This is the best gay website for Myanmar gay peoples.

Sunday, July 15, 2012

On 7:22 AM by Unknown in    No comments


ဖျောက်ကနဲဆိုသောအသံနှင့်အတူ ရဲကနဲထွက်ပေါ်လာသော မီးခြစ်နှုတ်ခမ်းဝမှ မီးစရဲရဲလေးကို ဖြူမွမွစီးကရက်သား နှင့်ညှိလိုက်ပြီး စုပ်ဖွာလိုက်သောအခါ ခါးသက်သက် မီးခိုးငွေ့တစ်ချို့ ခံတွင်းထဲသို့တိုးဝှေ့ ဝင်ရောက်လာသည်။ နှာခေါင်းအစပ်မှ တစ်စတစ်စ တိုးထွက်လာသော မီးခိုးငွေ့ နှင့်အတူ ခံတွင်းထဲမှလက်ကျန်နှင့်ပေါင်းစပ်ကာ ရောထွေးပြီး အထက်မျက်နှာကျက်ဆီသို့ မှုတ်ထုတ်လိုက်သည်။ လေထဲတွင် ပုံသဏ္ဌန်အမျိုးမျိုးပြောင်းလဲ လွင့်မျောပြန်တက်နေသည့် မီးခိုးငွေ့တွေ ကိုကဗျာတစ်ပုဒ်လိုပဲ ခပ်စိမ့်စိမ့် ဂီတငေးကြည့်နေမိသည်။

အကယ်၍ အချစ်သည် ခါးသက်သက်အရသာရှိသည့် ဆေးတစ်လုံးဆိုပါက သူမသိချင်ယောင်ဆောင်ပြီး ကော်ဖီပူပူနဲ့မျှောချ ပစ်လိုက်ချင်ပါသည်။ သူ့ရင်ထဲမှ ဆင်ခြင်တုံတရားသည် အတောင်ပံ တဖျက်ဖျက်ခတ်လျှက် ထွက်သွားသည်ဆိုပါက ပဲ့တင်သံတို့သည် မြွေတွန်သံဖြစ်ကာ နိုက်ကလပ်အတွင်းမှ ခပ်ကြမ်းကြမ်း music တွေလို ဝုန်းတိုင်းကြဲကခုန်နေပါလိမ့်မည်။ သူ၏ရင်ခွင်ရပ်ကွက်တွင် တစ်တောလုံးကို သဒ္ဒါဖြင့်ဧည့်ခံတတ်သည့် လမင်းတစ်စင်းရှိနေပါက တီတီတာတာပြောတတ်သညြ့်ကယ်ပွင့်လေးတွေကိုတော့ သူသိမ်းထားချင်သည်။



ယခုတော့ သူ့နှလုံးသားသည် အခန်းထောင့်က ဖျားကြမ်းစုတ်စုတ်တွင် စောင်ခြုံပြီးဖျားနာလျှက် ထမင်းဆာနေသည့် ကလေးတစ်ယောက်လို တအီအီဖြင့်ငိုကြွေးနေရှာ လေပြီ။ သောက်လက်စစီးကရက်တို ကိုပြာချွေလိုက်ရင်း နောက်ဆုံးတစ်ဖွာထပ်ဆုံးတစ်ဖွာထပ်ဖွာလိုက်ကာ မီးခိုးငွေ့တွေကို ထပ်မံထွေးမှုတ်လိုက်သည်။ တစ်ခါတစ်ရံတွင်တော့ ဆေးလိပ်သည် သူ၏အဖော်ဖြစ်နေတတ်သည်။



"ငါမင်းကို ဆေးလိပ်သောက်တတ်နေလိမ့်မယ် လို့မျှော်လင့်မထားဘူး ဂီတ"



အသံပိုင်ရှင်ကို သူမော့မကြည့်ပဲ နှင့်ဘယ်သူလဲဆိုတာသိပါသည်။ အသံပိုင်ရှင်သည် ယခုအချိန်၌သူ့ကို မီးဝင်းဝင်းတောက်နေသည့် ဒေါသမျက်လုံးဖြင့်နေမည်။ သို့မဟုတ်ပါက သနားစရာ သတ္တဝါတစ်ကောင်ကို ကြည့်သည့်မျက်လုံးများလည်း ဖြစ်ချင်ဖြစ်နေမည်။ စင်စစ်ထိုအသံပိုင်ရှင်သည် သူ့အကိုမင်းမြတ်မောင် ကလွဲ၍မည်သူရှိပါဦးမည်နည်း။


"အဲ့ဒါအကို့မှာ အပြစ်ရှိတယ်"


"ဘာ မင်းစကားကိုပြင်ပြောစမ်း ဂီတ။ မင်းကိုငါ ဖေဖေမေမေ တို့မရှိကတည်းက ထထိန်းသိမ်းစောင့်ရှောက်လာတာ ငါ့ကိုဒီလိုပြန်ပြောဖို့လား"


"ကျွတ်စ် သွားစမ်းပါအကို့ဦးနှောက်ထဲမှာကျွန်တော်မရှိပါဘူး။ အကို့စိတ်ထဲမှာ တစ်ချိန်လုံးငွေအကြောင်း ပဲစဉ်းစားနေတာမဟုတ်လား"


"ဂီတ မင်းဒါကိုပဲ ခဏခဏမပြောမနေနဲ့။ မင်းလဲလုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်နေတာပဲလေ။အိမ်ကိုလဲပြန်ချင်မှပြန်တယ် ။ ။အရက်ဆိုလဲ လူမှန်းသူမှလူမှန်းသူမှန်းမသိအောင် သောက်တယ်။ အခုလဲဆေးလိပ်တွေ သောက်နေတယ်။ ။မင်းကိုမင်း ကျောင်းသားတစ်ယောက် ဆိုတာကောသိသေးလား။ ငါ့မှာတော့ မင်းကိုငဲ့ပြီး မိန်းမတောင်မယူဘူး စီးပွားရေးတွေ ကုန်းရုံးပြီးလုပ်နေရတာ။ မင်းကနောက်ကနေ ဖြစ်ချင်တာဖြစ်နေတော့ ငါ့ကိုသေအောင်သတ်နေတာ နဲ့အတူတူပဲကွသိလား"


"အဟက် 。。。。。ဒီလိုဆိုတော့အကိုက ကျွန်တော့်ကိုသိပ်ချစ်သလိုပါပဲလား။ ဒါဆိုရင်ကျွန်တော် ပြောမယ် ကျွန်တော်ကိုယ်ပူပြီးအဖျား တက်နေတဲ့အချိန်မှာ အကိုကျွန်တော့်နားမှာ ရှိနေခဲ့လား။ ကျွန်တော်အားငယ်ပြီး ငိုချင်ခဲ့တာတောင် နှစ်သိမ့်မယ့်ရင်ခွင်ရှာမတွေ့ခဲ့ဘူး။အိမ်ဖော်တွေလက်ထဲမှာပဲ ကြီးခဲ့ရတဲ့ကျွန်တော် ဘယ်တုံးကများအကိုနဲ့အတူတူအိပ်ခဲ့ရဖူးလို့လဲ ။ ကုန်ကုန်ပြောရင် အကိုကျွန်တော့်ကို ညီလေးလို့တောင်ခေါ်ခဲ့ဖူးလို့လားပြော။"



ဂီတစကားအောက်တွင် မင်းမြတ်မောင်ငြိမ်သက်စွာ နားထောင်ရင်း တိတ်ဆိတ်နေသည်။ သူ့မျက်ဝန်းများတွင် အပြစ်ရှိသူတစ်ဦးလို အရိပ်အငွေ့တွေရစ်သိုင်းနေသည်။ ဂီတကစကားပြောရင်း ကြေကွဲဆို့နစ်လာသည်။ အသံတွေတုံရီကာ သူပါးပြင်တွင် ပူနွေးနေသောမျက်ရည်ဥတွေ တွဲလဲခိုကာတဖြည်းဖြည်းလိမ့်ဆင်းလာသည်။


"သိပ်ပြီးခြောက်ကပ်ကပ်နိုင်တဲ့ ကျွန်တော့်ဘဝကြီးက ဘယ်တုံးကများပျော်ရွှင်မှုဆိုတာရခဲ့ဖူးလို့လဲ။ ကျွန်တော်အမြဲတမ်း တစ်ကိုယ်တည်းနေခဲ့ရတဲ့ အချိန်တွေများလာတော့ မွန်းကျပ်နေတဲ့စိတ်တွေကို ဖြေဖြောက်ဖို့ ထွက်ပေါက်ရှာမိတာပေါ့ဗျာ"


"ညီလေး အကို့ကို ခွင့်လွှတ်ပါကွာ။ ဘာပဲပြောပြော ညီလေးအခုလိုပေတေပြီး နေတာမျိုးတော့ အကိုမမြင်ချင်ဘူး။ ညီလဲစဉ်းစားတတ်တဲ့အရွယ် ရောက်နေပြီပဲ။ အကို့ကိုနားလည်ပေးပါ ပြီးတော့ညီ့စိတ်ကိုညီပြုပြင်ပါ။ မငိုနဲ့တော့နော်။ ညကျရင်ကိုတို့ညီအကိုနှစ်ယောက် ထမင်းလက်ဆုံစားကြမယ် ဟုတ်ပြီလား။"



