သူမမှုတော့ပါ ဒါသူနေ့စဉ်ဖြတ်သန်းနေကြ
သူ့ဘဝ၏အပိုင်းအစ တစ်ချို့သာဖြစ်သည်။ လောလောဆယ် သူလိုအပ်နေသည်က အူထဲအသည်းထဲ
ရိုးတွင်းချင်ဆီထဲမှ လှိုက်လှိုက်လှဲလှဲတောင်းတနေသော အရက်ပင်ဖြစ်သည်။
အချစ်မရှိသည့်နောက်ပိုင်း အရက်သည်သူ့အဖော်ဖြစ်လာခဲ့သည်။ အရက်ကိုသာသူနေ့စဉ်နှင့်အမျှ
မှီခိုအားထားနေခဲ့သည်။ ယခုတော့သူသည် အရက်၏ကျေးကျွန်တစ်ယောက် လုံးလုံးဖြစ်နေလေပြီ။
ယခုသူပြောင်းလဲနေထိုင် ခဲ့သည့် ခပ်စုတ်စုတ်ရပ်ကွက်တစ်ခုမှ
လမ်းထိပ်အရက်ဆိုင်လေးဆီသို့ ဦးတည်ကာလျှောက်လာခဲ့သည်။ သူ့လက်ထဲတွင်လည်း အဖော်မွန်
ပုလင်းအလွတ်တစ်လုံးက အဆင်သင့်ပါလာသည်။ တဖြေးဖြေးနဲ့ဆိုင်ရှေ့ ရောက်လာသည်။
ဆိုင်ထဲမှအမြည်းတွေ ချက်နေသောမိန်းမသည် သူ့ကိုမြင်သောအခါ နှာခေါင်းရှုံ့
ပြီးမျက်စောင်းထိုးသည်။ ထို့နောက် အနောက်သို့လှည့်ပြီး ၄င်းယောကျာ်းကို
"ကိုမှတ်ကြီး
စောစောစီးစီး ကျက်သရေမရှိတဲ့ အရက်အကြွေးယူမယ့်သူတစ်ယောက်တော့ ပေါ်လာပြီ။
စိတ်ညစ်ပါတယ်တော်"
"အေး ဟုတ်တယ်
ပိုက်ဆံလိုချင်လို့အရက်ရောင်းစားနေတာ အလှူလုပ်နေတာမဟုတ်ဘူး
မပေးနိုင်ဘူးလို့တစ်ခါတည်း အပြက်ပြောလိုက်မိန်းမ။ ပြောလို့မရရင်
ငါနဲ့တွေ့မယ်"
သူခြေအစုံကို အရပ်ဆိုင်ရှေ့တွင် ငူငူကြီးရပ်ထားလိုက်သည်။ ထိုအခါဆိုထဲမှ
မျက်နှာတွင်မှဲ့တစ်ပေါက်နဲ့ မိန်းမကဆိုင်ထဲမှထွက်လာသည်။
"ဘာကိစ္စလဲ "
"ဟို.........အရက်"
"ပိုက်ဆံ"
"ဟင်"
"နင်အရက်လာဝယ်တာမဟုတ်လား
ပိုက်ဆံပေး ပိုက်ဆံ။"
"မသိန်းကလည်း
ကျွန်တော်ဒီမှာအမြဲတမ်းသောက်နေတာပဲကိုဗျာ။ နောက်မှပေါင်းယူပေါ့ဗျာ"
"ဟဲ့ အမယ်လေးလေး
နင့်နောက်မှဆိုတာကြီးကိုကြောက်လွန်းလို့။ အရင်ကြွေးတွေတောင်မဆပ်ဘူး
နင့်ကိုငါဘယ်လိုလုပ်ပေးရမှာလည်း။ ငါတို့လည်းမိသားစုနဲ့ ကလေးနဲ့နေတာဟဲ့။
ဒါလေးနဲ့ပဲထမင်းစားနေရတာ နင်ငါတို့ကို အရင်းပြုတ်အောင်လုပ်နေတာလား။