ဂီတယခုလိုသူ့အကိုနှင့် စကားများတိုင်း ရင်ထဲဝမ်းနည်းကာ ငိုမိတတ်သည်။ သူ့အကိုက ယခုလိုအလျှော့ပေးတော့ စိတ်၌အနည်းငယ် ဝမ်းသာမှုတစ်ချို့တစ်ဝက်ဝင်လာသည်။ ဒါပေမယ့် သူ့အကိုနှင့်တော့ အကြာကြီးအတူရှိမနေချင်ပါ။ အကိုကသူ့ကိုနှစ်သိမ့်ရုံကလွဲလို့ ပျော်ရွှင်မှုတွေဖန်တီးမပေးနိုင်ပါ။ သူ့ကိုပျော်ရွှင်စေနိုင်တာဆိုလို့ မုန်တိုင်း တစ်ယောက်သာရှိသည်။ဟုတ်သည် သူမုန်တိုင်နဲ့တွေ့ချင်လာသည်။ မုန်တိုင်းဆီသွားမည်။


"ကျွန်တော်အပြင်သွားတော့မယ်"


"ဘယ်ကိုလဲ"


"ကန်ဘောင်ကို"


"ကားယူသွားလေ。。。 အပြန်မိုးမချုပ်စေနဲ့ အကိုထမင်းစားဖို့စောင့်နေမယ်"


"အင်း。。。 ကားမောင်းချင်စိတ်မရှိသေးဘူး ဒီအတိုင်းပဲသွားတော့မယ်။"



ကန်ဘောင်ဟုပါးစပ်ထဲတွေ့ ရာပြောလိုက်ပေမယ့် သူတစ်ကယ်သွားမည်က မုန်တိုင်းဆီကိုသာဖြစ်သည်။ မုန်တိုင်းရယ် ငါမင်းကို အရမ်းသတိရတယ် ငါမင်းကိုအရမ်းတွေ့ချင်တယ်။ မင်းက ငါ့ကိုပျော်ရွှင်မှုတွေနဲ့ စိတ်ချမ်းသာမှုတွေပေးတယ်။ ငါမင်းကို ငါမင်းကို သိပ်..........



သူတက္ကစီတစ်စီးကိုလက်ပြပြီးလှမ်းတားလိုက်သည်။ ထို့နောက်မုန်တိုင်း အိမ်လိပ်စာကိုပြောပြကာကားပေါ်တက်ထိုင် လိုက်သည်။ သူမုန်တိုင်းအိမ်ကို ရောက်တော့ အိမ်တွင်မုန်တိုင်းရှိမနေပါ တံခါးကိုသော့ကြီးခတ်ထားသည်။ မုန်တိုင်းကိုမတွေ့လိုက်ရတော့ သူ့ရင်ထဲ ဟာတာတာကြီးဖြစ်သွားသည်။

စိတ်ပျက်လက်ပျက်ဖြင့် ရင်ထဲတွင်ဗလောင်ဆူလာသည်။ မင်းဘယ်မှာလဲ မုန်တိုင်းရယ် ငါမင်းကိုအရမ်းတွေ့ချင်နေတယ်။


"ကားဆရာ。。。 ကန်ဘောင်ကိုပဲပြန်မောင်းပါ"



***********






ကန်ဘောင်တွင်လူရှင်းလျှက်ရှိသည်။ ကန်ရေပြင်ကားလေ၏တိုက်ခတ်မှုကြောင့် ကြက်ခွပ်လှိုင်းလေးတွေဖြစ် ပေါ်လာပြီး နေရောင်အောက်တွင် ငွေခြည်ရောင် ဝင်းလက်နေသည်။ သူတစ်ယောက်ထဲ ခြောက်ကပ်သောခြေလှမ်းတွေဖြင့် လျှေက်လာခဲ့သည်။ သူရင်ထဲတွင်လေးလေးပင်ပင်ကြီးနှင့် တစ်ခုခုကိုအလိုမကျသလို ခံစားနေရသည်။ သူအကျင့်အတိုင်း လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲသို့ လျှိုကာ ကာပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ခေါင်းငိုက်စိုက်လျှေက်လာခဲ့သည်။


"ဂီတ ........"


ဟင်မုန်တိုင်းပါလား။ ဒီကောင်ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ မုန်တိုင်းရယ် ဝမ်းသာလိုက်တာကွာ။


"မင်းဒီကို ဘာလာလုပ်တလဲ ဂီတ။ မင်းမျက်နှာကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ပါလား နေမကောင်းဘူးလား"


"ကောင်းပါတယ် ငါတစ်ယောက်ထဲပျင်းလို့ထွက်လာတာပါ"


"မင်းဘာဖြစ်လာတာလဲ ဂီတ ငါ့ဆီမလာတာတောင် သုံးရက်ရှိနေပြီ။ ငါတောင်မင်းလာမလားဆိုပြီးမျှော် နေသေးတယ်"


"ငါ့အကို ခရီးကပြန်ရောက်နေလို့ပါကွာ အရင်လိုထွက်ချင်တိုင်းထွက်လို့မလွယ်တော့လို့။ မင်းကကော ဒီမှာဘာလာလုပ်နေတာလဲ ငါမင်းအိမ်..........."


ဂီတသူ့စကားကိုပြောရင်းတန်းလန်း ရပ်ပလိုက်သည်။မုန်တိုင်းကအကင်းပါးသည်။


"ငါ့အိမ်ရောက်ခဲ့ပြီးပြီဆိုပါတော့။ ဒီတစ်ခါတော့ငါစာမကပ်ထား ခဲ့မိဘူး ဟဲဟဲ။ ငါဒီကိုငါ့ကောင်မလေး ဆောင်းနဲ့ချိန်းထားလို့ လာစောင့်နေတာကွ။"


မင်းမှာကောင်မလေးရှိတယ်လား ...ငါလဲ.မသိခဲ့ရပါလား.....ငါ့ရင်ထဲမှာတစ်မျိုးကြီးမုန်တိုင်းရာ....ငါါ....ငါဘာမှမသိချင်တော့ဘူး။


"ငါသွားတော့မယ်မုန်တိုင်း မင်းကောင်မလေးကိုဆက်စောင့်နေလေ"



သူမုန်တိုင်းရှေ့ မှချာကနဲ့လှည့်လိုက်သည်။ အိမ်ပြန်တာပဲကောင်းမယ် ထင်သည်။ ရင်ထဲလေးကန်စွာဖြင့် လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ ထိုအခိုက် သူ့လက်ကို တစ်စုံတစ်ခုက လာဆွဲထားသည်။


"နေဦး........ငါတို့တစ်ခုခုသွားစားရအောင်"


"မင်းကောင်မလေး ကိုမစောင့်တော့ဘူးလား"


"ငါစောင့်နေတာ တစ်နာရီလောက်ရှိတော့မယ်။ ဆက်မစောင့်ချင်တော့ဘူး ငါနဲ့ချိန်းထားပြီးမေ့နေသလားမသိဘူး"


မုန်တိုင်းထုံးစံအတိုင်း သိပ်စိတ်ရှည်ပုံမပေါ် သူ့လက်ကိုဆွဲပြီးအရှေ့ကနေခေါ်သွားသည်။ သူကတော့ ဘုမသိဘမသိနှင့် မုန်တိုင်းနောက်မှ ယက်ကန်ယက်ကန်ဖြင့်ပါသွားသည်။ စိတ်ထဲတွင်တော့ နဲနဲကျေနပ်သွားသလိုရှိသည်။ မင်းကတော့ လုပ်ချင်ပြီဆို ဇွတ်ပဲမုန်တိုင်းရယ်။




လက်ဖက်ရည်ဆိုင်ထဲသို့သူတို့နှစ်ဦးရောက်လာကြသည်။ ဆိုင်ကောင်တာတွင် မိန်းမဝဝကြီးတစ်ဦးက ထိုင်နေပြီးစားပွဲထိုးလေးတွေကို ဟိုဟာလုပ်သည်ဟာလုပ်နှင့် အမိန့်ပေးလျှက်ရှိသည်။ သူတို့နှစ်ဦးဆိုင်ထဲ ဝင်လာတာမြင်တော့ စားပွဲထိုးလေးတစ်ယောက်က ပြေးလာပါသည်။ မုန်တိုင်းက လက်ဖက်ရည်တစ်ခွက်နှင့် ကြာဇံကြော်တစ်ပွဲမှာပြီး အပေါ်ကကော်ပြန့်ကြော်တွေ ညှပ်ထဲ့ပေးဖို့ပြောသည်။ ထို့နောက် သူ့ဖက်ကိုလှည့်ပြီးမေးသည်။


"မင်းဘာစားမလဲ ဘာသောက်မလဲမှာလေ"


"ကော်ဖီတစ်ခွက် လောက်ဆိုရပါပြီ"


"တစ်ခုခုစားပါဦးလား မင်းကိုကြည့်ရတာ အားမရလိုက်တာ ဘာဖြစ်နေတာလဲနေမကောင်းဘူးလား"


မုန်တိုင်းကသူ့ကိုပြောပြောဆိုဆိုဖြင့် ထိုင်ရာမှထပြီးနဖူးကို လာစမ်းကြည့်သည်။ မုန်တိုင်းအပြုအမူကြောင့် သူ့ရင်ထဲနွေးကနဲဖြစ်သွားသည်။ အနားတွင်စားပွဲထိုးလေးက ကြောင်ပြီးရပ်ကြည့်နေသဖြင့် သူရှက်အန်းအန်းဖြစ်သွားသည်။ သူစားပွဲထိုးလေးကိုကြည့်လိုက်ပြီး


"ညီလေးရပြီ..... ဒီလောက်ပဲ"


ထို့နောက်မုန်တိုင်းဖက်သို့ပြန်လှည့်လိုက်သည်။ မုန်တိုင်းက ရေနွေးပန်းကန်လုံးထဲသို့ ရေနွေးနည်းနည်း ထည့်ကာရေကျင်းလိုက်ပြီး ထွေးခံထဲသို့ပက်ထဲ့လိုက်သည်။ ပြီးတော့ သူ့ကိုမျက်မှောင်ကုတ်ပြီး ကြည့်လာပြန်သည်။


"ဂီတ မင်းစိတ်ညစ်နေတယ်ထင်တယ်။ ငါ့မှာအစီအစဉ်တစ်ခုရှိတယ် မင်းကိုစိတ်ပျော်အောင်လုပ်ပေးမယ်"


"ဘယ်လိုအစီအစဉ်လဲ"


"အခုမပြောသေးဘူး စားပြီးမှပြောမယ်"



စောစောကစားပွဲထိုးလေးက စားစရာတွေလင်ပန်းထဲထည့်ပြီးပြန်ရောက်လာသည်။ ကောင်ဖီခွက်ကိုသူ့ရှေ့တွင် ချပေးပြီးကြာဇံကြော်ပန်းကန်နုင့် လက်ဖက်ရည်ခွက်ကို မုန်တိုင်းရှေ့တွင်ချပေးသည်။ မုန်တိုင်းက စားစရာတွေရောက်သည်နှင့် ခေါင်းမဖော်တန်းဆွဲတော့သည်။ ဘယ်လောက်တောင်ဆာနေသည်မသိပါ။ ဒါကြောင့်မို့လို့ မင်းကငါ့ကို အတင်းဆွဲခေါ်လာတာကိုး။




"သောက်လေ ဂီတ ငါ့ကိုဘာကြည့်နေတာလဲ "


"အင်း"


မုန်တိုင်းကသူ့ကို မော့ကြည့်လာပြီး ပါးစပ်ထဲတွင်အစားတွေ ပလုပ်ပလောင်းကြီး ဖြင့်ပြောသည်။ သူမုန်တိုင်းကိုကြည့်ပြီး မချင့်မရဲနှင့်အသည်းယားလာသလိုဖြစ်လာသည်။ သူ့ရှေ့ရှိ အငွေ့တထောင်းထောင်းထနေသော ကော်ဖီခွက်ကို တစ်ငုံလောက်သောက်ကြည့် လိုက်သည်။ ခါးသက်သက် ကော်ဖီပူပူအရသာက လည်မျိုမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့စီးဆင်းသွားသည်။ မုန်တိုင်းကိုကြည့်တော့ နှုတ်ခမ်းတွင် ဆီတွေပေကျန်နေအောင်စားနေသည်။ကလေးကြနေတာပဲမုန်တိုင်းရယ်......



"မင်းပြောတဲ့ အစီအစဉ်ဆိုတာဘာလဲ မုန်တိုင်း"


"မင်းစိတ်ဝင်စားတယ်ပေါ့ "


"အင်း"


"ဒါဆို ဟိုးကောင်တာမှာထိုင်နေတဲ့ မိန်းမဝဝကြီးကိုတွေ့လား"


"တွေ့တယ် ဘာဖြစ်လို့လဲ"


"အေးအဲ့ဒီ့မိန်းမကြီးက ဆိုင်ပိုင်ရှင်ဖြစ်ပုံရတယ်ကွ စားပွဲထိုးလေးတွေကို ငေါက်ငမ်းနေတာ သားသမီးချင်းကိုယ်ချင်းမစာဘူး"


"အဲ့ဒီတော့"


"အဲ့ဒီတော့ အဲ့ဒီ့မိန်းမကြီးကို နည်းနည်းစိတ်ဒုက္ခဖြစ်အောင် လုပ်မလားလို့ ငါတို့အတွက်လဲရင်ခုန်စိတ် လှုပ်ရှားစရာ အစီအစဉ်လေးပေါ့ကွာ အထူးသဖြင့်မင်းအတွက်ပေါ့"


"မုန်တိုင်းမင်းဘာမဟုတ်ကဟုတ်က လုပ်မလို့လဲ"


"ဒီလိုကွာ ငါတို့နှစ်ယောက် ဒီကနေစားပြီးသားတွေကို မရှင်းဘဲထွက်ပြေးကြမယ်"


"ပိုက်ဆံမရှင်းဘဲ ထွက်ပြေးမယ် ဟုတ်လား"


"ရှုး.......တိုးတိုးပြောစမ်းပါ ကြားသွားပါဦးမယ်"



မုန်တိုင်းက လက်ညှိးတစ်ချောင်း ထောင်ပြီး ပါးစပ်နား ကပ်ပြသည်။ ထို့နောက် ကောင်တာဆီ မျက်စပစ်ပြသည်။ သူမုန်တိုင်းကိုကြည့်ပြီး ရယ်ချင်စိတ်ပေါက်သွားသည်။သူတို့ စားလို့သောက်လို့ပြီးဆုံး သွားသောအခါ။


"ကြည့်လဲလုပ်ပါဦးကွာ တော်ကြာနှစ်ယောက်လုံး အရိုက်ခံရနေဦးမယ်"


"ဖြစ်ပါတယ် ငါအရင်က ဘိုင်ပြတ်ရင် ဒီလိုပဲလုပ်နေကြ လာဟေ့ကောင် ပြေးကြမယ်"


ပြောပြောဆိုဆိုဖြင့် မုန်တိုင်းက သူ့လက်ကို ခတ်မြန်မြန်လာဆွဲသည်။ ထို့နောက် အရှေ့မှနေ၍ ပြေးလေတော့သည်။ သူတို့နှစ်ယောက်ကို ကြည့်ပြီးဆိုင်ရှင် မိန်းမကြီးက ပထမတော့ ကြောင်နေသေးသည်။ နောက်မှသတိဝင်ကာ စားပွဲထိုးတွေကိုအော်လေတော့သည်။ သူတစ်ယောက်ထဲ ဆိုင်ပေါက်ဝတွင်ကြောင်ရပ်နေတုံး မုန်တိုင်းက ပြန်ရောက်လာကပြန်ရောက်လာကာ လက်ကိုဆွဲသည်။


"လာဟေ့ကောင် မင်းလုပ်တာနဲ့ မိတော့မယ်"


"ဟဲ့ ဟဲ့ ဟိုနှစ်ယောက်က ပိုက်ဆံမရှင်းသေးပဲ လစ်ကုန်ကြပြီ ဟဲ့အကောင်တွေ လိုက်ကြလေ ဘာလုပ်နေကြတာတုံး နင့်တို့ပထွေးတွေကပြေးကုန်ကြပြီ လိုက်ကြလေ"


"ဂီတ မြန်မြန်ပြေးလေကွာ ပြေးနိုင်မှလွတ်မယ်တဲ့ကွနော်"


"ဟဲ့........ လိုက်ကြပါလား စောက်ကလေးတွေရဲ့"


မုန်တိုင်းက သူ့လက်ကိုအတင်းဆွဲပြီး အသားကုန်ပြေးသည်။ သူလဲကြောင်မနေတော့ပဲ မုန်တိုင်းပြိုင်တူ လိုက်ပြေးလေတော့သည်။ သူတို့နှစ်ယောက်နောက်တွင် စားပွဲထိုးလေးနှစ်ယောက်က ပြေးလိုက်လာကြသည်။


"ဟေ့ကောင်မောတယ်ကွ"


"မောမနေနဲ့ မင်းဘိုးအေလေးတွေက အတင်းလိုက်နေကြတာ မမြင်ဘူးလား"


"မုန်တိုင်း အရှေ့က ပလာဇာထဲဝင်ပြေးရအောင် ဟောဟဲဟောဟဲ"


"လာလာ... ပြေးထားကွ.......... ဟားဟားဟား"


သူတို့နှစ်ယောက် ပလာဇာထဲသို့ ဝရုန်းသုံးကားဖြင့်ပြေးဝင်လာကြသည်။ စားပွဲထိုးလေးတွေကလဲ အနောက်ကနေ ထပ်ကြပ်မကွာလိုက်လာကြသည်။ မုန်တိုင်းက တော်တော်အပြေးသန်သည်။ သူ့တစ်ယောက်ထဲ သာဆိုလျှင် တော်တော်ဝေးဝေးကိုရောက်နေလောက်ရော့မည်။ သူတို့နှစ်ယောက်ပြေးလာတာ မြင်တော့ ဈေးဆိုင်ခန်းအတွင်းရှိ လူတွေက အထူးတဆန်းကြည့်လာကြသည်။