ဝေးဝေးသွားနေစမ်းပါ မုန်တိုင်းရယ်"
"လုပ်ပါ
မသိန်းရယ်တစ်ပိုင်းထဲပဲပေးဗျာ။ ကျွန်တော်ညနေကျရင်
ကိုငှက်ကြီးတို့နဲ့အလုပ်သွားလုပ်စရာရှိတယ်။ အဲ့ကပြန်ရင်ဆပ်မယ်လေဗျာနော်"
"တော် တော်
မုန်တိုင်းဈေးဦးတောင်မပေါက်သေးဘူး ဈေးဦးလန်သွားလိမ့်မယ် မပေးနိုင်ဘူး"
"မသိန်းကလည်း လုပ်ပါဗျာ
ကျွန်တော်သောက်ချင်လို့ ခြေတွေလက်တွေတောင်တုံနေပြီဗျ။ လုပ်ပါမသိန်းရယ်"
"တကဲတည်းတော်သေလည်းမသေနိုင်ဘူး အံ့ပါရဲ့
ကိုမှတ်ကြီး ကိုမှတ်ကြီး ရှင့်လူကိုလာပြောချေ။ ကျုပ်တော့မနိုင်ဘူး။
စိတ်ဆင်းရဲပါတယ်ဟယ် စောစောစီးစီး"
ထိုမိန်းမသည်
ပြောပြောဆိုဆိုဖြင့်ဆိုင်ထဲပြန်ဝင်သွားသည်။ ထို့နောက်ဆိုင်တွင်းမှ
၎င်း၏ယောကျာ်းဖြစ်သူ မှတ်ကြီးဆိုသူက ဆိုင်ရှေ့ကိုထွက်လာသည်။
"မုန်တိုင်း
မင်းကိုအကြွေးမပေးတော့ပါဘူးလို့ ပြောထားတာဘယ်နှခါရှိနေပြီလဲ။
နည်းနည်းမှသောက်ရှက်မရှိဘူးလား"
"ကိုမှတ်ကြီးရယ်
ဒီတစ်ခါတော့"
"တိတ်စမ်းမုန်တိုင်း
မရဘူး။ လုံးဝလုံးဝ မရဘူး။ ပြောထားပြီးသာနော် အေးပြီးမှတော့ ငါ့အဆိုးလာမဆိုနဲ့
မှတ်ကြီးတို့ကလုပ်ရင်ရှင်းတယ် ပြောရင်ပြတ်တယ်"
မှတ်ကြီးဆိုသူကို ပြော၍မရမှန်း သူသဘောပေါက်သွားသည်။ ထို့ကြောင့်လှည့်ပြန်ရန်
ပြင်လိုက်သည်။ သို့သော်ဆိုင်စားပေါ်တွင် ထောင်ထားသည့်အရက်ပုလင်းတွေက
သူ့ကိုမပြန်နိုင်အောင် ဆွဲငင်ညို့ယူနေသည်။ သူနှုတ်ခမ်းကိုတစ်ချက် သပ်လိုက်၏။
ခံတွင်းထဲမှ ပြင်းပြနေသော အရက်သောက်ချင်သည့် အာသီသ ကလည်းဘယ်လိုမှ
ဖျောက်ဖျက်ပစ်၍မရမှန်း သူသိသည်။ မှတ်ကြီးက သူပြန်တော့မည်အထင်ဖြင့်
ဆိုင်ထဲသို့ကျောခိုင်းဝင်ဖို့ပြင်လိုက်သည်။ ထိုအခိုက်စားပွဲပေါ်ရှိ အရက်တစ်လုံးကို
သူဖြတ်ကနဲယူလိုက်ကာ အဆို့ကိုဖွင့်ပြီးမျက်စိမှိတ်ကာ မော့ချလိုက်သည်။
"ဂလု. ဂလု ..ဂလု
...ဂလု"
"ဟာ
.........ဒီကောင် "
"ဂလု........