"လာ ဂီတ ဒီဆိုင်တွေကြားထဲ ကပတ်ပြေးမယ်"


"မုန်တိုင်း ငါမောတယ် ဟောဟဲ........ ဟောဟဲ"


ဆိုင်ခန်းတွေကြားထဲ ဖြတ်ပြေးရင်း အမျိုးသမီး အတွင်းခံနှင့် ဘလာစီယာ ရောင်းသည့်ဆိုင်ရှေ့ရောက်တော့ မုန်တိုင်းက ဆိုင်ထဲသို့ဆွဲခေါ်သဖြင့် သူပါဆိုင်ထဲရောက်သွားသည်။ ဆိုင်ထဲရောကဆိုင်ထဲရောက်တော့ အဝတ်စားလဲသည့် အခန်းလေးထဲထိ ဝင်ပြေးလေသည်။ ဆိုင်ထဲရှိ အရောင်းစာရေးမလေးက သူတို့နှစ်ယောက်ကို မြင်တော့ လိုက်ဝင်လာပြီး ကြောင်အမ်းအမ်းနဲ့ လာကြည့်နေသည်။ မုန်တိုင်းက ကောင်မလေးကို ရှုးတိုးတိုး ဟုလုပ်ပြလိုက်သည်။ သူအပြင်ဖက်ကို လှမ်းချေင်းကြည့်လိုက်သော် စားပွဲထိုးလေးနှစ်ယောက်က ဟိုကြည့်သည်ကြည့်ဖြင့် သူတို့ရှိသည့်နေရာကို ကျော်သွားကြလေသည်။


"အကိုတို့ ဘာလိုလို့လဲရှင့် ......ကျွန်မဘာကူညီပေးရမလဲ"



စာရေးမလေးဆီမှ စကားသံထွက်လာသော အခါမုန်တိုင်းက သူ့ကိုဖက်ထားသည့် လက်နှစ်ဖက်ကို ပြန်ရုပ်လိုက်ပြီး သူ့ကို ဘယ်လိုလဲ ဟူသည့်အဓိပ္ပါယ်ဖြင့် ကြည့်လာသည်။ မုန်တိုင်းမျက်နှာက မချိုမခဉ်ဖြင့် ပြောင်စပ်စပ်ရုပ်ပေါက်နေသည်။


"ကျွန်တော့် မိန်းမအတွက် ဘလာစီယာတစ်ထည်လောက် လိုချင်လို့ပါ "


"ဪ ဟုတ်ကဲ့ ရပါတယ်ရှင့် ရပါတယ် အရှေ့ကိုကြွပါ"



ဘလာစီယာတစ်ထည်ကိုင်ပြီး သူတို့နှစ်ယောက်ဆိုင်ထဲမှထွက်လာခဲ့ကြသည်။ မုန်တိုင်းက လက်တစ်ဘက်တွင် ဘလာစီယာ ထုတ်ကိုဝှေ့ရမ်းနေပြီး ကျန်လက်တစ်ဘက်က သူ့ပခုံးပေါ်ဖက်ထားကာ ဘေးချင်းယှဉ်လျှောက်လာကြသည်။ မုန်တိုင်းဆီမှ roll-on အနံ့လေးက သူ့နှာခေါင်းတစ်ဝိုက်တွင် တစ်ချက်တစ်ချက် သင်းလာသည်။


"မုန်တိုင်း ငါတို့အခုလိုလုပ်တာ ကောင်းပါ့မလား"


"ကောင်းပါတယ်"


"မဟုတ်သေးဘူးလေကွာ အခုဒီလိုလုပ်တာ ငါစိတ်ညစ်နေတာတွေ ပျောက်သွားတာတော့မှန်ပေမယ့် သူများတွေအတွက် မကောင်းဘူးလေ"


"မင်းတစ်ကယ်ပျော်သွားပြီပေါ့ စိတ်မညစ်တော့ဘူးပေါ့"


"အင်း ဒါပေမယ့်"


"ဘာမှဒါပေမယ့် မနေနဲ့တော့ ငါတို့စားတဲ့ကုန်ကျငွေကို ခန့်မှန်းပြီးတော့ ပန်းကန်အောက်မှာထားခဲ့တယ် သူတို့ပန်းကန်သိမ်းရင်တွေ့ လိမ့်မယ် မင်းမပူနဲ့"


"ဟာ ဟုတ်လား မုန်တိုင်းမင်းကတော့ ပေါက်ပေါက်ရှာရှာတွေ စဉ်းလဲစဉ်းစားတတ်တယ်"


"အဟတ် မင်းရဲ့သုန်မှုန်နေတဲ့ မျက်ခွက်ကြီးပြောင်းသွားတာကိုပဲ ကျေနပ်လှပါပြီ။ ။အခု မင်းပျော်သွားပြီဆိုတော့ ငါတို့ KTV ကိုသွားရအောင် သီချင်းဆိုမယ် ဘယ့်နှယ့်လဲ"


"ငါသီချင်းမဆိုတတ်ဘူး"


"မင်းမဆိုတတ်ရင်လဲ ငါဆိုမယ် ငါဆိုတာပဲထိုင်ကြည့်ပေါ့ကွာ။ ငါမင်းကို ဘရိတ်ဒန့်စ် ဆွဲပြမယ်"


"အရူး.........."



သူ့အတွက် ဝမ်းနည်မှုလေပြေတို့သည် တစ်စတစ် ပျောက်ကွယ်ပျက်ပျယ်ကာ ရင်ထဲမှထွက်သွားပြီး ပျော်ရွှင်မှုတွေက တစ်လုံးတစ်ခဲကြီး အဖော်နှင့်အပေါင်းနှင့် ဝင်ရောက်လာသည်။ စကြာဝဠာထဲလက်ပစ်ကူး ချင်သည့် ရင်ခုန်သံ အပိုင်းအစတွေက သူ့နှလုံးသားထဲ နစ်မြုပ်စူးဝင်လာသည်။ ပျော်ရွှင်မှု မြူခိုးတွေ သူ့ရင်ထဲ မှိုင်းလုံးပြည့်နေခဲ့ပါသည်။ အထီးကျန်ချင်း ဝေဒနာအနာတရတို့ ကုစားလိုက်သောအခါ နလန်ထလူမမာတစ်ဦးလို သူ့ခြေလှမ်းတွေတက်ကြွခဲ့သည်။



သူတို့နှစ်ယောက် KTV သို့ရောက်ပြီး သီချင်းဆိုကာ ညနေစောင်းခါနီးတွင် သူမုန်တိုင်းကိုနှုတ်ဆက်ကာ ပြန်လာခဲ့သည်။ KTV တွင်မုန်တိုင်းက သူ့လည်ပင်းတွင်ဆွဲထားသည့် နကတိုင်ကြီးကို

ဖြုတ်ခိုင်းပြီး သူ့နဖူးတွင်ပတ်ကာ rocker တွေလိုဟဲပြသဖြင့် သူ့မှာအူတတ်အောင်ရယ်ခဲ့ရသည်။ မုန်တိုင်းက အမှန်တစ်ကယ်ပဲ သူ့ကိုပျော်ရွှင်စေခဲ့ပါသည်။ သူ့ရင်ထဲမှ နွေးထွေးတဲ့ အကြင်နာ တွေမုန်တိုင်းအပေါ်စီးကျ ခဲ့သည်။



အဲ့ဒီ့လိုငါ့ကို တစ်သက်လုံးစိတ်ချမ်းသာအောင်လို့ မင်းကိုငါ့အနားမှာပဲ ရှိနေစေချင်ခဲ့ရင် ငါသိပ်လောဘကြီးသလိုဖြစ် သွားမလားမုန်တိုင်း။ ဒါပေမယ့် ငါမင်းကိုမရှိမဖြစ်လိုအပ်နေပြီ။ ။သေချာတယ် ငါ့နှလုံးသားက မင်းကိုတောင်းတနေပြီ။ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့မလိုအောင်သေချာနေခဲ့ပါပြီ ငါလေ......မင်းကို........ သိပ်ချစ်တယ်



************



canteen တွင်ဖြစ်သည်။ စားသောက်နေကြသော ဇွန်းခရင်းသံတွေ ကျောင်းသူကျောင်းသားတွေ၏ စကားပြောသံတွေဖြင့် စည်ကားလျှက်ရှိသည်။ မုန်တိုင်းသည် စားပွဲပေါ်ရှိ အအေးပုလင်းတွင် တတ်ထားသော ပိုက်အဖျားကိုကိုင်ကာ ပုလင်းထဲသို့အပျင်းပြေမွှေနေသည်။ ခင်မောင်ငြိမ်းက သူ၏ပါဝါထူမျက်မှန်ကြီးကို ပင့်လျှက်မုန်တိုင်း လုပ်သမျှကို လိုက်ကြည့်နေသည်။ ထက်အောင်က ခင်မောင်ငြိမ်းကိုကြည့်ပြီး စိတ်မရှည်တော့ဟန်ဖြင့် မုန်တိုင်းဘက်သို့လှည့်ကာ


"မုန်တိုင်း"


"ပြော"


"မင်းနဲ့ဆောင်းနဲ့ ရည်းစားဖြစ်တာ ဘယ်လောက်ကြာပြီလဲ"


"တစ်လကျော်တော့မယ်"


"မင်းတို့အဆင်ရောပြေကြလား"


"အခုထိတော့ ပြဿနာမရှိပါဘူး။ နေပါဦး ဘာဖြစ်လို့လဲ"


မုန်တိုင်းမျက်နှာမော့ကြည့် လာတော့ ထက်အောင်မျက်နှာက ငုံ့သွားသည်။ သူတို့နှစ်ဦးက မုန်တိုင်းကို တစ်ခုခုပြောရခက်နေဟန် ရှိသည်။ ခင်မောင်နှင့်ထက်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။


"ဟေ့ကောင်တွေ ငါမေးနေတယ်လေ ဘာဖြစ်လို့လဲလို့"


"ဒီကောင် ခင်မောင်ငြိမ်း တပြန်နေ့က orange mart တစ်ခုမှာ မင်းရဲ့ဆောင်းနဲ့ ဘဲကြီးတစ်ပွေဈေးဝယ်နေတာတွေ့ခဲ့တယ်တဲ့"


"နေဦး ဘယ်အချိန်လဲ"


မုန်တိုင်းကပြန်မေးလိုက်တော့ ထက်အောင်က ခင်မောင်ငြိမ်းကို မင်းဖြေ ဆိုသည့်မျက်လုံးမျိုးဖြင့် လှမ်းကြည့်လိုက်သည်။ ခင်မောင်ငြိမ်းက လျော့တိလျောရဲထိုင်နေရာမှ ကိုယ်ကိုပြန်မတ်လိုက်ပြီး သူ့မျက်မှန်ကိုင်းလေးကို ပြန်ပြင်တတ်ကာ


"စနေနေ့ နေ့လည် သုံးနာရီလောက်က ဖြစ်မယ်ထင်တယ်"


"အဲ့ဒီ့အချိန်က ငါသူနဲ့ကန်ဘောင်မှာ ချိန်းထားတဲ့အချိန်ပဲ။ ငါ့ဆီကိုရောက်မလာပဲ orange mart martမှာတွေ့ခဲတယ်ဆိုတော့စဉ်းစားစရာပဲ ဆောင်းတစ်ယောက်ဘာတွေ များလုပ်နေပါလိမ့် ငါဆောင်းနဲ့တွေ့ကြည့်ဦးမယ်။"



ထက်အောင်က မုန်တိုင်းပြောသည်များကို နားထောင်ပြီးသွားသော အခါသောက်နေသော ရေနွေးပန်းကန်လုံးကို စားပွဲပေါ်သို့ ပြန်တင်လိုက်ကာ ကျွတ်တသပ်သပ်စုတ်ပြီး မုန်တိုင်းကို စိတ်ပျက်လက်ပျက် ဟန်ဖြင့်ကြည့်သည်။ထက်အောင်၏ စတိုင်ကားရုပ်ရှင်တွေထဲကလို ဇာတ်လိုက်ကိုအားမလိုအားမရဖြစ်နေသည့် ဇာတ်ရန်တစ်ယောက်လို မရိုးမရွဖြစ်နေရှာသည်။



"အေးသွေးအေးနေပါ မင်းခံရမယ်နော်မုန်တိုင်း ။ကြားသုံးကြားဝင်တာတော့မဟုတ်ဘူး ငါတော့မင်းရဲ့ဆောင်းကို သိပ်မသင်္ကာချင်ဘူး။ "

"ဆောင်းကမင်းတို့ ထင်သလောက်ကြီးလဲမဟုတ်ပါဘူးကွာ"


"အေးမပြောတော့ဘူး ကိုယ့်ဇာတ်ကိုနိုင်အောင်က နိုင်ရင်ပြီးတာပဲ"


"ငါမနက်ဖြန်ဆောင်းနဲ့တွေ့ ကြည့်ပါဦးမယ်ကွာ.......ဟူး....ရူးချင်တယ်...."



***********




နံနက်ခင်းရှစ်နာရီသာသာ သာရှိပါသေးသည်။ နေရောင်ကစူးရှတောက်ပကာ လင်းလက်နေသည်။ ဘတ်စ်ကားပေါ်တွင် လူများကြပ်ငြပ်နေသဖြင့် မုန်တိုင်းစိတ်အိုက်နေသည်။ ပြင်ပမှနေရောင်က ကားမှန်ကိုဖောက်ကာ အထဲထိရောက်နေသဖြင့် မုန်တိုင်းမျက်နှာပေါ်တွင် နေထိုးခံရကာ ချွေးစို့နေသည်။ မှတ်တိုင်တစ်ခုရှေ့အရောက် တွင်တော့ မုန်တိုင်းဝမ်းသာသွားသည်။ ထိုင်ရာမှထကာ လူအများကြားတိုးဝှေ့ပြီး ကားပေါ်မှဆင်းနေခဲ့လိုက်သည်။ ကားပေါ်မှဆင်းလိုက်မှ လူစော်နံသည့် ဒုက္ခကကင်းဝေးသွားသည်။ သူသွားချင်သည့်နေရာရောက်ပြီလေ ...



ခရေပင်ကြီးသည် သူနှင့်ဆောင်းနှင့် ရည်းစားဖြစ်သည့်နေ့က နေ့ကလိုပါပင် သစ်ရွက်သစ်ခတ်တွေ ဝေဆာလျှက် စိမ်းစိုနေသည်။ အချို့နေရာတွင် ခရေသီးစိမ်းစိမ်းလေးတွေကို မြင်တွေ့ရသည့်။ အချို့နေရာတွင်တော့ အနည်းငယ်ဝင်းမှည့်နေသော ခရေသီးလေးတွေကို အပြွတ်လိုက်တွေ့ရသည်။


"ဆောင်း....."


ခုံတန်ယားပေါ်တွင် ထိုင်နေသည့်ဆောင်းက သူ့အသံကြားတော့လှည့်ကြည့်လာသည်။ သူဆောင်းနှင့်အတူ ဝင်ထိုင်လိုက်သည်။ ဆောင်းကို ဟိုနေ့ကမလာသည့် ကိစ္စဘယ်လိုစကားစရမှန်းမသိဖြစ်နေသည်။ ဆောင်းမျက်နှာကတော့ ပုံမှန်ပါပင် ပကတိဆိတ်ငြိမ်လျှက်ရှိသည်။


"မောင်ဆောင်းကိုပြောစရာ ရှိတယ်ဆို။ ဆောင်းလဲမောင့်ကို ပြောစရာရှိတယ် ဒီတော့မောင်အရင်ပြောမလား ဆောင်းအရင်ပြောရမလား"


"ဆောင်းပဲအရင်ပြောပါ မောင်နားထောင်နေပါတယ်"


"ဆောင်းပြောချင်တာက တခြားတော့မဟုတ်ဘူး အခုမောင်ကလည်း သိပ်မကြာခင်ကျောင်းပြီးတော့မှာဆိုတော့ မောင်နဲ့ဆောင်းနဲ့ဘဝအတွက် ရေရာတဲ့အာမခံ ချက်တစ်ခုလောက်မောင်ဆောင်းကို ပေးနိုင်မလား"


"မောင့်မှာအခုလောလောဆယ်တော့ ဘာမှအဆင်သင့်မဖြစ်သေးဘူး ဆောင်းရယ်။ ဒါပေမယ့် မောင့်မှာအစီအစဉ်တစ်ခုတော့ ရှိတယ်။ ။မောင်ကျောင်းပြီးသွားရင် နိုင်ငံခြားကိုသုံးနှစ်လောက် သွားပြီးအလုပ်လုပ်မယ် ။ ပြန်လာရင်ဆောင်းနဲ့ အတူဘဝတစ်ခုကိုတည်ဆောက် ကျတာပေါ့။ ဆောင်းကိုမောင်တင့်တောင်း တင့်တယ်ထားမှာပါ။ ဆောင်းဖက်ကသာ မောင့်ကိုသစ္စာရှိရှိနဲ့ အချိန်အတိုင်းအတာတစ်ခု လောက်စောင့်ပေးပါနော်။"


" ကဲထားပါတော့မောင်ရယ် မောင်ပြောသလို မောင်နိုင်ငံခြားမှာသုံးနှစ်လောက် အလုပ်သွားလုပ်လို့ ပိုက်ဆံဘယ်လောက်များရှာ နိုင်မှာလဲမောင်ရယ်။ ဥပမာ မောင်သိန်းတစ်ထောင်ထိ ရှာနိုင်တယ်ပဲထားဦး အဲ့ဒီငွေလောက်က အခုခေတ်ဟိုက်စ်ဘော့စ်တွေ စီးတဲ့ကားတစ်စီးဖိုးတောင်မရှိဘူးမောင်ရဲ့။ မောင်လဲအဲ့လောက်ကြီး ရှာနိုင်မယ်မထင်ပါဘူး အဟင်းဟင်း"