ဂလု........ ဂလု"
"နည်းနည်းမှသောက်ရှက်မရိုတဲ့ အကောင်
မှတ်ကြီးအကြောင်းပြရသေးတာပေါ့"
"ကဲကွာ"
"ခွပ်"
"ဘုန်း"
အရက်တွေလည်မျိုထဲ
တရပ်စပ်စီးဆင်းနေချိန်တွင် ပူနွေးသောလက်သီးချက်တစ်ခု သူ့မျက်နှာပေါ်ကျရောက်လာသည်။
သူ့လက်ထဲမှအရက်ပုလင်းသည် မြေကြီးပေါ်သို့လိမ့်ဆင်းသွားကာ ပုလင်းထဲမှအရက်တွေ
တရဟောထွက်လာလေသည်။ သူထိုအရက်တွေကို နှမြောတသစွာကြည့်နေမိစဉ် နောက်ထပ်ကန်ချက်တစ်ခု
သူ့ရင်ဝကိုကျရောက်လာသည်။
"ဘုန်း"
"အင့်"
နာကျင်လွန်း၍ ရင်ဘတ်ကြီးတစ်ခုလုံးအောင့်တက် သွားသည်။
သူ့အဆုတ်တွေကွာသွားပြီလားမသိပါ။ နှာခေါင်းတွင်လဲ သွေးတွေယိုကာစီးကျလာသည်။
မြေကြီးပေါ်ထောက်ထားသည့် သူ့လက်ခုံပေါ်သို့ သွေးစက်တွေတစ်စက်ချင်း ကျလာ၏။
သူခေါင်းကိုမော့ကြည့်လိုက်တော့ မှတ်ကြီးက ပဲဟင်းမွှေသည့် ဒန်ဇွန်းကြီးကိုကိုင်ကာ
သူ့အနားသို့ရောက်လာသည်။ သူ့ကိုရိုက်တော့မည်။ သူ့မျက်လုံးကိုမှိတ်ထားလိုက်၏။
"ဘုန်း"
"ဘုန်း"
"အမယ်လေးသေပါပြီဗျ"
"ဘုန်း"
"အား"
သူမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ဒန်ဇွန်းကြီးသည်
သူရှေ့တွင်ကျနေသည်။ မှတ်ကြီးကိုကြည့်လိုက်တော့ သူ့လိုပင်မျက်နှာတွင်သွေးတွေနီနေပြီး
မြေကြီးပေါ်တွင်တုန်းလုံးလဲနေသည်။ သူအရိုက်မခံလိုက်ရပါလား။
"ကိုယ့်အသားကျတော့
တော်တော်နာတတ်တယ် ဟုတ်လား။ နောက်ကိုကိုယ်ချင်းစာစိတ်မွေး ကြားလား။
ရော့ဒါဆေးဖိုး"
ငါးထောင်တန်တွေအထပ်လိုက်
မှတ်ကြီးပေါ်တွင် ပြန့်ကျဲသွားသည်။ ပြောင်လက်နေသောရှုးဖိနပ်ကို
စီးထားသောအသံပိုင်ရှင်ကို သူမော့မကြည့်ရဲပါ။ ထိုအသံကိုသူရင်းရင်းနီးနီးကြားခဲ့
ဖူးပါသည်။ ယခုချိန်တွင်တော့ အားငယ်စိတ် စိုးရွံ့စိတ်နှင့် ရှက်စိတ်တို့ပေါင်းကာ
ထိုအသံပိုင်ရှင်ကို သူရင်မဆိုင်ရဲတော့ချေ။ ထိုသူ၏ခြေလှမ်းတွေသည် သူ့ထံသို့ဦးတည်ကာ
တဖြေးဖြေးလျှောက်လာသည်။ ခြေလှမ်းတစ်လှမ်းလျှောက်လိုက်တိုင်း
သူအသက်ရှုသံတွေမြန်သထက်မြန်လာ၏။ ထိုသူသည် အနားသို့ရောက်သောအခါ
ဒူးခေါင်းကိုကွေးညွတ်လိုက်ပြီး သူ့ရှေ့တွင်ထိုင်ချလိုက်သည်။ ထို့နောက်ထိုသူ၏
ဘယ်ဖက်လက်ကလေးသည် တဖြေးဖြေးသူ့ပါးပြင်နားသို့ရောက်လာကာ
တစိမ့်စိမ့်ထွက်နေသော သူ့နှာခေါင်းမှသွေးစက်တွေကို ယုယကြင်နာစွာသုတ်ပေးသည်။
ထိုသူ၏လက်ကလေးသည် ဖြူဝင်းနူးညံ့နေကာ လက်ခုံပေါ်တွင်မွှေးညင်း
နုကလေးတွေဖြင့်ကြည့်လို့ကောင်းလှသည်။ ထိုလက်ကလေးသည် သူအားမေးစေ့မှကိုင်ကာ
မော့စေလိုက်သည်။
"ရှာလိုက်ရတာမုန်တိုင်းရယ်"
"ဂီ
........ တ မင်း.......... ဂီတလား"
"မုန်တိုင်းရယ် "
သူအသံတွေကို
သူမထိန်းနိုင်တော့ချေ။ တုန်ရီကွဲအက်စွာ စကားဆိုမိသည်။ အချိန်ကာလများစွာ
ပျောက်ဆုံးသွားခဲ့သည့် သူ့ရင်ထဲမှလမင်းလေးသည် ယခုတော့သူ့ရှေ့ကို
ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်ရှိနေလေပြီ။ သူဝမ်းသာရမည်လား
ဝမ်းနည်းရမည်လားမခွဲခြားတတ်တော့။ သူ့မျက်ရည်တွေကတော့ အတားဆီးမဲ့
တသွင်သွင်စီးကျနေလေပြီ။
"ဘယ်တွေပျောက်နေတာလည်း
မုန်တိုင်းရာ စုံစမ်းလိုက်ရတာ။ အခုမှပဲတွေ့တော့တယ်"
"ဂီတရယ်…….. ငါ ငါ……….