"ဆောင်းရယ် အဲ့လောက်ကြီးတောင်ပဲလား ။ မောင်ယောင်္ကျားပါ မောင်ဆောင်းကိုလူတန်းစေ့ထားနိုင်ပါတယ် ဒါပေမယ့် ဆောင်းကချမ်းသာချင်နေတာ ဆိုရင်တော့ မောင်ဘယ်လိုလုပ်ပေးရမှန်းမသိတော့ဘူး။ ဆောင်းရယ် ဘာဖြစ်လို့အဲ့လောက် အမြင့်ကြီးကိုမှန်းထားရတာလဲ"



ဆောင်းသူ့ကိုမျက်နှာချင်းမဆိုင်တော့ ပါ။ ဆောင်းမျက်နှာတစ်ဖက် သို့လှည့်သွားသည်။ သူသိပါသည်။ ဆောင်းသူ့ကိုမကြည့် ချင်တော့တာပဲဖြစ်မည်။ ဆောင်း၏ကျောပြင်ကိုသာ သူအဓိပ္ပာယ်မဲ့ နားလည်ရခက်စွာ ငေးကြည့်နေမိသည်။


"မောင်ဆောင်းပြောပြမယ် လူတိုင်းလူတိုင်းဟာ သူတို့ဘဝကို အမြင့်ဆုံးထိမျှော်မှန်းထားပိုင်ခွင့် ရှိတယ်။ အဲ့ဒါသူတို့ရဲ့ လွတ်လပ်တဲ့အခွင့်အရေး တစ်ခုပဲ။ဆောင်းကငယ်ငယ်က သိပ်ဆင်းရဲတယ် ချမ်းသာသုခဆိုတာ ဆောင်းအလိုချင်ဆုံး အတတ်မတ်ဆုံး အရာတစ်ခုပဲ။ ဆောင်းကတော့ ဆောင်းဘဝကြီးကို အများကြီးရည်မှန်းထားတယ် တော်ရုံတန်ရုံလောက်နဲ့ ဆောင်းမကျေနပ်နိုင်ဘူး။ အဲ့ဒီအတွက်ဆောင်းမှာ အပြစ်မရှိဘူးလို့ ဆောင်းထင်တယ်။"


"ဆောင်းရယ် ဆောင်းပဲမောင့်ကို နှလုံးနဲ့ဆုံးဖြတ်ခဲ့တာဆို အစကတည်းက မောင့်မှာအဲလောက် မပြည့်စုံမှန်းလည်း ဆောင်းသိတာပဲကိုကွာ။ဆောင်းရယ် မောင့်အချစ်က မင်းအတွက် မလုံခြုံမနွေးထွေး နိုင်တော့ဘူးလား"


"အဟင်းဟင်း မောင်ရယ် စိတ်ကူးရင်တာနဲ့လက်တွေ့ဘဝဟာ တစ်ကယ်တန်းတော့တစ်ခြားစီပဲမောင်ရဲ့ ။ချစ်နေရုံနဲ့ ဗိုက်မဝဘူးရှင့် သိလား ။ကဲနောက်မှ ဆက်ပြောကြတာပေါ့ ဆောင်းအလုပ်ချိန်နီးနေပြီ သွားတော့မယ်မောင်။"


"ဆောင်း ........................................ဆောင်း....."



ဆောင်းက သူခေါ်သည်ကိုလှည့်မကြည့်တော့ပါ။ လက်ဆွဲအိတ်ကို ကိုင်ကာထွက်ခွာသွားသည်။

သူဆောင်းကို မြင်ကွင်းမှပျောက်သွားသည်အထိ ငေးကြည့်နေမိသည်။ မင်းကိုချစ်ရတာ ရင်ပူလိုက်တာဆောင်းရယ်။မောင်ဘာဆက်လုပ်ရတော့ရမှာလဲ မောင်လမ်းလျှောက်ရင်း လမ်းပျောက်နေပြီဆောင်းရယ်။



*************



ညနေ နေဝင်ရီတရော အချိန်ဖြစ်သောကြောင့် မိုးကောင်းကင်ကြီးသည်ရွှံ့ ဗွက်ရောင်ကဲ့သို့ဖြစ်နေသည်။ လမ်းဘေးရှိသစ်ပင်တစ်ချို့ ကတစ်ခါတစ် တိုးဝှေ့လိုက်သည့် လေတစ်ချို့ကြောင့် ဘယ်ညာယိမ်းထိုးကာ သစ်ရွက်များဆီမှ တရှဲရြှဲမည်သံများ ထွက်ပေါ်လာသည်။ အနောက်မိုးကုတ်စက်ဝိုင်းတွင်တော့ နေဝင်းနီနီကြီးသည် လုံးဝစုံးစုံးမြုပ် ပျောက်ကွယ်လုနီးနေပြီး အထက်ကမ်းဘယံကျော တစ်ဝိုက်တွင်တော့ အရစ်လိုက်အရစ်လိုက်ဖြစ်နေသော ငရှဥ့်သွေးရောင် တိမ်လိပ်ကြောကြီးတွေက ညနေခင်းတစ်ခု၏ နောက်ဆုံးချိန်ကို အစွမ်းကုန်အလှဆင်လျှက်ရှိသည်။



လှပစွာချယ်မှုန်းထားသည့် သဘာဝပန်းချီကားတစ်ချပ်ကို ငေးကြည့်နေရင်း ဂီတ သက်ပြင်းဖွဖွချကာ ကားပြတင်းပေါက်အပြင်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကားရှေ့ခန်မှ တက္ကစီသမားကြီးကတော့ အရှေ့ကိုသာ အာရုံစိုက်လျှက်မောင်းနေသည်။ တစ်ဖြည်းဖြည်း ကားလေးသည် သူလိုချင်သည့်နေရာကို ရောက်ရှိလာသည်။


"ဦးလေး အရှေ့နားမှာရပ်လိုက်တော့ ရပြီ။"



ကားစက်သံရပ်သွားတော့ သူကားတံခါးကိုဖွင့်ကာ ကားပေါ်မှဆင်းလာခဲ့သည်။ ထုံးစံအတိုင်း လက်နှစ်ဘက်ကိုဘောင်းဘီ အိတ်ထဲထိုးထည့်လိုက်ပြီး သူခြေလှမ်းတွေကို ခပ်မှန်မှန်လေးလျှေက်လာခဲ့သည်။ မုန်တိုင်းအိမ်မှာရှိသည် ထင်သည် တံခါးတွေဖွင့်ထားသည်။ သူအိမ်ရှေ့ပေါက်သို့ ရောက်သော်အထဲမှ မုန်းတိုင်းထွက်လာသည်။


"ဂီတပါလား လာလေကွာအိမ်ထဲကို....."


မုန်တိုင်းက အိမ်ထဲကိုဦးဆောင်ပြီး ခေါ်သွားသည်။ သူမုန်တိုင်းနောက်မှ လိုက်ဝင်လာခဲ့သည်။ အိမ်ထဲသို့ရောက်သော် အိမ်တွင်းရှိပစ္စည်းတစ်ချို့မှာ ထားသိုနေကြပုံစံအတိုင်း မဟုတ်ပဲအနည်းငယ် ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရသည်။ သူထိုင်ခုံပေါ်သို့ထိုင်ချလိုက် ပြီးအခန်းတွင်းသို့ တစ်ချက်ဝှေ့ကြည့်လိုက်တော့ ထမင်းစား စားပွဲခုံအောက်တွင် သောက်ထားသည့်အရက်ပုလင်း အခွံတစ်ချို့ကို စီထားသည်ကိုတွေ့ရသည်။ မုန်တိုင်းက မီဖိုထဲမှပြန်ထွက်လာပြီး လက်ထဲတွင် အချိုရည်သံဘူးတစ်ဘူး ပါလာကာ သူ့ဆီလျှောက်လာသည်။


"ရော့ဂီတ လောလောဆယ်တော့ မင်းကိုဧည့်ခံစရာဒါပဲရှိတယ်"


"ငါမင်းကိုဒီနေ့ တစ်ခုခုလိုက်ကျွေးချင်တယ်မုန်တိုင်း။ ဒီနေ့ငါ့ရဲ့ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့အနေနဲ့ပေါ့ကွာ"


"ဟုတ်လား ငါလဲဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် အလုပ်ကနေခွင့်ယူထားတာ အတော်ပဲ ငါ့ကို၁၉လမ်းမှာ အကင်လိုက်ကျွေး"


"မင်းကလည်း အကင်ပဲလား ငါနဲ့အတူတူနည်းနည်းပါးပါး မော့ရအောင်လေကွာ။ ဘယ့်နဲ့လဲ။"


"အဟား ........ ရတယ် ငါလည်းမူးချင်နေတာ အဖော်မရှိတာနဲ့အတော်ပဲ ။ မင်းဒီနေ့ငါ့ဆီရောက်လာတာ ငါအရမ်းဝမ်းသာတယ် "


"အေး.... ဒါဆိုသွားကြမယ်"


"ခဏလေး ငါရေချိုးပြီး အဝတ်စားလဲလိုက်ဦးမယ် ခဏလေးပဲစောင့်"



မုန်တိုင်းသူ့ပါးကို တစ်ချက် ဆွဲညှစ်ကာ ပုဆိုးတစ်ထည်ယူပြီး အိမ်နောက်ဖေးသို့ ကဗျာကရာ ပြေးဝင်သွားသည်။ သူရင်ထဲ ဆူလှိုက်တက်လာသည့် ရင်ခုန်စရာ ပီတိတွေကိုမျိုချလိုက်သည်။ မင်းကတော့ ငါ့ကိုစိတ်မခိုင်အောင် လုပ်နေပြီမုန်တိုင်းရာ။



************




ည၏ထိန်လင်းနေသောမီးရောင်များ အောက်တွင် စကားပြောသံဆူညံသံတွေဖြင့် စည်ကားလျှက်ရှိသည်။ စားသောက်ဆိုင်အတွင်းမှ စားပွဲခုံများကို လမ်းမလယ်လောက်ထိနေရာယူ ပြီးခင်းထားသဖြင့် လမ်းမကျင်းကျင်းလေးတွင် အရောင်သွေးစုံကာလာစုံသည့် လူများက တိုးဝှေ့ကာ ဟိုကြည့်သည်ကြည့်ဖြင့် သွားလာလျှက်ရှိသည်။ ရံဖန်ရံခါ တွင်အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းဖြင့် နိုင်ငံခြားသားများကို ပါတွေ့ရသည်။


သူတို့နှစ်ယောက် ထိုင်နေသည့်စားသောက်ဆိုင်မှာလည်း လူများပြည့်လျှံကာ ပျားပန်းခတ်အောင်ရောင်းနေရသည်။ မုန်တိုင်းကိုကြည့်လိုက်တော့ လက်ကအငြိမ်မနေပဲ စားပွဲပေါ်ရှိ တစ်ခါသုံးတူတစ်ချောင်းကိုယူပြီး ကျောင်းမှကလေးတွေ ဘောပင်လှည့်သလို လက်ထဲတွင်လှည့်နေသည်။ မုန်တိုင်းအသားအရေက ရေးချိုးပြီးကာစ မိုလို့လားတော့မသိပါ ညမီးရောင်အောက်တွင် စိုစိုပြေပြေရှိနေသည်။ တစ်ခါတစ်ရံ မုန်တိုင်းဆီမှထွက်လာသည့် ဆပ်ပြာနံ့သင်းသင်းလေး ကြောင့်ရင်ထဲလှိုက်ကာ အေးမြသွားသည်။ ခဏကြာတော့ သူတို့မှာထားသည်များ စားပွဲပေါ်ရောက်လာသည်။



မုန်တိုင်းမှာထားသည်ကလည်း နဲနဲနောနောမဟုတ်ပါ။ ။ကြက်ခြေထောက်သုပ်၊ ဝက်နံရိုးကြော်၊ ၊ကြက်စာတေး ၊ရုံးပဒေသီးကင်၊ ပဲပြားနှင့်မှိုကင် ၊ကြက်အူကင်၊ ဝက်လျှာကင်၊ ပီရှုးထမင်းကြော် နှင့် ဆယ့်နှစ်မျိုးဟင်ချိုက ပါသေးသည်။ သူတို့နှစ်ယောက်သောက်ဖို့ ဟိုက်ကော်မရှင်နာ အရက်ကတစ်လုံး စားပွဲပေါ်တွင်ထောင်ထားသည်။ သည်နေ့သူအိမ်မှ ပိုက်ဆံလုံလုံလောက်လောက် ထည့်လာ၍တော်သေးသည်။ စားပွဲခုံပြည့်အောင် မုန်တိုင်းမှထားပုံမျိုးနှင့် ဆိုလျှင် အနည်းဆုံးတော့ ခုနှစ်သောင်းရှစ်သောင်းလောက် ကုန်နိုင်သည်။

"မုန်တိုင်း ဒါတွေအားလုံး မင်းတစ်ယောက်ထဲစားမလို့လား"


" အဟတ်....... ဘာဖြစ်လို့လဲ။ မင်းလဲစားမှာပဲကို ကုန်လောက်မှာပါကွာ ဟိဟိ"


"မင်းမှာထားတာတွေကိုလဲ ကြည့်ပါဦးကွာ။ ငါတော့အဲလောက်မစား နိုင်ဘူး မင်းပဲကုန်အောင်စားရမယ်"


"ရတယ် ကိစ္စမရှိဘူး မကုန်ရင် ကျန်တာတွေကို ပါဆယ်ထုတ်ခိုင်းလိုက်မယ်။ "


"အရူး...."


"ကဲလာ... ကန်ပေး"


"ဘာလဲ.......... ကန်ပေးဆိုတာ"


"တရုတ်တွေ စားခါနီးသောက်ခါနီးရင်ပြောကြတာ လေကွာ။ ချီးယားစ် ပေါ့ကွာ"


"ဟားဟားဟား............. ကဲလာထား ကန်ပေး"



မုန်တိုင်းက အရက်ခွက်ကိုကိုင်ပြီးမော့ချလိုက်သည်။ အရက်မသောက်တတ်မှန်း သိသာသည် မျက်နှာက ရှုံ့မဲ့နေသည်။ သို့ပေမယ့် ဖန်ခွက်ထဲတွင် ရေခဲတုံးသာကျန်သည်အထိ တစ်ခွက်လုံးကိုမော့ ပစ်လိုက်သည်။ သူမုန်တိုင်းကိုကြည့်ပြီး ရယ်ချင်စိတ်ပေါက်သွားသည်။ ဒီကောင်ဒီည ဘာတွေခံစားနေရသည် မသိပါ အပြက်မူးမည့်ပုံပေါ်သည်။ သူနဲနဲလျှော့သောက်ရမည် ထင်သည်။


"ဟေ့ကောင်ဂီတ သောက်လေကွာ။ ငါ့တစ်ယောက်ထဲကိုတော့ ညာတိုက်မယ်မကြံနဲ့ ဒီနေ့မင်းမွေးနေ့ မင်းများများသောက်သင့်တယ်"


"အင်းဟုတ်သားပဲ ငါ့မွေးနေ့ပဲ မင်းပြောလို့သတိရသွားပြီ မင်းငါ့ကိုမွေးနေ့လက်ဆောင် ပေးဦးလေကွာ။ "



မုန်တိုင်းက အရက်နှစ်ခွက်လောက် သာသောက်ရသေးသည်။ မျက်လုံးတွေက လေးတွဲတွဲနှင့်ရီဝေဝေ ဖြစ်နေသည်။ သူ့စကားကြောင့် သူ့ကိုမကျေနပ်သလို ဂျိုလ်ကြည့်ကြည့်သည်။


"မင်းကကြိုမှပြောမထားပဲ ငါကဘယ်လိုလုပ် လက်ဆောင်ပေးရမလဲ"


"ဟေ့ကောင် မရဘူးပေးဆိုပေး။ ဘယ်မှာလဲမင်းလက်ဆောင်"



ရစ်တာတော့မဟုတ်ပါဘူး မုန်တိုင်းရာငါလဲ မင်းလိုဇွတ်လုပ်ကြည့်တာပေါ့ ဟင်းဟင်း။


"မင်းမရစ်နဲ့ဂီတ ငါ့မှာဘာမှမပါမှန်း သိရက်သားနဲ့ မင်းနော်"



မုန်တိုင်းအမူယာကို ကြည့်ပြီးသူ့စိတ်ထဲ ပိုပြီးကလိကလိဖြင့် မရိုးမရွဖြစ်ကာ ပိုစချင်သွားသည်။


"မသိဘူးကွာ ပေးဆိုပေး "


သူ့စကားဆုံးတော့ မုန်တိုင်းက ထိုင်နေရာမှ ဝုန်းကနဲထရပ်သည်။ ရုတ်တရက်ဆိုတော့ သူလန့်သွားသည်။ ဒီကောင်ဘာဖြစ်သွားပါလိမ့် စိတ်ဆိုးသွားတာများလား။ သို့သော် သူ့အထင်မှားသွားသည် မုန်တိုင်းမျက်နှာက စိတ်မဆိုးသည့်အပြင် ပြောင်စပ်စပ်ဖြင့် သူ့ကိုငုံ့ကြည့်ပြီးမျက်စိ တစ်ဖက်မှိတ်ပြသည်။ ထို့နောက် ဆိုင်ထဲသို့ အာပြဲကြီးဖြင့်


"ဆိုင်ထဲမှာရှိကြတဲ့ ညီအကိုများခင်ဗျား။ ဒီနေ့ညဟာဆိုရင်ဖြင့် ဟောဒီက ကျွန်တော့်သူငယ်ချင်း ဂီတရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်က သူ့ကိုမွေးနေ့လက်ဆောင်အနေနဲ့ မွေးနေ့သီချင်းလေးဆိုပြချင်ပါတယ်"


"မုန်တိုင်း.........................."