လေအိမ်မက်မက်နေတာလားဟင်"
"အိမ်မက်မဟုတ်ဘူး
တစ်ကယ်ဖြစ်နေတာ တစ်ကယ် တစ်ကယ်။ မင်းတော်တော်ပုန်းနိုင်တာပဲနော် အခုမှပဲတွေ့ရတော့တယ်
ဟဲဟဲ"
"ပုန်းတာကငါမဟုတ်ဘူးလေ
မင်းလေ။ မင်းနိုင်ငံခြားကိုထွက်သွားတာ ဘယ်လောက်တောင်ကြာနေပြီလည်း"
"ငါသွားတာ
လပိုင်းပဲကြာတယ် မုန်တိုင်းရ။ စိတ်ပြေလက်ပျောက်ခဏလေးသွား နေလိုက်တာလေးပါ။
ငါပြန်လာတော့ မင်းကမရှိတော့ဘူး ပြီးတော့မင်းငါ့အပေါ်မှာထားတဲ့ သံယောဇဉ်ကိုလည်း
မင်းသူငယ်ချင်းတွေပြောပြလို့ ငါသိလိုက်ရတယ်။ ခက်တာက မင်းပျောက်သွားတာပဲ။
မင်းကိုဘယ်လိုမှ စုံစမ်းလို့မရခဲ့ဘူး။ အခုတောင်ငါ့အလုပ်က ဝန်ထမ်းတစ်ယောက်
နေမကောင်းလို့အိမ်ပြန်လာပို့ပေးရင်း မင်းနဲ့တွေ့တာ"
"ငါလည်းမင်းမရှိတဲ့နောက်ပိုင်း
စိတ်တွေလေလွင့်ပြီး။ နေရာဟောင်းမှာမနေချင်တော့တာနဲ့ ပြောင်းလာခဲ့တာပဲ။ တစ်ကယ်တော့
ငါတို့နှစ်ယောက်က......"
"ချစ်လျှက်နဲ့ဝေးခဲ့ကြတယ်ဆိုပါတော့"
သူဂီတကိုမော့ကြည့်လိုက်သည်။ ဂီတကသူ့ပါးပြင်တွေကို
ညင်သာစွာကိုင်ထားသည်။ သူဂီတလက်တွေကို ဆုပ်ကိုင်လိုက်ပြီး ဂီတဦးခေါင်းကို
သူ့အနားသို့တိုးစေကာ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ချစ်တယ်......
ဂီတ"
ထို့နောက်ဂီတ
ပါးပြင်လေးကိုရွှတ်ကနဲနမ်းထဲ့လိုက်သည်။ ပြီးတော့တစ်ယောက်နှင့်တစ်ယောက်
ကြည်နူးစွာစိုက်ကြည့်နေမိကြသည်။
"ဝေး....................
ဟေး..................... တွေ့ပြီ တွေ့ပြီ သူကိုး သူကိုး"
"အောင်မယ် အောင်မယ်
ရုပ်ကြီးက ရုပ်ကြီးက ရှက်လို့နေတာလား ဟိဟိ"
သူခေါင်းကို အသံလာရာသို့
မော့ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်အဟောင်းသားဖြစ်ပြီး အံသြဝမ်းသာသွားသည်။
"ထက်အောင်"
"ခင်မောင်ငြိမ်း"
"ဒီနားမှာ
ဂီတကားရပ်ထားတာတွေ့လို့ လာကြည့်မိပါတယ်။ ရှက်စရာတွေမြင်နေရပါလား ဟိဟိ"
"နေပါဦးမင်းက
ဂီတကားကိုအခုထိမှတ်မိနေတုန်းလား"
"မှတ်မိဆိုကိုယ့်အလုပ်ရှင်ကိုးကွ "
သူဂီတကိုကြည့်လိုက်တော့
ဂီတကပြုံးကာခေါင်းညိတ်ပြသည်။ ဒီကောင်တွေက ဂီတရဲ့ဝန်ထမ်းတွေတဲ့လား။ထက်အောင်က
ထုံးစံအတိုင်းပြောင်ချော်ချော် ပုန်စံကယခုထိလုပ်နေတုံးပင်။ ခင်မောင်ငြိမ်းက
အနောက်မှရောက်လာကာ ထက်အောင်ရဲ့လက်ကိုလှမ်း ဆွဲလိုက်သည်။ ထို့နောက်
အမူအယာနွဲ့သည့်လေသံဖြင့်
"မောင်.......