" အားလုံးပဲသဘောတူပါရဲ့ လားခင်ဗျား"


"ဟေ့ကောင်............ ဟာ ဒီကောင်တော့"


"ဖြောင်း.... ဖြောင်း..... ဖြောင်း........... ဖြောင်း"



မုန်တိုင်းစကားဆုံးတော့ ဆိုင်အတွင်းရှိ အခြားဝိုင်းမှ လူများက သူတို့နှစ်ယောက်ကိုကြည့်ပြီး ရယ်ကျဲကျဲလုပ်ကာ လက်ခုပ်တွေ တစ်ဖြောင်းဖြောင်းတီးကုန်ကြသည်။ လူတွေအများကြီးက ဝိုင်းကြည့်နေသဖြင့် သူ့မျက်နှာမထားတတ်အောင် ထူပူနေသည်။ စိတ်ညစ်ညစ်ဖြင့် ခေါင်းကြီးကိုသာ ငုံ့ထားလိုက်တော့သည်။ မုန်တိုင်းမင်းလို ငပြောင်ကိုစမိတာမှ ငါးပါးကိုမှောက်ရောပဲ။ ကောင်းရော။


"ဟတ်ပီးဘတ်ဒေး ဒူးယူ .....ဟတ်ပီးဘတ်ဒေး ဒူးယူ .....ဟတ်ပီးဘတ်ဒေး ဒူးယူ .....ဟတ်ပီးဘတ်ဒေး ဒူးယူ ....."


"ဖြောင်း.......... ဖြောင်း....... ဖြောင်း............ ဖြောင်း"


"ဟား.......ဟား.........ဟား.................ဟား"



အာပြဲကြီးဖြင့်တမင် မုန်တိုင်းကလုပ်ဆိုနေသောကြောင့် တခြားစားပွဲမှလူတွေက ဝိုင်းရီကုန်ကြသည်။ မုန်တိုင်းသည်လောက်မျက်နှာ ပြောင်လိမ့်မည်ဟု သူမထင်ထားခဲ့ပါ။ ယခုတော့ ရှက်လွန်းလို့ ကိုယ့်မျက်နှာကိုယ်သာ ဓါးနဲ့လှီးပြစ်ချင်စိတ်ပေါက်နေသည်။


"ဟေ့ကောင် မုန်တိုင်း ထိုင်တော့ရပြီ။ "


"ဟဲဟဲ......... ဘယ်လိုလဲ ငါ့ရဲ့မွေးနေ့လက်ဆောင်က မလန်းဘူးလား"


"မင်းတော်တော် တောက်တီးတောက်တဲ့နိုင်တာပဲ မုန်တိုင်း။ ဟိုမှာကြည့်စမ်းလူတွေ ငါတို့ဝိုင်းကိုကြည့်နေကြတာ ငါရှက်လို့သေတော့မယ်"



"မင်းကလည်းကွာ သီချင်းဆိုပြတာပဲကို ဘာရှက်စရာရှိလဲ။ မင်းပဲမွေးနေ့လက်ဆောင် လိုချင်တယ်ပြောတာလေ လောလောဆယ်တော့ ဒါကမွေးနေ့လက်ဆောင်ပေါ့ကွာ နောက်မှမင်းကိုသက်သက် ဝယ်ပေးမယ် ဟုတ်ပြီလား"


"မင်းလက်ဆောင်ကြီးကလဲ ....အေးလေ ငါပဲမှားတာပါ........ကျေနပ်ပါတယ်ကွာ"


"ကဲလာ.... ဆက်ပြီးမော့ကြမယ်"



မုန်တိုင်းကအရက်ခွက်ကို ကိုင်ပြီးလက်ပေးနေသဖြင့် သူ့လက်ထဲရှိ အရက်ခွက်ဖြင့်လှမ်းတိုက်လိုက်သည်။ မုန်တိုင်းက ဖန်ခွက်ထဲရှိအရက်တွေကို တစ်စက်မှမကျန်အောင်မော့ပစ် လိုက်သည်။ ဒီကောင် တစ်ခုခုကိုကျိတ်ပြီး ခံစားနေတာများလား။ မုန်တိုင်းရယ် မင်းဘာတွေဖြစ်နေတာလဲကွာ.....


***********





ညသည် တိတ်ဆိတ်လျှက် ခြောက်ကပ်ကပ်ဖြင့် ငြိမ်သက်နေသည်။ လမ်းပေါ်တွင် တစ်ခါတစ်ခါ မောင်းသွားသည့် ကားတစ်ချို့မှလွဲ၍ လမ်းသွားလမ်းလာဟူသည် နတ္တိဗလာ ။ သည်လိုအေးချမ်းတိတ်ဆိတ် သည့်ညမျိုးတွင် ဂီတကတော့ ချွေးပြိုက်ပြိုက်ကျကာ ခြေလှမ်းတစ်ခုကိုမနည်း ကြိုးစားလျှောက်လှမ်းနေရသည်။



စားသောက်ဆိုင်မှအပြန် မုန်တိုင်းကအမူးလွန်ပြီးမထနိုင်တော့။ ထို့ကြောင့်တက္ကစီ တစ်စီးငှားလာခဲ့သည်။ သို့ပေမယ့် သူပဲကံဆိုးလွန်းသည် လားတော့မသိပါ။ တက္ကစီက လမ်းတစ်ဝက်တွင် စက်ပျက်ပြီးထိုးရပ်သွားသည်။ သည်တော့ ရှင်းသည် မုန်တိုင်းခန္ဓာကိုယ်ကြီးကို ကုန်ပိုးလာရုံမှတပါး အခြားဘာများတတ်နိုင် ပါဦးမည်နည်း။



မုန်တိုင်းခန္ဓာကိုယ် လေးတွဲတွဲကြီးကိုပိုးလာ ရင်းသူမောဟိုက်ကာ ချွေးတွေစို့လာသည်။ လမ်းလျှောက်ရင်း သူ့အသက်ရှုသံတွေကိုပင် သူပြန်ကြားနေရသည်။ မောလွန်း၍ နှလုံးခုန်မြန်နေတာ ဖြစ်မည်။ ခေါင်းငိုက်စိုက် အားယူလမ်းလျှောက်လာရင်း ခဏရပ်ကာ အသက်ဝဝရှုကြည့်လိုက်သည်။


"ဟူး....................."



မုန်တိုင်းကိုတစ်လမ်းလုံးပိုး လာရသဖြင့် ခါးတွေလည်းညောင်းနေသည်။ ခြေသလုံးတွေလဲ တောင့်ကာ ကိုက်ခဲလာသည်။ သူခဏနားမှဖြစ်တော့မည်။ အနီးနားတဝိုက်ကို မျက်စိကစားကြည့်လိုက်သည်။ တွေ့ပြီ။ ဝါကျင့်ကျင့်ဓာတ်တိုင်မီးရောင် အောက်မှ အုတ်ခုံတန်းဖြူဖြူလေး ။သူထိုနေရာတွင်မုန်တိုင်းကို ခဏချကာနားနိုင်သည်။



သူတဖြည်းဖြည်းအုတ်ခုံနားကို ရောက်လာသည်။ ည၏မီးရောင်အောက်တွင် သူတို့၏အရိပ်တွေကို အထင်းသားမြင်နေရသည်။ သူမုန်တိုင်းကို သူမုန်တိုင်းကိုအုတ်ခုံပေါ်ချကာ သူပါဝင်ထိုင်လိုက်သည်။ ယခုသူ့ကျောကုန်းက ပေါ့သွားတော့သည်။ ည၏လေပြေအေးလေး တစ်ချို့က သူနဖူးရှိဆံစတွေကို ဝင်ရောက်တိုးဝှေ့သွားသည်။ မုန်တိုင်းခန္ဓာကိုယ် ပျော့တွဲတွဲကြီးက တော့သူ့ကိုမှီထားသည်။



ညမီးရောင်အောက်တွင် မုန်တိုင်းခေါင်းလေးကို သူမော့စေလိုက်သည်။ မုန်တိုင်းကား အမူးလွန်ပြီးအိပ်ပျော်သွားသည် ထင်သည်။ သူမုန်တိုင်း၏မျက်နှာလေးကိုသာ တစ်စိမ့်စိမ့်ကြည့်နေမိသည်။ မုန်တိုင်း၏ ပါးပြင်လေးကိုပွတ်သပ်ရင်း သူ့စိတ်ထဲအတိုင်းမသိတဲ့ ကြည်နူးမှုတွေ တစိမ့်စိမ့်ဝင်ရောက်လာသည် ထင်သည်။ စောစောက မောဟိုက်မှုတွေ လေထဲမှာမှုန်ဝါးပျောက်ကွယ် သွားသည်။



မုန်တိုင်း၏ပါးပြင်လေးကိုပွတ်သပ်ရင်း စိတ်ထဲမရိုးမရွဖြစ်လာသည်။ မုန်တိုင်း၏ နှုတ်ခမ်းသားတွေက လရောင်အောက်တွင် စိုစွတ်နေကာ ရွှန်းလဲ့နေသည်။ သူတံတွေးတစ်ချက်မျိုချလိုက် ပြီးမုန်တိုင်း နှင့်မျက်နှာချင်းဆိုင်ယူလိုက်သည်။ သူ့နှုတ်ခမ်းတွေကို တဖြည်းဖြည်းရှေ့တိုးလိုက်ပြီး မုန်တိုင်းနှင့်နှာခေါင်းချင်း ထိခါနီးတွင်ရပ်တန့်လိုက်ကာ....



                                                                                                ဆက်ရန်ရှိသေးသည်

                                                                                                    lovealone:P

0 comments:

Post a Comment