များလည်းသူတို့ကိုအားကျဒယ်လို့"
"အားကျဒယ်လား
အားကျရင်ဟောဒီ့မှာမောင်ရှိတယ်လေ ဘာတွေပူနေတာလဲအချစ်ကလည်း။ အမြန်ဆုံးအိမ်ပြန်ပြီး
ကိုယ့်ဟာကိုယ်မင်္ဂလာဆောင်ကြစို့"
"ဟိဟိ
ဂယ်လားမောင်"
"ဂယ်ပေါ့
ဂယ်ပြောတာ"
"ဟား ……..ဟား……….
ဟား……….. ဟား ……..ဟား………….. ဟား"
ပတ်ဝန်းကျင်တစ်ခုလုံး
ရယ်သံတွေဖြင့်လွှမ့်မိုးသွားလေသည်။ ထက်အောင်နှင့်ခင်မောင်ငြိမ်းက နောက်လိုက်သဖြင့်
ဂီတသည်ပြုံးပြုံးကြီးလုပ်ပြီ်မုန်တိုင်းကို ကျောပိုးကာ
အဝေးသို့ထွက်ပြေးသွားပါတော့သည်။
ဤတွင်
ကျွန်ုပ်မောင်လပ်အလုံး ကိုယ်တိုင်ရေးသားသော အချစ်ခါးဆိုသည့်
ဇာတ်လမ်းကြီးပြီးဆုံးသွားပြီ ဖြစ်ပါကြောင်း....
ရွှင်လန်းချမ်းမြေ့ ကြပါစေ
lovealone:P
Subscribe to:
Post Comments (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...
Follow us on Facebook
Monthly Posts
-
▼
2012
(55)
-
▼
July
(24)
- အကို့--------စာအုပ်လေး
- “လရောင်နှင့်လွမ်းသူ”
- အဘယ်ကြောင့်ဆိုသော်
- Lost In Paradise (Hot boy nổi loạn)
- ယောကျာ်းလှကျွန်း အပိုင်း(၆)
- ကိုကိုယောကျာ်းမဟုတ်ဘူး
- အချစ်ခါး (ဇာတ်သိမ်းပိုင်း)
- Miss Kicki
- လိင်တူကြိုက်သူများ သိသင့်သည့် ကျန်းမာရေးဆိုင်ရာ လိ...
- ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
- အချစ်ခါး အပိုင်း(၆)
- ယောကျာ်းလှကျွန်း အပိုင်း(၅)
- Announcement
- အချစ်ခါး အပိုင်း(၅)
- Pair Of Love
- အချစ်ခါး အပိုင်း (၄)
- အချစ်ခါး အပိုင်း(၃)
- အချစ်ခါး အပိုင်း (၂)
- အချစ်ခါး အပိုင်း(၁)
- ယောကျာ်းလှကျွန်း အပိုင်း (၄)
- ယောကျာ်းလှကျွန်း အပိုင်း(၃)
- ယောကျာ်းလှကျွန်း အပိုင်း(၂)
- ယောကျာ်းလှကျွန်း အပိုင်း(၁)
- နှုတ်ခွန်းဆက်စကား
-
▼
July
(24)
ဇာတ်လမ်းက ကောင်းပါတယ်ဗျာ။
ReplyDeleteရေးသူကလည်း ခေသူမဟုတ်ပါလား။
ညားမယ့်ဟာာကို ကလိထားသေးတယ်။
လေးစားပါတယ်ဗျာ။
:-)
ဟုတ်ကဲ့ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ReplyDeleteကောင်းတယ်ဗျာ
ReplyDeleteGood one, and i like it.
ReplyDeleteThank you .
အချစ်ခါး ဇာတ်လမ်းကိုကြိုက်တယ်။
ReplyDeleteအပြုံးလေး ထက်တောင် နည်းနည်းပိုကြိုက်သလိုပဲ။
ဒါနဲ့ ဝတ္ထုတိုင်းရဲ့ အောက်ခြေမှာ 1 star ကနေ 5 stars (သို့) 10 stars အထိ ပရိသတ်တွေက rating ပေးလို့ရအောင် စီစဉ်ပေးထားရင် ပိုကောင်းမလားလို့ ။
Request :
Hello, every adult males here !
Please vote your penis size anonymously (especially Asian or Chinese) at http://www.misterpoll.com/polls/558788
See the results of average penis size per country directly at http://www.misterpoll.com/forums/267558/topics/244292
အရမ်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ .. အစအဆုံးပြန်ပေါင်းပြီးတင်ပေးပါလားဗျ ....
ReplyDeleteKo gyiအရမ်းကောင်းတယ်အရမ်းကြိုက်တယ်
ReplyDelete